News @ M-Media

Blog

  • ချီလီငလျင်ကြောင့် အိုးအိမ်မဲ့သူ ၉၀၀၀ ခန့်ရှိ

    ချီလီငလျင်ကြောင့် အိုးအိမ်မဲ့သူ ၉၀၀၀ ခန့်ရှိ

    စက်တင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    chili

    – ပြီးခဲ့သည့်တစ်ပတ်က လှုပ်ခတ်ခဲ့သော ချီလီငလျင်ကြောင့် နေအိမ်ဆုံးရှုံးရသူများမှာ ၉၀၀၀ အထိ ရှိလာခဲ့ပြီး ကနဦး တွက်ချက်ထားမှုထက် အံအားသင့်စွာ ပိုမိုများပြားခဲ့သည်ဟု သိရသည်။

    စောစောပိုင်းတွင် ငလျင်ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူ အရေအတွက်မှာ ၃၅၀၀ ၀န်းကျင်ခန့်သာ ရှိသည်ဟု တွက်ချက်ထားခဲ့သော်လည်း အင်အား ၈.၃ မဂ္ဂနီကျုရှိသော အဆိုပါငလျင်၏ ဗဟိုချက်ဖြစ်သော ဝေလံခေါင်ဖျားသည့် ကိုကွင်မ်ဘိုဒေသမှ မြို့များသို့ တာဝန်ရှိသူများက သွားရောက် စာရင်းကောက်ယူခဲ့ပြီးနောက် ယခုနောက်ဆုံး ထုတ်ပြန်လိုက်သည့်အချိန်တွင် ထိုကဲ့သို့ အရေအတွက် များပြားလာခြင်းဖြစ်သည်။

    စစ်သားများပါဝင်သည့် အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများမှာ ကမ်းရိုးတန်းမြို့ဖြစ်သည့် ကိုကွင်မ်ဘိုတွင် ရှင်းလင်းမှုများ ပြုလုပ်နေသည်။ မြို့တော်ဆန်တီယာဂိုမြောက်ပိုင်း ကီလိုမီတာ ၂၆၀ အကွာရှိ ထိုမြို့တွင် ငလျင်ကြောင့် နေအိမ်များ ပြိုကျမှုရှိခဲ့သလို၊ ငလျင်အပြီး ဖြစ်လာသည့် ဆူနာမီလှိုင်းများကြောင့်လည်း ရေကြီးမှုများ ဖြစ်ပွားခဲ့သည်။

    ရှင်းလင်းရေးလုပ်ငန်းများမှာ ယမန်နေ့ကအထိ ၂၅ ရာခိုင်နှုန်းသာ ပြီးဆုံးသေးသည်ဟု ပြည်သူ့ရေးရာ ၀န်ကြီး အလ်ဘာတို အန်ဒူရာဂါက ပြောကြားခဲ့သည်။ အမျိုးသား အရေးပေါ်ဌာနကမူ ငလျင်ကြောင့် နေအိမ်ပေါင်း ၆၄၇ လုံး ပျက်ဆီးခဲ့ပြီး မိသားစု ၁၁၈၃ စုမှာ လျှပ်စစ်မီးမရဘဲ ကျန် ၂၄၀၀ မှာ သောက်သုံးရေ မရရှိဟု ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    စက်တင်ဘာ ၁၆ ရက်နေ့က ချီလီနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် လှုပ်ခတ်ခဲ့သော ထိုငလျင်ကြောင့် အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ပြီး ၄ ဦး ပျောက်ဆုံးနေသည်။ ထိုငလျင်မှာ ချီလီနိုင်ငံသမိုင်းတွင် ဆဌမမြောက် အင်အားအပြင်းဆုံး ငလျင်လည်းဖြစ်ပြီး၊ ယခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း ငလျင်များတွင် အပြင်းထန်ဆုံးလည်း ဖြစ်သည်။

    Ref: PressTV

  • ဆီးရီးယားမှအပါအ၀င် နှစ်စဉ် ဒုက္ခသည် တစ်သောင်းခွဲကို အမေရိကန် ထပ်တိုးလက်ခံမည်

    ဆီးရီးယားမှအပါအ၀င် နှစ်စဉ် ဒုက္ခသည် တစ်သောင်းခွဲကို အမေရိကန် ထပ်တိုးလက်ခံမည်

    စက်တင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    syria

    – အမေရိကန်မှာ ဒုက္ခသည်များအား လက်ခံမှုအရေအတွက်ကို လာမည့် ၂ နှစ်အတွင်း တစ်နှစ်လျှင် ၁၅၀၀၀ စီ တိုးမြှင့်လက်ခံသွားမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်ရောက်ပါက တစ်နှစ်လျှင် စုစုပေါင်း တစ်သိန်းအထိ လက်ခံသွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားလိုက်သည်။

    အမေရိကန်မှာ နှစ်စဉ် ကမ္ဘာတစ်ဝှမ်းမှ ဒုက္ခသည်ပေါင်း ၇၀၀၀၀ ကို လက်ခံနေကြ ဖြစ်သော်လည်း လာမည့်နှစ်တွင် စုစုပေါင်း ၈၅၀၀၀ ကို လက်ခံသွားမည်ဟု ဆီးရီးယား ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာရသည့် ဒုက္ခသည်များအကြောင်းကို ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဖရန့်က် ဝေါလ်တာ စတိုင်မီယာနှင့် ယမန်နေ့က ဆွေးနွေးမှုအတွင်း ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။

    ထပ်တိုးခေါ်ယူမည့် ဒုက္ခသည်များတွင် အများစုမှာ ဆီးရီးယားမှ ဖြစ်ပြီး၊ ကျန်သူများမှာ ပဋိပက္ခများ ဖြစ်ပွားနေသော အာဖရိကနိုင်ငံများ ဖြစ်မည်ဟု အမေရိကန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အိမ်ဖြူတော်ကမူ မိမိတို့အနေဖြင့် လာမည့် တစ်နှစ်အတွင်း ဆီးရီးယားဒုက္ခသည် တစ်သောင်းခန့်ကို ခေါ်ယူမည်ဟု စောစောပိုင်းက ကြေငြာထားသည်။

    ဂျွန်ကယ်ရီက ထပ်တိုးခေါ်ယူမည့် ဒုက္ခသည် ၁၅၀၀၀ တွင် ဆီးရီးယားမှ အရေအတွက် မည်မျှ လက်ခံမည်ကို အတိအကျ ပြောကြားခဲ့ခြင်းမရှိချေ။ သို့သော်လည်း အမေရိကန်အနေဖြင့် ကူညီရန် အဆင်သင့်ရှိနေသည်ဟု ဆိုသည်။

    “ကွန်ဂရက်နဲ့ ကျွန်တော်တို့ တိုင်ပင်ဆွေးနွေးပြီး အဲဒီ ဒုက္ခသည်တွေကို တိုးမြှင့်လက်ခံဖို့ နည်းလမ်းတွေကို ရှာဖွေသွားမှာဖြစ်ပြီး လုံခြုံရေးကိုလည်း တောင့်တင်းအောင် ဆောင်ရွက်သွားမှာပါ။ လိုအပ်ချက်က ကြီးမားတယ်။ ဒါပေမယ့် ဒီပြဿနာကို ဖြေရှင်းဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်” ဟု ဂျွန်ကယ်ရီက စတိုင်မီယာနှင့် တွေ့ဆုံပြီးနောက် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ဆီးရီးယားစစ်ပွဲ အဆုံးသတ်ရေးအတွက် နိုင်ငံရေးအရ အဖြေရရန် ဆွေးနွေးညှိနှိုင်းမှုများကို ပြန်လည်စတင်ရေး ယခုသီတင်းပတ်တွင် နယူးယောက်၌ ပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် သီးသန့် ဆွေးနွေးသွားမည်ဟု ဂျွန်ကယ်ရီက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • နော်ဝစ်ခ်ျပွဲအတွက် စိတ်ပျက်မိသည်ဟု လီဗာပူးလ်နည်းပြပြော

    နော်ဝစ်ခ်ျပွဲအတွက် စိတ်ပျက်မိသည်ဟု လီဗာပူးလ်နည်းပြပြော

    စက်တင်ဘာ ၂၁၊ ၂၀၁၅
    M-Medias

    rodger

    – ယမန်နေ့က နော်ဝစ်ခ်ျအသင်းအား သရေကျခဲ့သည့်ပွဲအတွက် မိမိအနေဖြင့် စိတ်ပျက်မိသည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ၀န်ခံပြောကြားလိုက်သည်။

    အိမ်ကွင်းအန်ဖီးလ်၌ ကစားခဲ့သည့် အဆိုပါပွဲတွင် လီဗာပူးလ်မှာ ကစားကွက်အသာရခဲ့ပြီး ဦးဆောင်ဂိုး သွင်းနိုင်ခဲ့သော်လည်း ထိန်းထားနိုင်ခြင်းမရှိဘဲ နော်ဝစ်ခ်ျအသင်းအား ချေပဂိုး ပြန်ပေးခဲ့ရကာ ၁ ဂိုးစီ သရေဖြင့် အဆုံးသတ်ခဲ့သည်။

    လီဗာပူးလ်မှာ ပြီးခဲ့သည့်တစ်ပတ်ကလည်း ၀က်စ်ဟမ်းအသင်းအား အိမ်ကွင်း၌ ၃ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ရော်ဂျာကာမူ အသင်း၏ပါးနပ်မှု တိုးတက်လာသည်ကို မြင်ရသော်လည်း ရလဒ်အတွက် စိတ်ပျက်မိသည်ဟု ဆိုသည်။

    “စိတ်ပျက်တယ်။ ရလဒ်အတွက်လည်း စိတ်ကုန်မိပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာ သွက်လက်မှုနဲ့ ဖန်းတီးနိုင်မှု လက္ခဏာတွေ ပိုမြင်ရတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပထမပိုင်းမှာတော့ ကျွန်တော်တို့ဟာ နည်းနည်း ထိုင်းမှိုင်းခဲ့ပါတယ်။ သင့်တော်တဲ့အခြေအနေမှာ ကျွန်တော်တို့ ဘောလုံးကိုင်ခဲ့နိုင်တယ်။ ဒါပေမယ့် ဂိုးရှေ့က လှုပ်ရှားမှုကတော့ ကျွန်တော်တို့ နှစ်သက်တဲ့ ပုံစံမျိုး မဟုတ်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ နည်းနည်းပိုပြီး သွက်သွက်လက်လက် ဖြစ်ခဲ့ပါတယ်” ဟု ရော်ဂျာက ပွဲအပြီးတွင်
    သတင်းထောက်များအား ပြောကြားခဲ့သည်။

    လက်ရှိအချိန်တွင် လီဗာပူးလ်မှာ ရမှတ် ၈ မှတ်ဖြင့် အဆင့် ၁၃ နေရာသို့ ရောက်ရှိနေပြီး အဲဗာတန်နှင့် အောက်တိုဘာ ၄ ရက် မာဆေးဆိုက်ဒါဘီပွဲမတိုင်ခင် အိမ်ကွင်း ၃ ပွဲဆက်တိုက် ရှိနေသည်။ ရော်ဂျာကမူ အသင်း အဆင့်တက်ရေးအတွက် ထိုပွဲစဉ်များကို အသုံးချရန် စိတ်အားထက်သန်နေသည်။

    “ဖန်တီးမှုအားဖြင့်ဆိုရရင် ဒီနေ့ဟာ ကျွန်တော်တို့အတွက် ရှေ့တစ်လှမ်းတက်တယ်လို့ ထင်ပါတယ်။ ဒီကနေပြီတော့လည်း ကျွန်တော်တို့ဟာ ရှေ့ဆက် တိုးတက်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့လိုချင်တဲ့ စွမ်းဆောင်မှုကို ရဖို့အတွက် ကျွန်တော်တို့မှာ ပွဲကြီး ၄ ပွဲ ရှိနေပါတယ်”

    Ref: Goal

  • မွတ်စလင်များမှာ အမေရိကအတွက် အန္တရာယ်မဟုတ်ဟု ရီပက်ဘလစ်ကန် သမ္မတလောင်း ပြောကြား

    မွတ်စလင်များမှာ အမေရိကအတွက် အန္တရာယ်မဟုတ်ဟု ရီပက်ဘလစ်ကန် သမ္မတလောင်း ပြောကြား

    စက်တင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    us

    – ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် ရေပန်းစားနေသည့် ဘီလီယံနာ ဒေါ်နယ်လ် ထရမ့်က မိမိအနေဖြင့် မွတ်စလင်များကို နှစ်သက်ပြီး၊ မွတ်စလင်များမှာ ကြီးမြတ်သည့်ပုဂ္ဂိုလ်များဖြစ်သည်ဟု ပြောကြားလိုက်သည်။

    စနေနေ့တွင် CNN သတင်းဌာနက မွတ်စလင်များမှာ အမေရိကအတွက် အန္တရာယ်ဖြစ်နေပြီလားဟု မေးမြန်းရာတွင် ၎င်းက ထိုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

    ထရမ့်မှာ မက္ကဆီကန်များကို လူမျိုးရေးခွဲခြားသည့် မှတ်ချက်များနှင့် ပြောင်းရွှေ့အခြေမှုကို ဆန့်ကျင်မှုများကြောင့် ဝေဖန်ခံနေရသူဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက ၎င်း၏ ဟောပြာပွဲတစ်ခု၌ အမေးအဖြေကဏ္ဍတွင် သမ္မတအိုဘားမားမှာ မွတ်စလင်ဖြစ်ပြီး အမေရိကန် နိုင်ငံသားတစ်ဦးပင် မဟုတ်ဟု ကျောင်းသားတစ်ဦး၏ ပြောကြားမှုကို ပြန်လည် တုန့်ပြန်ခြင်း မပြုခဲ့သည့်အတွက် မွတ်စလင်များအပေါ် ၎င်း၏ သဘောထားမှာ မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။

    အခြားကျောင်းသူတစ်ဦးကမူ အမေရိကန်မွတ်စလင်များမှာ နိုင်ငံ၏ အရေးပါသည့် အစိတ်အပိုင်းအဖြစ် မိမိက မှတ်ယူထားကြောင်း ထရမ့်နေဖြင့် အာဏာရပါက ကက်ဘိနတ်တွင် မွတ်စလင်အမတ် သို့မဟုတ် ၎င်း၏ နိုင်ငံရေးအသိုင်းအ၀ိုင်းတွင် မွတ်စလင်နိုင်ငံရေးသမားများ ထည့်သွင်းမည်လားဟု မေးမြန်းခဲ့ရာ ၎င်းက

    “သေချာပေါက်ထည့်မှာပေါ့။ ဒီအတွက် ပြဿနာမရှိပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    CNN ၏ State of the Union ကဏ္ဍတွင် အစီအစဉ်တင်ဆက်သူ ဂျိတ်က် တက်ပါအား မိမိတွင် မွတ်စလင်သူငယ်ချင်းများ ရှိကြောင်း၊ ဘာသာရေးအစွန်းရောက် အုပ်စုများကသာ အကြမ်းဖက်တိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    “အစွန်းရောက်နေတဲ့ မွတ်စလင်တွေနဲ့သာ ကျွန်တော်တို့ ပြဿနာရှိတာပါ။ အဲဒီအတွက် မေးစရာကို မလိုပါဘူး” ဟု ထရမ့်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    လေ့လာမှုများအရ ၉/၁၁ နောက်ပိုင်း အမေရိကန်တွင် မွတ်စလင်အစွန်းရောက်များ၏ တိုက်ခိုက်မှုများထက် ခရစ်ယာန် လူဖြူအစွန်းရောက်များ၊ အစိုးရဆန့်ကျင်သူများ၏ အကြမ်းဖက်တိုက်ခိုက်မှုများ နှစ်ဆပိုများနေပြီး ထိုလူမျိုးကြီးဝါဒီများ၏ လက်ချက်ဖြင့်သာ အမေရိကန်နိုင်ငံသားများ ပိုမိုသေဆုံးနေရသည်ကို တွေ့ခဲ့ရသည်။

    Ref: CNN

  • ဒီယေဂိုကော်စတာ၊ မာရှယ်၊ မဲဟ်ရာ့ဇ်တို့နဲ့ မြိုင်ဆိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၆

    ဒီယေဂိုကော်စတာ၊ မာရှယ်၊ မဲဟ်ရာ့ဇ်တို့နဲ့ မြိုင်ဆိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၆

    စက်တင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    epl 1

    – ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာတော့ ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ မန်စီးတီး ပထမဆုံး ရှုံးပွဲတွေ့ခဲ့ရပြီး၊ လန်ဒန်ဒါဘီမှာ ချယ်ဆီးက အရှုံးတွေထဲကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။ လက်စတာကတော့ ချေပဂိုးတွေ လိုက်သွင်းပြီး ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။

    စတမ်းဖို့ဒ်ဘရစ်ခ်ျက လန်ဒန်ဒါဘီမှာ ချယ်ဆီးတို့ တစ်ပတ်အတွင်း ၂ ပွဲဆက် နိုင်ပွဲရခဲ့ပါတယ်။ ပထမပိုင်းမှာ ချယ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာရဲ့ အငြင်းပွားဖွယ်လုပ်ရပ်နဲ့အတူ နောက်ခံလူ ဂါဘရီယဲလ် အထုတ်ခံလိုက်ရတာက အာဆင်နယ်အတွက် ထိုးနှက်ချက် ဖြစ်ခဲ့တာပါ။ ချယ်ဆီးအတွက် ဂိုးတွေကိုတော့ ၅၃ မိနစ်မှာ ကာ့ ဇူးမားနဲ့၊ ဒုတိယပိုင်း နာကျင်ချိန်ပိုမှာ ဟဇာ့ဒ်တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

    epl 3

    ၅ ပွဲကစားပြီးချိန်မှာ ရာနှုန်းပြည့်နိုင်ပွဲ၊ ပေးဂိုးမရှိမှတ်တမ်းနဲ့အတူ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်စီးတီးက လီဗာပူးလ်၊ အာဆင်နယ်တို့ကို အဝေးကွင်းမှာ နှိပ်ကွပ်ခဲ့တဲ့ ၀က်စ်ဟမ်းကို အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ ကစားကွက်အသာ ဂိုးသွင်းခွင့်အသာ ရခဲ့တဲ့ အိမ်ရှင်တို့ အရှုံးနဲ့ မထိုက်တန်ပါဘူး။ ဒါပေမယ့် အခွင့်အရေး ၂ ကြိမ်မှာ ၂ ကြိမ်စလုံး ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တဲ့ ၀က်စ်ဟမ်းကိုတော့ ချီးကျူးရမှာပါပဲ။

    ချန်ပီယံလိဂ် အဝေးကွင်းရှုံးပွဲ တွေ့ထားတဲ့ မန်ယူ ဆောက်သက်တမ်ကွင်းမှာ အနိုင်ရခဲ့ပေမယ့် လွယ်ကူတဲ့ ပွဲတစ်တော့ မဟုတ်ခဲ့ပါဘူး။ ၁၃ မိနစ်မှာပဲ အိမ်ရှင်တို့ အဖွင့်ဂိုးရခဲ့ပြီး ပထမပိုင်း မိနစ် ၃၀ လောက် မန်ယူက ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် လူငယ်တိုက်စစ်မှူး အန်သိုနီ မာရှယ်ရဲ့ ခြေစွမ်းပြမှုနဲ့အတူ ၃၄ မိနစ်နဲ့ မိနစ် ၅၀ မှာ မန်ယူက ချေပဂိုးတွေ ပြန်ရခဲ့ပါတယ်။ မာရှယ်သွင်းယူခဲ့တဲ့ ဒီဂိုးတွေဟာ တော်တော်လေး အဆင့်မြင့်ပြီး စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်ကြောင်း ပြသလိုက်တာလည်း ဖြစ်ပါတယ်။ ၆၈ မိနစ်မှာ ဒီပိုင်းရဲ့ ကန်ချက် တိုင်ထိထွက်လာတာကို မာတာက ဘယ်ခြေနဲ့ အပြင်းကန်သွင်းပြီး တတိယဂိုး ရယူနိုင်ခဲ့ပါတယ်။ ပွဲပြီးကာနီးမှာ ဆောက်သက်တမ်တို့ တစ်ဂိုး ထပ်သွင်းနိုင်ခဲ့ပေမယ့် ဆေးမမီတော့ပါဘူး။ ပွဲအပြီးမှာတော့ နည်းပြဗန်ဂါးလ်က မာရှယ်အပေါ်မှာ အရမ်းကြီး မျှော်လင့်မထားဖို့ ထပ်မံ သတိပေးခဲ့ပါတယ်။

    လီဗာပူးလ်က အိမ်ကွင်းမှာ ကစားခဲ့ပြီး အနိုင်ရနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် နော်ဝစ်ခ်ျကို ချေပဂိုး ပြန်ပေးခဲ့ရကာ ၁ မှတ်သာရခဲ့ပါတepl 4ယ်။ ပြီးခဲ့တစ်ပတ်က အိမ်ကွင်းမှာ အက်စတွန်ဗီလာကို ၂ ဂိုးပြတ်ရှုံးနေရာကနေ ၃ ဂိုးပြန်သွင်းပြီး အနိုင်ရခဲ့တဲ့ လက်စတာ ဒီတစ်ပတ်မှာလည်း စတုတ်ကွင်းမှာ ၂ ဂိုး ပြတ်နေရာကနေ ချေပဂိုးတွေ လိုက်သွင်းပြီး ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ တစ်ဂိုးသွင်းပေးခဲ့တဲ့ လက်စတာတိုက်စစ်မှူး မဲဟ်ရာ့ဇ်ကတော့ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးစာရင်းမှာ ၅ ဂိုးနဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲတွေရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ချယ်ဆီး ၂-၀ အာဆင်နယ်
    အက်စတွန်ဗီလာ ၀-၁ ၀က်စ်ဘရွန်း
    ဘုန်းမောက် ၂-၀ ဆန်းဒါးလန်း
    နယူးကာဆယ် ၁-၂ ၀က်ဖို့ဒ်
    စတုတ် ၂-၂ လက်စတာ
    ဆွမ်ဆီး ၀-၀ အဲဗာတန်
    မန်စီးတီး ၁-၂ ၀က်စ်ဟမ်း
    စပါး ၁-၀ ခရစ္စတယ်ပဲလေ့စ်
    လီဗာပူးလ် ၁-၁ နော်ဝစ်ခ်ျ
    ဆောက်သက်တမ် ၂-၃ မန်ယူ