News @ M-Media

Blog

  • အမေရိကန်ပြည်နယ်တစ်ခုတွင် ရေကြီး၍ လူသေဆုံးမှုများရှိ

    အမေရိကန်ပြည်နယ်တစ်ခုတွင် ရေကြီး၍ လူသေဆုံးမှုများရှိ

    စက်တင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    us

    – အမေရိကန်ပြည်ထောင်စု ယူတာပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများကြောင့် သေဆုံးသူ ၁၆ ဦး ရှိနေပြီဟု အာဏာပိုင်များက ယမန်နေ့တွင် ကြေညာခဲ့သည်။

    ယူတာ-အရီဇိုးနားနယ်ခြားရှိ မြို့ငယ်တစ်ခုဖြစ်သော ဟီလ်ဒါလီမြို့ မြောက်ဘက် ၃၂ ကီလိုမီတာအကွာတွင် ရှိသည့် ဇီယွန်အမျိုးသားပန်းခြံတွင် တနင်္လာနေ့က ရေကြီးမှုကြောင့် သေဆုံးခဲ့သူမှာ ၁၂ ဦး ရှိခဲ့သည်။ ထို့ပြင် ပျောက်ဆုံးနေသူမှာ ၄ ဦး ရှိသည်ဟု ပန်းခြံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    တနင်္လာနေ့က ရေကြီးမှုကြောင့် ကားနှစ်စီးနှင့်အတူ မျောပါသွားသည့် အမျိုးသမီး ၃ ဦးနှင့် ကလေးငယ် ၁၃ ဦးအုပ်စုတွင်၊ ယမန်နေ့က ကလေးငယ် ၃ ဦးကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ရကာ တစ်ဦးမှာ ပျောက်ဆုံးနေသည်ဟု အာဏာပိုင်များက ဆိုသည်။ သို့သော်လည်း သေဆုံးသူ အရေအတွက်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိချေ။

    ယူတာ-အရီဇိုးနား နယ်စပ်ရှိ ဟီဒါလီမြို့နှင့် ကိုလိုရာဒိုမြို့များကို ဆက်သွယ်သည့် လမ်းများမှာ ရွှံ့များဖြင့် ဖုံးလွှမ်းနေပြီး ရှင်းလင်းမှုများကို ပြုလုပ်နေသည်။ ထို့ပြင် ကယ်ဆယ်ရေးလုပ်သားများကလည်း ရဟတ်ယာဉ်ဖြင့် ရှာဖွေမှုများ ပြုလုပ်နေသည်။

    ဒေသခံများကမူ အဆိုပါရေကြီးမှုမှာ ၎င်းတို့ သိရှိခဲ့သမျှ သက်တမ်းတစ်လျှောက်တွင် အဆိုးဝါးဆုံးဖြစ်သည်ဟု ပြောကြားခဲ့သည်။ အမျိုးသား မိုးလေ၀သဌာနကလည်း အဆိုပါ ဒေသများတွင် ရေကြီးမည်ဟု ကြိုတင်အသိပေးမှုများ ပြုလုပ်ခဲ့ပြီး ကုန်းမြင့်သည့်နေရာတွင် နေထိုင်ကြရန် တိုက်တွန်းထားသည်။

    ယူတာပြည်နယ်အုပ်ချုပ်ရေးမှူး ဂယ်ရီဟားဘတ်က မိမိတို့မှာ ရှာဖွေ၊ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် လိုအပ်သည်များကို ထောက်ပံ့ပေးနေသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • Facebook ၏ Dislike မကြာမီလာမည်

    Facebook ၏ Dislike မကြာမီလာမည်

    စက်တင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    face book

    – အသုံးပြုသူများအနေဖြင့် ပို့စ်များတွင် ၎င်းတို့၏ စာနာနားလည်မှုကို ဖော်ပြနိုင်မည့် Dislike ကို မကြာမီ ထည့်သွင်းပေးသွားမည်ဟု Facebook ကို တည်ထောင်သူနှင့် အမှုဆောင်အကြီးအကဲဖြစ်သူ မာ့ခ် ဇူကာဘာ့ဂ်က ပြောကြားလိုက်သည်။

    ယမန်နေ့က Facebook ရုံးချုပ်တည်ရှိရာ ကယ်လီဖိုးနီးယားရှိ မီလိုပန်းခြံတွင် ပြုလုပ်သော အမေးအဖြေကဏ္ဍ၌ ဇူကာဘာ့ဂ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး၊ အချို့သော ပို့စ်များ- ဥပမာ ၀မ်းနည်းစရာကောင်းသည့် ပို့စ်များအတွက် အသုံးပြုသူများက စာနာကြောင်း ဖော်ပြလိုသည့်အခါတွင် Like မှာ သင့်လျော်မှုမရှိဟု ၀န်ခံပြောကြားခဲ့သည်။

    Facebook အသုံးပြုသူများကလည်း Dislike ကို ထည့်သွင်းပေးရန် နှစ်အနည်းငယ်ကတည်းက တောင်းဆိုခဲ့သည်ဟု အွန်လိုင်းမှ ဗီဒီယိုဖြင့် တိုက်ရိုက်ပြုလုပ်သည့် အဆိုပါ အမေးအဖြေတွင် ဇူကာဘာ့ဂ်က ထည့်သွင်းပြောကြားခဲ့သည်။

    သို့သော်လည်း အခြားသူ၏ ပို့စ်များအား ဆန့်ကျင်ရာတွင် အသုံးပြုလာနိုင်သည့် အဆိုပါ Dislike ကို ထည့်သွင်းရန် မိမိတို့ကုမ္ပဏီမှာ စိတ်မ၀င်စားခဲ့ဟု ဆိုသည်။

    “လူရာပေါင်းများစွာက ဒါနဲ့ပတ်သက်ပြီး တောင်းဆိုခဲ့ပါတယ်။ ပြီးတော့ ဒီနေ့ဟာ အထူးစပါယ်ရှယ်နေ့ပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ ဒါကို ဆောင်ရွက်နေပြီဆိုတာ တကယ်ပြောရမှာ မို့လို့ပါပဲ။ ပြီးတော့ ဒါကို စမ်းသပ်အသုံးပြုခွင့်ပေးဖို့ တော်တော်လေး နီးစပ်နေပါပြီ” ဟု ဇူကာဘာ့ဂ်က ပြောကြားခဲ့သည်။

    အဆိုပါ Dislike ကို မကြာမီ စမ်းသပ်သွားမည်ဖြစ်ပြီး မည်မျှ အရာရောက်သည့်အပေါ် မူတည်၍ ထည့်သွားမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ Facebook မှာ လက်ရှိ အသုံးပြုနေသည့် Like ကို ၂၀၀၉ ခုနှစ်က စတင် မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • မန်စီးတီးမှာ ချန်ပီယံလိဂ်အရှုံးနှင့် မထိုက်တန်ဟု ပယ်လီဂရီနီပြော

    မန်စီးတီးမှာ ချန်ပီယံလိဂ်အရှုံးနှင့် မထိုက်တန်ဟု ပယ်လီဂရီနီပြော

    စက်တင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    mancity

    – ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်တွင် ဂျူဗင်တပ်စ်အား မိမိတို့အသင်းက ရှုံးနိမ့်ခဲ့မှုမှာ မထိုက်တန်ဟု မန်စီးတီးနည်းပြ မန်နျူယဲလ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    ယနေ့မနက်က အီတီဟတ်ကွင်းတွင် ကစားခဲ့သည့် အဆိုပါပွဲတွင် ပရီးမီးယားလိဂ်၌ ပေးဂိုးမရှိဘဲ ရာနှုန်းပြည့် အနိုင်ရရှိထားသည့် မန်စီးတီးမှာ ၅၇ မိနစ်တွင် ချီလီနီ၏ ကိုယ့်ဂိုးကိုယ်သွင်းမှုဖြင့် ဦးဆောင်ခဲ့သော်လည်း ပေါ့ဘာ၏ ဖန်တီးပေးမှုမှတစ်ဆင့် မန်ဇူကစ်က မိနစ် ၇၀ တွင် ချေပဂိုး သွင်းယူပေးခဲ့သည်။

    ထို့နောက် ၈၁ မိနစ်တွင် မိုရာတာက အနိုင်ဂိုးကို လှလှပပ သွင်းယူပေးခဲ့ကာ ဂျူဗင်တပ်စ်အသင်းအား အနိုင် ၃ မှတ် ရရှိစေခဲ့သည်။

    “စိတ်ပျက်စရာပါပဲ။ အရှုံးနဲ့ ထိုက်တန်တယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်တို့ ပိုကောင်းတဲ့အခွင့်အရေး ရခဲ့ပြီး၊ ဂျူဗင်တပ်စ်အသင်းထက်လည်း ကစားပုံ ပိုကောင်းခဲ့ပါတယ်။ ဒီပွဲဟာ သာမန် ချန်ပီယံလိဂ် ပွဲတစ်ပွဲပါ။ နှစ်သင်းစလုံးဟာ အခွင့်အရေး အများကြီး မဖန်တီးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ဘောလုံးပိုင်ဆိုင်မှု ပိုရခဲ့ပါတယ်” ဟု ပယ်လီဂရီနီက ပွဲအပြီးတွင် BT Sport သို့ ပြောကြားခဲ့သည်။

    မန်စီးတီးအသင်း၏ အဓိက ကွင်းလယ်လူ ယာယာတိုးယေးကလည်း ဂျူဗင်တပ်စ်အသင်းမှာ ကံကောင်းခဲ့သည်ဟု ဆိုသည်။

    “အီတလီအသင်းဟာ တော်တော်ကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ ခံစစ်ကောင်းတယ်။ ပြီးတော့ သူတို့ ကံလည်းကောင်းသွားပါတယ်။ ကျွန်တော်တို့ကစားပုံ အဲလောက်မဆိုးပါဘူး။ အခွင့်အရေးတွေကို ကျွန်တော်တို့ လွဲချော်ခဲ့တယ်။ တောင့်တင်းအောင်လုပ်ပြီး နောက်တစ်ပွဲမှာ ပြန်လာရပါမယ်။ ကျွန်တော်တို့ ရဲရင့်ခဲ့ပြီး ဥရောပအတွေ့အကြုံကနေ သင်ယူကာ ပိုကောင်းအောင် ကြိုးစားရပါမယ်” ဟု ယာယာတိုးယေးက ပြောကြားခဲ့သည်။

    Ref: Goal

  • မက္ကာရှိ ကရိန်းမတော်တဆမှုတွင် ထိခိုက်သူများအား ဆော်ဒီအစိုးရက ဂရုဏာကြေးနှင့် ခံစားခွင့်များ ပေးအပ်

    မက္ကာရှိ ကရိန်းမတော်တဆမှုတွင် ထိခိုက်သူများအား ဆော်ဒီအစိုးရက ဂရုဏာကြေးနှင့် ခံစားခွင့်များ ပေးအပ်

    စက်တင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    saudi

    – ပြီးခဲ့သည့်တစ်ပတ်က မက္ကာဟ်မြို့ရှိ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်တွင် ဖြစ်ပွားခဲ့သည့် ကရိန်းမတော်တဆမှုတွင် သေဆုံးသွားခဲ့သူများ၏ မိသားစုများနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် ဂရုဏာကြေးနှင့် ခံစားခွင့်များ ပေးအပ်ရန် ဆော်ဒီဘုရင် ဆလ်မန်က အမိန့်ပေးခဲ့သည်။

    မိုးသည်းထန်စွာရွာသွန်းပြီး၊ ပြင်းထန်သော လေတိုက်ခတ်မှုကြောင့် ဖြစ်ပွားခဲ့သည့် အဆိုပါ ဖြစ်ရပ်ဆိုးတွင် နိုင်ငံပေါင်းစုံမှ ၀တ်ပြုသူပေါင်း ၁၁၁ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူများမှာ ၃၃၁ ဦး ရှိခဲ့သည်။

    ဘုရင်ဆလ်မန်က ယမန်နေ့တွင် ထုတ်ပြန်သော အမိန့်၌ သေဆုံးသူများ၏ မိသားစု တစ်စုစီနှင့် ဒဏ်ရာကြောင့် မသန်စွမ်းဖြစ်သွားသူများအား ဆော်ဒီရီယဲလ် ၁ သန်း(ကန်ဒေါ်လာ ၂၇၀၀၀၀ ခန့်)၊ အခြား ဒဏ်ရာရရှိသူများကို ရီယဲလ် ၅ သိန်း (ကန်ဒေါ်လာ ၁၃၅၀၀၀ ခန့်) ဂရုဏာကြေးပေးရန် ဖော်ပြထားသည်။

    ထိုဂရုဏာကြေးမှာ နစ်နာကြေးမဟုတ်ဘဲ သေဆုံးသူများ၏ မိသားစုနှင့် ဒဏ်ရာရသူများအနေဖြင့် ၎င်းတို့ ထိခိုက်ခံစားရမှုများအတွက် နစ်နာကြေးရရှိရန် တရားရုံးမှတစ်ဆင့် တရားစွဲဆို တောင်းခံနိုင်သည်ဟုလည်း ဘုရင်ဆလ်မန်က ၎င်း၏ အမိန့်တွင် ထည့်သွင်းဖော်ပြထားသည်။

    မတော်တဆမှုအတွင်း သေဆုံးသွားသူများ၏ မိသားစုတစ်စုလျှင် ၂ ဦးစီနှင့် ယခုနှစ်တွင် ဒဏ်ရာရရှိခဲ့သောကြောင့် ဟဂ်ျတာဝန်ကို မဖြည့်ဆည်းနိုင်ခဲ့သော သူများမှာ လာမည့်နှစ်တွင် ဘုရင့်ဧည့်သည်တော်အဖြစ် ဟဂ်ျပြုခွင့်ရရှိမည်ဟုလည်း ဘုရင်ကြီးက ကြေညာခဲ့သည်။ ဒဏ်ရာကြောင့် ဆေးကုသမှုခံယူနေရသူများ နိုင်ငံအတွင်း ဆက်လက်ရှိနေနိုင်ရန်အတွက် ဆော်ဒီအစိုးရက အလည်အပတ်ဗီဇာကို ထုတ်ပေးသွာမည်ဖြစ်သည်။

    စုံစမ်းစစ်ဆေးမှုများအရ ကရိန်းမှာ အခင်းဖြစ်ပွားသည့်အချိန်တွင် အနေအထား မမှန်ခဲ့သည်ကို တွေ့ရှိခဲ့ရပြီး ထိုလုပ်ငန်းများကို တာဝန်ယူလုပ်ဆောင်နေသည့် ဘင်လာဒင်အုပ်စု ဆောက်လုပ်ရေးလုပ်ငန်းအား စီမံကိန်းအသစ်များ လုပ်ကိုင်ခွင့်ကို ဆော်ဒီအစိုးရက ပိတ်ပင်လိုက်သည်။

    ထို့ပြင် ယခုရှိနေသည့် ဆောက်လုပ်ရေးလုပ်ငန်းကိုလည်း စုံစမ်းစစ်ဆေးမှုများ ပြီးစီးသည်အထိ ရပ်တန့်ထားရမည်ဖြစ်ပြီး၊ အမှုမပြီးမပြတ်မချင်း ကုမ္ပဏီအကြီးအကဲအား နိုင်ငံပြင်ပသို့ ထွက်ခွာခြင်းမပြုရန်လည်း အမိန့်ထုတ်ထားသည်။ သို့သော်လည်း ထိုအဖြစ်အပျက်မှာ ရာဇ၀တ်မှုမြောက်သည့် ရည်ရွယ်ချက်မရှိဟု ဆော်ဒီ တော်ဝင်တရားရုံးက ယမန်နေ့တွင် ကြေညာခဲ့သည်။

    Ref: Arabnews, Aljazeera

  • ပြည်သူ့ ပါတီ NLD ကိုသာမဲပေးသင့်

    ပြည်သူ့ ပါတီ NLD ကိုသာမဲပေးသင့်

    စက်တင်ဘာ ၁၆ ၊ ၂၀၁၅
    M-Media
    ဆောင်းပါးရှင်-နေမျိုး
    11174834_869108469863270_1124626762052733236_n
    အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က မွတ်စလင်မ်အမတ်လောင်းများကို ပယ်ချခဲ့ပြီး မွတ်စလင်မ်အများ ဆုံးနေထိုင်သည့် မဲဆန္ဒနယ်များတွင်ပင် ဗုဒ္ဓဘာသာဝင် အမတ်လောင်းများကို ၀င်ရောက်ယှဉ် ပြိုင်ရန် ဆုံးဖြတ်ချက်ချပြီးနောက်ပိုင်း မြန်မာတ၀ှမ်း မွတ်စလင်မ် အသိုင်းအ၀ိုင်း များစွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ကို မဲမပေးရန် ပြော ဆိုမှုများ၊ အင်တာနက် စာမျက်နှာများတွင် ရေးသားဝေဖန်မှုများရှိလာသည်။

    NLD ဆုံးဖြတ်ချက်သည် မွတ်စလင်မ်များအား ခွဲခြားခြင်းဖြစ်ကြောင်း၊ NLD သည်လည်း ဗမာဗုဒ္ဓဘာသာ ကြီးစိုးသည့် ပါတီဖြစ်ပြီး သူနိုင်လည်း မွတ်စလင်မ်များအတွက် ထူးခြားမည် မဟုတ်ကြောင်း၊ ထို့ ကြောင့် NLD အား အလေးပေး မဲထည့်ရန် မလိုကြောင်း  ပြောဆိုရေးသားမှုများ ရှိလာသည်။ ထိုသို့ ပြောဆိုမှုများ၊ ဝေဖန်မှုများ၊ စိတ်ပျက်မှုများအား အပြစ် မတင်လိုပါ။ အစ္စလာမ် ဘာသာယုံကြည် ကိုးကွယ်ကြတဲ့ နိုင်ငံသား မွတ်စလင်မ်ပြည်သူများကို မ.ဘ.သ ကမ်ပိန်းများဖြင့်သော် လည်းကောင်း၊ မျိုးစောင့် ဥပဒေကဲ့သို့ ဥပဒေပြု  လမ်းကြောင်းဖြင့်သော် လည်းကောင်း၊ နိုင်ငံရေးအရသော် လည်းကောင်း၊ မွတ်စလင်မ် ၁၅၀ နီးပါးကို ၂၀၁၂ နောက်ပိုင်း အပြစ်မရှိ အပြစ်ရှာပြီး ဖမ်းဆီးနှိပ်စက် ပြီး ပြည်ထဲရေးလက်မှတ်ဖြင့် တရားစွဲအမိန့် ချထောင်ချသည့် တရားစီရင်ရေး အရသော် လည်းကောင်း အဘက်ဘက်မှ  နှိပ်ကွပ်နေသည့် ကာလတွင် အဖွဲ့ ချုပ်၏ ဆုံးဖြတ်ချက်သည် မွတ်စလင်မ်များကို သူများနည်းတူ ခွဲခြား ဆက်ဆံသဖွယ်ဖြစ်နေသည်။

    သို့ သော် NLD ကို မွတ်စလင်မ်ဆန့် ကျင်ရေး ပါတီဟု စွပ်စွဲရန် မသင့်။ NLD ကို ဆန့် ကျင်ရန်မသင့်။ NLD ကို ဆန့် ကျင်ခြင်း၊ မဲမထည့်ခြင်း သည် အာဏာရှင်များ ဆင်ထားသည့် ထောင်ခြောက်ထဲသို့  ဆင်းသက်ခြင်းသည်ဖြစ်သည်။

    စစ်အာဏာရှင်များ၏ အကြီးဆုံး နိုင်ငံရေးရန်သူသည် NLD ဖြစ်သည်။ အထူးသဖြင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်။ သူမအား ပြည်သူထောက်ခံမှု  ကျဆင်းရန်၊ ရွေးကောက်ပွဲ မနိုင်စေရန် အဖက်ဖက်မှ ပူးညှပ်မိစေရန်  စနစ်တကျ အကွက်ဆင်ထားခြင်းဖြစ်သည်။

    ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အပြီးတွင် ပေါ်လာသော မွတ်စလင်မ် ဆန့် ကျင်ရေး လှုပ်ရှားမှုများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် သိက္ခာ မကျကျအောင်၊ နိုင်ငံတကာနှင့် ပြည်တွင်းထောက်ခံ မှုမကျကျအောင် အစိုးရက မဟာဗျူဟာကျကျ ဖန်တီးစီစဉ်ထားခြင်းဖြစ်သည်။ အစိုးရစီစဉ်ဖန်တီးမှုများကြောင့် လူထုခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည် အနေဖြင့် မွတ်စလင်မ်ကိစ္စ ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ၊ မွတ်စလင်မ်ဖက်မှ ပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ လက်ညှိုးထိုး အပြစ်တင်စရာ အလိုအလျောက်ဖြစ်သွားသည်။

    ယခုဆိုလျှင် နိုင်ငံတကာအဖွဲ့ အစည်းများ၊ အစိုးရများ၊ သတင်းမီဒီယာများ၊ ပြည်တွင်း လူ့ အခွင့်အရေးအဖွဲ့  အစည်းများပင်လျှင် အစိုးရ၏ ထောက်ခြောက်ထဲရောက်မှန်း မသိရောက်ကုန်သည်။ ဒေါ်စုက မွတ်စလင်မ် အရေးမပြောလို့ ဟု ဆိုကာ ဝေဖန်သဖြင့်  ဒေါ်စု တိုက်ခိုက်ခံရသည်။ လူ့ အခွင့်အရေး လှုပ်ရှား သူများကလည်း လူ့ အခွင့်အရေး အခြေခံဖြင့် ဒေါ်စုကို ဝေဖန်သဖြင့် ဒေါ်စုပင် လူ့ အခွင့်အရေးချိုးဖောက်သူ အဖြစ် တိုက်ခိုက်ခံရသည်။ မွတ်စလင်မ် အသိုင်းအ၀ိုင်းကလည်း အထင်လွဲ ဝေဖန်သည်။

    အကယ်၍ မွတ်စလင်မ်များက NLD ကို မဲမပေးတော့ပါက အာဏာရှင်များမှ ပို၍တောင်ကြိုက်ဦးမည်။ ၄င်းတို့ ချဉ်းသာမဟုတ် တိုင်းရင်းသား ပါတီအများစုကလည်း ၀မ်းသာကြအုံးမည်။ တိုင်းရင်းသားပါတီများသည် ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသား မဲဆန္ဒနယ်မြေများ  တွင် NLD ဝင်ပြိုင်၍ ဒေါ်အောင်ဆန်းစုကြည် အမြင်မကြည့်ဖြစ်နေကြသည်။ ။ တိုင်းရင်းသားအရေးကို အလေးမထားဟု ယူဆကာ ဒေါ်စု ရွေးကောက်ပွဲနိုင်မည့်အရေး မလိုလားကြပါ။ NLD နည်းတူ တိုင်းရင်းသား ဒေသအားလုံးတွင် ဝင်ပြိုင်သည် ပြည်ခိုင်ဖြိုး(USDP) ပါတီနှင့် ပတ်သက်၍ တော့ အသံကျယ်ကျယ်ထွက်မလာကြပေ။

    ဖြစ်စဉ်တလျှောက်လုံးကို ပြန်လည်သုံးသပ်ပါက NLD သည်သာ မဲပေးသင့်သော ပါတီဖြစ်သည်။ NLD သည် မွတ်စလင်မ်အရေးရယ်လို့  မပြောသော်လည်း မွတ်စလင်မ် ဆန့် ကျင်ရေးကို မူဝါဒအနေဖြင့်မလုပ်ခဲ့ပါ (အောက်ခြေမှ လုပ်ရပ်များသည် ပါတီပေါ်လစီမဟုတ်ပါ)။

    အာဏာရ ကြံခိုင်ရေး ပါတီနှင့် ၄င်းပါတီမှ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရ ကသာ မွတ်စလင်မ် ဆန့် ကျင်ရေးလှုပ်ရှားမှုများနျှင့် အကြမ်းဖက်မှု ဖြစ်ရပ်များတွင် တာဝန်အရှိဆုံးဖြစ်သည်။  နှစ်ပေါင်းများစွာ မွတ်စလင်များကို ခွဲခြားနှိပ်ချခြင်း၊ အကြမ်းဖက်ခြင်း၊ လူမုန်းအောင်လုပ်ခြင်း၊ အမုန်တရား ပြန့်ပွားအောင် ပြုလုပ်ခြင်း၊ အဖက်ဖက်တွင် ဖိနှိပ်ခြင်းတို့ ကို ကျူးလွန်သည်မှာ NLD မဟုတ်ဘဲ ယခင် စစ်အစိုးရ အစဉ်အဆက် က ပြုလုပ်ခဲ့ပြီး ယခု အစိုးရလက်ထက်တွင် အဆိုးဆုံး အခြေအနေဖြစ်လာခဲ့သည်။

    အဖွဲ့ ချုပ်သည် စတင်ဖွဲ့ စည်းကတည်းက လူ့ အခွင့်အရေးနှင့် ဒီမိုကရေစီရေးကို ဦးစိုက်ဆောင်ရွက်လာခဲ့ပြီး ပါတီခေါင်းဆောင်များ အမိန့် ကြောင့်ရယ်လို့  ဗလီဖျက် မီးရှို့  လူသတ်ရယ်လို့ မရှိခဲ့ပါ။ အကြမ်းဖက်သမားများကို မွေးပြီး လူမျိုးရေး၊ ဘာသာရေးပြသနာများဖြစ်အောင် ဖန်တီးသည့် သမိုင်းလည်းမရှိခဲ့ပါ။ ယခု မွတ်စလင်မ်ဆန့် ကျင်ရေးလှုပ်ရှားမှုများ အရှိန်မြင့်နေသည့်ကာလတွင်တောင် မွတ်စလင်မ်ဆန့် ကျင်ရေးအဖွဲ့ များ၏လုပ်ရပ်ကို ထောက်ခံအားပေးခြင်းမလုပ်ခဲ့ (သေး) ပါ။

    နည်းလမ်းပေါင်း များစွာဖြင့်ဆင်ထားသော ထောင်ခြောက်ကို ရှောင်နေရသည့် ပါတီသာဖြစ်သည်။

    ထိုနည်းတူ မွတ်စလင်မ်များအနေဖြင့်လည်း အာဏာရှင်များ ထောင်ခြောက်တွင်းသို့  ဆင်းသလိုမဖြစ်ရအောင် ထိုထောင်ခြောက်ကို ရှောင်ဖို့ လိုပါသည်။

    ** ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်သည်။

    ဆက်စပ်ဆောင်းပါးများဖတ်ရန်
    ——————————–
    ‘NLD မနိုင် ကုလားမဲ’ ၊ ‘NLD လည်း ကုလားမဲ’
    http://www.m-mediagroup.com/news/45547

    မြန်မာနိုင်ငံရေးနှင့် ဖွတ်မရ ဓားမဆုံး မြန်မာမွတ်စလင်မ်များ
    http://www.m-mediagroup.com/news/45508

    NLD ရှုံးစေဖို့ ကုလားမုန်းကြစို့
    http://www.m-mediagroup.com/news/42672

    ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဖြစ်လာရင် ဘယ်သူ့ကိုမဲပေးမလဲ ?
    http://www.m-mediagroup.com/news/39006