News @ M-Media
Blog
  • ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၁ ဂျိုကိုဗစ် ဗိုလ်စွဲ
    ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၁ ဂျိုကိုဗစ် ဗိုလ်စွဲ
    စက်တင်ဘာ ၁၄၊ ၂၀၁၅
    M-Media
    tennis
    – ကမ္ဘာ့အဆင့် ၁ တင်းနစ်သမား နိုဗက် ဂျိုကိုဗစ်မှာ ကမ္ဘာ့အဆင့် ၂ ရော်ဂျာဖက်ဒါရာကို အနိုင်ယူကာ ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့သည်။
    ယနေ့နံနက်က ကစားခဲ့သည့် ၎င်းတို့နှစ်ဦး၏ ဗိုလ်လုပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး ဂျိုကိုဗစ်က ၆-၄၊ ၅-၇၊ ၆-၄၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ၃ နာရီ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့သည့် အဆိုပါပွဲကို မိုးရွာသွန်းမှုကြောင့် ၃ နာရီခန့် နောက်ဆုတ်ခဲ့ရသည်။
    ထိုပွဲကို အင်္ဂလန်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်း၊ မင်းသား လီယိုနာဒို ဒီကာပရီယိုတို့ အပါအ၀င် ကမ္ဘာကျော်များ လာရောက်ကြည့်ရှုခဲ့သည်။
    ဂျိုကိုဗစ်မှာ ၂၀၁၁ ခုနှစ်က ယူအက်စ်အိုးပင်းတွင် ဗိုလ်စွဲနိုင်ခဲ့ပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ်ဖြစ်သည်။ ထို့ပြင် ထိုဆုဖလားက ၎င်း၏ ၁၀ ခုမြောက် ဂရန်းစလမ် ဖလားလည်းဖြစ်သည်။ ယခုနှစ်အတွင်း ဂျိုကိုဗစ်မှာ သြစတေးလျအိုးပင်း၊ ၀င်ဘယ်လ်ဒန်နှင့် ယူအက်စ်အိုးပင်း ဆုဖလားများကို ရယူနိုင်ခဲ့သည်။
    “ဒီပွဲက သိပ်ခက်တဲ့ပွဲပါ။ ကျွန်တော် ရော်ဂျာကို တော်တော်လေး လေးစားပြီး သမိုင်းက အကောင်းဆုံးကစားသမားနဲ့ ကစားရတာက ကျွန်တော့်ကို ဖိအားတွေ ဖြစ်စေခဲ့ပါတယ်” ဟု ဂျိုကိုဗစ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ဖက်ဒါရာမှာ ၂၀၁၂ ခုနှစ်နောက်ပိုင်း ဂရန်းစလမ်ပွဲများတွင် ဗိုလ်စွဲနိုင်ခဲ့ခြင်း မရှိတော့ချေ။
    “ပြီးခဲ့နှစ်ပတ်မှာ ကျွန်တော်ဟာ အံ့သြစရာကောင်းလောက်အောင် ကောင်းခဲ့ပါတယ်။ ကျွန်တော့်ရဲ့ဒီပွဲအတွက် ကျေနပ်ပါတယ်။ နှစ်လည်းနှစ်သက်မိပြီး ပွဲကောင်းတစ်ပွဲ ဖြစ်တယ်လို့လည်း ကျွန်တော်ထင်ပါတယ်” ဟု ဖက်ဒါရာက ပြောကြားခဲ့သည်။
    Ref: Dailymail
  • ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေငြာထားရ
    ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေငြာထားရ
    စက်တင်ဘာ ၁၄၊ ၂၀၁၅
    M-Media
    us
    – တောမီးလောင်မှု မြင့်တက်လာသောကြောင့် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းဒေသများကို အရေးပေါ်အခြေအနေ ကြေငြာလိုက်သည်ဟု သိရသည်။
    အဆိုပါ တောမီးကြောင့် မီးသတ်သမား ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး လူပေါင်း ၃၀၀၀ ခန့်ကို အရေးပေါ် ပြောင်းရွှေ့ကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရကာ ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်းက ယမန်နေ့တွင် ယခုကဲ့သို့ အရေပေါ်အခြေအနေ ကြေငြာခဲ့ခြင်းဖြစ်သည်။
    ဒဏ်ရာရရှိသော မီးသတ်သမားများမှာ ဒုတိယအဆင့် မီးလောင်ကျွမ်းဒဏ်ရာများဖြင့် ဆေးရုံတင်ထားရသည်။ တောမီးလောင်မှုမှာ ယမန်နေ့က ဆန်ဖရန်စစ္စကို မြောက်ပိုင်း လိခ်ကောင်တီခရိုင်ကိုပါ ကူးစက်ခဲ့ပြီး အိမ်ယာ ၄၀ ခန့်မှာ လုံးဝ မီးလောင်ကျွမ်းသွားခဲ့သည်ဟု AP သတင်းဌာနက ဖော်ပြခဲ့သည်။
    ပြည်နယ်အာဏာပိုင်များက မီးလောင်မှုကြောင့် အနည်းဆုံး လူပေါင်း ၅၀၀၀ ခန့်မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေသည်ဟု ပြောကြားခဲ့ပြီး၊ နေထိုင်သူအများစုကလည်း ၎င်းတို့မှာ ရေမရရှိဟု ဆိုသည်။ သို့သော်လည်း မီးသပ်တပ်ဖွဲ့ တာဝန်ရှိသူများကမူ မီးလောင်ကျွမ်းသွားသည့် အဆောက်အဦးစာရင်းကို ထုတ်ပြန်ခဲ့ခြင်း မရှိချေ။
    ကယ်လီဖိုးနီးယားပြည်နယ်တွင် တောမီးလောင်ကျွမ်းသည့်နေရာမှာ ၁၃ နေရာ ရှိနေပြီး တနင်္ဂနွေနေ့အထိ မီးသတ်တပ်ဖွဲ့က ၂၀ ရာခိုင်နှုန်းသာ ထိန်းချုပ်ထားနိုင်သည်။
    Ref: Aljazeera
  • ချယ်ဆီး ၃ ပွဲမြောက် ရှုံးခဲ့ပြီး၊ မန်စီးတီး၊ လက်စတာတို့ ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းနိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅
    ချယ်ဆီး ၃ ပွဲမြောက် ရှုံးခဲ့ပြီး၊ မန်စီးတီး၊ လက်စတာတို့ ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းနိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅
    စက်တင်ဘာ ၁၄၊ ၂၀၁၅
    M-Media
    epl 3
    – ဒီတစ်ပတ်မှာကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ မှာ မန်စီးတီးက ရာနှုန်းပြည့် နိုင်ပွဲရခဲ့ပြီး လက်စတာကလည်း ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။ မန်ယူက အိမ်ကွင်းမှာ လီဗာပူးလ်ကို အနိုင်ကစားနိုင်ခဲ့ပြီး ချယ်ဆီးကတော့ ရာသီအစ အဆိုးဝါးဆုံး အခြေအနေကို ကြုံတွေ့နေရပါတယ်။
    ပွဲစဉ် ၄ မှာ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ချယ်ဆီး၊ ဒီတစ်ပတ် အဝေးကွင်းမှာလည်း အဲဗာတန်ကို ၃ ဂိုး ၁ ဂိုနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဗာတန်မှာ စတီဗင် နိုင်စမစ်က ခြေစွမ်းပြပြီး ဟက်ထရစ်သွင်းယူပေးခဲ့တာပါ။ ပြီးခဲ့တဲ့တစ်နှစ်လုံးမှာ ၃ ပွဲသာ ရှုံးနိမ့်ခဲ့တဲ့ ချယ်ဆီးအသင်းဟာ ဒီနှစ်မှာတော့ ၅ ပွဲကစားပြီးတဲ့အချိန်မှာ ၃ ပွဲအထိ ရှုံးနိမ့်ထားပြီး အဆင့် ၁၇ ကို ရောက်ရှိနေပါတယ်။ မော်ရင်ဟိုက
    ရလဒ်ဟာ မှားယွင်းနေပြီး ကစားသမားတွေ ကြိုးစားမှုနဲ့ မထိုက်တန်ဘူးလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
    ခါးသီးတဲ့ပြိုက်ဘက်တွေဖြစ်တဲ့ မန်ယူနဲ့ လီဗာပူးလ်တို့ရဲ့ အိုးထရက်ဖို့ဒ်က ပွဲမှာတော့ ဗန်ဂါးလ်ရဲ့ မန်ယူက အကောင်းဆုံး ဂိုးတွေနဲ့အတူ အနိုင်ယူနိုင်ခဲ့ပါတယ်။ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ ဂိုးသမား ဒီဂီယာ ဒီပွဲမှာ ပြန်လည်ပါဝင်လာပါတယ်။ ပထမပိုင်းမှာ ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်း မရှိတဲ့ မန်ယူတို့ ၄၉ မိနစ်မှာ အဖွင့်ဂိုးရခဲ့ပြီး ဖရီးကစ်ကနေတစ်ဆင့် မာတာရဲ့ ချပေးမှုကို ဘလင်းက ဧရိယာထိပ်ကနေ လှလှပပ မနားတမ်း ကန်သွင်းသွားတာ ဖြစ်ပါတယ်။ မိနစ် ၇၀ မှာ ဟာရဲရားရဲ့ ပင်နယ်တီနဲ့ ဒုတိယဂိုးရခဲ့ပါတယ်။ ၈၄ မိနစ်မှာတော့ လီဗာပူးလ်တိုက်စစ်မှူး ဘန်တီကီက အားပါတဲ့ ဘိုင်စကယ်ကစ်နဲ့ ချေပဂိုး သွင်းပေးခဲ့ပေမယ့်
    လူစားဝင်လာတဲ့ လူငယ်ကစားသမားသစ် အန်သိုနီ မာရှယ်က ၂ မိနစ်အကြာမှာ တစ်ကိုယ်တော်အစွမ်းနဲ့ ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။
    တိုက်စစ်အားနည်းမှုကြောင့် ဝေဖန်ခံနေရတဲ့ အာဆင်နယ်ဟာ အိမ်ကွင်းမှာ မာကျောတဲ့ စတုတ်ကို ဝေါလ်ကော့၊ ဂျရူးတို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။ ကစားပုံကောင်းတဲ့အာဆင်နယ် ဂိုးသွင်းခွင့် တော်တော်များများ ရခဲ့ပြီး ပထမပိုင်းအစမှာ ဆန်းချက်ဇ်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ အပိုင်ကန်သွင်းချက်တွေသာ တိုင်ထိမထွက်ခဲ့ရင် ဒီထက်ပိုပြီး ဂိုးပြတ်မှာဖြစ်ပါတယ်။ ၀င်းဂါးကလည်း အသင်းက ဂိုးပိုရသင့်တယ်လို့
    ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
    မန်စီးတီးepl 4က ကစားရခက်တဲ့ ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ နောက်ဆုံးမိနစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး ရာနှုန်းပြည့် နိုင်ပွဲစံချိန်ကိုဆက်ထိန်းကာ ဇယားကို ဦးဆောင်နေပါတယ်။ ရှုံးပွဲမရှိသေးတဲ့ လက်စတာကလည်း အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ၂ ဂိုးပြတ်ရှုံးနိမ့်နေရာကနေ နောက်ဆုံး မိနစ် ၂၀ အတွင်းမှာ ၃ ဂိုးပြန်သွင်းပြီး သူတို့ရဲ့ ပုံစံကောင်းကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။
    အခုတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    အဲဗာတန် ၃-၁ ချယ်ဆီး
    အာဆင်နယ် ၂-၀ စတုတ်
    ခရစ္စတယ်ပဲလေ့စ် ၀-၁ မန်စီးတီး
    နော်ဝစ်ခ်ျ ၃-၁ ဘုန်းမောက်
    မန်ယူ ၃-၁ လီဗာပူးလ်
    ဆန်းဒါးလန်း ၀-၁ စပါး
    လက်စတာ ၃-၂ အက်စတွန်ဗီလာ
  • နိုင်ငံတကာသတင်းတို (စက်တင်ဘာ ၁၃၊ ၂၀၁၅)
    စက်တင်ဘာ ၁၃၊ ၂၀၁၅
    M-Media
    ဂျပန်ရေကြီးမှု သေဆုံးသူ ၅ ဦးရှိလာ
    ……………………………………………..
    ဂျပန်နိုင်ငံတစ်ဝှမ်း ရေကြီးမှုနှင့် မြေပြိုမှုများအပြီး လေးရက်အကြာတွင် သေဆုံးသူအရေအတွက်မှာ ၅ ဦးအထိ တိုးလာခဲ့ပြီး လူပေါင်း ၅၀၀၀ ကျော်မှာ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရဆဲဖြစ်သည်ဟု ဂျပန်အာဏာပိုင်များက ယနေ့တွင် ပြောကြားလိုက်သည်။ မြို့တော်တိုကျိုအနီးရှိ ဂျိုဆိုမြို့တွင် ပျောက်ဆုံးနေသူများမှ ၇ ဦးကို ယနေ့တွင် အသက်ရှင်လျက် တွေ့ရှိခဲ့ပြီး ၁၅ ဦးမှာ
    ပျောက်ဆုံးနေဆဲဖြစ်သည်။
    အက်ဆွာဗလီကို အစ္စရေး ၀င်ရောက်စီးနင်း၊ ပါလက်စတိုင်းများ ဒဏ်ရာရ
    ……………………………………….
    အစ္စရေးက ကျူးကျော်ပိတ်ဆို့ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းရှိ အလ်အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို အစ္စရေးစစ်သားများနှင့် လုံခြုံရေးအဖွဲ့များက ယနေ့မနက်တွင် ၀င်ရောက်စီးနင်းခဲ့ပြီး အင်အားသုံးခဲ့ကာ မျက်ရည်ယိုဗုံးမျာကိုလည်း အသုံးပြုခဲ့သောကြောင့် ဗလီဝတ်ကျောင်းတော်အတွင်း ၀တ်ပြုနေသူ ပါလက်စတိုင်း အများအပြား ဒဏ်ရာရခဲ့သည်။ အစ္စရေးကမူ
    ကျောက်ခဲဖြင့်ပစ်ပေါက်သူများကို ၀င်ရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ပါလက်စတိုင်းပိုင်နက်ရှိ အစ္စရေး၏ တရားမ၀င်အခြေချအိမ်ယာများတွင် နေထိုင်သူ ဂျူးများကလည်း အဆိုပါ အက်ဆွာ ဗလီဝတ်ကျောင်းတော်အား တိုက်ခိုက်ခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့သည်။
    အခွန်တိုးကောက်မှုအတွက် ဘင်္ဂလားဒေ့ရှ်ကျောင်းသားများ အစိုးရကို ဆန္ဒပြ
    …………………………………………
    ကျူရှင်လခများအတွက် အစိုးရက အခွန်တိုးကောက်မှုကို မကျေနပ်သောကြောင့် အင်ဂျင်နီယာနှင့် ဆေးတက္ကသိုလ်များမှ ကျောင်းသားများအအပါအ၀င် ဘင်္ဂလားဒေ့ရှ်ရှိ ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား ထောင်ပေါင်းများစွာမှာ ယနေ့တွင် မြို့တော်ဒါကာ၌ ဆန္ဒပြခဲ့ကြသည်။ အစိုးရမှ ကျူရှင်လခများအတွက် အခွန်ကို ၇.၅ ရာခိုင်နှုန်း တိုးကောက်ရန် စီစဉ်ခဲ့သောကြောင့် အလယ်အလတ်လူတန်းစား မိသားစုများမှ ကျောင်းသားများမှာ အခက်တွေ့ခဲ့ရပြီး စက်တင်ဘာ ၉ ရက်နေ့မှစတင်ကာ နိုင်ငံတစ်ဝှမ်း
    ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
    Ref: News Agencies
  • ‘NLD မနိုင် ကုလားမဲ’ ၊ ‘NLD လည်း ကုလားမဲ’
    ‘NLD မနိုင် ကုလားမဲ’ ၊ ‘NLD လည်း ကုလားမဲ’
    စက်တင်ဘာ ၊ ၁၃ ၊ ၂၀၁၅
    M-Media
    ဆောင်းပါးရှင်- သူရမင်းမင်း
    S7306276
    ကုလားမနိုင် ရခိုင်မဲဆိုတဲ့ ဆိုရိုးကို အပြီးပြောင်းရတော့မယ်။ NLD မနိုင် ကုလားမဲ၊ NLD လည်း ကုလားမဲဆိုပြီး။
    NLD က မွတ်စလင်မ် အမတ်လောင်းအားလုံးကို ပယ်ချလိုက်တဲ့ ကိစ္စကို အဓိပ္ဗါယ်ကောက်ကြည့်ရအောင်။ မွတ်စ လင်မ်တွေ ကိုးလို့ ကန့် လန့် ဖြစ်နေလို့ ၊ မွတ်စလင်တွေကြောင့် ရွေးကောက်ပွဲ ရှုံးမှာစိုးလို့  မွတ်စလင်မ် အမတ်လောင်းတွေကို လက်မခံဘူးဆိုရင် မွတ်စလင်မ်တွေကြောင့် NLD က နစ်နာသလိုဖြစ်နေတယ်။ တကယ်တော့ မွတ်စလင်တွေကြောင့် NLD ထိခိုက်တာမဟုတ်ပါဘူး။ NLD ကြောင့် မွတ်စလင်မ်တွေ နစ်နာနေတာပါ။ အဓိပ္ဗါယ်ကောက် မလွဲမှားစေလိုပါ။ NLD လုပ်လို့  မွတ်စလင်တွေ နစ်နာတယ်လို့  ဆိုလိုတာ မဟုတ်၊ NLD ကို တိုက်ခိုက်တဲ့ ကိစ္စမှာ မွတ်စလင်တွေ အသုံးချခံရလို့  နစ်နာတယ်လို့ ပြောတာပါ။
    ၂၀၁၂ ခုနှစ်ကစတဲ့ ရိုဟင်ဂျာတွေကို ဆန်ကျင်သတ်ဖြတ်မှုနဲ့ မွတ်စလင်မ် ဆန့် ကျင်ရေးတွေက တကယ်တော့ မွတ်စလင်မ်တွေကို ပြစ်မှတ်ထားတာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို အဓိက ပြစ်မှတ်ထားတာပါ။  ဒေါ်စုကို သမ္မတ မဖြစ်စေချင်တဲ့အတွက် ဒေါ်စု နိုင်ငံခြားသားနဲ့  လက်ထပ်တဲ့ကိစ္စ၊ သူ့ သားနှစ်ယောက် နိုင်ငံခြားသားဖြစ်နေတဲ့ ကိစ္စကို ဒေါ်စုရဲ့  အဓိက အားနည်းချက်အနေနဲ့ ထိထိမိမိ အသုံးချတဲ့နေရာမှာ နိုင်ငံခြားသားနဲ့ ပတ်သက်မှုကို အမျိုး၊ ဘာသာ၊ သာသနာ နဲ့  ဆွဲချိတ်ပြီး ဒေါ်စုဟာ အမျိုး၊ ဘာသာ၊ သာသနာ အတွက် အန္ထရယ်ဖြစ်တယ်ဆိုပြီး တိုက်ခိုက်ဖို့ လုပ်တာပါ။ ဒါပေမဲ့ ဒေါ်စုကိုယ်တိုင်က ဗုဒ္ဓဘာသာကို ကိုင်းရှိုင်းသူဖြစ်တော့ သူ့ ကို ဗုဒ္ဓဘာသာရဲ့  ရန်သူဆိုပြီး တိုက်ရိုက်ချိတ်လို့ မရနိုင်တဲ့အတွက် မွတ်စလင်မ် မုန်းတီးရေးကိစ္စ ပြည်သူတွေကြားထဲပြန့် အောင်လုပ်ပြီး အဲ့ဒီကနေ တဆင့်ကမှ မွတ်စလင်မ်တွေကို ထောက်ခံတဲ့ ဒေါ်စုနဲ့  NLD ဆိုပြီး ပြည်သူတွေကြား ထောက်ခံမှုကျအောင် ညစ်ပတ်တဲ့ နည်းတဲ့ လုပ်ကြံတဲ့ကိစ္စပါ။
    ဒါကြောင့်မလို့  မွတ်စလင်မ်တွေဟာ NLD အတွက် အသုံးချခံရတဲ့ အုပ်စုဖြစ်ပါတယ်။
    အစိုးရက မွတ်စလင်မ်တွေကို ပြစ်မှတ်ထားစရာအကြောင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုရင် အစိုးရနဲ့  စစ်တပ်ရဲ့ အာဏာကို အဓိက စိန်ခေါ်တိုက်ခိုက်နေတာ မွတ်စလင်မ်တွေ မဟုတ်ပါဘူး။ အစိုးရနဲ့  စစ်တပ်အတွက် သူကြောက်ရတဲ့ ရန်သူက ရခိုင်ပြည်ကနေ ရန်ကုန်တောင်မပြောနဲ့ ကိုယ်နေတဲ့ရွာကနေ တခြားရွာကိုတောင် လွတ်လွတ်လပ်လပ် ခရီးမသွားနိုင်တဲ့ ရိုဟင်ဂျာတွေ မဟုတ်ပါဘူး။ တိုင်းရင်းသားတွေလို လက်နက်ကိုင်အဖွဲ့ အစည်းမရှိတဲ့ မွတ်စလင်တွေကို အစိုးရက စိုးရိမ်စရာ မရှိလို့  နှိပ်ကွပ်ဖို့ လည်း မလိုပါဘူး။
    ခေါင်းရှိတဲ့လူတိုင်း စဉ်းစားလို့ ရတဲ့ကိစ္စပါ။ အာဏာရှင် အစိုးရက သူ့ အာဏာထိုင်ခုံကို ခြိမ်းခြောက်နိုင်တဲ့ NLD လို ၊ တိုင်းရင်းသား စစ်တပ်တွေလို အဖွဲ့ အစည်းထက် မွတ်စလင်မ်တွေကို ဘာကြောင့် ဖိနှိပ်ထားချင်ရမှာလဲ။ တပြည်လုံး ငြိမ်ဝပ်ပိပြားပါတယ်ဆိုတဲ့ ကာလမှာ မြန်မာ မွတ်စလင်မ် လူအဖွဲ့အစည်းက တွေက ငြိမ်ဝပ်ပိပြားထက်ပိုပြီး ပိပြားခြောက်ကပ်နေတဲ့ အနေအထားမှာရှိတယ်။ နိုင်ငံရေးပါတီ လည်းမရှိ၊ စစ်တပ်လည်းမရှိ၊ မီဒီယာလည်းမရှိ၊ နိုင်ငံတကာ အသိအမှတ်ပြု နိုင်ငံရေးခေါင်းဆောင် ဆိုတာလည်း မရှိ။ သူ့ အာဏာ သူ့ ထိုင်ခုံကို မထိခိုက်နိုင်တဲ့ အုပ်စုကို အဓိက ပြစ်မှတ်ထားစရာ မလိုပါဘူး။ သူ့ ထက်စိုးရိမ်စရာကောင်းတဲ့ NLD ကသာလျှင် သူ့ အတွက် ရန်သူ နံပတ် ၁ ပါ။
    သူ့ ရန်သူ နံပတ် ၁ ကို ဗုဒ္ဓဘာသာ အမျိုးသားရေးနဲ့  လှည့်တိုက်ရင်  ခေါင်းထောင်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ တွက် ချက်မှုနဲ့ NLD ကို တိုက်ဖို့  မွတ်စလင်မ်တွေကို ခုတုံးလုပ်တာပါပဲ။ မွတ်စလင်မ်တွေကို နိုင်ငံခြားသားတွေ၊ ဗုဒ္ဓဘာသာနိုင်ငံရဲ့ ရန်သူတွေလို့ လူမမုန်း မုန်းအောင်လုပ်၊ ပြီးတော့ ဒေါ်စုနဲ့  NLD ဟာ ကုလားရှေ့ နေပါတီ ဆိုပြီး စွပ်စွဲပြီး NLD မဲရှုံးအောင် ရည်ရွယ်တဲ့အကွက်ပါ။
    ဒါကြောင့် NLD မနိုင် ကုလားမဲလို့ ဆိုသင့်တာ။
    NLD ကလည်း ကုလား ကိုလိုက်မဲပါတယ်။ မွတ်စလင်အများစု နေထိုင်ရာ မဲဆန္ဒနယ်မြေတွေရဲ့ အမတ်လောင်း စာရင်းထဲမှာ မွတ်စလင်မ် အမတ် တယောက်မှ မထည့်ထားပါဘူး။ အကုန်လုံးဖြုတ်ချခဲ့ပါတယ်။  ဒါဟာ မွတ်စလင်မ် လူထု တရပ်လုံးကို လျစ်လျူရှူတာပါပဲ။ မဘသ အစွန်းရောက်အဖွဲ့ ရဲ့ မတရားတဲ့ လုပ်ရပ်ကို ဒီမိုကရေစီစံနှုန်းနဲ့ အညီ အံတုဖို့ နေနေသာသာ ပါတီဦးဆောင်တည်ထောင်သူမှာပါဝင်ခဲ့တဲ့ မြန်မာမွတ်စလင်တွေ၊ သမိုင်းတလျောက်လုံး ပါတီကို ဝန်းရံခဲ့တဲ့ မွတ်စလင်တွေမျက်နှာကိုထောက်ပြီး အားနာပါးနာနဲ့  မွတ်စလင်မ် အမတ် တယောက်တလေ တောင် ထည့်မထားပါဘူး။
    တချို့ ကတော့ ပြောတယ်၊ မွတ်စလင် အမတ်မပါပေမဲ့ ရွေးကောက်ပွဲ အနိုင်ရရင်တော့ လူနည်းစု အခွင့်အရေးအတွက် ဒီမိုကရေစီနဲ့ အညီဖြစ်နိုင် ပါတယ်တဲ့။ ရွေးကောက်ပွဲ မနိုင်ခင်ကတည်းက ခွပ်ဒေါင်းအရောင်ပြပြီးနေပါပြီ။ မွတ်စလင်မ် အမတ် တယောက်တလေ ပါရင်တောင် ဖြေသိမ့်နိုင်ပါသေးတယ်။ မျှော်လင့်ချက်ထားနိုင်ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲ မတိုင်ခင်တောင် လူနည်းစု အခွင့်အရေးကို ကာကွယ်ပေးဖို့ ကတိမပေး၊ တန်းတူညီမျှရေး အတွက် မျှော်လင့်ချင် မပေးနိုင်တဲ့ ပါတီကို ရွေးကောက်ပွဲပြီးရင် မျှော်လင့်နိုင်ပါ့အုံးမလား။ ဒါကြောင့် NLD ကို မဲ ပေးသင့် မပေးသင့်ဆိုတာ မြန်မာမွတ်စလင်မ် ပြည်သူတွေ အနေနဲ့  အလေးအနက် စဉ်းစားသင့်ပါတယ်။
    မှတ်ချက် – ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်သည်။