News @ M-Media
Blog
  • မက္ကာဟ်၌ ကရိန်းပြုတ်ကျမှုကြောင့် ထိခိုက်ဒဏ်ရာရသူများအတွက် ကမ္ဘာတစ်ဝှမ်းမှ ၀မ်းနည်းကြောင်းပြောကြား
    မက္ကာဟ်၌ ကရိန်းပြုတ်ကျမှုကြောင့် ထိခိုက်ဒဏ်ရာရသူများအတွက် ကမ္ဘာတစ်ဝှမ်းမှ ၀မ်းနည်းကြောင်းပြောကြား
    စက်တင်ဘာ ၁၃၊ ၂၀၁၅
    M-Media
    – ဆော်ဒီအာရေဗျနိုင်ငံ မက္ကာဟ်မြို့ရှိ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်တွင် သောကြာနေ့က ကရိန်းပြုတ်ကျကာ ၀တ်ပြုသူများ သေဆုံးမှုအတွက် ကမ္ဘာ့နိုင်ငံများမှ ၀မ်းနည်းကြောင်း ပြောကြားခဲ့သည်။
    “ဆော်ဒီနိုင်ငံနဲ့အတူ ကျွန်တော်တို့လည်း ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါတယ်။ မက္ကာဟ်မြို့က ကရိန်း မတော်တဆဖြစ်မှုကို ကျွန်တော်တို့ စာနယ်ဇင်းတွေမှာ တွေ့ရပါတယ်။ ဆော်ဒီအာဏာပိုင်တွေကလည်း အခင်းဖြစ်ပွားရာနေရာကို ရောက်သွားပြီး ချက်ချင်းလက်ငင်း ဆောင်ရွက်နေတာကိုလည်း ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ထိခိုက်ခိုက်ဒဏ်ရာရရှိသူတွေနဲ့ သူတို့ရဲ့ ချစ်လှစွာသော သူတွေအတွက် ၀မ်းနည်းမိသလို ဆုမွန်ကောင်း တောင်းပေးပါတယ်” ဟု အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီရ်ဘီက ပြောကြားခဲ့သည်။
    သောကြာနေ့ညနေပိုင်းက ဖြစ်ပွားခဲ့သော အဆိုပါအဖြစ်အပျက်တွင် လူပေါင်း ၁၀၇ ဦး သေဆုံးခဲ့ပြီး၊ ၂၃၈ ဦး ဒဏ်ရာရရှိခဲ့သည်။ အခင်းဖြစ်ပွားခဲ့သည့် ပုံများမှာလည်း ဆိုရှယ်မီဒီယာများတွင် အလျင်အမြန် ပြန့်နှံ့သွားခဲ့သည်။
    ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ကွယ်လွန်သွားသူများ၏ မိသားစုများနှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရသည်ဟု Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။
    “ကျွန်တော့်ရဲ့ ကြေကွဲမှုတွေ၊ ဆုတောင်းမှုတွေဟာ ဒီနေ့ မက္ကာဟ်မှာ ချစ်ရသူတွေကို ဆုံးရှုံးခဲ့ရသူတွေ အတွက်ပါပဲ”
    ဗြိတိန် နိုင်ငံခြားရေးရုံးကမူ သေဆုံးဒဏ်ရာရသူများအား မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်မှုကို ဆော်ဒီအာဏာပိုင်များနှင့်အတူ ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။
    “ဟဂ်ျခရီးစဉ် လာရောက်ကြတဲ့သူတွေပါဝင်ပြီး ထိခိုက်ဒဏ်ရာရမှုများတဲ့ မက္ကာဟ်က ဒီအဖြစ်အပျက်အတွက် ကျွန်တော် တုန်လှုပ်မိပြီး ၀မ်းလည်း ၀မ်းနည်းမိပါတယ်။ ထိခိုက်ခဲ့သူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ကြေကွဲရပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး ဖိလစ် ဟမ်မွန်က ပြောကြားခဲ့သည်။
    ထိုအဖြစ်အပျက်အတွက် ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်များကလည်း ၀မ်းနည်းကြောင်း ပြောကြားခဲ့သည်။ အိုအိုင်စီအဖွဲ့မှ အထွေထွေအတွင်းရေးမှူး အီယဒ် အေမင် မဒနီက ထိုအဖြစ်အပျက်အတွက် ၀မ်းနည်းမိပြီး၊ သေဆုံးသွားသူများအနေဖြင့် ကောင်းရာမွန်ရာ ရောက်ပါစေကြောင်း၊ ဒဏ်ရာသူများအနေဖြင့် အလျင်အမြန် ပျောက်ကင်းသက်သာပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးခဲ့သည်။
    အီဂျစ်နိုင်ငံရှိ အလ်-အဇ်ဟာရ် ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်အီမာမ် ရှိခ်အဟ်မဒ် အလ်- တိုင်ယစ်ဘ်ကလည်း ထိုအဖြစ်အပျက်အတွက် ၀မ်းနည်းကြောင်း ပြောကြားခဲ့ကာ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် ဆုမွန်ကောင်း တောင်းပေးခဲ့သည်။
    အာရပ်လိဂ်အဖွဲ့မှ အထွေထွေအတွင်းရေးမှူး နဘီ အလ်အာရာဘီက မက္ကာဟ်ရှိ မြင့်မြတ်သော ဗလီဝတ်ကျောင်းတော်တွင် ထိုကဲ့သို့ ကရိန်းပြုကျမှုအတွက် ၀မ်းနည်းမိပြီး၊ သေဆုံးဒဏ်ရာရသူများ၏ မိသားစုများနှင့်အတူ ထပ်တူထပ်မျှ ကြေကွဲရသည်ဟု ပြောကြားခဲ့ကာ ဒဏ်ရာရသူများ အလျင်အမြန် သက်သာပျောက်ကင်းရန် ဆုတောင်းခဲ့သည်။
    Ref: Onislam
  • စံချိန်ကောင်းဖြင့် မေ၀ယ်သာ လက်ဝှေ့လောကကို နှုတ်ဆက်
    စံချိန်ကောင်းဖြင့် မေ၀ယ်သာ လက်ဝှေ့လောကကို နှုတ်ဆက်
    စက်တင်ဘာ ၁၃၊ ၂၀၁၅
    M-Media
    may 1
    – အမေရိကန်လက်ဝှေ့ကျော် မေ၀ယ်သာမှာ ယနေ့ထိုးသတ်သည့်ပွဲတွင် တစ်နိုင်ငံတည်းသား အန်ဒရေဘာတိုအား အနိုင်ရကာ ရှုံးပွဲမရှိစံချိန်ဖြင့် လက်ဝှေ့လောကကို လက်ပြနှုတ်ဆက်ခဲ့ပြီဖြစ်သည်။
    လက်စ်ဗီးဂက်စ်ရှိ MGM Grand တွင် ထိုးသတ်ခဲ့သည့် အဆိုပါပွဲတွင် ဒိုင်လူကြီးများ၏ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက်ဖြင့် မေ၀ယ်သာက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    ၁၂ ချီအပြည့် ထိုးသတ်ခဲ့ရပြီး မေ၀ယ်သာမှာ တတိယအချီနှင့် သတ္တမအချီတွင်သာ အားနည်းခဲ့ကာ ကျန်အချီများတွင် ကမ္ဘာ့ချန်ပီယံဟောင်း ဘာတိုအား အသာစီး ထိုးသတ်နိုင်ခဲ့သည်။
    ယခုပွဲအနိုင်ကြောင့် မေ၀ယ်သာမှာ ကစားသမားဘ၀သက်တမ်းတစ်လျှောက် ၄၉ ပွဲထိုးသတ်ရာတွင် ရှုံးပွဲမရှိခဲ့ဘဲ ဂန္တ၀င် ဟဲဗီးဝိတ်ချန်ပီယံ ရော့ကီ မာစီယာနိုတင်ထားသည့် စံချိန်နှင့် တူညီခဲ့ပြီဖြစ်သည်။ မေ၀ယ်သာမှာ ယခုပွဲပြီးပါက လက်ဝှေ့လောကမှ အနားယူတော့မည်ဟု စောစောပိုင်းကတည်းက ပြောကြားထားသည်။
    “ဘယ်အချိန် ဘာလုပ်ရမလဲဆိုတာ၊ ဘယ်အချိန် အနားယူရမလဲဆိုတာ သိရမှာပါ။ ကျွန်တော် ၄၀ နား ကပ်နေပါပြီ။ ကျွန်တော် ၁၉ နှစ်လုံးလုံး နိုင်လာခဲ့တယ်။ ကမ္ဘာ့ချန်ပီယံအဖြစ် ၁၅ နှစ်ရှိခဲ့တယ်။ နောက်ထပ် အောင်မြင်ဖို့ ဘာမှမရှိတော့ပါဘူး။ စံချိန်တွေအားလုံးကို ကျွန်တော် ချိုးပြီးပါပြီ” ဟု မေ၀ယ်သာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    Ref: Dailymail
  • ရော်နယ်ဒိုမှာ သမိုင်းတွင် နေရာတစ်နေရာ ရခဲ့ပြီဟု ဘင်နီတက်ဇ်ပြော
    ရော်နယ်ဒိုမှာ သမိုင်းတွင် နေရာတစ်နေရာ ရခဲ့ပြီဟု ဘင်နီတက်ဇ်ပြော
    စက်တင်ဘာ ၁၃၊ ၂၀၁၅
    M-Media
    rnd
    – အက်စ်ပန်ညိုနှင့်ပွဲတွင် ဂိုးမြူးခဲ့သည့် ရော်နယ်ဒိုအား ရီးယဲလ်နည်းပြ ဘင်နီတက်ဇ်က ချီးကျူးလိုက်ပြီး သမိုင်းတွင် နေရာတစ်နေရာ ရခဲ့ပြီဟု ပြောကြားခဲ့သည်။
    ယမန်နေ့က ကစားခဲ့သည့် ထိုပွဲတွင် ရီးယဲလ်မှာ ၆ ဂိုး ပြတ်ဖြင့် အနိုင်ရခဲ့ပြီး ပြီးခဲ့သည့်ပွဲများတွင် ဂိုးပေါက်ပျောက်မှုအတွက် ဝေဖန်ခံနေရသည့် ရော်နယ်ဒိုက ၅ ဂိုး သွင်းယူပေးခဲ့သည်။
    ထို့ကြောင့် ရော်နယ်ဒိုမှာ ရီးယဲလ်အတွက် ပွဲပေါင်း ၂၀၃ ပွဲကစားခဲ့ပြီး ဂိုး ၂၃၀ သွင်းယူထားနိုင်ကာ ဂန္တ၀င်တိုက်စစ်မှူး ရာအူးလ်၏ ရီးယဲလ်အတွက် သွင်းဂိုးအများဆုံးစံချိန် ၂၂၈ ဂိုးကို ကျော်ဖြတ်သွားပြီးဖြစ်သည်။ ရာအူးလ်မှာ ထိုစံချိန်အတွက် ပွဲပေါင်း ၅၅၀ ကစားခဲ့ရသည်။
    နည်းပြဘင်နီတက်ဇ်ကမူ ရော်နယ်ဒိုကို ချီးကျူးခဲ့ပြီး ရော်နယ်ဒိုမှာ သမိုင်းတွင် နေရာတစ်နေရာ ရခဲ့ပြီဟု ဆိုသည်။ သို့သော်လည်း အသင်းမှာ မပြည့်စုံသေးဟု ပြောကြားခဲ့သည်။
    “သွင်းဂိုးအရေအတွက်တွေက စကားပြောနေပါတယ်။ သမိုင်းမှာ သူက နေရာတစ်နေရာ ရှိခဲ့ပါပြီ။ သူ့ရဲ့ မှတ်တမ်းတွေကို ထပ်ပေါင်းထည့်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒီလိုရလဒ်နဲ့ အောင်မြင်မှုရတဲ့အခါ အသင်းအကြောင်းကို ကျွန်တော်ပြောရမယ်ဆိုရင်၊ ရော်နယ်ဒို ၅ ဂိုး သွင်းပြီး ၆ ဂိုးပြတ်နဲ့ နိုင်တာကို မီးမောင်းထိုးပြတာကလွဲလို့ ဘာမှ မရှိပါဘူး။ တိုးတက်ဖို့ လိုတာတွေက အမြဲတမ်းရှိနေပြီး ဒါတွေကို ကျွန်တော်တို့ လုပ်ရမှာပါ” ဟု ဘင်နီတက်ဇ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
    ရီးယဲလ်မှာ လာလီဂါ ၃ ပွဲကစားပြီးချိန်တွင် ၁၁ ဂိုး သွင်းယူထားနိုင်ပြီး ပေးဂိုးမရှိသေးဘဲ၊ ဘင်နီတက်ဇ်က ထိုမျှတမှုအတွက် ကျေနပ်သည်ဟုဆိုသည်။
    Ref: Goal
  • ဆီးရီးယားဒုက္ခသည် ၂ သန်းကျော်ကို အခမဲ့ ကျန်းမာရေးနှင့် ပညာသင်ခွင့်ပေးကာ စောင့်ရှောက်ထားဟု ဆော်ဒီပြော
    ဆီးရီးယားဒုက္ခသည် ၂ သန်းကျော်ကို အခမဲ့ ကျန်းမာရေးနှင့် ပညာသင်ခွင့်ပေးကာ စောင့်ရှောက်ထားဟု ဆော်ဒီပြော
    စက်တင်ဘာ ၁၃၊ ၂၀၁၅
    M-Media
    sau
    – ၂၀၁၁ ခုနှစ် ဆီးရီးယားပဋိပက္ခ စဖြစ်သည့် အချိန်ကတည်းက ယနေ့အချိန်အထိ အတိဒုက္ခရောက်နေသော ဆီးရီးယားပြည်သူ ၂.၅ သန်းခန့်ကို မိမိတို့က လက်ခံထားသည်ဟု ဆော်ဒီနိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြားလိုက်သည်။
    “ဆော်ဒီဟာ ဆီးရီးယားက ခိုလှုံလာသူတွေကို ဒုက္ခသည်လို မဆက်ဆံပါဘူး။ သူတို့ဟာ သာမန်အသိုင်းအ၀ိုင်းမှာ နေရတာဖြစ်ပြီး ဒုက္ခသည်စခန်းမှာ နေရတာမျိုး မဟုတ်ပါဘူး”
    ထို့ပြင် ၎င်းတို့မှာ နေထိုင်ခွင့်ပါမစ်နှင့် နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်ကို ရရှိကြကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ပြဌာန်းထားသည့် ဥပဒေအရ စာသင်ကျောင်းများတွင်လည်း တက်ရောက်သင်ကြားခွင့် ရရှိကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
    ပုဂ္ဂလိကကျောင်းများတွင် တက်ရောက်သင်ကြားနေသူများမှာ တစ်သိန်းခန့်ရှိသည်ဟု ဆိုသည်။ ဥရောပတွင် ဒုက္ခသည်ပြဿနာ ကြီးထွားလာခြင်းနှင့်အတူ ထိုကိစ္စကို ဖြေရှင်းရာ၌ ဆော်ဒီ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ မှားယွင်းသော ဖော်ပြချက်များကို ဆော်ဒီက ယခုကဲ့သို့ ကြေညာချက်ထုတ်ကာ ဖြေရှင်းခဲ့ခြင်း ဖြစ်သည်။
    “နိုင်ငံအတွင်းမှာရှိတဲ့ ဆီးရီးယားပြည်သူတွေဟာ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရပါတယ်။ အခြားသော နိုင်ငံခြားသားတွေလို ပုဂ္ဂလိကကုမ္ပဏီတွေမှာ အလုပ်လုပ်ဖို့လည်း သူတို့ကို ခွင့်ပြုထားပါတယ်” ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြားခဲ့သည်။
    ယခုနှစ် မတ်လက ကူဝိတ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာအလှူရှင်များ၏ တတိယအကြိမ်မြောက် ညီလာခံတွင် သတ်မှတ်ချက်အရ ဆီးရီးယား ဒုက္ခသည်များကို ကူညီရန် ကန်ဒေါ်လာ သန်း ၇၀၀ ကို ဆော်ဒီက သုံးစွဲခဲ့သည်။ ဆီးရီးယားနှင့် အီရတ်မှ ဒုက္ခသည်များကို ဂျော်ဒန်၊ တူရကီနှင့် လက်ဘနွန်နိုင်ငံများတွင်လည်း ခိုလှုံခွင့် ပေးထားသည်။
    ဂျော်ဒန်နှင့် လက်ဘနွန်နိုင်ငံများရှိ ဆီးရီးယားဒုက္ခသည်များကို ကူညီရာတွင် ဆော်ဒီမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ကာ အစားသောက်၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ဆေးဝါးနှင့် အ၀တ်အစားများ အပါအ၀င် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီများကို ပေးပို့လျက်ရှိနေသည်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။
    ပဋိပက္ခကြောင့် နိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်လာကြသည့် ယီမင်ပြည်သူများ အလုပ်အကိုင်ရရှိရေးအတွက် ၎င်းတို့အား နေထိုင်ခွင့်ပါမစ် ထုတ်ပေးရန် ဆော်ဒီဘုရင် ဆလ်မန်က ယခုနှစ်အတွင်း အမိန့်ပေးခဲ့သည်။
    Ref: Arabnews
  • မာရှယ်ကို အလွန်အကျွံ မမျှော်လင့်ရန် ဗန်ဂါးလ် သတိပေး
    မာရှယ်ကို အလွန်အကျွံ မမျှော်လင့်ရန် ဗန်ဂါးလ် သတိပေး
    စက်တင်ဘာ ၁၃၊ ၂၀၁၅
    M-Media
    mu
    – မန်ယူအတွက် ပထမဆုံးပွဲတွင် ခြေစွမ်းပြ ဂိုးသွင်းယူပေးနိုင်ခဲ့သော်လည်း လူငယ်တိုက်စစ်မှူး အန်သိုနီ မာရှယ်အပေါ် ပရိတ်သတ်များအနေဖြင့် မျှော်လင့်ချက် အလွန်အကျွံ မထားရန် နည်းပြဗန်ဂါးလ်က သတိပေး ပြောကြားလိုက်သည်။
    ယမန်နေ့က လီဗာပူးလ်အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သောပွဲတွင် အသက် ၁၉ နှစ်အရွယ် မာရှယ်မှာ လူစားဝင်ကစားခဲ့ပြီး အသင်းအတွက် တတိယမြောက်အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။
    သို့သော်လည်း ဗန်ဂါးလ်ကမူ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်းတန် တိုက်စစ်မှူးအပေါ် အလွန်အကျွံ မျှော်လင့်မနေရန် သတိပေးခဲ့ပြီး ၎င်းအသက်အရွယ်နှင့် ပွဲတိုင်းတွင် ကောင်းနေမည်ဟု မျှော်လင့်၍ မရကြောင်း ပြောကြားခဲ့သည်။
    “အရမ်းကောင်းတဲ့ ဂိုးပါပဲ။ ဒါကိုတော့ ကျွန်တော် မငြင်းနိုင်ပါဘူး။ ဒါပေမယ့် သူက ၁၉ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ ဓလေ့ထုံးတမ်းအသစ်နဲ့ နေသားကျရမှာဖြစ်ပြီး ပရီးမီးယားလိဂ်နဲ့လည်း အံဝင်ခွင်ကျ ဖြစ်ရပါမယ်။ လီဗာပူးလ်က ဂိုးလိုနေတဲ့အချိန်မှာ သူ့ကို ပွဲထုတ်ဖို့ နည်းပြတစ်ယောက်အတွက် ကောင်းမွန်တဲ့ အချိန်ပါပဲ။ ဒါမှသာ သူက ကစားဖို့ နေရာရမှာပါ။ သူ့ရဲ့ အဆုံးသတ်မှုကတော့ လက်ဖျားခါလောက်ပါတယ်” ဟု ဗန်ဂါးလ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ထိုကဲ့သို့ စွမ်းဆောင်နိုင်ခြင်းက မာရှယ်အတွက် တွန်းအားဖြစ်သော်လည်း ၎င်း၏ အသက်အရွယ်နှင့် ခြေစွမ်းကောင်းကို ထိန်းထားမည်ဟု မျှော်လင့်၍မရကြောင်း၊ အသက် ၁၉၊ ၂၀၊ ၂၁ အရွယ်ရှိ ကစားသမားများမှာ အတက်အကျ ရှိမည်ဖြစ်ကြောင်း ဗန်ဂါးလ်က ထပ်လောင်းပြောကြားခဲ့သည်။
    ယခုပွဲအနိုင်ကြောင့် မန်ယူမှာ ရာနှုန်းပြည့် နိုင်ပွဲရထားသည့် မန်စီးတီးအသင်း၏အောက် ဒုတိယနေရာတွင် ရှိနေပြီး ဗန်ဂါးလ်ကလည်း အသင်း၏ စွမ်းဆောင်ရည်ကို ကျေနပ်နေသည်။
    Ref: Goal