News @ M-Media

Blog

  • အစ္စရေးစစ်တပ်မှ ပစ်ခတ်ခဲ့သော ပါလက်စတိုင်း အမျိုးသမီးငယ်တစ်ဦး သေဆုံး

    အစ္စရေးစစ်တပ်မှ ပစ်ခတ်ခဲ့သော ပါလက်စတိုင်း အမျိုးသမီးငယ်တစ်ဦး သေဆုံး

    စက်တင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    pal

    – ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းတွင် အစ္စရေးစစ်သားအား ဓားဖြင့်ထိုးရန် ကြိုးစားသည်ဟုဆိုကာ အစ္စရေးစစ်တပ်က သေနတ်ဖြင့် ပစ်သဖြင့် ဒဏ်ရာရရှိခဲ့သည့် ပါလက်စတိုင်း အမျိုးသမီးငယ်တစ်ဦးမှာ သေဆုံးသွားခဲ့သည်ဟု သိရသည်။

    အဆိုပါအမျိုးသမီးမှာ အသက် ၁၉ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်ပြီး ဟီဘရွန်အလယ်ပိုင်းရှိ စစ်ဆေရေးဂိတ်တွင် ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲက ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

    “တိုက်ခိုက်သူဟာ စစ်သားတစ်ယောက်ကို ဓားနဲ့ထိုးဖို့ ကြိုးစားခဲ့ပါတယ်” ဟု အစ္စရေး စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး၊ ထို့နောက် စစ်သားများမှာ ကျည်အစစ်များဖြင့် အောက်ပိုင်း ခြေချောင်းများကို ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

    သို့သော်လည်း ထိုအမျိုးသမီးငယ်မှာ ရင်ဘတ်အပါအ၀င် သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခံခဲ့ရကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ ထိုအဖြစ်အပျက်တွင် မည်သည့်အစ္စရေးစစ်သားမှ ဒဏ်ရာရရှိခဲ့ခြင်း မရှိချေ။

    ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက် အမျိုးသမီးငယ်ကို အစ္စရေးရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု အစ္စရေး စစ်တပ်က ပြောကြားခဲ့သော်လည်း PalMedia သတင်းဌာမှ ရရှိသော ဗီဒီယိုမှတ်တမ်းအရ ထိုအမျိုးသမီးမှာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက်ပိုင်း သွေးအိုင်ထဲ၌ လဲနေခဲ့ပြီး၊ ထို့နောက် ကြမ်းကြမ်းတမ်းတမ်း တရွတ်တိုက် ဆွဲသွားခြင်း ခံခဲ့ရသည်ကို တွေ့ရှိခဲ့ရသည်။

    ဟီဘရွန်တွင် နေထိုင်သူ အီဆာ အမ်ရိုကမူ အဆိုပါ အမျိုးသမီးငယ်မှာ အသက် ၁၉ နှစ်အရွယ် ဟာဒီးလ် ဆာလာ အလ်-ဟက်ရှ်လာမွန်ဆိုသူဖြစ်သည်ဟု ဆိုသည်။

    “အခုအချိန်မှာတော့ မြို့ထဲမှာ အစ္စရေးစစ်သားအရေအတွက်ဟာ တိုးလာပါတယ်” ဟု အစ္စရေး၏ တရားမ၀င် အခြေချအိမ်ရာ ဆန့်ကျင်ရေး ဟီဘရွန်အခြေစိုက် လူငယ်အဖွဲ့၏ စီမံခန့်ခွဲသူ အမ်ရိုက ပြောကြားခဲ့သည်။

    အလ်-ဟက်ရှ်လာမွန် သေနတ်ဖြင့် အပစ်ခံရပြီးနောက် ပါလက်စတိုင်းလူငယ်များနှင့် အစ္စရေးစစ်သားများအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး မြို့တစ်ဝှမ်းတွင်လည်း ယခုအချိန်အထိ ဆက်လက်ဖြစ်ပွားနေသည်ဟု ၎င်းက ဆိုသည်။

    အင်္ဂါနေ့မနက်ပိုင်းကလည်း ထိုမြို့အတွင်း အစ္စရေးစစ်တပ်က ပြုလုပ်သော စစ်ဆင်ရေးတွင် ပါလက်စတိုင်းအမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ အစ္စရေးဘက်ကမူ ထိုအမျိုးသားမှာ လက်လုပ်ဗုံးတစ်ခုကို စစ်ဘက်ယာဉ်ပေါ်သို့ ပစ်တင်ရန် ရည်ရွယ်ခဲ့သောကြောင့် ပစ်ခဲ့ခြင်းဟု ဆိုသည်။

    သို့သော်လည်း ပါလက်စတိုင်း လုံခြုံရေး တာဝန်ရှိသူများကမူ သေဆုံးသွားသူမှာ အသက် ၂၁ နှစ်အရွယ်ရှိ ဒီယာ အလ်-တာလာမဟ်ဆိုသူဖြစ်ပြီး ဟီဘရွန်မြို့အနီး ခါရ်ဆာရွာတွင် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၅ ခုနှစ်အတွင်း အစ္စရေးစစ်တပ်မှ သတ်ဖြတ်ခဲ့သော ပါလက်စတိုင်းအရေအတွက်မှာ အနည်းဆုံး ၂၅ ဦးရှိသည်ဟု ကုလ၏ မှတ်တမ်းများအရ သိရသည်။

    Ref: Aljazeera

  • နွားနို့သောက်ပါ၊ အမဲသားစားပါ၊ သက်သတ်လွတ် ၀ါဒကို ဆန့်ကျင်ပါ။

    နွားနို့သောက်ပါ၊ အမဲသားစားပါ၊ သက်သတ်လွတ် ၀ါဒကို ဆန့်ကျင်ပါ။

    စက်တင်ဘာ ၂၃ ၊ ၂၀၁၅
    M-Media
    ဆောင်းပါးရှင်- ဒန်ငြာရှိန်း

    12
    သရုပ်ဖော်ပုံ-ကာတွန်း လဂွန်းအိမ်

    မွတ်စလင်တွေရဲ့အိဒ်ပွဲတော်
    —————————–
    အခုလိုအချိန်မျိုးမှာတော့ မက္ကာမြို့မှာ မွတ်စလင်ဘုရားဖူးတွေနဲ့ ပြည့်နေပါပြီ။ ဟာဂ်ျပြုလုပ်မယ့် မွတ်စလင်တွေဟာ မက္ကာနဲ့ မဒီနာမြို့တွေကို ခေါက်တုန့်ခေါက်ပြန်သွားပြီး မိမိတို့ ဖြည့်ဆီးရမယ့် တာဝန်ကို ပြည့်စုံစွာ ဖြည့်ဆီးဆောင်ရွက်ကြရပါတယ်။

    ဟာဂ်ျပြုလုပ်နေသူများအတွက် သတ်မှတ်ထားတဲ့ “ယောင်းမလ် နဟားရ်” ဆိုတဲ့နေ့မှာ ကမ္ဘာတ၀ှမ်းလုံးက မွတ်စလင်တွေဟာ “အီဒ်ဒိလ်အသွဟာ (ဘုရားရှင်အတွက် စွန့်လွှတ်ခြင်း)” ပွဲတော်ကို ကျင်းပကြပါတယ်။

    ပိုက်ဆံငွေကြေးတတ်နိုင်သူတွေက တိရစ္ဆာန်တွေကို သတ်ပြီး လှူဒါန်းကြပါတယ်။ တိရစ္ဆာန်တွေကနေ ရလာတဲ့ အသားနဲ့ ပတ်သတ်ပြီး မွတ်စလင်တွေရဲ့ကျမ်းစာ ကုရ်အာန်က အခုလို ဖော်ပြပါတယ်။

    “ထိုအသားကို စားကြလော့ ၊ ဆင်းရဲချို့တဲ့သူများအားလည်း ၀အောင် ကျွေးမွေးကြလော့” (ကုရ်အာန်ကျမ်း ၂၂း၃၆)

    သာမာန်စဉ်းစားမယ်ဆိုရင်တော့ သားကောင်တွေ စွန့်လှူတာဟာ အလှူဒါန သက်သက်ပဲ၊ ဒီတော့ သားကောင်လှူမယ့်အစား တန်ဖိုးညီမျှတဲ့ ငွေကို လှူလို့မဖြစ်နိုင်ဘူးလားလို့ မေးကြမှာပဲ။ အဲဒီအယူအဆကတော့ အစ္စလာမ့်ရည်ရွယ်ချက်နဲ့ မကိုက်ညီပါဘူး။ အိဒ်နေ့မှာ ကမ္ဘာအရပ်ရပ်က မွတ်စလင်တွေသည်လည်း မက္ကာမှာ ၀တ်ပြုဖို့စုရုံးရောက်ရှိနေတဲ့ မွတ်စလင်တွေရဲ့ နှလုံးသည်းပွတ်မှာ ခံစားရတဲ့ မိမိတို့ဘုရားရှင်အတွက် စွန့်လွှတ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားမှုမျိုးကို ထပ်တူထိတွေ့ခံစားနိုင်ဖို့ ဖြစ်ပါတယ်။

    တိရစ္ဆာန်ကို စွန့်လွှတ်ခြင်းက စွန့်လွှတ်သူရဲ့ ကိုယ်တွင်းမှာရှိတဲ့ တိရစ္ဆာန်စိတ်တွေကိုပါ စွန့်လွှတ်သတ်ပစ်ရမယ်ဆိုတဲ့ သဘောကိုလည်း သက်ရောက်စေပါတယ်။

    (The Working People’s Daily ခေါ် လုပ်သားပြည့်သူ့နေ့စဉ် သတင်းစာ (အင်္ဂလိပ်) ၊ မတ်လ ၂၂ ၊ ၁၉ ၆၇ ပါ Muslim Festivals of Sacrifice ဆောင်းပါးမှ ကောက်နှုတ်ပါသည်။)

    ၁၉၅၉  ခုနှစ် ဆဌသင်္ဂါယနာ အထိမ်းအမှတ် ဟောပြောပွဲ
    ————————————————-
    ၁၉ ၅၉  ခုနှစ်၊ ကမ္ဘာအေးမှာကျင်းပခဲ့တဲ့ ဆဌသင်္ဂါယနာ အထိမ်းအမှတ် ဟောပြောပွဲမှာ အစ္စလာမ်သာသနာ ကိုယ်စားပြုပြီး “အစ္စလာမ့်အကြောင်း သိကောင်းစရာများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ပြဟောပြောခဲ့တဲ့ မှတ်တမ်းရှိပါတယ်။

    ကြီးမှူးကျင်းပကြသူတွေကတော့ ကမ္ဘာ့ဗုဒ္ဓဘာသာတက္ကသိုလ်ရဲ့ ဥသျှောင် ဦးဖေအောင်ဖြစ်ပြီး သဘာပတိအဖြစ် အောက်စဖို့ဒ်နဲ့ ကိန်းဘရစ်ခ်ျတို့ကနေ ဘွဲ့ရခဲ့တဲ့ ဗုဒ္ဓဘာသာဝင် သမိုင်းပညာရှင် ဦးထင်အောင် (ဒေါက်တာ ထင်အောင်) က ဆောင်ရွက်ခဲ့ပါတယ်။

    အဲဒီတင်ပြချက်ထဲက အချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    “အစ္စလာမ်ရဲ့ ပဉ္စမမြောက် ဘုရားဝတ်ပြုခြင်း (မဏ္ဍိုင်) မှာ ဘုရားရှင်အတွက် စွန့်လွှတ် လှူဒါန်းခြင်းဖြစ်ပါသည်။ အစ္စလာမ်ဘာသာတွင် ဘုရားရှင်အတွက် စွန့်လွှတ်ခြင်းနှင့်ပတ်သက်၍ မွတ်စလင်မဟုတ်သူများ၏ အထင်အမြင်မှားမှု များစွာရှိပါသည်။ ဘုရားရှင်အတွက် စွန့်လွှတ်ခြင်း၌ တိရစ္ဆာန်များကို သတ်ဖြတ်ခြင်းဖြင့် စွန့်လွှတ်သူ၏ အပြစ်များကို တိရစ္ဆာန်က ယူဆောင် သွားခြင်းကြောင့် ထိုသူ၏ အပြစ်များမှ ပပျောက်သွားသည်ဟု ယူဆကြလေသည်။ အမှန်မှာ စွန့်လွှတ်ခြင်းနှင့် တူသည့် အာရေဗျစကားမှာ နီးစပ်ခြင်း ဟု အဓိပ္ပါယ်ရလေသည်။ မှန်ကန်သော သစ္စာတရားသည် လည်းကောင်း၊ လူအများ၏ ကောင်းကျိုးသည် လည်းကောင်း ကြီးကျယ်မြင့်မြတ်သော အရာများဖြစ်ပါသည်။ ကြီးကျယ်မြင့်မြတ်သည့်အရာများအတွက် နိမ့်ကျသည့် အရာများကို စွန့်လွှတ်ရမည်ဟူသည်ကို သဘောပေါက်ကာ မှန်ကန်သော သစ္စာတရား အတွက်သာ ရည်ရွယ်၍ သားကောင် စွန့်လွှတ်ကြခြင်းဖြစ်ပါသည်။ ကုရ်အာန်တွင် အောက်ပါ အတိုင်း ရှင်းလင်းထားပါသည်။ ‘စွန့်လွှတ်သော (တိရစ္ဆာန်၏ အသွေးသည်လည်းကောင်း၊ အသားသည်လည်းကောင်း၊ ဘုရားသခင်ထံတော်သို့ ရောက်ရှိသည်မဟုတ်။ အသင်တို့၏ ဖြူစင်ဖြောင့်မတ် အပြစ်ရှောင်ခြင်းနှင့် ကောင်းမြတ်မှန်ကန်သော သဒ္ဓါတရားသာလျှင် ဘုရားသခင်ထံတော်သို့ ရောက်ရှိလေသည်။’ (ကုရ်အာန်ကျမ်း ၂၂း၃၇)”

    (Two lectures on Islam, Burmese Translation, ဘာသာရေးဆိုင်ရာ စာမူခွင့်ပြုချက်အမှတ် ၆၉ ၃၆ , စာမျက်နှာ ၉၅ မှ ၉၇)

    ရှေးရှေးတုန်းက
    ———————
    ဟုတ်ပါတယ်။ ၁၉၆၇ ခုနှစ်ဆိုတဲ့ မဆလအစိုးရ လက်ထက်မှာတောင် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာကနေ မွတ်စလင်တွေရဲ့ အီးဒ်နဲ့ ပတ်သက်ပီး ဘာသာခြားများ အမြင်ရှင်းစေဖို့ အတွက် ဆောင်းပါးတွေ ထည့်သွင်းဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။

    ဘာသာရေး လွတ်လပ်ခွင့်ဆိုတဲ့နေရာမှာ ဘာသာဝင်များဟာ မိမိတို့ဘာသာက ပြဌာန်းထားတဲ့ ထုံးတမ်း အစဉ်အလာ ပွဲတော်တွေကိုလည်း လွတ်လပ် လုံခြုံစွာ ကျင်းပ ပိုင်ခွင့် ရှိစေရမှာ ဖြစ်ပါတယ်။

    ဘာသာရေး လွတ်လပ်ခွင့်ကို ထည့်သွင်း အသိအမှတ်ပြုထားတဲ့ တည်ဆဲ ၂၀၀၈ ဥပဒေအရ မြန်မာ အစိုးရဟာ အစ္စလာမ်သာသနာဝင်တွေရဲ့  အယူကို လွတ်လပ်စွာ ကျင့်သုံးခွင့် ပေးရပါလိမ့်မယ်။ ဥပဒေ အထက်မှာ သာသနာပိုင် ဘုန်းကြီးကိုတင်ရင် separation of state and religion ခေါ်တဲ့ ဘာသာရေးကို နိုင်ငံရေးနဲ့ ရောထွေးစပ်ယှက်ခြင်း မပြုရဆိုတဲ့ ဒီမိုကရေစီမူ ကျိုးပေါက် သွားပါလိမ့်မယ်။

    သက်သတ်လွတ်
    —————-
    သက်သတ်လွတ် စားသုံးခြင်းဟာ ဗုဒ္ဓ၀ါဒမဟုတ်ပါ။ ဟိန္ဒူဝါဒသာဖြစ်ပါတယ်။ အိန္ဒိယ တိုက်ငယ်မှာ ပေါ်ထွန်းခဲ့တဲ့ ၀ါဒဆရာကြီး ၆ ဦးကို ဆန့်ကျင်ပြီး ထွက်ပေါ်လာတဲ့ ဗုဒ္ဓ၀ါဒဟာ အဘိပဉ္စ၀ါဒ ခေါ် အသစ်တီထွင် ဆန်းသစ်တာ မဟုတ်ဘဲ ရှိပြီးသား တိမ်မြုပ်နေတာကို ဖော်ထုတ်တဲ့ ၀ါဒ ဖြစ်ပါတယ်။

    ဒါကိုမှမဟုတ်ဘဲ ဥပ္ပါဒက ခေါ် အသစ်တီထွင် ဆန်းသစ်ထားတဲ့ ၀ါဒ သို့မဟုတ် ရှိပြီးသား ဗုဒ္ဓ၀ါဒထဲ တီထွင်မှု  အသစ်တွေ ပူးသတ် ရောထွေးမယ်ဆိုရင်တော့ သံသရာ ၀ဲသြဃထဲမှာသာ တ၀ဲဝဲ လည်နေမယ့် အကြောင်း ဗုဒ္ဓက ဟောကြားခဲ့ပါတယ်။

    ကုလားကိုလည်း သနားပါ
    ————————-
    နောက်တစ်ခုကတော့ ဗုဒ္ဓ၀ါဒမဟုတ်တာကြောင့် သက်သတ်လွတ်တော့ မစားပြီ၊ နွားကိုတော့ သနားချည့်သေးရဲ့ဆိုတဲ့ အတွေးပါ။

    တိရစ္ဆာန်သနားဖို့ အချိန်သင့်အခါသင့် လှုံဆော်နေကြသူတွေ ၊ တစ်နှစ်မှာ တစ်ခေါက် ခံစားချက်ထား နာကျည်းပြနေသူတွေကို ကြည့်လိုက်ရင်တော့ တိရစ္ဆာန်ကိုတော့ သနားတယ်ဟေ့ ၊ ကုလားကိုတော့ မသနားဘူးလို့ ဆိုနေကြသူတွေများပါတယ်။ ကုလားတွေကို နေစရာ စားစရာ မရှိအောင် လုပ်မယ်ဟေ့လို့ ဓါးကြိမ်း ကြိမ်းနေသူတွေပါ။

    ကုလားဟာ လူပါ။ နွားဆိုတာ တိရစ္ဆာန်ပါ။ တိရစ္ဆာန်ဆိုတာကတော့ လူ့တွေရဲ့ကိုယ်ခန္ဓာ အာဟာရအတွက် အကူအညီအထောက်အပံ့တွေဖြစ်ပါတယ်။

    နွားနို့သောက်ခြင်းအားဖြင့် မိခင်နွားမကြီးကိုရော နွားငယ်ကလေးများကိုပါ ဒုက္ခပေးရာ ရောက်ပါတယ်။ ဒါကြောင့် နွားနို့ မသောက်ကြပါနဲ့လို့ ပြောတာနဲ့ နွားအသက် သတ်တာကိုတော့ သနားပြီ၊ ဒါကြောင့် သက်သတ်လွတ်ပဲ စားပါလို့ ပြောတာ အတူတူပဲ ဖြစ်ပါတယ်။

    ဒေါ်လာရှာပေးတဲ့ ကိုရွှေနွား
    —————————–
    မြန်မာပြည်က နွားကောင်ရေတွေ ဘယ်လို ယုတ်လျော့လာပါသလဲ၊ ကုလားသတ်လို့ကုန်တာလား ? မဟုတ်ပါ။

    မြန်မာဘက်ကနေ ထိုင်းနိုင်ငံဘက်ကို တစ်နှစ်မှာ နွားအကောင်ရေ နှစ်သိန်းထိ ခိုးပို့နေသလို တရုတ်နိုင်ငံကိုတော့ ထိုင်းထက် နှစ်ဆ သုံးဆပိုပြီး ပို့နေတယ်လို့ (http://7daydaily.com/story/7428 ) ဆဲဗင်းဒေးသတင်းက ဆိုပါတယ်။

    “တရုတ်နိုင်ငံမှ နွားအ၀ယ်တော်များ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသအထိ လာရောက်ဈေးကောင်းပေး ၀ယ်ယူလျက်ရှိပြီး တောင်သူလယ်သမားများ ကလည်း ရောင်းချလျက် ရှိသည်။” လို့လည်း ဆိုပြန်ပါတယ်။ (http://7daydaily.com/story/4163)

    ဒါတွေကတော့ တခြားနွားမှောင်ခို သတင်းအချို့ပါ။

    ၁) http://7daydaily.com/story/16532
    ၂) http://7daydaily.com/story/7935

    အဲဒီလို ဈေးကောင်းရနေတဲ့ နွားတွေကို ဆွေမျိုးပေါက်ဖော်တွေချည့် စားစေပြီး မြန်မာပြည်တွင်း ဒေါ်လာငွေ ရှာပေးနေတာကြောင့် ပြည်တွင်းမှာ နွားမသတ်ရဆိုတဲ့ ဥပဒေမျိုး လိုချင်နေကြတာ များလားဆိုတာ တစ်နှစ်တစ်ခါ နွား သနားတတ်ကြတဲ့ နွား အက်တီးဗစ်တွေကို မေးခွန်း ထုတ်ရမယ့်ကိန်းပါပဲ။

    မြန်မာ့နွားတွေ ဆွေမျိုးပေါက်ဖော်တွေ စားပါစေတော့ရယ်လို့ စိတ်နှလုံးကို ဒုံးဒုံးချပြီးကာမှ ကုလား သတ်မယ့် နွားကိုတော့ တယ်သနားလှပါတယ်ဆိုနေတဲ့ သူများဟာ အရှုပ်ပြဖို့အတွက် ဖွဲ့စည်းထားတဲ့ လူတစ်စု အသုံးချခံ တွေလား ဆိုတာကလည်း စဉ်းစားစရာပါ။

    လယ်တီဆရာတော်နဲ့ နွားသီးသန့် သနားခန်း
    ——————————————–
    သုတ္တနိပါတ် ပါဠိတော်အရ မိဘသဖွယ်ဖြစ်တဲ့ ကျွဲတွေ နွားတွေကို သတ်ဖြတ် စားသောက်တာကနေ ရောဂါတွေ များပြားလာရပုံကို ကမ္ဘာဦး သမိုင်းနဲ့ချီပြီး ထောက်ပြခဲ့သူ၊ နွားမေတ္တာစာ၊ ဂေါဏမံ သဒီပနီတို့ကို ရေးသားပြုစုခဲ့သူ၊ လူထောင်ပေါင်း များစွာကို ကတိဝန်ခံပြီး ကျွဲနွားရှောင်ကြဉ်သူတွေ နိုင်ငံတ၀ှန်းဖြစ်စေခဲ့သူ လယ်တီ ဆရာတော်ကြီး (၁၂၀၈-၁၂၈၅) က အောက်ပါအတိုင်း မိန့်ကြားခဲ့ပါသေးတယ်။

    “လယ်တီဆရာတော် ပုသိမ် မြို့သို့ ကြွချီခိုက် နွားသားရှောင် ကြဉ်ခြင်းကို ဆန့်ကျင်သူ ပုသိမ်မှ ဦးပဒုမကိုယ်တော်က သူ၏ ဒကာ၊ဒကာမများကိုလွှတ်ကာ ‘နွားသား ကိုသာ အလှူခံလျှင် ကျန်သတ္တဝါ တို့၏ အသားကို စားစေရာရောက် သဖြင့် ဆရာတော့်မေတ္တာ မျှတပါ ရဲ့လား’ဟု လျှောက်စေခဲ့ပါသည်။ ထိုအခါ ဆရာတော်က ‘အေးဟုတ် တယ်ကွယ့် ငါ့မှာ ဒကာတို့ သိတဲ့ အတိုင်း စာရေးရ၊ စာချရ၊ တရား ဟောရနဲ့ သည်ကြားထဲက နွားက လေး တစ်ကောင်လောက်ကိုပဲ အနိုင်နိုင်ဆွဲရတယ်။ ကျန်တဲ့ ဆိတ်၊ ဝက်၊ ကြက်တွေအတွက် ဒကာတို့ ဆရာတွေရှိသေးသားပဲ လျှောက်ကြပါ ကောင်းပါတယ်’ ဟု မိန့်တော်မူလိုက်ပါသည်။” (ကိုးကား – အမျိုးဘာသာ သာသနာနှင့် အမဲလိုင်စင်ပြဿနာ၊  ဇူလိုင်လ ၄ ရက်၊ ၂၀၁၄ http://7daydaily.com/story/14853)

    ဟိုလီးကောင်း (Holy Cow)
    —————————-
    သက်သတ်လွတ် ၀ါဒ ထွန်းကားရာ အိန္ဒိယကို အားကျပြီး နွားတွေကို မသတ်ဖို့ တားမြစ်ဖို့လည်း မဖြစ်နိုင်ပါ။ အိန္ဒိယမှာတော့ နွားသတ်ခြင်းကို ပိတ်ပင်ပြီး မွတ်စလင်တွေ နွားမသတ်နိုင်အောင် လုပ်ထားတာပဲရယ်လို့ ကောက်ချက် ချရင် အမှားကြီးမှားမှာ ဖြစ်ပါတယ်။

    Holy Cow ခေါ်တဲ့ နွားကို ကိုးကွယ်ကြတဲ့ နိုင်ငံမှာတော့  နွားတွေကို သတ်ပြီး ပြည်ပကို အမဲသား တင်ပို့မှုကလည်း ကမ္ဘာ့ စံချိန်တင်နေဆဲဖြစ်ပါတယ်။

    စီအင်အင် သတင်းကတော့ ကမ္ဘာပေါ်မှာ အမဲသားအများဆုံး တင်ပို့တဲ့နိုင်ငံဟာ အိန္ဒိယနိုင်ငံဖြစ်ပါတယ်လို့ ဆိုပါတယ်။ အမဲသားကနေ နိုင်ငံအတွက် ဒေါ်လာရတော့လည်း ဟိုလီးကောင်းတွေ အသက်ပေးကြရတာပါပဲ။
    (http://money.cnn.com/2015/08/05/news/economy/india-beef-exports-buffalo/)

    လယ်တီဆရာတော်ကို အဟုတ်တကယ်လေးစားလိုက်နာပါလျှင်
    ———————————————————–
    လယ်တီ ဆရာတော်ကို အမှန်တကယ် လေးစား လိုက်နာလိုတယ်ဆိုရင်တော့ ကျွဲနွားတင်မက အခြားသော တိရစ္ဆာန် အားလုံးကို မစားဘဲ လှူဒါန်းလိုက်ကြ ရပါတော့မယ်။ တိရစ္ဆာန်အသား မစားခြင်းကို တနည်းအားဖြင့် သက်သတ်လွတ် လို့ ခေါ်ပါတယ်။

    သက်သတ်လွတ်စားခြင်းသည် ဗုဒ္ဓ၀ါဒလော၊ မဟုတ်ပါ။ လုံးဝမဟုတ်ပါ။

    လယ်တီဆရာတော်အား လေးစားလိုက်နာလိုသူ အချို့ကတော့ မွတ်စလင်တွေ အိဒ်ပွဲတော် မကျင်းပနိုင်အောင် ဥပဒေတစ်ရပ်ထုတ်ပြန် တားဆီးဖို့ ကြိုးစားနေကြပါတယ်။

    ဒီလိုကြိုးစားနေကြသူတွေကို ကြည့်ပြီး  ဗုဒ္ဓဘာသာ သမိုင်းကြောင်း ပညာရှင် တစ်ဦးဖြစ်တဲ့ Theodore Kern က ခုလို မှတ်ချက်ချခဲ့တာ ဖြစ်နိုင်ကောင်းပါရဲ့။

    “The more we try to remove the difficulty (i.e., in accounting for certain doctrines) the more we are driven to the suspicion that original Buddhism was not exactly that of canonical books.”

    (Indian Buddhism by Theodore kern 1898, page 18)

    မြန်မာပြန် – ကျမ်းချက်အချို့ကို ခက်ရာခက်ဆစ် စိစစ်လေလေ ကျမ်းစာမှာ ရေးသားဖော်ပြထားတာတွေနဲ့ မူရင်း ဗုဒ္ဓ၀ါဒဟာ တထေရာတည်း တူညီ မနေဘူးဆိုတဲ့ သံသယဆီကိုသာ ကျွန်တော်တို့ တွန်းပို့ခံနေရပါတယ်။ (သီယိုဒိုကန်း)

    တဖန် အဝေးသင်တက္ကသိုလ်၊ အရှေ့တိုင်းယဉ်ကျေးမှု ပို့ချချက်၊ သင်္ဂါယနာတင်ပွဲများ ပ ၊ ဒု၊ တ။ မော်ဂျူး နံပါတ်အရ ၂၀၀၄၊ ကုတ်ဒ်နံပါတ် ၄၈၊ စာမျက်နှာ ၂၂၄ မှာ အောက်ပါ အတိုင်း ဖော်ပြထားပြန်ပါတယ်။

    “…. ယခုတောင်ပိုင်း ဗုဒ္ဓဘာသာသည် အမည်သညာ အားဖြင့် ဗုဒ္ဓဘာသာဟု ခေါ်ထားသည်မှ တပါး ဟိန္ဒူ ၀ါဒကို အလေးတင်းထားသော ဘာသာဖြစ်နေသည်။ (The Vedanic Buddhism of The Buddha by J.G Jennings M.A)”

    ဒီတော့ ကျမ်းချက်နဲ့ ကျင့်သုံးမှု  အတူတူဆိုတာပြပြီး မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန ၊ သမိုင်း ပါမောက္ခများ ကိုးကားတဲ့ Theodore Kern မှားယွင်းကြောင်း သက်သေပြ လိုပါသလား? ဗုဒ္ဓ၀ါဒဟာ ဟိန္ဒူဝါဒကို အလေးတင်းထားတာ မဟုတ်ဘူးဆိုတာကို သက်သေပြလိုပါသလား ?

    နွားနို့သောက်ပါ။

    အမဲသားစားပါ။

    သက်သတ်လွတ်ဝါဒကို ဆန့်ကျင်ပါ။

  • လွတ်လပ်စွာ ယုံကြည်ကိုးကွယ် ကျင့်သုံးခွင့် ပြောင်ပြောင်တင်းတင်း ချိုးဖောက် ခံနေရပြီလား

    လွတ်လပ်စွာ ယုံကြည်ကိုးကွယ် ကျင့်သုံးခွင့် ပြောင်ပြောင်တင်းတင်း ချိုးဖောက် ခံနေရပြီလား

    စက်တင်ဘာ ၂၃ ၊ ၂၀၁၅
    M-Media
    မိုးစက်နီ ရေးသည်

    Win Zawlatt (333) 22-3-2014 Saturday
    သရုပ်ဖော်ပုံ ကို 7daydaily မှ ယူပါသည်။

    မြန်မာနိုင်ငံတွင် မကြာမီကျရောက်တော့မည့် အစ္စလာမ်ဘာသာဝင်တို့၏ ဘက္ကရီးက်(အီးဒ်ပွဲတော်) တွင် ကုရ်ဘာနီ သားကောင် လှူဒါန်းခြင်း အိဒ်ပွဲတော်အား ကျင်းပခြင်း မပြုနိုင်ရန် အချို့မြို့များတွင် အုပ်ချူပ်ရေးအာဏာပိုင်များနှင့်မ.ဘ.သ အဖွဲ့တို့က တားဆီးခြင်းတို့ကို ပြုလုပ်လျှက် ရှိနေကြသည်။

    မိတ္ထီလာမြို့တွင် မ.ဘ.သ အဖွဲ့မှ မိတ္ထီလာမြို့တွင် အချိန်တန်ကြာ မကျင်းပခဲ့သည်မှာ ကြာပြီဖြစ်သော ယင်းမြို့တွင် သမိုင်းဝင်ဖောင်တော်ဦး မြတ်စွာ ဘုရားပွဲတော်ကြီးကို စက်တင်ဘာ ၂၁ ရက်မှ ၃၀ ရက်နေ့ထိ ကျင်းပမည်ဖြစ်သောကြောင့် အစ္စလာမ် ဘာသာဝင်တို့၏ အီးဒ်ပွဲတော်တွင် အမဲ သားကောင်ပြုလုပ်ခြင်းကို တားမြစ်ပေးရန် အတွက် အာဏာပိုင် အဖွဲ့အစည်းထံသို့ စက်တင်ဘာလ ၂၁ ရက်နေ့က ကြေငြာချက် တစ်စောင်ထုတ်ပြန်ကာ တောင်းဆိုထားသည်။

    ဧရာဝတီတိုင်း ဟသာင်္တမြို့တွင်လည်း အိးဒ်ပွဲတော်တွင် အမဲ သားကောင် မပြုလုပ်ရန် အတွက် ဟသာင်္တ မ.ဘ.သ မှ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းသို့ ဖိအားပေးနေသည်ဟု ဟသာင်္တမြို့ခံတစ်ဦးက ဆိုပါသည်။

    “ကျွန်တော်တို့ကို သက်ဆိုင်ရာကခေါ်ပြီးတော့ မင်းတို့ ပြသာနာ မဖြစ်ချင်ရင်တော့ မလုပ်ပါနဲ့။ သူတို့ကလည်း တားပေးပါပြောနေတယ်။ ဒီပုံစံအတိုင်းဆို ကျွန်တော်တို့ ဒီနှစ် လုပ်ခွင့်ရမှာ မဟုတ်ပါဘူး။ ဖိအားပေးတောင်းဆိုလာရင်တော့ ကျွန်တော်တို့ဘက်က အလျော့ပေးပေးရမှာပါပဲ။ သူတို့က ဆိတ်လုပ်မယ်ဆိုရင်တော့ လက်ခံပေးမယ်လည်း ပြောပါတယ်” ဟု အဆိုပါဒေသခံ တစ်ဦးက ပြောပါသည်။

    ယင်းက အခုလိုပြုလုပ်နေခြင်းက ဖွဲ့စည်းပုံမှာ ပါရှိနေတဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို သက်ဆိုင်ရာ အာဏာပိုင်တွေ ကိုယ်တိုင်ကိုက ချိုးဖောက်နေခြင်းဖြစ်ပြီး လူများစုက လူနည်းစုကိုသာ အနိုင်ကျင့်နေခြင်းဟုသာ ထင်မြင်မိပါကြောင်း ၎င်းအမြင်ကို သုံးသပ်ပြောဆို ခဲ့ပါသည်။

    မဘသ ဦးဆောင် ဆရာတော် တစ်ပါးဖြစ်သူ အစ္စလာမ် ဆန်ကျင့်ရေး လှုပ်ရှားမှုများကို ဦးဆောင်၍ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေသည့် ဦးဝီရသူမှလည်း မန္တလေးတိုင်း ဝန်ကြီးချုပ်ထံသို့ အိဒ်ပွဲတော်တွင် နွားများ လှီးဖြတ်ခြင်းကို တားမြစ်ပေးရန် အတွက် စက်တင်ဘာလ ၁၆ ရက်နေ့က မေတ္တာရပ်ခံသည့် စာတစ်စောင်ပေးပို့ထားသည်။

    ထိုမြို့များကဲ့သို့ပင် ဧရာဝတီတိုင်း ပန်းတနော်မြို့တွင်လည်း ကူဝသုလ်ဗလီ ဝတ်ကျောင်းတော်မှ အိးဒ်ပွဲတော်အတွက် ပန်းတနော်မြို့ရှိ ဝတ်ကျောင်းတော် ၁၁ လုံးအတွက် နွားအကောင်ရေ ၃၅ ကောင်အား လှူဒါန်းနိုင်ရန်အတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထံသို့ လျှောက်ထားကာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက် ရမှသာလုပ်ရန် ဆုံးဖြတ်ခဲ့ကြသော်လည်း ပန်းတနော်မြို့နယ် ဇီဝိတဒါန(ကျွဲ၊နွား) ကယ်ဆယ်ရေး အဖွဲ့မှ လုံးဝ (လုံးဝ) ခွင့်မပြုနိုင်ကြောင်း အသိပေး အကြောင်းကြားစာကြောင့် ဂေါပက အဖွဲ့အနေနှင့် ကျွဲ၊နွားများကို မပြုလုပ်တော့ဘဲ အခြားသားကောင်များဖြင့်သာ အသားပေါ်ကာ လှူဒါန်းခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

    “ကျွန်တော်တို့က အခြေအနေ အရပ်ရပ်ကြောင့် မလုပ်ဖြစ်တော့တာပါ။ ပန်းတနော်မြို့နယ် ဇီဝိတဒါန(ကျွဲ၊နွား) ကယ်ဆယ်ရေးအဖွဲ့က တစ်မြို့လုံး သားသတ်လိုင်စင်ကို ယူထားတာပါ။ ကျွန်တော်တို့ ကုရ်ဘာနီ လုပ်ခွင့် မရတာ သုံးနှစ်ရှိနေပါပြီ” လို့ ပန်းတနော်မြို့နယ် ကူဝသုလ် ဗလီဝတ် ကျောင်းတော် အတွင်းရေးမှူးက ပြောပါသည်။

    ၂၀၁၄ ခုနှစ် အတွင်းက 7Days သတင်းရဲ့ ဖော်ပြချက် အရ ထိုင်းနှင့် တရုတ်နိုင်ငံများသို့ တစ်နှစ်လျှင် မြန်မာနိုင်ငံ မှ နွားကောင်ရေ ခြောက်သိန်းကျော် မှောင်ခို တင်ပို့နေကြောင်း သိရပါသည်။  ယခုကဲ့သို့ နှစ်စဉ် ပြည်ပသို့ မှောင်ခို နွားများ တင်ပို့ရောင်းချနေမှုများကို မျက်ကွယ်ပြုပြီး အစ္စလာမ် ဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော်ကြမှ တနှစ်တခါ ပြဿနာလုပ်နေသည့် အဖွဲ့များကို သက်ဆိုင်ရာ အာဏာပိုင်တို့က မတားဆီးဘဲ အားပေး အားမြှောက်လုပ်ပေးနေသည်ကို တွေ့ရှိရသည်။

    မြန်မာနိုင်ငံတွင် လက်ရှိအသက်ဝင်နေသော ၂၀၀၈ ဖွဲ့စည်းပုံ (၃၆၄) တွင်လည်း နိုင်ငံရေးအလို့ဌာ ဘာသာ၊သာသနာကို အလွဲသုံးစား မပြုရ။ ထို့ပြင် လူမျိုးရေးကြောင့်သော် လည်းကောင်း၊ ဘာသာရေးကြောင့်သော် လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက် တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း အမျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာစေရန် အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံနှင့်ဆန့်ကျင်သည်။ ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဌာန်းနိုင်သည် ဟုပါရှိပါသည်။

    အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာ စာတမ်းတွင် လက်မှတ်ရေးထိုးထားသော မြန်မာနိုင်ငံအနေနှင့် ယခုကဲ့သို့  အခြေခံဥပဒေက အသိအမှတ်ပြုထားတဲ့ လူနည်းစုဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော် ကျင့်ဆောင်ချက်ကို ပိတ်ပင် တားမြစ်ခြင်းဟာ လူ့အခွင့်ရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေပြီလားလို့ မေးခွန်း ထုတ်စရာတစ်ခု ဖြစ်လာခဲ့ပါသည်။

  • မြန်မာ မွတ်စလင်မ်များနှင့် ၂၀၁၅ ဟဂ်ျကျင့်စဉ် ခရီးမှတ်တမ်း(၁)

    မြန်မာ မွတ်စလင်မ်များနှင့် ၂၀၁၅ ဟဂ်ျကျင့်စဉ် ခရီးမှတ်တမ်း(၁)

    စက်တင်ဘာ ၂၂ ၊ ၂၀၁၅
    M-Media
    အဘာဘီးလ် ပေးပို့သည်။
    .10931366_1916007115290132_8801336087888511394_n
    စက်တင်ဘာလ ၂၂ ရက် တွင် ဟဂ်ျကျင့်စဉ် ပထမရက်အဖြစ် ဟာဂျီလောင်းများ မီနာစခန်းတွင် စခန်းချ တည်းခိုနေကြပြီ ဖြစ်ပါတယ်။
    .
    မီနာတွင် စခန်းချစဉ်တွင် အာရေဗျသဲကန္တာရ ရဲ့ ပူပြင်းသော အပူရှိန်ကို အံတုရင်း အချိန်နှင့် စုပေါင်းဝတ်ပြုခြင်း ကိုယ်စီ ကုရ်အာန်ကျမ်း ရွတ်ဖတ်သရဇ္ဇယ်ခြင်း ကိုးကွယ်ရာအရှင်ကို တမ်းတသတိရခြင်း ဆုမွန်တောင်းခံခြင်းနှင့် တမန်တော်မြတ် မုဟမ္မဒ်သခင်ကို မေတ္တာပို့ခြင်းတို့ကို ကျင့်ကြံလျက်ရှိကြပါတယ်။
    .
    ကမ္ဘာနေရာ အနှံ့မှ မွတ်စလင်မ်များ ဟဂ်ျကျင့်စဉ် အတွက် လာရောက်ကြရာ မြန်မာပြည်မှ မြန်မာ မွတ်စလင်မ်များလည်း ထောင်ချီပါဝင်ကြပါတယ်။
    .
    မင်းတုန်းမင်းကြီး မက္ကာမြို့တွင် ဆောက်လုပ် လှူဒါန်းခဲ့သော ဒေါင်းဇရပ် ကောင်းမှုတော်ကို အကြောင်းခံ၍ ဆော်ဒီအစိုးရ ကူညီမှုဖြင့် ရသော မြန်မာအစိုးရ ကိုယ်တာ ဟာဂျီလောင်း ၂၈၀ တို့ဟာ စခန်းအမှတ် (၁၀) တွင် တည်းခိုလျက် ဟဂ်ျ ကျင့်စဉ်ကို ကျင့်ကြံရင်း မြန်မာပြည်ကြီး ငြိမ်းချမ်းရေး တိုးတက်ရေးတို့ အတွက်ပါ ဆုမွန်တောင်းပေးလျက်ရှိကြပါတယ်။

    12049410_691967207606293_8750174851738042491_n

    11045481_1916007398623437_877459559443280370_n 12004080_1916007155290128_8713314693995315216_n 12006109_1916007288623448_1027473778913862560_n

  • နိုင်ငံတကာသတင်းတို (စက်တင်ဘာ ၂၂၊ ၂၀၁၅)

    စက်တင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    ဘာကီနာဖာဆိုတွင် အာဏာသိမ်းတပ်ဖွဲ့ကို စစ်တပ်က ချေမှုန်းတော့မည်
    …………………………………….
    ဘာကီနာဖာဆိုတွင် အာဏာသိမ်း သမ္မတအထူးအစောင့်တပ်ဖွဲ့က အရပ်သား ကြားဖြတ်အစိုးရအား အာဏာပြန်လွှဲရေးနှင့် လက်နက်ချရေး သတ်မှတ်ထားသည့် အချိန်အတိုင်းအတာ ကုန်ဆုံးပြီးနောက် ကြားဖြတ်အစိုးရအား သစ္စာခံသည့် စစ်တပ်က သမ္မတအိမ်တော်နားရှိ အဆိုပါ အထူးအစောင့်တပ်ဖွဲ့ တည်ရှိရာ ကမ့်နာဘာ စစ်အခြေစိုက်စခန်းအား တိုက်ခိုက်သွားမည်ဟု ပြောကြားလိုက်သည်။

    အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ် ဂီလ်ဘာ့တ် ဒီယန်ဒီရီမှာ အာဏာလွှဲပြောင်းပေးရေး လွန်ခဲ့သည့်ရက်ပိုင်းက သဘောတူခဲ့သော်လည်း လက်နက်ချရန် နောက်ဆုံး သတ်မှတ်ချိန်ဖြစ်သော ဒေသစံတော်ချိန် ယနေ့နံနက် ၁၀နာရီကျော်သည်အထိ အကောင်အထည်ဖော်ခြင်းမရှိဘဲ ၎င်းသာလျှင် အုပ်ချုပ်ရေးကို ဆက်လက်တာဝန်ယူနေသည်ဟု ပြောကြားခဲ့သည်။ ကြားဖြတ်အစိုးရ ခေါင်းဆောင်ကလည်း သမ္မတအထူးအစောင့်တပ်ဖွဲ့ကို ဖျက်သိမ်းကြောင်း ယနေ့တွင် ကြေငြာခဲ့သည်။

    ယီမင်တွင် အစိုးရနှင့် သူပုန်များ အကျဉ်းသားလဲလှယ်
    …………………………………….
    ယီမင်ပဋိပက္ခတွင် ပါဝင်သည့် အဖွဲ့နှစ်ဖွဲ့မှာ ယနေ့တွင် နိုင်ငံတောင်းပိုင်း၌ အကျဉ်းသားများအား အပြန်အလှန် လွှဲပြောင်းပေးခဲ့ပြီး၊ ထိုအဖြစ်အပျက်ကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများက စောင့်ကြည့်ခဲ့ကြသည်။ ဟူသီသူပုန်များကမူ ဒေသတွင်း ပြည်သူ့စစ် ၆၉ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး အစိုးရက သူပုန် ၇၄ ဦးကို ပြန်လွှတ်ပေးခဲ့သည်။

    ယူကရိန်းရေတပ်ကို နေတိုးအဖွဲ့က ပြန်လည်ဖွဲ့စည်းပေးမည်
    ……………………………………….
    နိုင်ငံအရှေ့ပိုင်းတွင် ပဋိပက္ခများနှင့် ရင်ဆိုင်နေရသည့် ယူကရိန်းနိုင်ငံမှ ရေတပ်ကို ပြန်လည်ဖွဲ့စည်းရေး ကူညီရန်အတွက် နေတိုးက အဆင်သင့်ရှိနေသည်ဟု ယူကရိန်းသို့ ရောက်ရှိနေသော အဖွဲ့၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဂျန်စ် စတိုလ်တန်ဘာ့ဂ်က ယနေ့တွင် ပြောကြားလိုက်သည်။ နေတိုးအဖွဲ့နှင့် ယူကရိန်းတို့မှာ ကြီးကြပ်ကွပ်ကဲရေး၊ လော့ဂျစ်ပိုင်း၊ ဆိုက်ဘာလုံခြုံရေးနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေသည်။

    Ref: News Agencies