News @ M-Media

Blog

  • မြန်မာနိုင်ငံရေးနှင့် ဖွတ်မရ ဓားမဆုံး မြန်မာမွတ်စလင်မ်များ

    မြန်မာနိုင်ငံရေးနှင့် ဖွတ်မရ ဓားမဆုံး မြန်မာမွတ်စလင်မ်များ

    စက်တင်ဘာ-၁၂ ၂၀၁၅
    M-Media
    ဆောင်းပါးရှင်-ညီညီလင်းဇော်
    Untitled
    **2012 မေလတွင် M-Media မှာ  တင်ခဲ့သော ဆောင်းပါး ကို ဆောင်းပါးရှင်မှ နိဒါန်းပြင်ဆင်ပြီး ပြန်တင်ခြင်းဖြစ်သည်။

    ၂၀၁၅ ရွေးကောက်ပွဲအတွက် မွတ်စလင်မ် အမတ်လောင်းတွေအားလုံးကို NLD က ပယ်ချလိုက်လို့ ဆိုပြီး မွတ်စလင်မ်တွေ တော်တော် စိတ်ဆိုးနေကြတယ်။

    ရွေးကောက်ပွဲမဲဆွယ်ကာလစလို့  NLD က ပြည်သူ့ ပါတီဆိုပြီး မင်းသားမင်းသမီးတွေရော၊ လူ့ အခွင့်အရေးလှုပ်ရှား သူတွေ ရော အုံလိုက်ကျင်းလိုက် မဲဆွယ်တာ တွေ့ ရတယ်။ မြန်မာမွတ်စလင်မ်တွေက NLD ကို ဘယ်လောက်ပဲ ၀ိုင်းရံခဲ့ ၀ိုင်းရံခဲ့၊ ကိုလိုနီခေတ်ကစလို့  ၁၉၈၈၊ ၂၀၀၇ အရေးတော်ပုံတွေမှာ ပြည်သူတွေဖက်က ဘယ်လောက်ပဲ ၀ိုင်းရံခဲ့ ၀ိုင်းရံခဲ့  ခုချိန်မှာ “ပြည်သူ့ ပါတီ” ဆိုတဲ့ ပါတီက မွတ်စလင်တွေကို လုံးဝဥသုံ လျစ်လျစ်ရှုခဲ့တဲ့ အတွက်  ခံပြင်းနေကြတယ်။

    တကယ်တော့ NLD ကို အပြစ်တင်ရမှာမဟုတ်ပါ။ ကျောအကြိမ်ကြိမ်ချ ခံရပြီးတာတောင် ဓားပြမှန်းမသိတဲ့ ကိုယ့်ကို ကိုယ်သာ အပြစ်တင်ရမှာပါ။ ဘယ်သူမပြု မိမိမှုပါ။ ဘာကြောင့်လဲ?

    ကိုလိုနီခေတ်ကတည်းက အခုလက်ရှိအချိန်အထိ မြန်မာနိုင်ငံရေးမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ မြန်မာ မွတ်စ လင်မ်တွေရဲ့ အဖြစ်ကို ဖွတ်မရ ဓားမဆုံး ဆိုတဲ့ စကားပုံ ကလွဲပြီး တခြား ရည်ညွန်းစရာရှိ မယ်မထင်ပါ။

    ဒီဆောင်းပါးက ဘယ်သူ့ ကိုမှ မပြစ်တင်ဖို့  မရည်ရွယ်ပါဘူး။ ကိုယ့်အမြင်ကိုသာ ဆွေးနွေးမှာပါ။ မြန်မာပြည်ရဲ့  Mainstream နိုင်ငံရေးမှာ ဆက်လုပ် ကြမလား၊ မြန်မာမွတ်စလင်မ်အရေးကိုပဲ အခုကစပြီး ဇောက်ချလုပ်ကြမလားဆိုတာ မတိုက်တွန်း လိုပေမယ့် Mainstream နိုင်ငံရေး လုပ်ပြီး မြန်မာမွတ်စလင်မ်အရေး လျစ်ဟာနေတဲ့ အဖြစ်တွေကို သင်ခန်းစာယူပြီး အနာဂတ်မှာ ဘယ်လို ရပ်တည်မလဲဆိုတာကိုဆုံးဖြတ်ဖို့   အချိန်တန်ပြီလို့  ယူဆလို့  ဒီဆောင်းပါးနဲ့  ဆော် သြပါတယ်။

    မြန်မာနိုင်ငံရေးနှင့် ဖွတ်မရ ဓားမဆုံး မြန်မာမွတ်စလင်မ်များ (၂၀၁၂ ခုနှစ် က တင်ဆက်ခဲ့သည့် မူရင်းဆောင်းပါး)
    ——————————————-
    ကိုလိုနီခေတ်ကတည်းက အခုလက်ရှိအချိန်အထိ မြန်မာနိုင်ငံရေးမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ မြန်မာ မွတ်စလင်မ်တွေရဲ့ အဖြစ်ကို ဖွတ်မရ ဓားမဆုံး ဆိုတဲ့ စကားပုံ ကလွဲပြီး တခြား ရည်ညွန်းစရာရှိ မယ်မထင်ပါ။

    ဒီဆောင်းပါးက ဘယ်သူ့ ကိုမှ မပြစ်တင်ဖို့  မရည်ရွယ်ပါဘူး။ ကိုယ့်အမြင်ကိုသာ ဆွေးနွေးမှာပါ။ မြန်မာပြည်ရဲ့  Mainstream နိုင်ငံရေးမှာ ဆက်လုပ် ကြမလား၊ မြန်မာမွတ်စလင်မ်အရေးကိုပဲ အခုကစပြီး ဇောက်ချလုပ်ကြမလားဆိုတာ မတိုက်တွန်းလိုပေမဲ့  Mainstream နိုင်ငံရေး လုပ်ပြီး မြန်မာမွတ်စလင်မ်အရေး လျစ်ဟာနေတဲ့အဖြစ်တွေကို သင်ခန်းစာယူပြီး အနာဂတ်မှာ ဘယ်လို ရပ်တည်မလဲဆိုတာကို ဆုံး ဖြတ်ဖို့  အချိန်တန်ပြီလို့  ယူဆလို့  ဒီဆောင်းပါးနဲ့  ဆော် သြပါတယ်။

    ကိုယ်မွေးဖွားကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်က နိုင်ငံရေးနဲ့  မကင်းပါဘူး။ မိသားစုတွေ ဆွေမျိုး ရင်းချာတွေက နိုင်ငံ ရေးနဲ့  ပတ်သက်ကြတယ်။ ဒါပေမဲ့ မွတ်စလင်မ်အဖွဲ့  အစည်းတွေရှိပါ လျက်၊ မြန်မာမွတ်စလင်မ်အများစုက ဆင်းရဲ ပြီး ပညာရေးနှိမ့်ပါးတဲ့ အလုပ်သမား လူတန်း စားဖြစ်နေလို့ သီးသန့်  ကြိုးစားစရာများ လိုအပ်ပါလျက်၊ ပြည်တွင်း ပြည်ပ နိုင်ငံရေးသ မားတွေက အစ္စလာမ်ဘာသာဝင်တွေ ခံစားနေရတာတွေကို မသိ ကျိုးကျွံပြုနေပါလျက် မြန်မာ မွတ်စလင်မ်တွေဟာ မွတ်စလင်မ်အရေးထက် တတိုင်းပြည်လုံးရဲ့  အရေးဆိုပြီးတော့သာ ဦးစားပေးနေ ကြတာကို တွေ့ ရတယ်။ လက်တွေ့  လိုအပ်ချက်ကို ဘေးချပြီး မွတ်စလင်မ်တွေ သဘောထားကြီးတယ် ဆိုတဲ့ လက်တွေ့ အ ကျိုးသက်ရောက်မှုမရှိတဲ့ မျက်နှာကောင်း (Symbolic အဓိပ္ဗါယ်) ရဖို့  သဘောထားကြီးပြနေသလိုဖြစ်နေတယ်။

    ကိုလိုနီခေတ်ကတည်းက ခုထက်ထိ မြန်မာမွတ်စလင်မ်တွေ ဘာလုပ်ခဲ့လဲ ပြန်ကြည့်ပါ။ နိုင်ငံအတွက်၊ လွတ်လပ် ရေးအတွက်၊ ဒီမိုကရေစီအတွက် ဆိုပြီး ဘယ်တုန်းကမှ မွတ်စလင်မ်တွေအတွက် သီးသန့် မလုပ်ခဲ့ဘူး။

    မွတ်စလင်မ်အတွက်ချည်း ကွက်လုပ်ရင် တိုင်းပြည်အပေါ် သစ္စာမရှိရာရောက်မယ်၊ အမြင်ကျဉ်းရာကျမယ်၊ တ တိုင်းပြည်လုံးခံစားနေရခြင်းအတူတူ မွတ်စလင်မ်အရေးချည်း မလုပ်သင့်ဘူးလို့  ယူဆကြတယ်။ တချို့ ကလည်း မွတ်စလင်မ်အရေးလုပ်ရင် မြန်မာ့နိုင်ငံရေးမှာ မ၀င်ဆံ့မှာစိုးကြတယ်။ ဒါတွေကြောင့် Mainstream မြန်မာ့နိုင်ငံ ရေးထဲဝင်ပြီး ကိုယ့်အတွက်မပါတဲ့ NLD အနိုင်ရရှိရေး၊ တိုင်းရင်းသားအရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒုက္ခသည် ရေး၊ ရွေ့ ပြောင်းအလုပ်သမားအရေး စတဲ့ အရေးပေါင်း သောင်းခြောက်ထောင်တွေကို အခမဲ့ ရှေ့ နေလိုက်ပေး ကြတယ်။

    စကားဖျက်ပြောချင်ပါတယ်။ မွတ်စလင်မ်တွေက မွတ်စလင်မ်ကိစ္စ ကွက်မလုပ်သင့်ဘူးဆိုရင် Mainstream နိုင်ငံ ရေးက မြန်မာတနိုင်ငံလုံးအတွက် လုပ်နေတာဟုတ်လို့ လား။ ဟုတ်တယ်ဆိုရင် အစ္စလာမ်ဘာသာဝင်တွေ ဒီ လောက်တိုက် ခိုက်စော်ကားခံနေရတာ၊ ကံမ္မနဲ့ ဖားကန့် မှာ ပလီဖျက် ပစ္စည်းလုခံရတာကို အားလုံး ဘာကြောင့် နှုတ်ပိတ်နေခဲ့ တာလဲ။ ကံမ္မမှာ ပလီဖျက်ပြီး မြန်မာမွတ်စလင်မ်တွေရဲ့  အိမ်တွေဖျက်ဆီးလုယက်တော့ ဘယ်ရှေ့  နေ၊ ဘယ်တရားသူကြီး၊ ဘယ်နိုင်ငံသမား၊ ဘယ်လူ့ အခွင့်အရေးသမားက ၀င်ပြောပေးလဲ။ ကျနော်တို့  ဘယ်အ ဖွဲ့ မှာ ဘာပဲလုပ်လုပ် သူတို့  ပြောတဲ့ ဒီမိုကရေစီနဲ့  တရားဥပဒေစိုးမိုးရေးဆိုတဲ့ထဲမှာ ကျနော်တို့ အတွက် မပါဘူး ဆိုတာ သက်သေပဲ။

    သမိုင်းတလျှောက်မှာလည်း ဒီလိုပဲ။ မွတ်စလင်မ်တွေက မြန်မာ့လွတ်လပ်ရေးအတွက်ပဲ ဦးစားပေးခဲ့ကြတယ်။ မွတ်စလင်မ်တွေ ဆင်းရဲတွင်းနက်လာ နေပြီး အမျိုးသားရေးဝါဒီများက ဘာသာရေး လူမျိုးရေး နှိပ်ကွပ်လာ နေသည့်တိုင် လွတ်လပ်ရေးအတွက်ဆိုပြီး နိုင်ငံရေးသမားတွေကို ထောက် ပံ့ပေးခဲ့တယ်။ ဆုတ်ယုတ်လာနေတဲ့ မွတ်စလင်မ်တို့ ရဲ့ ဘ၀ကို လျစ်လျူရှုခဲ့တယ်လို့  မစွပ်စွဲလိုပေမဲ့ မွတ်စလင်မ်တွေအတွက် ပေးရမဲ့အချိန်၊ အင် အားနဲ့  ကာယဥာဏတွေကို လွတ်လပ်ရေး အတွက်ဆိုပြီး နိုင်ငံရေးသမားတွေကိုပေးခဲ့တယ်။

    ဗိုလ်ချုပ်အောင်ဆန်း အားထားရတဲ့ ဆရာကြီး ဦးရာဇတ်တို့ ကိုကြည့်ပါ။ အင်္ဂလိပ်ကို ဆန့် ကျင်ဖို့  ဗမာဗုဒ္ဓဘာ သာ အမျိုးသားရေးစိတ်ဓာတ်ကို အစပျိုး အမြစ်တွယ်စေခဲ့တယ်။ ဒို့ ဗမာအစည်းအရုံးက ကပြားလို့ ဆိုတဲ့လူတွေ ကို ဗမာပြည်မှာမွေး ဗမာပြည်မှာကြီးလို့  ဗမာတွေဖြစ်တဲ့အတွက် သီး သန့် မနေပဲ ဗမာလို နေပြီး ဗမာ့လွတ်လပ် ရေးမှာ ပါဝင်ဖို့  တိုက်တွန်းခဲ့တယ်။ အယူအဆတူတဲ့ ဆရာကြီး မွတ်စလင်မ်တွေ တကွဲတပြား တိုင်းရင်းသား နာမည်များခံကြမဲ့အစား ဗမာလိုနေကြဆိုပြီး ဆရာကြီးက ဆုံးဖြတ်ပေးခဲ့တယ်။ ဗမာကို ယုံကြည်ခဲ့တယ်။

    အခုတော့ကြည့်ပါ။ ပသီ၊ ပသျှူး စတဲ့ အစ္စလာမ်ဘာသာဝင် တိုင်းရင်းသားတွေဟာ မူလတိုင်းရင်းသားစာရင်းက လည်း ထုတ်ခံရ၊ ဗမာလို့ လည်း သတ် မှတ်မခံရ၊ ကုလားများအဖြစ်သာ နှိပ်ကွပ်တာ ခံနေရတော့တယ်။ အရင်တုန်းက အခြေအနေတွေအရ ဦးရာဇတ်မမှားခဲ့ပေမဲ့ အခုတော့ အစ္စလာမ်ဘာ သာကိုးကွယ်သူမှန်သမျှ ကုလား တွေတွေဆို ပြီး ဂျောင်ထိုးလိုက်ကြပြီ။ ကိုယ်မွေးတဲ့မျောက် ကိုယ့်ကိုခြောက်ဆိုတဲ့ စကားပုံများလားလို့  စဉ်းစားကြည့်မိ တယ်။ ဦးရာဇတ်အပြင်ရှိပါသေးတယ်။

    အမျိုးသားနေ့ ဖြစ်လာတဲ့ ပထမကျောင်းသားသပိတ်ကို ကြည့်ကြည့်ပါ။ ကျောင်းသားခေါင်းဆောင် ၁၁ ယောက် ထဲက ၁ ယောက်က မွတ်စလင်မ် ကျောင်းသားခေါင်းဆောင် ကိုဘရှင်။

    ဗြိတိသျှ ဘုန်းတော်ဘွဲ့ “God Saves The King” ကို မဆိုဘို့ ပထမဆုံး အာခံခဲ့တာ ပထမဆုံး ရန်ကုန်တက္ကသိုလ် သမဂ္ဂ ဥက္ကဌ ကိုထွန်းစိန်။

    ခင်ဗျားလိုလူမျိုး တော်လှန်ရေးမှာ မရှိလို့ မဖြစ်ဘူးဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အားထားရတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌလည်းဖြစ် အင်္ဂလိပ်ကို အံတုပြီး အလုပ်သမားသမဂ္ဂကို ဦးဆောင်ထူထောင်ခဲ့တဲ့ ဦးရာ ရှစ်။

    ဖ.ဆ.ပ.လ ပြည်လုံးကျွတ်ညီလာခံမှာ ဗမာမွတ်စလင်မ်တွေ လူနည်းစုယူမလား လူများစုယူမလားဆိုပြီး ဒီးဒုတ် ဦးဘချိုကိုယ်တိုင် ကြိုက်တဲ့အခွင့် ရေးရွေးချယ်ခွင့် ပေးခဲ့တာတောင် တိုင်းပြည်လွတ်လပ်ရေး အရေးကြီး နေချိန် တစည်းတလုံးထဲဖြစ်အောင် သီးသန့် ခွဲမနေဘူးဆိုတဲ့ မြန်မာမွတ်စ လင်မ်တွေ။

    ဒီနေ့ပြည်ထောင်စုမြန်မာနိုင်ငံပေါ်ပေါက်လာစေဖို့ အသက်သွေးကြောဖြစ်တဲ့ ပင်လုံ ဆိုတဲ့ ညီလာခံကြီး ဖြစ်လာဖို့ အခြေခံအုတ်မြစ်ဖြစ်တဲ့ တောင်တန်းနဲ့ ပြည်ပ ပူးပေါင်းရေးအဆိုကို စပြီးတင်သွင်းခဲ့ ဗ.မ.က (ဗမာမွတ်စလင်မ်ကွန် ဂရက်)။

    ပင်လုံညီလာခံ ပျက်တော့မဲ့ဆဲဆဲမှာ ညီလာခံမဖြစ်ဖြစ်အောင် ကြိုစားကယ်တင်ခဲ့တဲ့ သံအမတ်ဟောင်း မွတ်စ လင်မ် ဦးဖေခင်။

    ဒါပေမယ့် ဘုရားပြီးတော့ ငြမ်းဖျက်ဆိုတဲ့ထုံးစံအတိုင်း လွတ်လပ်ရေးရပြီးတော့ ဘာသာရေးနဲ့ နိုင်ငံရေးမရောရ ဘူးဆိုပြီး ဗ.မ.က ကို ဖိအားပေးပြီး ဖျက်ခိုင်းခဲ့တယ်။ သမိုင်းဖျောက်တာများ ၂၀၁၀ က ၀င်းတင့်ထွန်းပြုစုတဲ့ ဗမာပြည်နိုင်ငံရေး အသင်းအပင်းများ အညွန်းဆိုတဲ့စာအုပ်မှာ ဖဆပလရဲ့ လက်ရုံးတဆူဖြစ်ခဲ့တဲ့ ဗမာမွတ်စလင်မ် ကွန်ဂရက်ကို လုံးဝဥသုန် ပေါ်တင်ချန်ခဲ့တယ်။ နောက်ပိုင်းမှာလည်း မွတ်စလင်မ်နိုင်ငံရေးသမားတွေရှိပါသေး တယ်။

    ဒီမိုကရေစီတိုက်ပွဲမှာ အသက်သေခံသွားခဲ့တဲ့ NLD ရဲ့ ဇာတ်ဆရာလိုတင်စားခေါ်ခံခဲ့ရတဲ့ မောင်သော်က(ခ) ဗိုလ်မှူးဘသော်။

    ဘဝအပျက်ခံ ထောင်ဒဏ် ဆယ်စုနှစ်နဲ့ ချီပြီးကျခံပြီး မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း ပြုစုခဲ့တဲ့ ကိုအောင်ထွန်း။

    ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေး။

    ဒီလူတွေ ပေးဆပ်ခဲ့သလောက် ဒီနေ့မှာတော့  သောက်ကုလား၊ နိုင်ငံခြားသားတွေဆိုပြီး ကျော်မကောင်း ကြားမကောင်းစကားလုံးတွေနဲ့ ဆဲတာပဲ ခံကြရပြီ။

    နိုင်ငံရေးနယ်ပယ်ရယ်မှ မဟုတ်ပါဘူး။ သတင်းမီဒီယာနယ်ပယ်တွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ။  ပြည် တွင်းပြည်ပ သတင်းဌာနတွေမှာ မွတ်စလင်မ်သတင်းထောက်တွေရှိတယ်။ မွတ်စလင်မ်သတင်းဌာနထောင်ပြီး ကိုယ်တိုင်မလုပ်ပဲ Mainstream မီဒီယာတွေမှာ လုံးဝနီးပါး အချိန်ပေးနေကြတယ်။ ကိုယ့်ရွေးချယ်မှုဖြစ်တဲ့ အတွက် အပြစ်မတင်ပါ။

    နိုင်ငံတော်ကောင်းစားရေးမျှော်ကိုးပြီး အဲ့ဒီနိုင်ငံရေးအဖွဲ့ တွေ၊ ပါတီတွေ၊  မီဒီယာတွေမှာ အခြေချလိုက်ခြင်း ဖြင့်  မြန်မာမွတ်စလင်မ်တွေ ဘာဆုံးရှုံးလဲ?

    အဆဲခံ အခွဲခြားခံ အနှိပ်ကွပ်ခံအပြင် အချက် ၂ ချက် ကို ထောက်ပြပါမယ်။ အရည်အချင်းတူသည့်တိုင် (သို့ ) သာနေသည့်တိုင် အဲ့ဒီ Mainstream ထဲကလူတွေ ခွဲခြားမှုကို ကျော်လွန်ပြီး သင့်တော်တဲ့နေရာရောက်အောင် မနည်း ကြိုးစားနေရ လို့  နိုင်ငံရေးထက် အတိုက်အခိုက် အခွဲအခြားမှုအတွက် ရင်ဆိုင် အချိန်ပေးရတယ်။ အ ရည်အချင်းရှိသည့်တိုင် ခွဲခြားမှုတွေကို ရင်ဆိုင်ကျော်လွားနေရလို့ နေရာလည်းမရ၊ တဖက်မှာ မွတ်စလင်မ် အတွက်လုပ်ပေးနိုင်တဲ့ အချိန်နဲ့ အင်အားတွေလည်း အလဟသဖြစ်ကုန်တယ်။

    ခွဲခြားမှုမရှိဘူးလို့ မပြောပါနဲ့ ။ အဖွဲ့ အစည်းကြီးတခုဆီက မွတ်စလင်မ်ဖြစ်လို့  အတွင်းရေးမှုးပေးလုပ်လို့ မရဘူး ဆိုတဲ့ သက်သေ အခိုင်အမာရှိတယ်။ ABSDF ကျောင်းသားဟောင်းတွေ၊ ဗကသ ကျောင်းသားဟောင်းတွေ နဲ့  NLD သမားတွေ အွန်လိုင်းမှာ ပေါ်တင် ဆဲနေတာတော့ ထည့်ပြောစရာတောင် လိုမယ်မထင်ဘူး။

    နောက်တချက် – ကိုယ်က အဲ့ဒီ Mainstream အဖွဲ့ တွေ မီဒီယာတွေအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး  အိပ်ကပ်စိုက်လုပ်ထားပေမဲ့ မွတ်စလင်မ်တွေ ခံရတဲ့အချိန် အဲ့ဒီအဖွဲ့ အစည်းတွေက အသိကျိုးကျွံပြုတာပဲခံရတယ်။ (ဘာအနစ်နာခံခဲ့လို့ လဲဆိုတာ မေးရင် အနစ်နာခံခဲ့တဲ့ ဦးလေးမိသားစုအကြောင်းပြောပြပါမယ်။)

    88 မှာ မွတ်စလင်မ်တွေ အများနည်းတူပါဝင်ခဲ့တယ်။ ၂၀၀၇ မှာ သံဃာတော်တွေကို ၀ိုင်းရံခဲ့တယ်။ ၈၈ တည်းက ခုထိ NLD နဲ့  အတိုက်အခံတွေဖက် ရပ်တည်ခဲ့တယ်။ သတင်းသမားတွေလည်း တောကြိုတောင်ကြားသွားပြီး သတင်းယူပေးခဲ့တယ်။ မြစ်ဆုံတုန်းကလည်း မြစ်ဆုံ အများနည်းတူ ပါဝင်ခဲ့တယ်။ အခုတော့ဘာရလဲ။? ဖားကန့် နဲ့  ကံမ္မမှာ ပလီတွေ ဖျက်ဆီးတော့ ဘယ်သူဘာကူပြောပေးလဲ။? အန်အန်လ်ဒီကိုထောက်ခံတဲ့ မိန်းခလေးငယ်တွေကို မဖွယ်မရာဆဲလို့  သွားပြောတာတောင် အလေးမထားဘူး။

    မီဒီယာသမားတယောက်က ကိုယ့်ကိစ္စ ၀င်မပြောပေးလို့  စိတ်ဆိုးတာလားလို့  ရိပြောပြောတယ်။ တာဝန်ယူမှု နည်းပါးပုံများ မှတ်သားလောက်ပါတယ်။ မွတ်စလင်မ်တွေက ကိုယ်တိုင်ပြောဖို့  အင်အားမရှိလို့  အင်အားရှိတဲ့ နိုင်ငံရေးပါတီတွေ အုပ်စုတွေ သတင်း ဌာနတွေ ကို အကူအညီတောင်းတာ အဲ့ဒီလို ပေါ့ပျက်ပျက် ပြန်ဖြေတာ စဉ်းစားကြည့်ပါ။

    ကိုယ်က အင်အားဘာကြောင့် မရှိ တာလဲ။ အင်အားမရှိရတဲ့အကြောင်းရင်းက အရည်အချင်းရှိတဲ့ မွတ်စလင်မ် တွေက စုပေါင်းပြီး ကိုယ့်အင်အား ကိုယ်ထောင်ရ မဲ့အစား Mainstream မှာပဲ ကြားကပ်ခံရမယ်ဆိုတာ သိလျက် နဲ့  ခုထက်ထိ ၀င်ရော နေသေးလို့ လို့ ပဲယူဆတယ်။ အရည်အချင်းရှိပေမဲ့ နေရာတိုင်းမှာ ဆိုဒ်လိုင်းလုပ်ခံ လာရ လို့  တဖြည်းဖြည်းနဲ့  အားနည်းလာတာ အင်အားရှိ နိုင်ငံရေးပါတီ မပြောနဲ့ သြဇာညောင်း နိုင်ငံရေးသမားတွေ ကို ချည်းကပ်နိုင်တဲ့ မွတ်စလင်မ်တွေတောင် ဘယ်နား သွားရှာရမှန်းမသိဘူး။ ကိုယ့်ကို တိုက်ခိုက်နေလို့  တိုက်ခိုက် နေပါတယ်လို့  ဖွင့်ပြောဖို့  သတင်း ဌာနလည်းမရှိပြန်။

    စုဆောင်းထားတဲ့ ငွေကြေးတွေလည်း သူများအသိအမှတ်ပြုအောင်ဆိုပြီး NLD ကို လှူလိုက်၊ ဟိုအဖွဲ့ လှူလိုက် ဒီ အဖွဲ့ လှူလိုက် မြန်မာမွတ်စလင်မ်အဖွဲ့  အတွက်ကျတော့ ထောက်ပံ့မှုမပေးနိုင်ဘူး။

    မွတ်စလင်မ်တွေက ဘာဖြစ်လာလဲ ဆိုတော့ ကိုယ့်ရဲ့  အချိန်၊ ကာယ၊ ဥာဏ ငွေကြေး စတာတွေကို Mainstream မှာပဲ ပုံအောလိုက်ကြတယ်။ အဲ့ဒီ Mainstream တွေ အနိုင်ရပြီး တိုင်းပြည်ကောင်းစားရင် ငါတို့ အ တွက်လည်း ပါမယ်ဆိုပြီး အယူမှား အမှတ်မှားပြီး Mainstream တွေမှာပဲ ၀င်အားဖြည့် ကြတယ်။ အနစ်နာခံကြ တယ်။ ပေးဆပ်ကြတယ်။ မွတ်စလင်မ်အဖွဲ့ ထောင်ဖို့ ၊ အင်အားရှိတဲ့ မွတ်စလင်မ်အဖွဲ့  မီဒီယာအဖွဲ့  ဖွံ့ ဖြိုးရေး အဖွဲ့ တွေ ဖြစ်လာဖို့  အလေးမစိုက်မိတော့ဘူး။

    အခုလို မွတ်စလင်မ်တွေကို တိုက်ခိုက်လာတော့ ဘယ်မှာလဲ ကိုယ့်အဖွဲ့ အစည်း၊ ဘယ်မှာလည်း ကိုယ့်မီဒီယာ၊ ဘယ်မှာလည်း ကိုယ့်ခေါင်းဆောင်။ တခုမှ မရှိဘူး။ ကိုယ်တွေ ပါဝင်ပုံအောခဲ့တဲ့ ဒီမိုကရေအဖွဲ့ တွေ၊ လူ့ အခွင့်အ ရေးအဖွဲ့ အစည်းတွေလည်း အရေးကြုံလာရင် ကိုယ့်ကို ဂရုမစိုက်ဘူး။ ကိုယ့်ဖက်မှာ ကိုယ့်မိခင် အဖွဲ့ အစည်းတွေတောင်မရှိဘူး။ ဖွတ်မရ ဓားမဆုံး အစစ်ပဲ။

    ဒါကြောင့် အရင်က မွတ်စလင်မ်နိုင်ငံရေးသမားတွေ ခေါင်းဆောင်တွေရဲ့  သင်ခန်းစာယူပြီး အနာဂတ် မြန်မာမွတ် စလင်မ်တွေ အရင်ခေါင်းဆောင်တွေလို ပေးဆပ်တုန်းကပေးဆပ်ပြီး နောက်ဆုံးမှာ တော့ ကုလားလို့ ပဲ အဆဲခံ၊ အဖိခံရတဲ့ အဖြစ်ဆက်ခံအုံးမလားဆိုတာ စဉ်းစားဖို့ တိုက်တွန်းပါတယ်။ အနာဂတ် မှာ ဖွတ်မရချင်နေပါစေ၊ ဓားမ ထပ်ဆုံးလို့ တော့ မဖြစ်ဘူး။

    မှတ်ချက် – ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်သည်။

    ဆက်စပ်ဆောင်းပါးဖတ်ရန်
    ——————————-
    ဆရာ ဝင်းတင့်ထွန်းသို့ အိတ်ဖွင့်ပေးစာ
    http://www.m-mediagroup.com/news/2515

  • ကနေဒါ နာမည်ကျော် ရက်ပါ ဟဂ်ျပြုရန် ဆော်ဒီသို့ ရောက်ရှိ

    ကနေဒါ နာမည်ကျော် ရက်ပါ ဟဂ်ျပြုရန် ဆော်ဒီသို့ ရောက်ရှိ

    စက်တင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    knaan

    – ဆိုမာလီဖွား ကနေဒါ နာမည်ကြီး ရက်ပါ ကေနန်းမှာ မိသားစုနှင့်အတူ ယခုနှစ် ဟဂ်ျခရီးစဉ်အတွက် ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်ရှိနေပြီး ၎င်း၏ ဓာတ်ပုံများကိုလည်း ဆိုရှယ်မီဒီယာများတွင် လွှင့်တင်ခဲ့သည်။

    “တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ)ရဲ့ နေအိမ်နဲ့ မြေပုံကို အနောက်မှာထားပြီး နဗ၀ီ ဗလီဝတ်ကျောင်းတော်မှာ ၀တ်ပြုရတာဟာ အသက်ဝင်ပြီး သမိုင်းရဲ့အငွေ့အသက်တွေကိုလည်း ရှုရှိုက်ရပါတယ်။ ပြီးတော့ ကျွန်တော့် အမေ၊ ညီမနဲ့အတူ ဒီနေရာမှာ ၀တ်ပြုဆုတောင်းရတာဟာ – ငယ်ငယ်က အိပ်မက်တွေ အမှန်တကယ် ဖြစ်လာတာပါပဲ” ဟု ကာနန်းက ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။

    တေးရေးဆရာနှင့် အဆိုတော်ဖြစ်သူ ကာနန်းမှာ သီတင်းပတ် ၃ ပတ်တာကြာမည့် ဟဂ်ျဘုရားဖူးခရီးစဉ်အတွက် မိခင်၊ ညီမဖြစ်သူတို့နှင့်အတူ ဆော်ဒီသို့ ရောက်ရှိလာခြင်းဖြစ်သည်။

    ကာနန်းကို ၁၉၇၈ ခုနှစ်တွင် ဆိုမာလီမြို့တော် မိုဂါဒစ်ရှူး၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး အသက် ၉ နှစ်အရွယ်တွင် ၎င်း၏ မိသားစုက ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် ပြောင်းရွှေ့အခြေချခဲ့သည်။ ကာနန်းမှာ တိုရွန်တိုတွင်ပင် ပါရမီရှိသည့် အဆိုတော်တစ်ယောက် ဖြစ်လာခဲ့သည်။

    နောက်ပိုင်းတွင် MTV ၌ ပုံမှန်ပါဝင်သူတစ်ယောက် ဖြစ်လာခဲ့ပြီး ကာနန်း၏ သီချင်းများတွင် ဆိုမာလီပြည်သူများ၏ ဒုက္ခသုက္ခများဖြင့် ရင်ဆိုင်ရသည့် ဘ၀ခရီးလမ်းများအကြောင်းလည်း ပါဝင်သည်။ ၂၀၁၀ ခုနှစ်မှာ ကာနန်း၏ အအောင်မြင်ဆုံးနှစ်ဖြစ်ပြီး ၎င်း၏ တစ်ကိုယ်တော်ခွေမှ သီချင်းဖြစ်သော Wavin’ Flag မှာ ဖီဖာကမ္ဘာ့လားအတွက် ကိုကာကိုလာ၏ ပမိုးရှင်းသီချင်းအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။

    ဟဂ်ျဘုရားဖူးခရီးစဉ်အဖြစ် ဆော်ဒီသို့ ရောက်ရှိနေသည့် ၎င်း၏ ဓာတ်ပုံများမှာ ဆိုရှယ်မီဒီယာတွင် ပရိတ်သတ်များ၏ ချီးကျူးမှုကို ရရှိခဲ့ပြီး ၎င်းအတွက်လည်း ဆုမွန်ကောင်းတောင်းပေးခဲ့ကြသည်။

    ဟဂ်ျပြုခြင်းမှာ အစ္စလာမ်၏ အဓိကမဏ္ဍိုင် ၅ ခုမှ ပဉ္စမမြောက်မဏ္ဍိုင်ဖြစ်ပြီး မက္ကာမြို့သို့ သွားရောက်နိုင်စွမ်း ရှိသူ အစ္စလာမ်ဘာသာဝင်များ အနေဖြင့် တစ်သက်လျှင်တစ်ကြိမ် ဟဂ်ျပြုခြင်းမှာ မလုပ်မနေရ တာဝန်ဖြစ်သည်။

    ယခုနှစ်ဟဂ်ျကာလမှာ စက်တင်ဘာ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း ကျရောက်မည်ဖြစ်ပြီး၊ လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ်ဘာသာဝင်များမှာ ဆော်ဒီအာရေဗျသို့ တစ်ဖြည်းဖြည်း ရောက်ရှိလာကြပြီဖြစ်သည်။

    Ref: Onislam

  • အသင်းအခြေအနေအတွက် မပျော်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုပြော

    အသင်းအခြေအနေအတွက် မပျော်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုပြော

    စက်တင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    mor

    – ယခုနှစ် ပရီးမီးယားလိဂ်အစတွင် ကြုံတွေ့ခဲ့ရသည့် အခြေအနေအတွက် မိမိအနေဖြင့် စိတ်ပျက်မိသည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပြီး၊ ရာထူးမှ အထုတ်ခံရမှု ဖြစ်နိုင်ချေနှင့် ပတ်သက်၍မူ ငြင်းဆိုလိုက်သည်။

    လက်ရှိချန်ပီယံ ချယ်ဆီးအသင်းမှာ ပရီးမီးယားလိဂ် ၄ ပွဲကစားပြီးချိန်တွင် ၄ မှတ်သာ ရရှိထားပြီး နွေရာသီအပြောင်းအရွှေ့တွင်လည်း အဓိကကျသည့် ကစားသမားများကို ခေါ်ယူမှု မလုပ်နိုင်ခဲ့ပေ။

    “ကျွန်တော် မပျော်ပါဘူး။ အဲဒီမပျော်ရတာကိုလည်း ကျွန်တော် ကျေနပ်ပါတယ်။ ပွဲရှုံးတဲ့အချိန်ဆိုရင် ကျွန်တော်ပျော်တာက အဲဒီနောက် ပြောင်းလဲမှုအများကြီး လုပ်ခဲ့ရလို့ပါ။ ပြီးတော့ ကျွန်တော် မပြောင်းလဲချင်ပါဘူး။ ကျွန်တော် မပျော်ပါဘူး။ ဒါပေမယ့် အရင်ကထက် ပိုပြီး ကြိုးစားပါတယ်။ ကျွန်တော် အကောင်းမြင်ပါတယ်။ ကစားသမားတွေကိုလည်း ယုံတယ်။ ကစားသမားတွေကလည်း ကျွန်တော့်ကို
    ယုံပါတယ်။ ဒီအနေခြေအနေဆိုးကို ကျွန်တော်တို့ နောက်မှာ ထားခဲ့တော့မှာပါ” ဟု မော်ရင်ဟိုက ယမန်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ၂၀၀၇ ခုနှစ်က ထိုကဲ့သို့ ရာသီအစ ဆိုးရွားသည့်ရလဒ်များနှင့် ကြုံတွေ့ရချိန်တွင် မော်ရင်ဟိုမှာ အထုတ်ခံခဲ့ရသော်လည်း ယခုအချိန်တွင် ထိုကဲ့သို့ ထပ်ဖြစ်မည်မဟုတ်ဟု ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။

    “ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ ကျွန်တော် အသင်းက မထွက်ခွာချင်ပါဘူး။ အသင်းကလည်း ကျွန်တော့်ကို မထွက်ခွာစေချင်ပါဘူး။ ထုတ်မှာလည်း မဟုတ်ပါဘူး။ တစ်ကယ်လို့ တစ်ယောက်ယောက်က ကျွန်တော်ထွက်သွားမယ် ဒါမှမဟုတ် အထုတ်ခံရမယ်လို့ထင်ရင် အဲဒီသူဟာ ဘာမှမသိတဲ့သူပါပဲ။ ကျွန်တော်တို့မှာ ပြဿနာတစ်ခုပဲရှိပါတယ်။ ဒါက ကျွန်တော်တို့မျှော်လင့်တဲ့ရလဒ်ကို မရတာပါပဲ”

    ချယ်ဆီးမှာ ယခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၅ တွင် အဲဗာတန်အသင်းနှင့် တွေ့ဆုံမည်ဖြစ်သည်။

    Ref: Goal

  • သွေးမတိုးအောင် ထိန်းထားခြင်းမှာ သေဆုံးမှုနှင့် နှလုံးရောဂါကို လျှော့ချနိုင်

    သွေးမတိုးအောင် ထိန်းထားခြင်းမှာ သေဆုံးမှုနှင့် နှလုံးရောဂါကို လျှော့ချနိုင်

    စက်တင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    – သွေးတိုးသည်ဟု သတ်မှတ်ထားသည့် အမှတ်အောက်တွင်သာ သွေးဖိအားရှိအောင် ဂရုတစ်စိုက် ဆောင်ရွက်ခြင်းက အသက် ၅၀ နှင့်အထက် လူကြီးများတွင် သေဆုံးမှုအန္တရာယ်နှင့် ဆိုးရွားသည့် နှလုံးရောဂါ ဖြစ်ပွားမှု အန္တရာယ်များကို လျော့ကျစေသည်ဟု အမေရိကန်ရှိ လေ့လာမှုများအရ သိရသည်။

    သွေးတိုးရောဂါရှိသည့် လူနာပေါင်း ၉၃၀၀ ကျော်ကို လေ့လာမှုအတွင်း ထိုကဲ့သို့ တွေ့ရှိရခြင်းဖြစ်ပြီး သွေးတိုးသည်ဟု ယူဆသည့် သွေးဖိအား ၁၂၀-၁၄၀ အောက်တွင် ရှိစေရန် ဆေးဝါး ပေါင်းစပ်အသုံးပြုမှုမှာ ရုတ်တရက် နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းနှင့် နှလုံးမူမမှန်မှုတို့ကို ၃ ပုံ တစ်ပုံခန့် လျော့ကျပြီး သေဆုံးမှုအန္တရာယ်မှာ ၄ ပုံ ၁ ပုံခန့် လျော့ကျစေသည်ဟု ဆိုသည်။

    “ဒီလေ့လာမှုက ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့သူတွေ အသုံးဝင်မယ့် အသက်ကယ်တင်ရေး သတင်းအချက်အလက်ကို ရရှိခဲ့ပါတယ်။ ပြီးတော့ သူတို့တွေဟာ အချို့လူနာတွေ၊ အထူးသဖြင့် အသက် ၅၀ ကျော်သူတွေအတွက် အကောင်းဆုံး ရွေးချယ်ကုသမှုကို စဉ်စားနိုင်မှာပါ” ဟု လေ့လာမှုကို ထောက်ပံ့ပေးခဲ့သည့် အမေရိကန် အမျိုးသား နှလုံး၊ အဆုတ်နှင့် သွေးအသင်း NHLBI မှ ဒါရိုက်တာ ဒေါက်တာ ဂယ်ရီ ဂစ်ဘွန်စ်က ပြောကြားခဲ့သည်။

    သုတေသနပညာရှင်များကမူ အဆိုပါရလဒ်အတွက် ပြည့်ဝသည့် ဆန်းစစ်မှုများ မပြုလုပ်ရသေးဟု သတိပေးခဲ့ပြီး၊ တကယ့်လက်တွေ့တွင် ပြောင်းလဲမှုရှိမလားဆိုသည်ကို ဆုံးဖြတ်ရန် အချက်အလက်အလက်များကို ဆေးဘက်ဆိုင်ရာ အကြံပေးအဖွဲ့များက လေ့လာရအုံးမည်ဟု ပြောကြားခဲ့သည်။

    သွေးတိုးမှုမှာ နှလုံးရောဂါ၊ ကျောက်ကပ်ပျက်ဆီးမှုနှင့် အခြားသော ကျန်းမာရေး ပြဿနာများကို ဖြစ်ပွားစေနိုင်သည်။ အဆိုပါ တွေ့ရှိချက်ကို ဆွေးနွေးမှုများပြုလုပ်ရန် ဆရာဝန်များက တိုက်တွန်းမှု ရှိခဲ့ပြီး ၎င်းတို့က သွေးဖိအား ၁၂၀-၈၀ မှာ နှစ်လိုဖွယ်ရာဖြစ်သော်လည်း ၁၄၀-၉၀ က သွေးတိုးသည်ဟု ယူဆသည့် သွေးဖိအားဖြစ်သည်ဟု ဆိုသည်။

    Ref: Channelnewsasia

  • အာဆင်နယ်တွင် တိုက်စစ်ပြဿနာမရှိဟု ၀င်းဂါးပြော

    အာဆင်နယ်တွင် တိုက်စစ်ပြဿနာမရှိဟု ၀င်းဂါးပြော

    စက်တင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    winger

    – မိမိအသင်းတွင် တိုက်စစ်မှူးပြဿနာ ရှိမနေဘဲ အဲလက်စ် ဆန်းချက်၊ အိုလီဗာ ဂျရူးနှင့် သီယိုဝေါလ်ကော့တို့မှာ ယခုနှစ်တွင် ဂိုး ၂၀ ခန့် သွင်းယူနိုင်မည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    နွေရာသီအပြောင်းအရွှေ့ မပိတ်ခင်တွင် အာဆင်နယ်မှာ တိုက်စစ်နေရာအတွက် ကရင်မ်ဘန်ဇီမာနှင့် အက်ဒီဆင် ကာဗာနီတို့အား ခေါ်ယူမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မည်သည့်အပြောင်းအရွှေ့မှ ဖြစ်လာခဲ့ခြင်းမရှိချေ။

    ထို့ကြောင့် ၀င်းဂါးအပေါ် ဝေဖန်မှုများရှိခဲ့ပြီး၊ ၎င်းကမူ တိုက်စစ်မှူးသစ် မ၀ယ်ခဲ့ခြင်းမှာ အသင်း၌ရှိနေသည့် တိုက်စစ်မှူးများကို ယုံကြည်မှု ထည့်သွင်းပေးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဂျရူး၊ ဝေါလ်ကော့နဲ့ ဆန်းချက်ဇ်တို့ဟာ ဂိုး ၂၀ လောက်ကို ဘာပြဿနာမှမရှိဘဲနဲ့ ကောင်းကောင်း သွင်းနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ခင်ဗျားဟာ ကစားသမားတွေပေါ် ယုံကြည်ရပြီး သူတို့ကို ကစားခွင့်ပေးရပါတယ်။ အဲဒီတော့မှ သူတို့လုပ်နိုင်မှာပေါ့။ သူတို့တွေဟာ အောင်ကိုအောင်မြင်ရမယ်လို့ လူတွေက အမြဲတမ်း လိုချင်ကြတယ်။ ဒါမျိုးမဟုတ်ဘူးဗျ” ဟု ၀င်းဂါးက သတင်းထောက်များအား
    ပြောကြားခဲ့သည်။

    ထို့ပြင် ၀င်းဂါးက တိုက်စစ်မှူး ရှားပါးခြင်းအတွက် လူငယ်အကယ်ဒမီများကို အပြစ်တင်ခဲ့ပြီး ဥရောပတိုက်မှာ တိုက်စစ်မှူးများကို မွေးထုတ်နိုင်ခြင်းမရှိတော့ဟု ပြောကြားခဲ့သည်။

    “ဒီနေ့ခေတ် တိုက်စစ်မှူးတွေက တောင်အမေရိကသားတွေဖြစ်ပြီး၊ ဥရောပက တိုက်စစ်မှူးတွေ မထွက်တော့ပါဘူး။ ဂျာမနီလိုအသင်းမျိုးကို ခင်ဗျားကြည့်ရင် – စကော့တလန်နဲ့ ပိုလန်တို့နဲ့ပွဲမှာ မာရီယိုဂေါ့ဇီတစ်ဦးတည်းကို အရှေ့တင်ထားတာ တွေ့ရမှာပါ။ သူက ဖန်တီးရှင် အလယ်တန်းကစားသမားပဲ။ ဒါက သူတို့ဟာ ပုံမှန်တိုက်စစ်မှူး တစ်ယောက်ထားပြီး မကစားချင်တာလို့ ကျွန်တော် မထင်ပါဘူး။
    ထိပ်တန်းအဆင့်တိုက်စစ်မှူး သူတို့မှာ မရှိလို့ပါပဲ”

    တိုက်စစ်မှူးကောင်းများ ထွက်လာရေး ဆောင်ရွက်ရန်လည်း အာဆင်ဝင်းဂါးက အကယ်ဒမီများကို တိုက်တွန်းခဲ့သည်။

    Ref: Goal