News @ M-Media

Blog

  • ဂျိုကိုဗစ်၊ ဖက်ဒါရာနှင့် ၀ါဝရင်ကာတို့ ယူအက်စ်အိုးပင်း ဆီမီးဖိုင်နယ်သို့ တက်ရောက်

    ဂျိုကိုဗစ်၊ ဖက်ဒါရာနှင့် ၀ါဝရင်ကာတို့ ယူအက်စ်အိုးပင်း ဆီမီးဖိုင်နယ်သို့ တက်ရောက်

    စက်တင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    aa

    – အမေရိကန်ပြည်ထောင်စုတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသား ကွာတားဖိုင်နယ်ပွဲစဉ်များတွင် ထိပ်တန်း ကစားသမားများဖြစ်သော ဂျိုကိုဗစ်၊ ဖက်ဒါရာနှင့် ၀ါဝရင်ကာတို့ အနိုင်ရရှိခဲ့သည်ဟု သိရသည်။

    ကမ္ဘာ့နံပါတ် ၁ ဂျိုကိုဗစ်မှာ နိုင်ခြေအဆင့် ၁၈ ရ စပိန်တင်းနစ်သမား ဖီလီစီယာနို လိုပက်ဇ်နှင့် တွေ့ဆုံခဲ့ပြီး လိုပက်ဇ်၏ စပေးဘောများနှင့် ဗောလီရိုက်ချက်များက ဂျိုကိုဗစ်အား အကောင်းဆုံး ဒုက္ခပေးနိုင်ခဲ့သည်။

    ပထမပွဲငယ်တွင် ၆-၁ ဖြင့် ဂျိုကိုဗစ်က အပြတ်အသတ် အနိုင်ရခဲ့သော်လည်း ဒုတိယပွဲငယ်တွင် လက်ရည်တက်လာသော လိုပက်ဇ်ကို ၆-၃ ဖြင့် ပြန်လည်ရှုံးနိမ့်ခဲ့သည်။ သို့သော်လည်း တတိယပွဲငယ်တွင် ၆ -၃ ဖြင့် အနိုင်ကစားခဲ့ပြီး စတုတ္ထပွဲငယ်တွင်လည်း တိုင်းဘရိတ်အထိရိုက်ကာ ၇-၆ ဖြင့် အနိုင်ရခဲ့သောကြောင့် ဂျိုကိုဗစ်မှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

    သြစတေးလျအိုးပင်းနှင့် ၀င်ဘယ်လ်ဒန်တို့တွင် အနိုင်ရဗိုလ်စွဲခဲ့သည့် ဂျိုကိုဗစ်မှာ ယခုနှစ်အတွင်း တတိယမြောက် ဂရန်စလမ်ဆုဖလားအား ဆွတ်ခူနိုင်ရန် နီးစပ်လာပြီဖြစ်သည်။

    အခြား ကွာတားဖိုင်နယ်ပွဲဖြစ်သည့် ဆွစ်ဇာလန်မှ ရော်ဂျာဖက်ဒါရာနှင့် ပြင်သစ်မှ ဂက်စ်ကတ်တို့၏ ပွဲတွင် ဖက်ဒါရာက ၆-၃၊ ၆-၃၊ ၆-၁ ဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်နိုင်ခဲ့သည်။ ထိုသို့ တက်ရောက်နိုင်ခြင်းမှာ ဖက်ဒါရာ၏ ဂရန်းစလမ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ ၃၈ ကြိမ်မြောက် တက်ရောက်နိုင်ခြင်းလည်း ဖြစ်သည်။

    အခြား ဆွစ်ဇာလန် တင်းနစ်အကျော်အမော် စတန်ဝါ၀ရင်ကလည်း စတုတ္ထအဆင့်တွင် နာမည်ကြီး အန်ဒီမာရေးအား ဖြုတ်ချနိုင်ခဲ့သည့် စတီဗင်အန်ဒါဆန်ကို ၆-၄၊ ၆-၄၊ ၆-၀ ဖြင့် အနိုင်ရရှိခဲ့သည်။

    ဂျိုကိုဗစ်မှာ လက်ရှိချန်ပီယံ စီလစ်နှင့် ဆီမီးဖိုင်နယ်တွင် တွေ့ဆုံရမည်ဖြစ်ပြီး၊ ဖက်ဒါရာက တစ်နိုင်ငံတည်းသား ၀ါဝရင်ကာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

    Ref: Dialymail

  • ဆူမားတြားတောမီးကို ထိန်းချုပ်ရန် အင်ဒိုနီးရှား ကြိုးပမ်းနေ

    ဆူမားတြားတောမီးကို ထိန်းချုပ်ရန် အင်ဒိုနီးရှား ကြိုးပမ်းနေ

    စက်တင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    ind

    – ဆူမားတြားကျွန်း တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် တောမီးလောင်မှု အခြေအနေကို ထိန်းချုပ်ရန်အတွက် အင်ဒိုနီးရှား စစ်တပ်က စစ်သား ၁၀၀၀ ကျော်ကို ယနေ့မနက်ပိုင်းတွင် ဂျကာတာ လေတပ်အခြေစိုက်စခန်းမှ စေလွှတ်လိုက်သည်ဟု သိရသည်။

    အင်ဒိုနီးရှားရဲတပ်ဖွဲ့မှာ တောမီးလောင်သည့် နေရာ ၁၄ နေရာကို ဖော်ထုတ်နိုင်ခဲ့ပြီး အာဏာပိုင်များကမူ ထိုနေရာများမှာ စိုက်ပျိုးရေးကုမ္ပဏီများမှ ပိုင်ဆိုင်သည့် နေရာများဖြစ်သည်ဟု ဆိုသည်။ မီးလောင်သည့်နေရာများမှ အချို့မှာ အမျိုးသား ပန်းခြံများမှ နေရာများဖြစ်သည်။

    အင်ဒိုနီးရှား သဘာဝန်ပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ၀န်ကြီးဌာန ၀န်ကြီး စီတီ နူရ်ဘာယာ ဘာကာရ်က “ကိုသြဒိနိတ်မျဉ်းတွေကိုသုံးပြီး မီးလောင်နေတဲ့နေရာတွေကို ကျွန်မတို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် မီးလောင်မှုကြောင့် တစ်ဦးတစ်ယောက်ချင်းစီတင် မကပါဘူး။ စိုက်ပျိုးရေးကုမ္ပဏီတွေကိုလည်း ထိခိုက်ပါတယ်” ဟု ပြောကြားခဲ့သည်။

    သမ္မတ ဂျိုကို ၀ီဒိုဒိုကမူ ကုမ္ပဏီပိုင်မြေများတွင် မီးလောင်မှုများအတွက် အဆိုပါ စိုက်ပျိုးရေးကုမ္ပဏီများက တာဝန်ယူရမည်ဟု ဆိုသည်။ သို့သော်လည်း မီးရှို့သူများကို တွေ့ရှိခဲ့လျှင်ပင် တိုင်းပြည်၏ ရှုပ်ထွေးသော တရားရေးလုပ်ငန်းစဉ်အရ ၎င်းတို့အား တရားစွဲဆိုရန် အခက်အခဲများ ရှိမည်ဖြစ်သည်။

    ရဲတပ်ဖွဲ့နှင့် စစ်တပ်ပါဝင်သော စုပေါင်းအဖွဲ့များမှာ မီးငြှိမ်းသက်ရန် ကြိုးစားနေပြီး မီးခိုးများမှာ ဆူမားတြားပြည်နယ်မှ ကာလီမန်တန်ပြည်နယ်အထိ ပြန့်နှံ့နေပြီဖြစ်သည်။ မီးခိုးများကြောင့် ကျောင်းများနှင့် လေဆိပ်များကိုလည်း ပိတ်ပစ်ခဲ့ရသည်။

    အဆိုပါ မီးခိုးများမှာ အိမ်နီးချင်း စင်ကာပူနှင့် မလေးရှားနိုင်ငံတို့အထိလည်း ရောက်ရှိခဲ့ပြီး ထိုနိုင်ငံများမှ လေထုအရည်အသွေးမှာ ကျန်းမာရေးအတွက် အန္တရာယ်ရှိသည့် အဆင့်သို့ပင် ရောက်ရှိနေသည်။

    Ref: Channelnewsasia

  • ရော်နယ်ဒိုကိုခေါ်ယူရန် ယူရို ၁ ဘီလီယံ သုံးရမည်ဟု ရီးယဲလ် သတိပေး

    ရော်နယ်ဒိုကိုခေါ်ယူရန် ယူရို ၁ ဘီလီယံ သုံးရမည်ဟု ရီးယဲလ် သတိပေး

    စက်တင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    rnl

    – မိမိတို့ တိုက်စစ်မှူး ရော်နယ်ဒိုအား ခေါ်ယူချင်ပါက ပီအက်စ်ဂျီအသင်းမှာ ယူရို ၁ ဘီလီယံ အသုံးပြုရမည်ဟု ရီးယဲလ်ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က သတိပေး ပြောကြားလိုက်သည်။

    ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းမှာ လွန်ခဲ့သည့် ၂ နှစ်စလုံး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရရှိခဲ့သည့် ရော်နယ်ဒိုအား ခေါ်ယူရန် အချိန်အတော်အကြာကတည်းက ကြိုးပမ်းနေခဲ့ပြီး လာမည့်နှစ် နွေရာသီတွင် အရ ခေါ်ယူသွားမည်ဟု ကောလဟာလများလည်း ထွက်ပေါ်နေသည်။

    သို့သော်လည်း ရီးယဲလ်ဥက္ကဌ ပီရက်ဇ်ကမူ ပီအက်စ်ဂျီအနေဖြင့် ကမ္ဘာ့ စံချိန်တင်ပြောင်းရွှေ့ကြေးကို မပေးနိုင်သမျှ ကာလပတ်လုံး မိမိတို့အသင်း၏ တိုက်စစ်မှူးကို ခေါ်ယူရန် အခွင့်အရေးမရှိဟု ပြောကြားခဲ့သည်။

    “တကယ်လို့ ပီအက်စ်ဂျီဟာ ရော်နယ်ဒိုကို ခေါ်ချင်ရင် ယူရို ၁ဘီလီယံလောက် ပေးရပါမယ်။ ဘောလုံးလောကမှာ ဘယ်သူမှ ဆရာမရှိပါဘူး။ ဒါပေမယ့် သူ့ကို ကျွန်တော်တို့ ၂၀၁၆ မှာလည်း မရောင်းချင်ပါဘူး။ သူ့နဲ့ စာချုပ် ၃ နှစ်လောက် ကျန်နေပါသေးတယ်” ဟု ပီရက်စ်က Cadena COPE သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ပရိတ်သတ်များ၏ ညိုငြင်မှုကို ခံနေရသည့် နောက်ခံလူ ဂျရတ်ပီကေးနှင့်ပတ်သက်သော ကောလဟာလများ အကြောင်းကိုလည်း ပီရက်ဇ်က ကာကွယ်ပြောကြားခဲ့သည်။

    “လူဟာ တစ်ခါတစ်လေမှာ အမှားလုပ်တတ်တာ ဓမ္မတာပါပဲ။ ဒါပေမယ့် ကွင်းထဲမှာ ၀ိုင်းလှောင်တာကတော့ မှန်တယ်လို့ ယူဆလို့ မရပါဘူး။ စပိန်အသင်းအင်္ကျီကို ၀တ်မထားတဲ့ သူကိုတောင်မှ ဒီလိုမလုပ်ရပါဘူး။ ကျွန်တော် သူ့အတွက် စိတ်မကောင်းပါဘူး”

    Ref: Goal

  • တရုတ်ကုန်သွယ်ရေးဘဏ် ICBC မှ ဘဏ်ခွဲတစ်ခု ရန်ကုန်တွင် ဖွင့်လှစ်

    တရုတ်ကုန်သွယ်ရေးဘဏ် ICBC မှ ဘဏ်ခွဲတစ်ခု ရန်ကုန်တွင် ဖွင့်လှစ်

    စက်တင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    chin

    – တရုတ် စက်မှုလက်မှုနှင့် ကုန်သွယ်ရေးဘဏ် ICBC ၏ ဘဏ်ခွဲတစ်ခုကို ရန်ကုန်မြို့တွင် စတင်ဘာ ၈ ရက်၊ အင်္ဂါနေ့က ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်သည့် ပထမဆုံး တရုတ် ကုန်သွယ်ရေးဘဏ် ဖြစ်သည်ဟု စင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

    ICBC ဘဏ်မှာ နိုင်ငံအတွင်း ဘဏ်ခွဲများဖွင့်နိုင်ကာ ပြည့်ဝသော ဘဏ်လုပ်ငန်းဝန်ဆောင်မှု ပေးနိုင်ရန် မြန်မာအစိုးရက ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် လုပ်ငန်းလိုင်စင်ချပေးခဲ့သည့် နိုင်ငံခြားဘဏ် ၉ ခုထဲမှ တစ်ခုဖြစ်သည်ဟု ဆိုသည်။

    ဘဏ်ဖွင့်ပွဲအခမ်းအနားတွင် ICBC ဘဏ်ဥက္ကဌ ယီဟွေမန်းက ယခုကဲ့သို့ ဘဏ်ခွဲဖွင့်နိုင်ခြင်းမှာ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရာတွင် အရေးပါသော အောင်မြင်မှုကို ဖော်ပြနေသည်ဟုဆိုပြီး မိမိတို့ဘဏ်၏ ကမ္ဘာတစ်ဝှမ်း ဘဏ်ခွဲများဖွင့်ရာတွင် အရေးပါသည့် သမိုင်းမှတ်တိုင်လည်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံတွင် ဘဏ်ခွဲမဖွင့်ခင် ICBC ဘဏ်မှာ အရှေ့တောင်အာရှ ၁၀ နိုင်ငံ၌ ၇ နိုင်ငံတွင် ဘဏ်ခွဲများ ဖွင့်လှစ်ထားရှိခဲ့သည်ဟု ယီက ထည့်သွင်းပြောကြားခဲ့သည်။

    ICBC မှာ မြန်မာနိုင်ငံမှ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ရိုးမဘဏ်နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ဆက်စပ်သည့် ရန်ပုံငွေများ တိုက်ရိုက်စီးဆင်းရေးကို ဆေင်ရွက်ရန် သဘောတူညီချက်တစ်ခုကိုလည်း ဖွင့်ပွဲအခမ်းအနားတွင် လက်မှတ်ရေးထိုးခဲ့သည်ဟု ရိုးမဘဏ်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ICBC မှာ ဘဏ်လုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းများအတွက် တရုတ်ကုမ္ပဏီအချို့နှင့်လည်း သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်ဟု စင်ဟွာက ထည့်သွင်းဖော်ပြခဲ့သည်။

    ပြီးခဲ့သည့်အောက်တိုဘာလက နိုင်ငံခြား ဘဏ် ၉ ခုကို လုပ်ငန်းလိုင်စဉ် ချပေးမှုမှာ နှစ်ပေါင်း ၅၀ နီးပါးအတွင်း ပထမဆုံးလည်းဖြစ်သည်။ နိုင်ငံခြားဘဏ်များမှာ ဘဏ်လုပ်ငန်းများကို အပြည့်အ၀ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများနှင့် ပြည်တွင်းဘဏ်များကို ငွေချေးနိုင်ခွင့် ရှိမည်ဖြစ်သည်။

    ထို့ပြင် ပြည်တွင်း ကုမ္ပဏီများကို ပြည်တွင်းဘဏ်များမှတစ်ဆင့် ငွေချေးခြင်း သို့မဟုတ် ပြည်တွင်းဘဏ်များနှင့် မိတ်ဖက်အဖြစ်ဆောင်ရွက်ကာ ပြည်တွင်းကုမ္ပဏီများအား နှစ်ရှည်ချေးငွေများ ပေးခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။

    Ref: en.yibada

  • ဗြိတိန်မှ မိန်းကလေးငယ်တစ်ဦး အိုင်းစတိုင်းနှင့် ဟော့ကင်းတို့ထက် IQ မြင့်

    ဗြိတိန်မှ မိန်းကလေးငယ်တစ်ဦး အိုင်းစတိုင်းနှင့် ဟော့ကင်းတို့ထက် IQ မြင့်

    စက်တင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    bri

    – ဗြိတိန်မှ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်လေးမှာ ကမ္ဘာကျော် သိပ္ပံပညာရှင်များ ဖြစ်ကြသော အဲလ်လဘတ်အိုင်းစတိုင်းနှင့် စတီဖင်ဟော့ကင်းတို့ထက် ဥာဏ်ရည် (IQ) ပိုမြင့်ကြောင်း တွေ့ရှိခဲ့ရသည်ဟု သိရသည်။

    လီဒီယာ စီဘက်စတီယန်ဆိုသူဖြစ်ပြီး ဗြိတိန် Mensa ၏ IQ စစ်ဆေးသည့် မေးခွန်းဖြစ်သော Cattell III B တွင် အမှတ်ပေါင်း ၁၆၂ မှတ်ရရှိခဲ့ကာ ထိုသို့ ရရှိမှုက အိုင်းစတိုင်းနှင့် ဟော့ကင်းတို့ထက် IQ မြင့်ကြောင်းကို ပြသနေခြင်းလည်း ဖြစ်သည်။

    သို့သော်လည်း ကိုချက်စတာ ကောင်တီ အထက်တန်းကျောင်းတွင် တက်ရောက်နေသည့် ၎င်းက မိမိအနေဖြင့် ထိုနှိုင်းယှဉ်မှုကို စိတ်တိုင်းမကျဟု ဆိုသည်။

    “အဲလ်လဘတ်အိုင်းစတိုင်းနဲ့ စတီဖင်ဟော့ကင်းတို့လိုမျိုး ကြီးကျယ်တဲ့ ပညာရှင်တွေနဲ့ သမီး နှိုင်းယှဉ်နိုင်တယ်လို့ မထင်ပါဘူး။ သူတို့က အောင်မြင်မှုတွေ အများကြီး ရခဲ့တာပါ။ ဒီနှိုင်းယှဉ်မှုဟာ မှန်ကန်တယ်လို့ သမီး မထင်ပါဘူး” ဟု လီဒီယာက ပြောကြားခဲ့သည်။

    သူမမှာ အဆိုပါ ဥာဏ်စမ်းမေးခွန်းကို ဖြေဆိုရန် မိဘများအား ပူဆာခဲ့ပြီးနောက် နွေရာသီကျောင်းပိတ်ရက်တွင် ဖြေဆိုခဲ့ခြင်းဖြစ်သည်။ လီဒီယာကမူ မေးခွန်းများမှာ ထင်သလောက်မခက်ဟု ဆိုသည်။

    “မဖြေခင်မှာ သမီး တကယ့်ကို ကြောက်ခဲ့ပြီး တော်တော်ခက်ခဲမယ်လို့လည်း ထင်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်စဖြေတဲ့အခါမှာ ထင်ထားတာထက် ပိုလွယ်နေတယ်လို့ သမီး သိခဲ့ပါတယ်”

    ကျောင်းပြီးသွားသည့်အခါ မည့်သည့်လိုင်း လိုက်ရမည်ကို လီဒီယာက မဆုံးဖြတ်ရသေးဘဲ၊ သင်္ချာမှာ မိမိ၏ အကြိုက်ဆုံး ဘာသာရပ်များထဲမှ တစ်ခုဖြစ်သောကြောင့် သင်္ချာနှင့်ပတ်သက်သည့် ဘာသာရပ်ကိုပင် ယူဖြစ်မည်ဟု ဆိုသည်။

    “သမီး လုပ်သွားမယ့်အရာအားလုံးကို တတ်နိုင်သလောက် ကြိုးကြိုးစားစား လုပ်သွားမှာပါ။ ပြီးတော့မှ ဘယ်နေရာရမလဲ ကြည့်တာပေါ့” ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ Cattell III စစ်ဆေးမှုတွင် အရွယ်ရောက်ပြီးသူများ အများဆုံး ရရှိထားသည့်အမှတ်မှာ ၁၆၁ မှတ်ဖြစ်ပြီး လီဒီယာက ၁၆၂ မှတ် ရခဲ့သောကြောင့် လာရောက်ဖြေဆိုသူများထဲမှ ထိပ်ဆုံး ၁ ရာခိုင်နှုန်းစာရင်းတွင် မှတ်တမ်းဝင်ခဲ့သည်။

    Ref: CNN