News @ M-Media

Blog

  • နိုင်ငံရေးသာ ဇောက်ချလုပ်တော့မည်ဟု ပက်ကွီအိုပြော

    နိုင်ငံရေးသာ ဇောက်ချလုပ်တော့မည်ဟု ပက်ကွီအိုပြော

    စက်တင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    paq

    – မေ၀ယ်သာနှင့် တစ်ကျော့ပြန်ထိုးသတ်ရေး မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ပြီး မိမိအနေဖြင့် နိုင်ငံရေးကိုသာ ဇောက်ချလုပ်ကိုင်သွားတော့မည်ဟု ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုက ပြောကြားလိုက်သည်။

    ရာစုနှစ်၏ အကောင်းဆုံးပွဲအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည့် မေလက ၎င်းတို့နှစ်ဦး၏ပွဲတွင် မေ၀ယ်သာက အမှတ်ဖြင့်နိုင်ခဲ့ပြီး၊ ပြီးခဲ့သည့်တစ်ပတ်ကလည်း ဘာတိုကို မေ၀ယ်သာက အမှတ်ဖြင့် နိုင်ခဲ့ကာ လက်ဝှေ့သမားဘ၀ ၄၉ ပွဲထိုးသတ်ခဲ့ပြီး ရှုံးပွဲမရှိခဲ့ပေ။

    ဘာတိုနှင့်ပွဲအပြီးတွင် လက်ဝှေ့လောကမှ အနားယူတော့မည်ဟု မေ၀ယ်သာက စောစောပိုင်းကတည်းက ပြောကြားခဲ့ပြီး ပွဲအပြီးတွင်လည်း ထပ်မံအတည်ပြုခဲ့သည်။

    ပက်ကွီအိုမှာ မေ၀ယ်သာနှင့်ပွဲတွင် ရရှိခဲ့သည့် ပုခုံးဒဏ်ရာကြောင့် အနားယူနေရပြီး ဒဏ်ရာပျောက်သည့်အချိန် လာမည့် ၂၀၁၆ ခုနှစ်တွင် တစ်ပွဲထိုးသတ်ကာ လက်ဝှေ့လောကမှ အနားယူတော့မည်ဟု ၎င်း၏ ပွဲစီစဉ်သူက ပြောကြားခဲ့သည်။

    ထို့ပြင် မေ၀ယ်သာနှင့် ပြန်လည်ထိုးသတ်ဖွယ်ရှိနေသည်ဟု သတင်းများလည်း ထွက်ပေါ်နေပြီး ပက်ကွီအိုကမူ ထိုမျှော်လင့်ချက်ကို စွန့်လွှတ်ကာ နိုင်ငံရေးကိုသာ အာရုံစိုက်တော့မည်ဟု ပြောကြားခဲ့သည်။

    “အခုအချိန်မှာ လက်ဝှေ့ကို ကျွန်တော် အာရုံမစိုက်တော့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ပုခုံးဒဏ်ရာကောင်းတဲ့အခါ နောက်နှစ်မှာ တစ်ပွဲလောက်ပဲ ထိုးတော့မှာပါ” ဟု ဗုဒ္ဓဟူးနေ့တွင် ပက်ကွီအိုက ပြောကြားခဲ့သည်။

    “ကျွန်တော် အေးဆေးပါပဲ။ (မေ၀ယ်သာနဲ့) ဒုတိယအကြိမ်ဖြစ်လာမလားဆိုတာ ပြဿနာမဟုတ်ပါဘူး။ သူအနားယူသွားတာကို ကျွန်တော်ကြားတယ်။ ဒါ့ကြောင့် ကိစ္စမရှိတော့ပါဘူး”

    နောက်ထပ်ထိုးသတ်မည့်သူကိုမူ ၎င်းက မရွေးချယ်ဘဲ စိန်ခေါ်သူကိုသာ ထိုးသတ်သွားမည်ဟု ဆိုသည်။ လာမည့်နှစ်တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် သမ္မတအဖြစ် ၀င်အရွေးခံမည်လား သို့မဟုတ် ၎င်း၏ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ၀င်ပြိုင်မည်လားဆိုသည်ကို မကြာမီ ကြေငြာသွားမည်ဟု ပက်ကွီအိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Dailymail

  • မက္ကဆီကိုကျောင်းသားများ အသတ်ခံရမှုအတွက် မူးယစ်ရာဇာတစ်ဦးကို ဖမ်းဆီး

    မက္ကဆီကိုကျောင်းသားများ အသတ်ခံရမှုအတွက် မူးယစ်ရာဇာတစ်ဦးကို ဖမ်းဆီး

    စက်တင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    mex

    – ပြီးခဲ့သည့်နှစ်က တက္ကသိုလ်ကျောင်းသား ၄၃ ဦး ပျောက်ဆုံးမှုနှင့် ပတ်သက်၍ သံသယရှိသောကြောင့် မူယစ်ဂိုဏ်းကြီးတစ်ခုမှ အရေးပါသူတစ်ဦးကို ဖမ်းဆီးလိုက်ပြီဟု မက္ကဆီကိုအစိုးရ တာဝန်ရှိသူများက ပြောကြားလိုက်သည်။

    အသက် ၃၆ နှစ်အရွယ် ဂီလ်ဒါဒို လိုပက်ဇ် အက်စ်တူဒီလို ဆိုသူဖြစ်ပြီး အမည်ပြောင် အီလ်ဂီလ်ဖြစ်ကာ တက်စ်ကိုမြို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု အစိုးရရှေ့နေ မီဂွဲလ် အိန်ဂျဲလ် ဂိုဒီနက်ဇ် မူနော့ဇ်က ကြေညာချက်တွင် ပြောကြားခဲ့သည်။ မက္ကဆီကို အမျိုးသားလုံခြုံရေး ကော်မရှင်နာမင်းကြီး ရီနာတို ဆေးလ်ကလည်း နောက်ပိုင်းတွင် ထိုသတင်းကို အတည်ပြုခဲ့သည်။

    လိုပက်ဇ်မှာ ဂွာရဲရိုးပြည်နယ် အီဂွါလာမြို့ ရှိ ကျောင်းသားများပျောက်ဆုံမှုတွင် အဓိက ကြိုးကိုင်သူဟု ယူဆထားပြီး မူးယစ်မှု၊ ဆက်ကြေးတောင်းမှုနှင့် ရာဇ၀တ်မှုများစွာ အတွက်လည်း သံသယရှိနေသူဖြစ်သည်။ ထိုကျောင်းသားများမှာ မူးယစ်မှောင်ကိုများ၏ လုပ်ရပ်များကို ရှုတ်ချသည့် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီးနောက် အမည်မသိသူများ၏ ဖမ်းဆီးခံခဲ့ရပြီး ပျောက်ဆုံးခဲ့သည်။

    အစိုးရ၏ စုံစမ်းစစ်ဆေးမှုများအရ ထိုကျောင်းသားများကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် အီဂွါလာ ရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်းခဲ့ပြီး နောက်ပိုင်းတွင် ပြည်နယ်ရှိ နာမည်ကြီး မူးယစ်ဂိုဏ်းဖြစ်သော Guerreros Unidos သို့ လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။

    အာဏာပိုင်များကမူ အဆိုပါကျောင်းသားများမှာ အသတ်ခံခဲ့ရပြီး ကျူးလွန်သူများမှာ အမှိုက်ပုံတွင် အလောင်းများကို မီးရှို့ဖျောက်ဖျက်ခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ကုရ်အာန်ကျမ်းမြတ်ဆိုင်ရာ ပြခန်းတစ်ခု မဒီနာတွင် ဖွင့်လှစ်

    စက်တင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    quran

    – ကုရ်အာန်ကျမ်းတော်မြတ်၏ သမိုင်းကြောင်း၊ ထိန်းသိမ်းမှုများနှင့် ကျမ်းတော်မြတ်နှင့် ပတ်သက်ဆက်နွယ်မှုများကို စုံလင်စွာ ပြသထားသည့် ပြခန်းတစ်ခုကို ဆော်ဒီအာရေဗျနိုင်ငံ မဒီနာမြို့တွင် ဖွင့်လှစ်ခဲ့ပြီး မဒီနာ အုပ်ချုပ်ရေးမှူး မင်းသား ဖိုင်ဆယ် ဘင် ဆလ်မန် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်ဟု သိရသည်။

    အဆိုပါပြပွဲကို မဒီနာရှိ အစ္စလာမ့်ရေးရာ ၀န်ကြီးဌာနနှင့် Simaya Group တို့ပူးပေါင်းကာ စီစဉ်ခဲ့ခြင်းဖြစ်သည်။ ၁၅၀၀ စကွဲယားကီလိုမီတာရှိသည့် ပြပွဲနေရာတွင် ကုရ်အာန်ကျမ်းတော်မြတ်၏ သမိုင်းနှင့် အရေးပါမှုကို စနစ်ကျစွာ ပြသထားသည်။

    ကုရ်အာန်ကျမ်းတော်မြတ်အကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်လည်း ပြပွဲတွင် ပါဝင်ပြီး၊ အသံများ၊ ဂရပ်ဖစ် နည်းပညာများဖြင့်လည်း ကျမ်းတော်မြတ်၏ အဓိကကျမှုကို ဖော်ပြထားသည်။ ထို့ပြင် သမိုင်းကြောင်း၊ ပြန်ဆိုချက်များ၊ ဖတ်ရွတ်သရဇ္ဈာယ်မှု၊ တစ်ဦးချင်း၊ မိသားစုနှင့် လူ့အဖွဲ့အစည်းအပေါ် ကျမ်းတော်မြတ်၏ လွှမ်းမိုးမှုများအကြောင်းကိုလည်း ထည့်သွင်း ပြသထားသည်။

    ထို့ပြင် အဆိုပါပြခန်း၌ မဒီနာရှိ ဘုရင် အဗ်ဒူလ် အဇစ် စာကြည့်တိုက်နှင့် တမန်တော်မြတ်၏ ဗလီဝတ်ကျောင်းတော် စာကြည့်တိုက်မှ ရှားပါးပြီး တန်ဖိုးကြီးသည့် ကုရ်အာန်လက်ရေးမူများကိုလည်း ပြသထားသည်။ ကအ်ဘာ ကျောင်းတော်အား လွန်ခဲ့သည့် နှစ်ပေါင်း ၁၄၀ ခန့်က ဖုံးလွှမ်းခဲ့သည့် အ၀တ်အစိတ်အပိုင်းကိုလည်း ထိုပြခန်း၌ တွေ့မြင်နိုင်သည်။

    မဒီနာအုပ်ချုပ်ရေးမှူး မင်းသား ဖိုင်ဆယ်ကမူ ကုရ်အာန်ကျမ်းတော်မြတ်အကြောင်း ထိုကဲ့သို့ ပြည့်စုံစွာ ပြသနိုင်ရန် အားထုတ်ခဲ့သူများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့အား မေတ္တာလက်ဆောင်များ ပေးအပ်ခဲ့သည်။

    ထိုပြခန်းများကို နေ့စဉ် မနက်မှ ည ၉ နာရီအထိ ဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး၊ သောကြာနေ့တွင်မူ နေ့လည်ပိုင်းမှ ည ၉ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။

    Ref: Arabnews

  • တင်းနစ်ကျော်မာရေး ဥရောပရောက် ဒုက္ခသည်များအတွက် စပေးဘောတစ်လုံးလျှင် ပေါင် ၅၀ လှူမည်

    တင်းနစ်ကျော်မာရေး ဥရောပရောက် ဒုက္ခသည်များအတွက် စပေးဘောတစ်လုံးလျှင် ပေါင် ၅၀ လှူမည်

    စက်တင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    mry

    – ယခုမှစ၍ နှစ်ကုန်အထိ တင်းနစ်ပြိုင်ပွဲများ၌ ကစားသည့်အခါ မိမိရိုက်သည့် စပေးဘော တစ်လုံးချင်းစီအတွက် စတာလင်ပေါင် ၅၀ နှုန်းဖြင့် ဒုက္ခသည်များကို လှူဒါန်းသွားမည်ဟု ဗြိတိန် တင်းနစ်အကျော်အမော် အန်ဒီမာရေးက ပြောကြားလိုက်သည်။

    ကမ္ဘာ့အဆင့် ၃ စကော့တစ်ရှ် တင်းနစ်သမား အန်ဒီမာရေးမှာ Davis Cup တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဗြိတိန်ကိုယ်စားပြု၍ သြစတေးလျနှင့် ယနေ့တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဥရောပသို့ ၀င်ရောက်လာသည့် ဒုက္ခသည်များ၏ ပုံရိပ်များကို သတင်း၌ မြင်ခဲ့ရပြီးနောက် ယခုကဲ့သို့ လှူဒါန်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

    ၎င်း၏ စပေးဘောတစ်လုံး ပေါင် ၅၀ အစီအစဉ်တွင် ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမားများအဖွဲ့ချုပ် ATP၊ Lawn တင်းနစ်အသင်းနှင့် မာရေး၏ စပွန်ဆာတစ်ဦးတို့က ပူးပေါင်းပါဝင်မည်ဖြစ်သောကြောင့် မာရေး၏ စပေးဘောတစ်လုံးမှာ ပေါင် ၂၀၀ ရှိမည်ဖြစ်သည်။

    “အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ သန်းနဲ့ချီတဲ့ကလေးငယ်တွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် တစ်ခုခုလုပ်ရမယ်လို့ ကျွန်တော် ခံစားမိခဲ့ပါတယ်။ ကျွန်တော်ရိုက်တဲ့ စပေးဘော တစ်လုံးချင်းဆီမှာ နည်းနည်းပိုပြီး ကျေနပ်ရမှာပါ” ဟု မာရေးက ပြောကြားခဲ့သည်။

    မာရေး၏ နောက်ဆုံး တစ်ဦးချင်းပြိုင်ပွဲဖြစ်သော ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ကီဗင်အန်ဒါဆန်နှင့်ပွဲတွင် ၎င်းမှာ စပေးဘော ၁၉ လုံး ရိုက်ခဲ့ရသည်။

    Ref: Dailymail

  • ဘာကီနာဖာဆိုတွင် စစ်တပ်အာဏာသိမ်းမှုကို ပြည်သူများ ဆန့်ကျင်ဆန္ဒပြ၊ ၃ ဦးသေဆုံး

    ဘာကီနာဖာဆိုတွင် စစ်တပ်အာဏာသိမ်းမှုကို ပြည်သူများ ဆန့်ကျင်ဆန္ဒပြ၊ ၃ ဦးသေဆုံး

    စက်တင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    bur

    – ဘာကီနာဖာဆိုတွင် စစ်တပ်အာ အာဏာသိမ်းသည်ကို မကျေနပ်သောကြောင့် ဆန္ဒပြသည့် ပြည်သူများနှင့် စစ်သားများအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၃ ဦး သေဆုံးခဲ့ကာ ၆၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဆေးရုံတာဝန်ရှိသူများက ပြောကြားခဲ့သည်။

    မြို့တော် အိုဂါဒူဂူတွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုအတွင်း စစ်သားများမှာ လူအုပ်စုအား လူစုခွဲရန် သတိပေး ပစ်ဖောက်မှုများ ပြုလုပ်ခဲ့သည်ဟု မျက်မြင်သက်သေများက ဆိုသည်။

    ဘာကီနာဖာဆိုတွင် လာမည့်သီတင်းပတ်အနည်းငယ်၌ ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး စစ်တပ်ကမူ နိုင်ငံအား ၎င်းတို့က ထိန်းချုပ်လိုက်ပြီဟု ယမန်နေ့မနက် စောစောပိုင်းက ကြေညာခဲ့ကာ အာဏာသိမ်းမှုကို ဗုဒ္ဓဟူးနေ့ကတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု အတည်ပြုခဲ့သည်။

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကမူ ထိုကဲ့သို့ အာဏာသိမ်းမှုကို ရှုတ်ချလိုက်ပြီး စစ်တပ်နေဖြင့် နိုင်ငံရေးနှင့် ဝေးဝေးနေရန် တိုက်တွန်းခဲ့သည်။ အာဏာသိမ်းမှုကို ဖြုတ်ချခံလိုက်ရသည့် ခေါင်းဆောင်ဟောင်း ဘလိုင်စီ ကွန်မ်ပိုရီ၏ မဟာမိတ်များက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    “အာဏာသိမ်းမှုနဲ့ နောက်ပိုင်း အကျိုးဆက်တွေအတွက် တာဝန်ရှိတဲ့သူတွေဟာ တာဝန် ယူကို ယူရပါလိမ့်” ဟု ဘန်ကီမွန်က ၎င်း၏ ကြေညာချက်တွင် ပြောကြားခဲ့သည်။

    အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဆူဇန်ရိုက်ကလည်း အာဏာသိမ်းသူများအနေဖြင့် ၎င်းတို့ ဖမ်းဆီးထားသူများကို ချက်ခြင်း ပြန်လွှတ်ပေးရန်၊ တပ်ဖွဲ့များအား အင်အားသုံးခြင်းမပြုရေး အမိန့်ပေးရန်၊ ပြည်သူများ၏ ငြိမ်းချမ်းစွာ စုဝေးခွင့်ကို လေးစားရန်နှင့် လာမည့်အောက်တိုဘာလ ၁၁ ရွေးကောက်ပွဲ လမ်းကြောင်းပေါ်သို့ နိုင်ငံအား ပြန်တင်ပေးရန် တောင်းဆိုခဲ့သည်။

    အာဏာသိမ်းအစိုးရမှ ထုတ်ပြန်သော အစိုးရပြန်တမ်းတွင် ယခင်သမ္မတဟောင်း ကွန်မ်ပိုရီ၏ ပါတီဝင်များအား ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ကန့်သတ်ထားမှုကို ဝေဖန်ခဲ့သည်။ အခြေခံဥပဒေကို ပြင်ဆင်၍ နောက်ထပ်သက်တမ်း ထမ်းဆောင်ရန် ကြိုးစားသည့် ကွန်မ်ပိုရီ၏ ဆောင်ရွက်မှုကို ထောက်ခံသည့် မည်သူမှ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် မရှိချေ။

    အာဏာသိမ်းအဖွဲ့မှ ဒုတိယဗိုလ်ချုပ်ကြီး မာမာဒူ ဘမ်ဘာကမူ ယခုကဲ့သို့ အာဏာသိမ်းခြင်းမှာ အာလုံး ပါဝင်နိုင်သည့် ရွေးကောက်ပွဲသို့ ဦးတည်မည့် အဆင်ပြေချောမွေ့၍ ညီတူမျှတူဖြစ်သည့် လုပ်ငန်းစဉ်ကို အစပျိုးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အောက်တိုဘာ ၁၁ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ရွေးကောက်ပွဲမှာ နိုင်ငံ၏ ဒီမိုကရေစီကို ပိုမို ခိုင်မာစေလိမ့်မည်ဟု အများစုက မျှော်လင့်နေကြသည်။

    Ref: Aljazeera