News @ M-Media

Blog

  • ချီလီအင်အားပြင်းငလျင် ကနဦးသေဆုံးသူ ၅ ဦးရှိပြီး ထပ်မံ တိုးလာနိုင်

    ချီလီအင်အားပြင်းငလျင် ကနဦးသေဆုံးသူ ၅ ဦးရှိပြီး ထပ်မံ တိုးလာနိုင်

    စက်တင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    chili

    – တောင်အမေရိက နိုင်ငံတစ်ခုဖြစ်သည့် ချီလီနိုင်ငံတွင် ပြင်းအား ၈.၃ မဂ္ဂနီကျုရှိ အင်အားပြင်း ငလျင်တစ်ခု ယမန်နေ့ညပိုင်းက လှုပ်ခတ်ခဲ့ပြီး ကနဦးသတင်းများအရ ၅ ဦးသေဆုံးကာ ငလျင်ကြောင့် ဆူနာမီသတိပေးချက်လည်း ထုတ်ပြန်ထားသည်။

    မြို့တော် ဆန်တီယာဂိုမြောက်ဘက် ကီလိုမီတာ ၅၀၀ အကွာရှိ ဒေသသို့ ဗဟိုပြု၍ ဒေသစံတော်ချိန် ည ၇ နာရီ ၅၄ မိနစ်ခန့်က လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ချီလီတက္ကသိုလ်မှ ငလျင်သုတေသန ပညာရှင်များက ပြောကြားခဲ့သည်။

    သမ္မတ မီရှဲလီ ဘာချီလက်က မိမိအနေဖြင့် ငလျင်ဒဏ် အဆိုးရွားဆုံး ခံစားရသည့် ဒေသများသို့ သွားရောက်မည်ဟု နိုင်ငံပိုင် ရုပ်သံမှတစ်ဆင့် ပြောကြားခဲ့သည်။ ပြည်ထဲရေ၀န်ကြီး မဟ်မွဒ် အယ်လ်ဝေးက ကနဦး အချက်အလက်များရ ငလျင်ကြောင့် သေဆုံးသူမှာ အနည်းဆုံး ၅ ဦးရှိလာပြီး လူပေါင်း ၁ သန်းခန့်ကို ကယ်ဆယ်ပြောင်းရွှေ့ ပေးခဲ့ရသည်ဟု ဆိုသည်။

    ကမ်းရိုးတမ်းမြို့အချို့တွင် ဆူနာမီ လှိုင်းအသေးစားများကြောင့် ရေလွှမ်းမှုများ ရှိနေပြီး၊ နောက်ဆက်တွဲ လှုပ်ခတ်မှုများလည်း ရှိနေကာ ငလျင်ဗဟိုချက်နှင့်နီးသည့် ကမ်းရိုးတန်းဒေသများတွင် ဆူနာမီ သတိပေးချက်လည်း ထုတ်ပြန်ထားသည်။

    ဆန်တီယာကို မြောက်ပိုင်း ကီလိုမီတာ ၂၈၀ အကွာတွင် တည်ရှိသော ကုန်တွင်းပိုင်း အီလာပဲလ်မြို့ရှိ မြေစိုက်အိမ်ငယ် အချို့မှာ ပြိုကျပျက်ဆီးသွားခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ ထိုမြို့မှ အာဏာပိုင်များကလည်း သေဆုံးသူများမှာ ၈၆ ဦး ရှိနေပြီဟု ပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ဖော်ပြခဲ့ခြင်းမရှိပေ။

    ဖရန့်ခ်ျပိုလီနီစီယာ ကမ်းရိုးတမ်းတစ်လျှောက် ဆူနာမီလှိုင်းများမှာ ၃ မီတာခန့် ရှိနိုင်သည်ဟု ဟာဝိုင်ယီရှိ ပစိဖိတ်ဆူနာမီစင်တာ PTWC မှ သတိပေးချက် ထုတ်ပြန်ထားသည်။ ထို့ပြင် အဆိုပါ ဆူနာမီလှိုင်းများမှာ ဂျပန်၊ အန်တာတိကနှင့် နယူးဇီလန်၊ ဖီဂျီ၊ တွန်ဂါ၊ ဗနူအာတူ၊ ဆော်လမွန်ကျွန်းများအပါအ၀င် တောင်ပစိဖိတ်ရှိ နိုင်ငံများအထိ ရောက်ရှိနိုင်ပြီး လှိုင်းအမြင့်မှာ ၀.၃ မီတာမှ၊ ၁ မီတာအထိ ရှိနိုင်သည်ဟု ဆိုသည်။

    Ref: Aljazeera

  • နာရီတီထွင်သည့် အမေရိကန်မွတ်စလင် အထက်တန်းကျောင်းသားတစ်ဦး ဗုံးလုပ်သည်ဟုဆိုကာ အဖမ်းခံရ

    နာရီတီထွင်သည့် အမေရိကန်မွတ်စလင် အထက်တန်းကျောင်းသားတစ်ဦး ဗုံးလုပ်သည်ဟုဆိုကာ အဖမ်းခံရ

    စက်တင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    us

    – ကျောင်းမှ ဆရာများအား ပြသရန် ရည်ရွယ်ကာ အိမ်တွင်းလုပ် နာရီတစ်လုံးကို တီထွင်ခဲ့သော အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှ မွတ်စလင်ဆယ်ကျော်သက် ကျောင်းသားတစ်ဦးမှာ ဗုံးလုပ်သည်ဟုဆိုကာ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်ဟု သိရသည်။

    “ဆရာမက ဗုံးလို့ ထင်သွားတာပါ။ ကျွန်တော်က “ကျွန်တော့်အတွက်တော့ ဒါဟာ ဗုံးနဲ့မတူပါဘူး” လို့ ပြောခဲ့ပါတယ်” ဟု ဖမ်းဆီးခံခဲ့ရသည့် အသက် ၁၄ နှစ်အရွယ် အဟ်မဒ် မိုဟာမက်က စက်တင်ဘာ ၁၅ ရက်နေ့တွင် Dallas Morning သတင်းစာသို့ ပြောကြားခဲ့သည်။ အဟ်မဒ်မှာ တက္ကဆက်ပြည်နယ် အာရ်ဗင်းတွင် နေထိုင်သူဖြစ်သည်။

    လျှပ်စစ်ပတ်လမ်းဘုတ်၊ ပါဝါပေးစနစ်နှင် ဒစ်ဂျစ်တယ်စာလုံးပြ မျက်နှာပြင်တို့ ပါဝင်သည့် အဆိုပါနာရီကို အဟ်မဒ်က အိမ်တွင် ကိုယ်တိုင် တီထွင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းတက်ရောက်နေသည့် မက်အာသာ အထက်တန်းကျောင်းမှ အင်ဂျင်နီယာ ဆရာအား သွားရောက်ပြသသည့်အခါ ၎င်းမျှော်လင့်ခဲ့သည့် တုန့်ပြန်မှုမျိုး မရခဲ့ပေ။

    “သိပ်ကောင်းတယ်လို့ ဆရာကပြောပါတယ်။ ဒါပေမယ့် တစ်ခြားဆရာတွေကို သွားမပြဖို့ အကြံပေးခဲ့ပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ထို့နောက် အင်္ဂလိပ်သင်ခန်းစာအချိန်တွင် ထိုနာရီမှ အချက်အပေးအသံ မြည်လာခဲ့ပြီးနောက် ဆရာများက ဗုံးဟု ထင်မှတ်ကာ ရဲတပ်ဖွဲ့အား အကြောင်းကြားခဲ့ပြီး အဟ်မဒ်မှာ အဖမ်းခံခဲ့ရသည်။ ရဲစခန်းတွင် တပ်ဖွဲ့ဝင် ၄ ဦးက ၎င်းအား စစ်ကြောခဲ့သည်ဟု အဟ်မဒ်က ဆိုသည်။

    “အဖေ့ကို ဖုန်းခေါ်ဖို့ ကြိုးစားပါသေးတယ်။ သူတို့က စစ်ကြောမှုလုပ်နေတဲ့အချိန် ဖုန်းခေါ်လို့မရဘူးလို့ ပြောပါတယ်။ မျှတတယ်လို့ ကျွန်တော် တကယ်မထင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဘယ်သူ့ကိုမှ မခြိမ်းခြောက်တဲ့ ပစ္စည်းတစ်ခု ကျွန်တော် ကျောင်းကို ယူလာတယ်။ ကျွန်တော် ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ ကျွန်တော်တီထွင်တာကို ဆရာတွေဆီ ပြခဲ့ပါတယ်။ အဲဒီနေ့မှာပဲ အဖမ်းခံရတာနဲ့ အဆုံးသတ်ခဲ့ပါတယ်” ဟု NBC သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ဒါးလက်စ် ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းစ် မက်လဲလန်ကမူ အဟ်မဒ်၏ အိမ်တွင်းလုပ် အဆိုပါနာရီမှာ အန္တရာယ်ရှိသည်ဟု ယူဆရန် မည်သည့်အကြောင်းအရင်းမှ မရှိဟု ပြောကြားခဲ့သည်။

    စိတ်ပျက်

    သားဖြစ်သူ၏ နည်းပညာပါရမီကို အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည့် အဟ်မဒ်၏ ဖခင်ဖြစ်သူ မိုဟာမက် အလ်-ဟာဆန် မိုဟာမက်က ၎င်းမှာ ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ တုန်လှုပ်မိသည်ဟု ပြောကြားခဲ့သည်။

    “သူဟာ လူသားတွေအတွက် ကောင်းမွန်တဲ့အရာတွေကို တီထွင်ချင်ခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ နာမည်ကြောင့်၊ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုကြောင့် ကျွန်တော့်သားလေးဟာ စိတ်ကသိကအောက်ဖြစ်စရာ ဆက်ဆံမှုမျိုး ခံရတယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု အလ်-ဟာဆန်က ပြောကြားခဲ့သည်။

    အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR ကလည်း ထိုအဖြစ်အပျက်အား ရှုတ်ချခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ပြီး တရားမျှတမှုကို လိုလားသည့် အမေရိကန်များကလည်း ထိုသတင်းအတွက် မကျေမနပ် ဖြစ်ခဲ့ကြပြီး ဆိုရှယ်မီဒီယာများမှတစ်ဆင့် ရှုတ်ချခဲ့ကာ အဟ်မဒ်ကိုလည်း အားပေးခဲ့သည်။

    ထိုအဖြစ်အပျက်ကြောင့် ကျောင်း ၃ ရက် နားခဲ့ရသည့် အဟ်မဒ်က မိမိ၏ တီထွင်မှုကို ထိုကျောင်းသို့ မည်သည့်အခါမှ ယူမသွားတော့ဟု ပြောကြားခဲ့သည်။

    “ဒုက္ခပေးဖို့အတွက် မဟုတ်ရင် ဒီလိုလူမျိုးက ဒါမျိုးကို ဘယ်လိုတီထွင်နိုင်မှာလဲ – လို့ သူတို့က ထင်ကြတယ်ဗျ” ဟု အဟ်မဒ်က ပြောကြားခဲ့သည်။

    Ref: Onislam

  • အရှေ့တောင်အာရှ၌ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ အများဆုံးစာရင်းတွင် မြန်မာနိုင်ငံက ဒုတိယနေရာတွင် ရှိနေ

    အရှေ့တောင်အာရှ၌ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ အများဆုံးစာရင်းတွင် မြန်မာနိုင်ငံက ဒုတိယနေရာတွင် ရှိနေ

    စက်တင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    – အရှေ့တောင်အာရှရှိ ယာဉ်တိုက်မှုကြောင့် သေဆုံးသူအများဆုံး နိုင်ငံများတွင် မြန်မာနိုင်ငံမှာ ဒုတိယနေရာတွင် ရှိနေသည်ဟု ဒေသတွင်း ယာဉ်တိုက်မှုအန္တရာယ် ကင်းရှင်းရေးနှင့် ပတ်သက်၍ WHO ၏ ကနဦးတွေ့ရှိချက်များအရ သိရသည်။

    အချက်အလက်အတိအကျကို ရရှိခြင်း မရှိသေးသော်လည်း WHO ၏ အရှေ့တောင်အာရှ ရုံးမှ ဒဏ်ရာရရှိမှု၊ ထိခိုက်မှု တားဆီးရေးနှင့် မသန်စွမ်းမှုဆိုင်ရာ အကြံပေး ဒေါက်တာ ချာမိုင်ပန် ဆန်တီကာန်က ယခုနှစ်နှောင်းပိုင်းတွင် ထုတ်ပြန်မည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးမှုအများဆုံး စာရင်း၌ ထိုင်းနိုင်ငံ၏နောက် ဒုတိယနေရာတွင် ရှိလိမ့်မည်ဟု ပြောကြားခဲ့သည်။

    ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ် ကာလအတွင်း အရှေ့တောင်အာရှနိုင်ငံများ၏ ယာဉ်အန္တရာယ်ကင်းရှင်းရေး WHO ၏ နောက်ဆုံး စစ်တမ်းကောက်ယူတွင် မြန်မာနိုင်ငံမှ လမ်းများမှာ နိုင်ငံ ၁၁ နိုင်ငံတွင် ဆဌမမြောက် အန္တရာယ်အရှိဆုံး လမ်းများအဖြစ် သတ်မှတ်ခြင်းခံရပြီး လူတစ်သိန်းတွင် ၁၅ ယောက်နှုန်း သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

    “ကနဦးတွေ့ရှိချက်တွေအရ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဒုတိယမြောက်လိုက်နေတယ်ဆိုတာကို ကျွန်မတို့ အသိပေးချင်ပါတယ်။ ဘာဖြစ်ခဲ့သလဲဆိုတာကို ကျွန်မတို့ ပြောနိုင်ပေမယ့် လတ်တလောမှာတော့ ဘာ့ကြောင့်လဲဆိုတာ ပြောလို့မရသေးပါဘူး” ဟု ဒေါက်တာ ဆန်တီကာန်က ပြောကြားခဲ့သည်။

    ထို့ပြင် ၂၀၁၁ ခုနှစ် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ပြီးကတည်း များပြားလာသည့် ကားအရေတွက်ကလည်း ယာဉ်တိုက်မှုဖြစ်ခြင်း၏ အကြောင်းအရင်းတစ်ခုဖြစ်ပြီး၊ ယာဉ်မောင်းလိုင်စင်ပေးခြင်းနှင့် ကားများ၏ အရည်အသွေးတို့မှာ ထိုပြဿနာနှင့် ဆက်စပ်နေသည်ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။

    ဒေါက်တာမှာ မြန်မာနိုင်ငံရှိ ကားလမ်းများတွင် ယာဉ်တိုက်မှုအန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်နေသူများ၊ မြန်မာအစိုးရ တာဝန်ရှိသူများ၊ WHO မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီနှင့် မြန်မာနိုင်ငံ ဆေးဘက်ဆိုင်ရာအသင်းမှ ကိုယ်စားလှယ်များနှင့် စက်တင်ဘာ ၇ ရက်နေ့က ရန်ကုန်၌ ပြုလုပ်ခဲ့သည့် လပတ်တွေ့ဆုံဆွေးနွေးမှုအတွင်း ထိုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။

    အဆိုပါအစည်းအဝေးအတွင်း WHO မှ ထောက်ပံ့ရန် ရှိနေသည့် ကန်ဒေါ်လာ တစ်သောင်းခန့်ကို ရန်ကုန်နှင့် မန္တလေးတို့အား ဆက်သွယ်ထားသည့် အဝေးပြေးလမ်း အန္တရာယ်ကင်းရှင်းရေး တိုးတက်အောင် ဆောင်ရွက်ရာတွင် မည်ကဲ့သို့ သုံးစွဲရမည်နှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။

    WHO ၏ အချက်အလက်များအရ မြန်မာအစိုးရမှာ ယာဉ်မောင်းများ၊ ဆိုင်ကယ်မောင်းသူများသာမက လမ်းသွားလမ်းများကိုပါ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်သည့် အသိပညာပေးမှုများ ပြုလုပ်သွားရန် စီစဉ်နေသည်ဟု သိရသည်။ ယာဉ်တိုက်မှုကြောင့် သေဆုံးသူများစာရင်းတွင် ၄ ပုံ ၁ ပုံမှာ လမ်သွားလမ်းလာများ ဖြစ်သည်။

    Ref: frontiermyanmar.net

  • ဒုက္ခသည် လက်မခံသည့် နိုင်ငံများကို အီးယူမှ ငွေဒဏ်ဖြင့် အရေးယူသင့်ဟု ဂျာမနီပြော

    ဒုက္ခသည် လက်မခံသည့် နိုင်ငံများကို အီးယူမှ ငွေဒဏ်ဖြင့် အရေးယူသင့်ဟု ဂျာမနီပြော

    စက်တင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    ger

    – နယ်စပ်ထိန်းချုပ်မှုများ ဆောင်ရွက်ခဲ့သော်လည်း ဒုက္ခသည် ၀င်ရောက်လာမှုမှာ လျော့ပါးသွားမည့် လက္ခဏာ မတွေ့ရချိန်တွင် ဒုက္ခသည်ခွဲတမ်းများကို လက်မခံသော ဥရောပနိုင်ငံများကို ဥရောပသမဂ္ဂက ငွေဒဏ်များ ချမှတ်ရေး စဉ်းစားရန် ဂျာမနီက တိုက်တွန်းလိုက်သည်။

    ဥရောပတိုက်အတွင်းသို့ ၀င်ရောက်လာသည့် ဒုက္ခသည်များကို သမဂ္ဂအောက်ရှိ နိုင်ငံများက ခွဲဝေလက်ခံရန် သတ်မှတ်ထားသော်လည်း ဥရောပနိုင်ငံငယ်အချို့က ထိုအစီအစဉ်ကို သဘောမတူကြပေ။ ထို့ကြောင့် ဂျာမန် ပြည်ထဲရေးဝန်ကြီး သောမက်စ် ဒီ မိုင်ဇီရီက အဆိုပါနိုင်ငံများမှာ သမဂ္ဂမှ ငွေကြေအထောက်အပံ့ယူထားသည့် နိုင်ငံများဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ဒုက္ခသည်များကို ရေရှည်ခွဲတမ်းဖြင့် လက်ခံရေး သဘောတူညီရန် ဆောင်ရွက်ရာ၌ ဥရောပသမဂ္ဂတွင် နည်းလမ်းတစ်ချို့ ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

    “ဒါ့ကြောင့် ကျွန်တော်တို့ ဖိအားပေးဖို့ နည်းလမ်းတွေအကြောင်း မဖြစ်မနေ ပြောရပါမယ်” ဟု ဒီ မိုင်ဇီရီက ဆိုပြီး ဒုက္ခသည်များအား လက်မခံသည့်နိုင်ငံများကို ဥရောပသမဂ္ဂမှ ပေးထားသည့် ထောက်ပံ့ငွေများဖြတ်တောက်ပစ်ရမည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ထိုကိစ္စကို နိုင်ငံအချို့က သဘောမတူကြဘဲ ဥရောပသမဂ္ဂဆိုင်ရာ ချက်နိုင်ငံခြားရေးဝန်ကြီး သောမက်စ် ပရူဇာက ထိုသို့ ထောက်ပံ့ကြေး ဖြတ်တောက်ခြင်းမှာ ဥပဒေနှင့်မညီဟု ပြောကြားခဲ့သည်။

    “အလယ်ဥရောပနိုင်ငံတွေကို ရန်ပုံငွေဖြတ်တောက်ပြီး အရေးယူဖို့ ဂျာမနီရဲ့ ခြိမ်းခြောက်မှုဟာ အလုပ်မဖြစ်ဘဲ အားလုံးအတွက် ပျက်ဆီးမှုပဲ ဖြစ်သွားပါလိမ့်မယ်”

    စလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ် ဖီကိုကလည်း မတူညီသော သဘောထား ရှိခြင်းအတွက် နိုင်ငံတစ်နိုင်ငံကို အပြစ်ပေးမှုမှာ ယခင်က မရှိခဲ့ဘဲ ထိုသို့ ဆောင်ရွက်ပါက ဥရောပသမဂ္ဂ အဆုံးသတ်သွားမည်ဟု ဆိုသည်။

    ဂျာမနီမှာ ယခုနှစ်တွင် ဒုက္ခသည် ၈ သိန်းကို လက်ခံရန် ရာထားသော်လည်း တစ်သန်းခန့်အထိ ရောက်ရှိသွားနိုင်သည်ဟု ခန့်မှန်းမှုများ ရှိနေသည်။

    Ref: Reuters

  • ချန်ပီယံလိဂ်အရှုံးအတွက် ကိုယ်တိုင်သာ အပြစ်တင်ရမည်ဟု ဗန်ဂါးလ်ပြော

    ချန်ပီယံလိဂ်အရှုံးအတွက် ကိုယ်တိုင်သာ အပြစ်တင်ရမည်ဟု ဗန်ဂါးလ်ပြော

    စက်တင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    mu

    – ချန်ပီယံလိဂ်အဖွဲ့ပွဲစဉ်တွင် ရှုံးနိမ့်မှုအတွက် ကိုယ်တိုင်သာ အပြစ်တင်ရမည်ဖြစ်ပြီး မိမိတို့အသင်းမှာ အနိုင်ရလောက်အောင် ကောင်းမွန်ခဲ့သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် တစ်နှစ်တာ ဝေးကွာခဲ့ရသည့် မန်ယူမှာ ယခုနှစ်တွင်မှ ပြန်လည် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပြီး ယနေ့မနက်က ကစားခဲ့သည့် ပီအက်စ်ဗီအသင်းနှင့် ချန်ပီယံလိဂ်အဖွင့်ပွဲ အဝေးကွင်းပွဲစဉ်တွင် ဒီပိုင်းက ဦးဆောင်ဂိုး သွင်းခဲ့သော်လည်း ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

    ထို့ပြင် အားထားရသည့် ကစားသမား လုခ်ရှောမှာလည်း ခြေထောက်ကျိုးဒဏ်ရာ ရသွားခဲ့သည်။ ဗန်ဂါးလ်ကမူ ထိုပွဲတွင် မိမိတို့မှာ အနိုင်ရလောက်အောင် ကောင်းမွန်ခဲ့သည်ဟု ဆိုသည်။

    “ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန် အပြစ်တင်ရပါမယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့လို့ပါပဲ။ စပါးနဲ့ပွဲအပြီးမှာ ပြိုင်ဘက်ထက် တစ်ဂိုး ပိုသွင်းရမယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။ ပီအက်စ်ဗီဟာ တော်တော်လေး ထိရောက်သွားပါတယ်။ ဘာမှမဟုတ်တဲ့ ထောင့်ကန်ဘောကနေ လူထိ လမ်းကြောင်းပြောင်းပြီး ဂိုးဝင်သွားတယ်။ ဒုတိယပိုင်းမှာလည်း
    သိပ်မကောင်းတဲ့ ဖြတ်တင်ဘောကနေ ဂိုးရသွားခဲ့ပါတယ်” ဟု ဗန်ဂါးလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ပီအက်စ်ဂျီနှင့် ရာသီအစ ပွဲကလွဲ၍ ယခုရာသီ ကစားခဲ့သည့် ပွဲတိုင်းတွင် မိမိတို့မှာ လွှမ်းမိုးမှုရှိခဲ့ကာ၊ အခွင့်အရေးများစွာကိုလည်း ဖန်တီးနိုင်ခဲ့ကြောင်း၊ သို့သော်လည်း ရှုံးနိမ့်မှုများ ရှိခဲ့ကြောင်း၊ ယခုအနိုင်မှာ ပီအက်စ်ဗီနှင့် ၎င်းတို့၏ ပရိသတ်များအတွက် အလွန်ကောင်းမွန်ခဲ့ကြောင်း ဗန်ဂါးလ်က ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal