News @ M-Media

Blog

  • ချစားမှုသတင်းထွက်သည့် အထွေထွေအတွင်းရေးမှူးကို ဖီဖာ အနားပေး

    ချစားမှုသတင်းထွက်သည့် အထွေထွေအတွင်းရေးမှူးကို ဖီဖာ အနားပေး

    စက်တင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    fifa

    – ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲ လက်မှတ်များကို ဈေးတင်းရောင်းချခြင်းမှ အကျိုးအမြတ်ရယူရန် ကြိုးစားခဲ့သည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ အထွေထွေအတွင်းရေးမှူး ဂျယ်ရိုမီ ဗော့လ်ကီကို တာဝန်မှ ရပ်ဆိုင်းလိုက်သည်ဟု သိရသည်။

    အဆိုပါ ချစားမှုသတင်းမှာ ယမန်နေ့က ထွက်ပေါ်လာခြင်းဖြစ်ပြီး ဖီဖာဥက္ကဌ ဆပ်ဘလတ္တာ၏ ညာလက်ရုံးဖြစ်သူ ဗော့လ်ကီမှာ ၂၀၁၄ ကမ္ဘာ့ဖလား လက်မှတ်များ ရောင်းချရမှု၏ အကျိုးအမြတ် ၅၀ ရာခိုင်နှုန်း (ယူရို ၂သန်းခန့်) ကို ရယူရန် JB Marketing ကုမ္ပဏီနှင့် သဘောတူခဲ့သည်ဟု ဆိုသည်။

    ဘရာဇီးလ်သတင်းဌာနဖြစ်သည့် Estadao မှာ ဗော့လ်ကီနှင့် JB Marketing ကုမ္ပဏီမှ အကြံပေး ဘန်နီ အေလွန်တို့အကြား ပေးပို့ခဲ့သော အီးမေးလ်များကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ JB Marketing ကုမ္ပဏီမှာ ၂၀၁၄ ကမ္ဘာ့ဖလားပွဲ ၂၄ ပွဲစာ၏ လက်မှတ်များကို ၀ယ်ယူရန် ၂၀၁၀ ခုနှစ် ဧပြီလက ဖီဖာနှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

    စာချုပ်အရ အဆိုပါ ၂၄ ပွဲတွင် ၁၂ ပွဲကို JB Marketing မှ စိတ်ကြိုက်ရွေးရမည်ဖြစ်ပြီး အခြား ၁၂ ပွဲကို ဖီဖာမှ ရွေးပေးရမည် ဖြစ်သည်။ သို့သော်လည်း ဖီဖာမှ ရွေးပေးသည့် ပွဲများတွင် ပရိတ်သတ် စိတ်ဝင်စားမှုနည်းသည့် ပွဲများ ပါဝင်မည်ဖြစ်သောကြောင့် အေလွန်က ဗော့လ်ကီအား အကူအညီတောင်းကာ အိမ်ရှင်ဘရာဇီးလ်အသင်း ကန်မည့် ပွဲအားလုံးအပါအ၀င် ၂၄ ပွဲစလုံး ၎င်းတို့စိတ်ကြိုက် ရွေးချယ်ခွင့်ရရန် ဆောင်ရွက်ခဲ့သည်။

    ထို့ပြင် လက်မှတ်များကို ရောင်းချသည့်အခါတွင် သတ်မှတ်ထားသည့်ဈေးထက် ၃ ဆပိုတင်၍ ရောင်းချရန် တောင်းဆိုမှုကိုလည်း ဗော့လ်ကီက ခွင့်ပြုခဲ့သည်။

    သို့သော်လည်း နောက်ပိုင်းတွင် လက်မှတ်ဝယ်ယူရန် သဘောတူညီချက်ကို ဖျက်သိမ်းကာ ဖီဖာ၏ အခြားကိုယ်စားလှယ်ဖြစ်သော Match နှင့် ဆက်သွယ်၍ ၀ယ်ယူရန် JB Marketing သို့ ဗော့လ်ကီက ပြောကြားခဲ့သည်။

    ဗော့လ်ကီနှင့် အေလွန်တို့၏ ကနဦးသဘောတူညီချက်မှာ အကောင်အထည်ပေါ်မလာခဲ့ဘဲ လက်မှတ်များကို ဈေးတင်ရောင်းချခဲ့ခြင်းမရှိသလို၊ ဗော့လ်ကီမှာလည်း မည်သည့်ငွေကြေးမှ မရခဲ့ဟု အေလွန်က Sportsmail သို့ ပြောကြာခဲ့သည်။

    ဖီဖာကမူ အဆိုပါ သတင်းများ ထွက်ပေါ်လာပြီး နာရီအနည်းငယ်အကြာတွင် ဗော့လ်ကီအား ရာထူးအားလုံးမှ အနားပေးလိုက်ပြီး၊ စုံစမ်းစစ်ဆေးမှုများကို ချက်ခြင်းပြုလုပ်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    “အထွေထွေအတွင်းရေးမှူး ဂျယ်ရိုမီ ဗော့လ်ကီကို အနားပေးလိုက်ပြီး နောက်ထပ် သတင်းမထုတ်ပြန်မချင်း တာဝန်းအားလုံးမှ ချက်ခြင်းရပ်ဆိုင်းလိုက်ပြီလို့ ဖီဖာက ယနေ့ ကြေငြာလိုက်ပါတယ်” ဟု ဖီဖာမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် ဗော့လ်ကီပါဝင်သည်ဟု စွပ်စွဲခံရသည့် ကိစ္စများအားလုံးကို မိမိတို့ သိရှိထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ကျင့်ဝတ်ဆိုင်ရာ ကော်မတီကို တောင်းဆိုထားသည်ဟု ဆိုသည်။ ဗော့လ်ကီကမူ ထိုစွပ်စွဲမှုအားလုံးမှာ လုပ်ကြံမှုသာဖြစ်သည်ဟု ရှေ့နေမှတစ်ဆင့် ကြေညာခဲ့သည်။

    ဗော့လ်ကီ၏ ယခုကိစ္စမှာ ချစားမှုပြဿနာများနှင့် ရင်ဆိုင်နေရသည့် ဖီဖာအတွက် ကြီးမားသည့် ထိုးနှက်ချက်လည်း ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် မေလ ဆွစ်ဇာလန်၌ ပြုလုပ်မည့် ဖီဖာ၏ နှစ်ပတ်လည်အစည်းအဝေး မတိုင်မီ ဖီဖာမှ အကြီးတန်းအရာရှိများမှာ ဖမ်းဆီးခံခဲ့ရပြီး ချစားမှုများဖြင့် တရားစွဲဆိုခံထားရသည်။

    ထို့ပြင် ၂၀၁၈ နှစ် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲများအတွက် အိမ်ရှင်ရွေးချယ်မှုတွင် ဖီဖာမှာ ချစားမှုများ ရှိခဲ့သည်ဆိုသော သံသယဖြင့် ဆွစ်ဇ်အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    Ref: Dailymail

  • အဟ်မဒ် မုဟမ္မဒ် (သို့) သာမာန်ကျောင်းသားလေး ဘ၀မှ ကမ္ဘာကျော်ဖြစ်လာခဲ့သူ လူငယ်လေး

    အဟ်မဒ် မုဟမ္မဒ် (သို့) သာမာန်ကျောင်းသားလေး ဘ၀မှ ကမ္ဘာကျော်ဖြစ်လာခဲ့သူ လူငယ်လေး

    စက်တင်ဘာ ၁၈ ၊ ၂၀၁၅
    M-Media
    2C6259FE00000578-3236603-image-a-4_1442419596386
    – အိမ်တွင်းဖြစ် နာရီတစ်ခုကို တီထွင်ပြီး အထက်တန်းကျောင်းကို ယူအသွားအခါ အသံမြည်လို့ ဗုံးလုပ်တယ်ဆိုပြီး အဖမ်းခံ၊ စစ်ဆေးမေးမြန်းခံလိုက်ရတဲ့ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်၊ အာရ်ဗင်းမြို့က အမေရိကန်မွတ်စလင် ဆယ်ကျော်သက်ကျောင်းသားလေး အဟ်မဒ် မုဟမ္မဒ် က သမ္မတ အိုဘားမားရဲ့ ဖိတ်ခေါ်မှုကို လက်ခံလိုက်ပြီး အိမ်ဖြူတော်ကို သွားရောက်တွေ့ဆုံမယ်လို့ စက်တင်ဘာ ၁၆ ရက်နေ့က ပြောကြားလိုက်ပါတယ်။

    အသက် ၁၄ နှစ်သာ ရှိသေးတဲ့ အဟ်မဒ် တစ်ယောက် သူတက်နေတဲ့ မက်အာသာ အထက်တန်းကျောင်းမှာ လက်ထိပ်ခတ်ခံထားရတဲ့ပုံဟာ ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့သွားပြီးတဲ့နောက်ပိုင်း ကမ္ဘာတစ်ဝှမ်းက သူ့ကို ဂရုဏာသက်ခဲ့ကြပြီး
    ထောက်ခံအားပေးမှုတွေလည်း ရခဲ့ပါတယ်။

    အဲဒီလို ဂရုဏာသက်ခဲ့ကြသူတွေထဲမှာ အမေရိကန်သမ္မတ အိုဘားမားလည်း ပါဝင်ခဲ့ပြီး သူတီထွင်ခဲ့တဲ့နာရီကို ယူကာ အိမ်ဖြူတော်ကို လာရောက်လည်ပတ်ဖို့လည်း သမ္မတက ဖိတ်ခေါ်ခဲ့ပါတယ်။

    ”သိပ်ကောင်းတဲ့နာရီပဲ အဟ်မဒ်ရေ။ အဲဒါကို အိမ်ဖြူတော်ကို ယူလာချင်သလား။ သိပ္ပံကို သဘောကြတဲ့ သားလို ကလေးတွေကို အားကျစေချင်လို့ပါ။ ဒီလိုတီထွင်မှုတွေကပဲ အမေရိကကို ကြီးကျယ်အောင် လုပ်ခဲ့တာပေါ့” လို့ အိုဘားမားက သူ့ရဲ့ Twitter စာမျက်နှာကတစ်ဆင့် ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

    သူ့ရဲ့ တီထွင်မှုကို ကျောင်းက ဆရာကို ပြခဲ့ပေမယ့် မျှော်လင့်ထားတဲ့ တုန့်ပြန်မှုမျိုး မရခဲ့ဘဲ အင်္ဂလိပ်စာအချိန် နာရီက အသံထမြည်တဲ့အခါမှာတော့ အဟ်မဒ်တစ်ယောက် ဗုံးလုပ်တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ ရလဒ်အနေနဲ့ ရဲစခန်းမှာ စစ်ကြောမေးမြန်းမှု ခံလိုက်ရပြီး ၃ ရက်လောက် ကျောင်းရပ်နား ခံလိုက်ရပါသေးတယ်။
    2C60ABBC00000578-3236603-image-a-4_1442397269254
    အဟ်မဒ်ကတော့ အဲဒီ မက်အာသာ အထက်တန်းကျောင်းကို မတက်တော့ဘဲ ကျောင်းပြောင်းတော့ မယ်လို့ ပြောခဲ့ပါတယ်။ ပြီးတော့ သူ့ကို အားပေးနှစ်သိမ့်ခဲ့ကြတဲ့ သူတွေကိုလည်း သူက ကျေးဇူးတင်ကြောင်း ပြောခဲ့ပါသေးတယ်။

    ”Twitter, Facebook နဲ့ ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် ကျွန်တော့်ကို အားပေးထောက်ခံကြသူအားလုံးကို ကျေးဇူးတင်ပါတယ်” နည်းပညာပါရမီရှိတဲ့ အဟ်မဒ်ကို အားပေးထောက်ခံကြသူတွေထဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ Facebook ကို တည်ထောင်ပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ မာ့ခ် ဇူကာဘာ့ဂ်လည်း ပါဝင်ခဲ့ပါတယ်။ သူက အဟ်မဒ်ရဲ့ တီထွင်မှုကို ချီးကျူးခဲ့ပြီး Facebook ရုံးစိုက်ရာနေရာကို လာရောက်ဖို့လည်း ဖိတ်ခေါ်ခဲ့ပါတယ်။

    ”ဒီလိုကောင်းမွန်တဲ့ အရာတစ်ခုကို တီထွင်ဖို့ စွမ်းရည်ရှိတာ၊ ရည်မှန်းချက်ရှိတာကို ချီးကျူးသင့်တာပါ။ မဖမ်းသင့်ပါဘူး။ အနာဂတ်က အဟ်မဒ်လို လူတွေရဲ့ လက်ထဲမှာ ရှိနေပါတယ်။ အဟ်မဒ်ရေ – Facebook ကို ညီလေးလာချင်တယ်ဆိုရင်တော့
    အစ်ကိုလည်း တွေ့ချင်ပါတယ်” လို့ ဇူကာဘာ့ဂ်က သူ့ရဲ့ Facebook အကောင့်ကနေ ဖိတ်ခေါ်ခဲ့ပါတယ်။

    တစ်ချိန်က အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဖြစ်ခဲ့ပြီး လာမယ့်နှစ် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရည်မှန်းနေတဲ့ ဟီလာရီကလင်တန်ကလည်း ”သံသယတွေ၊ ကြောက်ရွံ့မှုတွေက ကျွန်မတို့ကို
    မလုံခြုံစေနိုင်ပါဘူး။ ကျွန်မတို့ရဲ့နောက်မှာ အရိပ်မည်းကြီးအဖြစ်ပဲ ရှိနေမှာပါ။ အဟ်မဒ်ရေ ဆက်လက်စူးစမ်းပြီး တီထွင်လိုက်ပါဦး” လို့ အဟ်မဒ်လေးကို အားပေးခဲ့ပါတယ်။

    အဟ်မဒ်က သမ္မတအိုဘားမားရဲ့ ဖိတ်ခေါ်မှုကိုလက်ခံခဲ့ပြီး အိမ်ဖြူတော်ကိုသွားမယ်လို့ CBS နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီး၊ အိုဘားမား၊ ဟီလာရီကလင်တန်နဲ့ မာခ့်ဇူကာဘာ့ဂ်တို့ဟာ မိမိရင်ဆိုင်ရတဲ့ အခြေအနေကို
    ဆန့်ကျင်ပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီအဖြစ်အပျက်နောက်ပိုင်းမှာ အဟ်မဒ်ရဲ့ အနာဂတ်အတွက် တက်လမ်းတစ်ခုလည်း ပွင့်သွားခဲ့ပါတယ်။ ဒါကတော့ နာဆာမှာ System အင်ဂျင်နီယာအဖြစ် ဆောင်ရွက်နေတဲ့ ဘိုဘက် ဖာဒေါ့စ်ဝီက နာဆာမှာ အလုပ်လုပ်ဖို့အတွက် ကမ်းလှမ်းခဲ့တာပါပဲ။

    “ဟေး – အဟ်မဒ်ရေ။ နောက် ၂ နှစ်အတွင်းမှာ ကျွန်တော့်ကို ဖုန်းခေါ်ပါ။ ကျွန်တော်တို့ဟာ ဒီလို တော်တဲ့၊ စူစမ်းပြီး၊ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ လူတွေကို အမြဲတမ်း အသုံးပြုနေရပါတယ်” လို့ ဖာဒေါ့စ်ဝီက သူ့ရဲ့ Twitter စာမျက်နှာကနေတစ်ဆင့် ရေးသား ဖိတ်ခေါ်ခဲ့ပါတယ်။

    အဟ်မဒ်ရဲ့ တီထွင်မှုကို မစူစမ်းဘဲ ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့တဲ့ တက္ကဆက်ပြည်နယ်၊ အာရ်ဗင်းမြို့က အထက်တန်းကျောင်းနဲ့၊ စမ်ဆေးမှုမလုပ်ဘဲ ဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့တို့ကိုတော့ လူမျိုးရေးခွဲခြားသူတွေအဖြစ် အမေရိကန်ပြည်သူတွေက ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။

    အဟ်မဒ်လေးဟာ နောက်လမှာပြုလုပ်မယ့် အစိုးရသိပ္ပံပညာရှင်တွေနဲ့ နာဆာတာဝန်ရှိသူတွေ အိမ်ဖြူတော်တွေ့ဆုံပွဲမှာ တက်ရောက်ဖို့ ဖိတ်ကြားခံရနိုင်ဖွယ်ရှိတယ်လို့ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အကြီးအကဲ ဂျို့ရှ် အားန်နက်စ်က ပြောကြားခဲ့ပါတယ်။

    သူ့ကိုဖမ်းဆီးမှုနဲ့ ပတ်သက်လို့ အာဖရိကန်-အမေရိကန်တစ်ယောက်ဖြစ်တဲ့ အဟ်မဒ် ပြောသွားတဲ့စကားကလည်း မှတ်သားစရာပါပဲ။

    “ဒုက္ခပေးဖို့အတွက် မဟုတ်ရင် ဒီလိုလူမျိုးတွေက ဒါမျိုးကို ဘယ်လိုတီထွင်နိုင်မှာလဲ – လို့ သူတို့က ထင်ကြတယ်ဗျ”

    ref:dailymail

  • လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူမှာ ကမ္ဘာတစ်ဝှမ်း ၃ သန်းကျော်ရှိ

    လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူမှာ ကမ္ဘာတစ်ဝှမ်း ၃ သန်းကျော်ရှိ

    စက်တင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    air

    – လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာတစ်ဝှမ်း၌ တစ်နှစ်လျှင် လူပေါင်း ၃ သန်းကျော် သေဆုံးနေပြီး အိုဇုန်းနှင့် အမှုန်အမွှားများကဲ့သို့ လေထုညစ်ညမ်းစေသည့် အရာများကို လျော့ချရေး မဆောင်ရွက်ပါက ၂၀၅၀ ခုနှစ်တွင် သေဆုံးသူ အရေအတွက်မှာ ၂ ဆ တိုးလာမည်ဟု သိပ္ပံပညာရှင်များက ပြောကြားလိုက်သည်။

    လေ့လာမှုမှ တွေ့ရှိချက်များကို ဗုဒ္ဓဟူးနေ့က ထုတ်ဝေခဲ့သည့် Nature ဂျာနယ်တွင် ဖော်ပြထားပြီး အာရှနိုင်ငံများတွင် လေထုညစ်ညမ်းရသည့် အကြီးမားဆုံး အကြောင်းအရင်းမှာ နေအိမ်များအား အပူပေးရန်နှင့် ဟင်းချက်ရန်အတွက် အသုံးပြုသည့် မီးသွေးများ လောင်ကျွမ်းခြင်းကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။ အမေရိကန်နှင့် ဥရောပတွင်မူ လယ်ယာလုပ်ငန်းများမှ
    ညစ်ညမ်းသော အမှုန်များ ထုတ်လုပ်ခြင်းမှာ အဓိက အကြောင်းအရင်းဖြစ်သည်။

    “ဒီအရေအတွက်က အံ့သြတုန်လှုပ်စရာပါပဲ။ တစ်ချို့နိုင်ငံတွေမှာ လေထုညစ်ညမ်းမှုဟာ သေဆုံးမှုရဲ့ ထိပ်တန်း အကြောင်းအရင်း ဖြစ်နေပါတယ်။ နိုင်ငံတော်တော်များများမှာတော့ ဒါက အဓိက ပြဿနာပါပဲ” ဟု ဂျာမနီ Max Planck ဓာတုဗေဒတက္ကသိုလ်မှ လေ့လာမှုကို ဦးဆောင်ခဲ့သူ ဂျို့စ် လီလီဗဲလ်ဒ်က ပြောကြားခဲ့သည်။

    သေဆုံးသူများမှ ၇၅ ရာခိုင်နှုန်းမှာ လေထဲတွင် မျောလွင့်နေသော အမှုန်များကို ရေရှည် ရှူသွင်းမှုကြောင့် နှလုံးရောဂါနှင့် လေဖြတ်ရောဂါများဖြစ်ပွားကာ သေဆုံးကြခြင်းဖြစ်ပြီး၊ ကျန်သူများမှာ အဆုတ်ကင်ဆာနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြင့် သေဆုံးကြခြင်းဖြစ်သည်။

    လေ့လာမှုအရ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ လေထုညစ်ညမ်းမှုအတွက် တင်းကြပ်သည့် စည်းမျဉ်းစည်းကမ်းများ ပြဌာန်းခြင်းမရှိလျှင် အဆိုပါ သေဆုံးမှုမှာ လာမည့် ၃၅ နှစ်အတွင် ၆.၆ သန်းအထိ ရောက်ရှိသွားမည်ဟု သိရသည်။

    “လေထုညစ်ညမ်းမှုကြောင့် သေဆုံးမှု မြင့်တက်လာတာကို ရှောင်ရှားဖို့ဆိုရင် ထိန်းချုပ်မှုလုပ်ငန်းစဉ်တွေကို နှံ့နှံ့စပ်စပ်လုပ်ဖို့ လိုပါလိမ့်မယ်။ အထူးသဖြင့် တောင်အာရှနဲ့ အရှေ့အာရှတွေမှာပေါ့” ဟု လီလီဗဲလ်ဒ်က ပြောကြားခဲ့သည်။

    အဆိုပါသုတေသနကို လေထုအရည်အသွေး တိုင်းတာခြင်း၊ လူဦးရေနှင့် ကျန်းမာရေး ကိန်းဂဏန်း အချက်အလက်များ ကောက်ယူခြင်းတို့ဖြင့် ပေါင်းစပ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    Ref: PressTV

  • သီရိလင်္ကာ စစ်ရာဇ၀တ်မှုအတွက် နိုင်ငံတကာ ခုံရုံးဖွဲ့ရန် ကုလ တိုက်တွန်း

    သီရိလင်္ကာ စစ်ရာဇ၀တ်မှုအတွက် နိုင်ငံတကာ ခုံရုံးဖွဲ့ရန် ကုလ တိုက်တွန်း

    စက်တင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    sri

    – သီရိလင်္ကာ ပြည်တွင်းစစ်အတွင်း ကြောက်စရာကောင်းသည့် ကျူးလွန်မှုများ ရှိခဲ့ပြီး နိုင်ငံအတွင်း ပြန်လည်ရင်ကြားစေ့ရေး လုပ်ဆောင်ရန်အတွက် အဆိုပါရာဇ၀တ်မှုများကို နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းစစ်ဆေးနိုင်ရန် နိုင်ငံတကာ အကူအညီ လိုအပ်သည်ဟု ကုလမှ ယမန်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။

    သီရိလင်္ကာ၏ ၂၆ နှစ်တာ ပြည်တွင်းစစ်အတွင်း လူထောင်ပေါင်းများစွာမှာ ပျောက်ဆုံးခဲ့ပြီး၊ အင်အားသုံး၍ သုတ်သင်ပစ်မှုမှာ စနစ်တကျ ကျူးလွန်သည့် ပေါ်လစီမှ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ကုလ၏ အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    “ပြည်တွင်း တရားရုံးတွေရဲ့ လုပ်ငန်းစဉ်ဟာ ဆယ်စုနှစ်နဲ့ချီတဲ့ ဥပဒေချိုးဖောက်မှုတွေ၊ မှန်မှန်ကန်ကန် မဆောင်ရွက်မှုတွေ၊ ကတိဖျက်မှုတွေကနေ ဖြစ်လာတဲ့ ကျယ်ပြန့်ပြီး အကျိုးအကြောင်းခိုင်လုံတဲ့ သင်္ကာမကင်းမှုတွေကို ကျော်ဖြတ်ဖို့ အခြေအနေ
    မရှိပါဘူး” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ဇီအစ်ဒ် ရာအဒ် အလ် ဟူစိန်က ပြောကြားခဲ့ပြီး နိုင်ငံတကာမှ တရားသူကြီးများ၊ ရှေ့နေများနှင့် စုံစမ်းစစ်ဆေးသူများ ပါဝင်သော အထူးပူးတွဲခုံရုံးတစ်ခု ဖွဲ့စည်းရန်လည်း တိုက်တွန်းခဲ့သည်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးအေဂျင်စီက အင်အားသုံး သုတ်သင်ရှင်းလင်းမှုမှာ ၂၀၀၉ ခုနှစ်က အဆုံးသတ်ခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခ၏ အခြေအနေအားလုံးအတွင်း သီရိလင်္ကာပြည်သူ ထောင်ပေါင်းများစွာကို ထိခိုက်စေခဲ့သည်ဟု ပြောကြားခဲ့သည်။

    နိုင်ငံ၏ ပြည်တွင်းစစ်ပွဲ ကာလအတွင်း ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းပေးမည်ဟု သီရိလင်္ကာကလည်း ကတိပြုထားသည်။

    သို့သော်လည်း ဆိုးရွားစွာ ကျူးလွန်ခဲ့သည်ဟု သံသယရှိသည့် အစိုးရတပ်ဖွဲ့ဝင်များနှင့် တမီလ်ကျားသူပုန်များကို တရားစွဲဆိုရေး ခုံရုံးဖွဲ့ရန်အတွက် ကုလ၏ အဆိုပြုချက်အား တိုက်ရိုက်ဖြေရှင်းဆောင်ရွက်ရန် ငြင်းဆိုခဲ့သည်။

    Ref: Aljazeera

  • နိုင်ပွဲအရသာကို မေ့နေပြီဟု မော်ရင်ဟို အရွှန်းဖောက်

    နိုင်ပွဲအရသာကို မေ့နေပြီဟု မော်ရင်ဟို အရွှန်းဖောက်

    စက်တင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    mrh

    – ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်တွင် ဂိုးပြတ်ဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် မော်ရင်ဟိုက မိမိမှာ နိုင်ပွဲအရသာကိုပင် မေ့သွားပြီဟု အရွှန်းဖောက် ပြောကြားလိုက်သည်။

    ယနေ့မနက်က မက်ကာဘီ တဲလ်အဗီးနှင့် ကစားခဲ့သည့်ပွဲတွင် ၀ီလီယံ၊ အော်စကာ၊ ဒီယေဂိုကော်စတာနှင့် ဖာဘရီဂက်စ်တို့၏ ဂိုးများဖြင့် ၄ ဂိုးပြတ် ချယ်ဆီးက အနိုင်ရရှိခဲ့ပြီး နောက်ဆုံး ၃ ပွဲတွင် ချယ်ဆီး၏ ပထမဆုံးနိုင်ပွဲ ဖြစ်ခဲ့သည်။ မော်ရင်ဟိုကမူ မိမိမှာ နိုင်ပွဲ၏ အရသာကို မေ့နေပြီဟု ဆိုသည်။

    “နိုင်ပွဲဆိုတဲ့ ခံစားမှုကို ကျွန်တော် မေ့နေပြီ။ မနိုင်တာ တော်တော်ကြာနေပြီကိုး။ သိပ်ကောင်းပါတယ်။ သိပ်ကောင်းတဲ့ ခံစားမှုပါပဲ” ဟု မော်ရင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ပွဲအစ စောစောပိုင်းတွင် ရရှိခဲ့သည့် ပင်နယ်တီကို ကွင်းလယ်ကစားသမား ဟဇာ့ဒ်က လွဲချော်ခဲ့ပြီး မော်ရင်ဟိုကမူ ထိုလွဲချော်ခြင်းမှာ စမ်းသပ်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ပင်နယ်တီ လွဲချော်ခဲ့တယ်။ ဒါက ကျွန်တော်တို့အတွက် စမ်းသပ်မှုကြီးလို့ ထင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အနီကဒ်တွေ၊ ပင်နယ်တီတွေ၊ ဆုံးဖြတ်ချက်၊ ကံတရား၊ ဒဏ်ရာတွေ အားလုံးက ခင်ဗျားကို ဆန့်ကျင်နေတဲ့အခါ၊ ခင်ဗျားကလည်း အနိုင်ရဖို့ လိုနေတယ်။ ပြီးတော့ ၅ မိနစ်လောက်မှာ ပင်နယ်တီလွဲခဲ့တယ်။ ဒါက အသင်းအခြေအနေရဲ့ အကြီးကျယ်ဆုံး
    စမ်းသပ်မှုဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု မော်ရင်ဟိုက ထပ်လောင်းပြောကြားခဲ့ပြီး အသင်း၏ စွမ်းဆောင်ရည်နှင့် ရလဒ်အတွက် ကျေနပ်မိသည်ဟု ပြောကြားခဲ့သည်။

    ချယ်ဆီးမှာ ယခုတစ်ပတ် ပရီးမီးယားလိဂ်တွင် အာဆင်နယ်အသင်းကို အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်ပြီး မော်ရင်ဟိုက အနိုင်ရရှိရန်မှာ အလွန်အရေးကြီးသည်ဟု ဆိုသည်။

    Ref: Goal