News @ M-Media
Blog
  • ဆီးရီးယားဒုက္ခသည် ၂ သန်းကျော်ကို အခမဲ့ ကျန်းမာရေးနှင့် ပညာသင်ခွင့်ပေးကာ စောင့်ရှောက်ထားဟု ဆော်ဒီပြော
    ဆီးရီးယားဒုက္ခသည် ၂ သန်းကျော်ကို အခမဲ့ ကျန်းမာရေးနှင့် ပညာသင်ခွင့်ပေးကာ စောင့်ရှောက်ထားဟု ဆော်ဒီပြော
    စက်တင်ဘာ ၁၃၊ ၂၀၁၅
    M-Media
    sau
    – ၂၀၁၁ ခုနှစ် ဆီးရီးယားပဋိပက္ခ စဖြစ်သည့် အချိန်ကတည်းက ယနေ့အချိန်အထိ အတိဒုက္ခရောက်နေသော ဆီးရီးယားပြည်သူ ၂.၅ သန်းခန့်ကို မိမိတို့က လက်ခံထားသည်ဟု ဆော်ဒီနိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြားလိုက်သည်။
    “ဆော်ဒီဟာ ဆီးရီးယားက ခိုလှုံလာသူတွေကို ဒုက္ခသည်လို မဆက်ဆံပါဘူး။ သူတို့ဟာ သာမန်အသိုင်းအ၀ိုင်းမှာ နေရတာဖြစ်ပြီး ဒုက္ခသည်စခန်းမှာ နေရတာမျိုး မဟုတ်ပါဘူး”
    ထို့ပြင် ၎င်းတို့မှာ နေထိုင်ခွင့်ပါမစ်နှင့် နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်ကို ရရှိကြကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ပြဌာန်းထားသည့် ဥပဒေအရ စာသင်ကျောင်းများတွင်လည်း တက်ရောက်သင်ကြားခွင့် ရရှိကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
    ပုဂ္ဂလိကကျောင်းများတွင် တက်ရောက်သင်ကြားနေသူများမှာ တစ်သိန်းခန့်ရှိသည်ဟု ဆိုသည်။ ဥရောပတွင် ဒုက္ခသည်ပြဿနာ ကြီးထွားလာခြင်းနှင့်အတူ ထိုကိစ္စကို ဖြေရှင်းရာ၌ ဆော်ဒီ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ မှားယွင်းသော ဖော်ပြချက်များကို ဆော်ဒီက ယခုကဲ့သို့ ကြေညာချက်ထုတ်ကာ ဖြေရှင်းခဲ့ခြင်း ဖြစ်သည်။
    “နိုင်ငံအတွင်းမှာရှိတဲ့ ဆီးရီးယားပြည်သူတွေဟာ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရပါတယ်။ အခြားသော နိုင်ငံခြားသားတွေလို ပုဂ္ဂလိကကုမ္ပဏီတွေမှာ အလုပ်လုပ်ဖို့လည်း သူတို့ကို ခွင့်ပြုထားပါတယ်” ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြားခဲ့သည်။
    ယခုနှစ် မတ်လက ကူဝိတ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာအလှူရှင်များ၏ တတိယအကြိမ်မြောက် ညီလာခံတွင် သတ်မှတ်ချက်အရ ဆီးရီးယား ဒုက္ခသည်များကို ကူညီရန် ကန်ဒေါ်လာ သန်း ၇၀၀ ကို ဆော်ဒီက သုံးစွဲခဲ့သည်။ ဆီးရီးယားနှင့် အီရတ်မှ ဒုက္ခသည်များကို ဂျော်ဒန်၊ တူရကီနှင့် လက်ဘနွန်နိုင်ငံများတွင်လည်း ခိုလှုံခွင့် ပေးထားသည်။
    ဂျော်ဒန်နှင့် လက်ဘနွန်နိုင်ငံများရှိ ဆီးရီးယားဒုက္ခသည်များကို ကူညီရာတွင် ဆော်ဒီမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ကာ အစားသောက်၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ဆေးဝါးနှင့် အ၀တ်အစားများ အပါအ၀င် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီများကို ပေးပို့လျက်ရှိနေသည်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။
    ပဋိပက္ခကြောင့် နိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်လာကြသည့် ယီမင်ပြည်သူများ အလုပ်အကိုင်ရရှိရေးအတွက် ၎င်းတို့အား နေထိုင်ခွင့်ပါမစ် ထုတ်ပေးရန် ဆော်ဒီဘုရင် ဆလ်မန်က ယခုနှစ်အတွင်း အမိန့်ပေးခဲ့သည်။
    Ref: Arabnews
  • မာရှယ်ကို အလွန်အကျွံ မမျှော်လင့်ရန် ဗန်ဂါးလ် သတိပေး
    မာရှယ်ကို အလွန်အကျွံ မမျှော်လင့်ရန် ဗန်ဂါးလ် သတိပေး
    စက်တင်ဘာ ၁၃၊ ၂၀၁၅
    M-Media
    mu
    – မန်ယူအတွက် ပထမဆုံးပွဲတွင် ခြေစွမ်းပြ ဂိုးသွင်းယူပေးနိုင်ခဲ့သော်လည်း လူငယ်တိုက်စစ်မှူး အန်သိုနီ မာရှယ်အပေါ် ပရိတ်သတ်များအနေဖြင့် မျှော်လင့်ချက် အလွန်အကျွံ မထားရန် နည်းပြဗန်ဂါးလ်က သတိပေး ပြောကြားလိုက်သည်။
    ယမန်နေ့က လီဗာပူးလ်အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သောပွဲတွင် အသက် ၁၉ နှစ်အရွယ် မာရှယ်မှာ လူစားဝင်ကစားခဲ့ပြီး အသင်းအတွက် တတိယမြောက်အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။
    သို့သော်လည်း ဗန်ဂါးလ်ကမူ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်းတန် တိုက်စစ်မှူးအပေါ် အလွန်အကျွံ မျှော်လင့်မနေရန် သတိပေးခဲ့ပြီး ၎င်းအသက်အရွယ်နှင့် ပွဲတိုင်းတွင် ကောင်းနေမည်ဟု မျှော်လင့်၍ မရကြောင်း ပြောကြားခဲ့သည်။
    “အရမ်းကောင်းတဲ့ ဂိုးပါပဲ။ ဒါကိုတော့ ကျွန်တော် မငြင်းနိုင်ပါဘူး။ ဒါပေမယ့် သူက ၁၉ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ ဓလေ့ထုံးတမ်းအသစ်နဲ့ နေသားကျရမှာဖြစ်ပြီး ပရီးမီးယားလိဂ်နဲ့လည်း အံဝင်ခွင်ကျ ဖြစ်ရပါမယ်။ လီဗာပူးလ်က ဂိုးလိုနေတဲ့အချိန်မှာ သူ့ကို ပွဲထုတ်ဖို့ နည်းပြတစ်ယောက်အတွက် ကောင်းမွန်တဲ့ အချိန်ပါပဲ။ ဒါမှသာ သူက ကစားဖို့ နေရာရမှာပါ။ သူ့ရဲ့ အဆုံးသတ်မှုကတော့ လက်ဖျားခါလောက်ပါတယ်” ဟု ဗန်ဂါးလ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ထိုကဲ့သို့ စွမ်းဆောင်နိုင်ခြင်းက မာရှယ်အတွက် တွန်းအားဖြစ်သော်လည်း ၎င်း၏ အသက်အရွယ်နှင့် ခြေစွမ်းကောင်းကို ထိန်းထားမည်ဟု မျှော်လင့်၍မရကြောင်း၊ အသက် ၁၉၊ ၂၀၊ ၂၁ အရွယ်ရှိ ကစားသမားများမှာ အတက်အကျ ရှိမည်ဖြစ်ကြောင်း ဗန်ဂါးလ်က ထပ်လောင်းပြောကြားခဲ့သည်။
    ယခုပွဲအနိုင်ကြောင့် မန်ယူမှာ ရာနှုန်းပြည့် နိုင်ပွဲရထားသည့် မန်စီးတီးအသင်း၏အောက် ဒုတိယနေရာတွင် ရှိနေပြီး ဗန်ဂါးလ်ကလည်း အသင်း၏ စွမ်းဆောင်ရည်ကို ကျေနပ်နေသည်။
    Ref: Goal
  • အိန္ဒိယတွင် ဂက်စ်အိုးမှ ပေါက်ကွဲမှုကြောင့် လူ ၈၀ ကျော် သေဆုံး
    အိန္ဒိယတွင် ဂက်စ်အိုးမှ ပေါက်ကွဲမှုကြောင့် လူ ၈၀ ကျော် သေဆုံး
    စက်တင်ဘာ ၁၃၊ ၂၀၁၅
    M-Media
    india
    – အိန္ဒိယနိုင်ငံ အလယ်ပိုင်း မဒ်ယာဧ် ပရာဒက်ရှ်မြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် ဂက်စ်အိုး ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူပေါင်း ၈၅ ဦး သေဆုံးခဲ့ပြီး ၁၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကာ နှစ်အနည်းငယ်အတွင်း အိန္ဒိယ၏ အဆိုးဝါးဆုံး အဖြစ်အပျက်လည်း ဖြစ်ခဲ့သည်။
    ပတ်လာဝဒ်မြို့ရှိ အဆိုပါ စားသောက်ဆိုင် အဆောက်အဦးမှာ ပေါက်ကွဲစေတတ်သော ပစ္စည်းများအား တရားမ၀င် သိုလှောင်ထားပြီး ဂက်စ်အိုးပေါက်ကွဲသည့်အခါ ထိုပစ္စည်းများကြောင့် ပိုမိုကြီးမားခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ထို့ပေါက်ကွဲမှုကြောင့် အနီးရှိ အဆောက်အဦးများပါ ပျက်ဆီးခဲ့သည်။
    ပေါက်ကွဲမှုမှာ ယမန်နေ့နံနက် ဒေသစံတော်ချိန် ၈ နာရီခွဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အလုပ်သမားများနှင့် ကျောင်းသားများမှာ အဆိုပါ စားသောက်ဆိုင်တွင် နံနက်စာ စားသောက်နေကြချိန် ဖြစ်သည်။ အခင်းဖြစ်ပွားပြီးနောက် ဖုန်များပေနေသော အလောင်းများ၊ ပေါက်ကွဲပျက်ဆီးသွားသော ယာဉ်များနှင့် ပြန့်ကျဲနေသော ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ ဓာတ်ပုံများမှာ ဆိုရှယ်မီဒီယာများတွင် ပြန့်နှံ့ခဲ့သည်။
    ရဲတပ်ဖွဲ့က သေဆုံးသူမှာ အနည်းဆုံး ၈၅ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၀၀ နီးပါးခန့်ကို အနီးရှိ ဆေးရုံးများ၌ ဆေးကုသမှုပေးနေသည်ဟု ပြောကြားခဲ့သည်။
    အာဏာပိုင်များကမူ အဆိုပါ စားသောက်ဆိုင်အတွင်း မိုင်းလုပ်ငန်းလုပ်ရာတွင် အသုံးပြုသည့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ တရားမ၀င် သိုလှောင်ထားသည်ဟု ဆိုသည်။ အခြား ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပေါက်ကွဲသည့်အချိန်တွင် ဆိုင်ရှေ့၌ လူအပြည့်ပါသော ဘတ်စ်ကားတစ်စီး ရပ်နေသောကြောင့် သေဆုံးဒဏ်ရာရမှုစာရင်းမှာ ထိုကဲ့သို့ များပြားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ဘေးအန္တရာယ်ကင်းရှင်းရေး သတ်မှတ်ချက်များ အားနည်းသည့် အိန္ဒိယနိုင်ငံတွင် ဂက်စ်အိုးပေါက်ကွဲမှုများမှာ ပုံမှန်လိုလို ဖြစ်နေသည့် ကိစ္စတစ်ခုဖြစ်သည်။ သို့သော်လည်း ယခုပေါက်ကွဲမှုမှာ အသေအပျောက်များသည့် ပေါက်ကွဲမှု ဖြစ်ခဲ့သည်။
    Ref: Channelnewsasia
  • ယူအက်စ်အိုးပင်းတွင် အီတလီတင်းနစ်မယ် ပန်နတ္တာ ဗိုလ်စွဲပြီး မှတ်တမ်းသစ် ရေးထိုး
    ယူအက်စ်အိုးပင်းတွင် အီတလီတင်းနစ်မယ် ပန်နတ္တာ ဗိုလ်စွဲပြီး မှတ်တမ်းသစ် ရေးထိုး
    စက်တင်ဘာ ၁၃၊ ၂၀၁၅
    M-Media
    us
    – ယမန်နေ့က ကစားခဲ့သည့် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီး နောက်ဆုံး ဗိုလ်လုပွဲတွင် အီတလီတင်းနစ်မယ် ဖလာဗီယာ ပန်နတ္တာက တစ်နိုင်ငံတည်းသူ ရော်ဘတ်တာ ဗင်ချီကို အနိုင်ရကာ ဗိုလ်စွဲခဲ့သည်ဟု သိရသည်။
    နိုင်ခြေအဆင့် သတ်မှတ်ခြင်းမခံရသည့် ဗင်ချီမှာ ပွဲစဉ်တစ်လျှောက်လုံး လက်စွမ်းပြခဲ့ပြီး ဆီမီးဖိုင်နယ်တွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံး အမေရိကန်တင်းနစ်မယ် ဆရီနာဝီလီယံကို ဖြုတ်ချနိုင်ခဲ့ကာ ဖိုင်နယ်သို့ တက်ရောက်လာခြင်း ဖြစ်သည်။
    ဗိုလ်လုပွဲတွင်လည်း ကမ္ဘာအဆင့် ၂၆ ပန်နတ္တာကို အကောင်းဆုံး ယှဉ်ကစားနိုင်ခဲ့သော်လည်း ၇-၆၊ ၆-၂ ဖြင့် ရှုံးနိမ့်ခဲ့ကာ ချန်ပီယံဖြစ်ခွင့် ဆုံးရှုံးခဲ့ရသည်။
    အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သည့် ပန်နတ္တာမှာ ယူအက်စ်အိုးပင်းတွင် ပထမဆုံး ဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်ပြီး ခေတ်သစ်တင်းနစ်သမိုင်းတွင် အဓိက ဆုဖလားတစ်ခုကို ပထမဆုံးရရှိသည့် အသက်အကြီးဆုံး ကစားသမားလည်း ဖြစ်လာခဲ့သည်။ ဆုဖလား လက်ခံရယူခဲ့ပြီးနောက် ကျေဇူးတင်စကား ပြောကြားရာတွင် ပန်နတ္တာက ၎င်းမှာ တင်းနစ် ကစားသမားဘ၀မှ အနားယူတော့မည်ဟု ကြေညာခဲ့သည်။
    “ဒီလိုနဲ့ပဲ တင်းနစ်လောကကို ကျွန်မ နှုတ်ဆက်ချင်တာပါ။ ဒီကိုမလာခင် ကျွန်မ ဆုံးဖြတ်ချက်ကြီးတစ်ခု ချခဲ့ပြီး ဒါက အိပ်မက်တွေ အမှန်တစ်ကယ် ဖြစ်လာတာပါပဲ” ဟု ပန်နတ္တာက ပြောကြားခဲ့သည်။
    ၎င်းတို့နှစ်ဦးမှာ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် နှစ်များစွာ အတူတွဲကစားခဲ့ပြီး ယခုပွဲကိုလည်း အီတလီဝန်ကြီးချုပ် မက်တီယို ရန်ဇီကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့သည်။
    အမျိုးသား နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ပြင်သစ်အတွဲဖြစ်သော နီကိုလက်စ် မာဟတ်နှင့် ပီယာရီ ဟူးဂ်ျ ဟာဘာ့တ်တို့အတွဲက ဗြိတိန်မှ ဂျာမီမာရေးနှင့် ဂျွန်ပီးယားစ်တို့အတွဲကို ၆-၄၊ ၆-၄ ဖြင့် အနိုင်ရကာ ဗိုလ်စွဲခဲ့သည်။ အဆိုပါ ဗြိတိန်အတွဲမှာ ယခုနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် ၀င်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲ၌ ရှုံးနိမ့်ခဲ့ရသည်။
    Ref: Dailymail
  • ဒုက္ခသည်များကို လက်ခံရေး ဥရောပပြည်သူများ တောင်းဆို
    ဒုက္ခသည်များကို လက်ခံရေး ဥရောပပြည်သူများ တောင်းဆို
    စက်တင်ဘာ ၁၃၊ ၂၀၁၅
    M-Media
    ref
    – စစ်ဘေးစစ်ဒဏ်ကြောင့် ဥရောပသို့ ပြောင်းရွှေ့လာခဲ့ရသည့် ဒုက္ခသည်များအပေါ် အစိုးရ၏ သဘောထားကို မကျေနပ်သည့်အတွက် ဒိန်းမတ်နှင့် ယူကေတို့တွင် ပြည်သူများက ဆန္ဒပြကာ ဒုက္ခသည်များအား ပိုမိုလက်ခံရေး တောင်းဆိုခဲ့ကြပြီး ဂျာမနီ၊ စပိန်၊ ပြင်သစ်နှင့် အခြား ဥရောပနိုင်ငံများတွင်လည်း ထိုကဲ့သို့ ဆန္ဒပြရန် စီစဉ်နေကြသည်ဟု သိရသည်။
    ဒိန်းမတ်ပြည်သူများမှာ ယမန်နေ့က မြို့တော် ကိုပင်ဟေဂင်ရှိ ပါလီမန်အဆောက်အဦးရှေ့၌ စုရုံးခဲ့ကြပြီး “ဒုက္ခသည်များကို ကြိုဆိုပါတယ်” ဟု ကျွေးကြော်ခဲ့ကြသည်။ ရဲတပ်ဖွဲ့ကမူ အဆိုပါဆန္ဒပြမှုတွင် လူပေါင်း သုံးသောင်းခန့် ပါဝင်သည်ဟု ပြောကြားခဲ့သည်။
    မိမိတို့မှာ ဒုက္ခသည်များကို ခွဲတမ်းအတိုင်း လက်ခံပြီးသွားပြီ ဖြစ်သောကြောင့် နောက်ထပ် ဒုက္ခသည် ၁၆၀၀၀၀ ကို မျှဝေယူရန် ဥရောပ သမဂ္ဂ၏ အဆိုပြုချက်ကို လက်ခံမည်မဟုတ်ဟု သောကြာနေ့က ဒိန်းမတ်အစိုးရမှ ပြောကြားခဲ့ပြီးနောက် ပြည်သူများက ယခုကဲ့သို့ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
    ဗြိတိန်တွင်လည်း ထောင်ပေါင်းများစွာသော ပြည်သူများမှာ လန်ဒန်မြို့လယ်ကောင်၌ ချီတက်ခဲ့ကြပြီး ဆီးရီးယားဒုက္ခသည်များကို ကူညီရန် အစိုးရအား တိုက်တွန်းခဲ့ကြသည်။ ပြည်သူများမှာ လန်ဒန်မြို့လယ်ကောင်မှ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ ရုံးခန်းသို့ ချီတက်ခဲ့ကြပြီး “နယ်စပ်တွေ ဖွင့်ပေး” “ဒုက္ခသည်တွေ ၀င်ပါစေ။ တိုရီ (ကွန်ဆာဗေးတစ်) များ ထွက်သွား” စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင် ဝှေ့ယမ်း ခဲ့ကြသည်။
    ဗြိတိန်အစိုးရမှာ စောစောပိုင်းတွင် ဒုက္ခသည်များကို လက်မခံတော့ဟု ပြောကြားခဲ့သော်လည် ပြီးခဲ့သည့် သီတင်းပတ်များက ဥရောပတွင် ဒုက္ခသည်ပြဿနာ ကြီးထွားလာခြင်းကြောင့် ဒုက္ခသည် ၂၀၀၀၀ ကို ၅ နှစ်အတွင်း ခေါ်ယူသွားမည်ဟု ကင်မရွန်းက သဘောတူညီခဲ့သည်။
    ဒုက္ခသည်များအား နေရာချထားပေးရေးကို ထောက်ခံသည့် ပြည်သူများ၏ ချီတက် ဆန္ဒပြမှုများကို အိုင်ယာလန်ရှိ ဒက်ဗလင်မြို့၊ ဟန်ဂေရီရှိ ဘူဒါပတ်စ်မြို့နှင့် နယ်သာလန်ရှိ သယ်ဟေ့ဂ်မြို့များတွင် ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် ဥရောပရှိ အခြားသော နိုင်ငံများတွင်လည်း ပြုလုပ်သွားရန် အစီအစဉ်ရှိနေသည်။
    Ref: Aljazeera