News @ M-Media

Blog

  • အိုမီခရွန်ရန်ကြောင့် အွမ္မရာဘုရားဖူးခရီးစဉ်ကို မလေးရှားက ခွင့်မပြုတော့

    ဇန်နဝါရီ ၂၊ ၂၀၂၂
    M-Media

    -ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်(Omicron) ကူးစက်မှုကို တားဆီးနိုင်ဖို့အတွက် ဇန်နဝါရီ ၈ ရက်နောက်ပိုင်း ဆော်ဒီအာရေဗျနိုင်ငံဆီ အွမ္မရာဘုရားဖူးခရီးသွားရောက်မှုကို မလေးရှားက ပိတ်ပင်လိုက်ပါတယ်။

    ဒီဇင်ဘာ ၃၁ ရက်နေ့အထိ မလေးရှားမှာ အိုမီခရွန်ကူးစက်မှု ၆၄ ခု ရှိခဲ့ပြီး အဲဒီအထဲက ၃၂ ခုဟာ အွမ္မရာသွားသူတွေနဲ့ စက်ဆပ်နေတာပါ။ အွမ္မရာပြန်လာသူကနေ လူအများအပြား ကိုဗစ်ကူးစက်မှုကလည်း ၉ နေရာလောက် ရှိနေပါတယ်။

    မလေးရှား ကျန်းမာရေးဝန်ကြီး ခိုင်ရီ ဂျမာလွတ်ဒင်က အွမ္မရာပြန်လာသူတွေဟာ နေအိမ်ကွာရန်တင်းစည်းမျဉ်း ချိုးဖောက်တာတွေ ရှိနေတယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    “အွမ္မရာပြုပြီး ပြန်လာတဲ့သူတွေဟာ နေအိမ်မှာ ၇ ရက် ကွာရန်တင်းဝင်ရတယ်။ ဒါပေမယ့် ကွာရန်တင်းစည်းမျဉ်း ချိုးဖောက်တာတွေ ရှိ​ပြီး ကိုဗစ်ကူးတဲ့ အွမ္မရာဘုရားဖူးတွေကနေတစ်ဆင့် မိသားစုတွေကိုပါ ကူးစက်သွားပါတယ်”

    အဲဒီကနေ ဘုရားဖူးသူတွေကို လာရောက်တွေ့ဆုံကြတဲ့ ဆေမျိုးတွေ၊ ပတ်ဝန်းကျင်ကလူတွေပါ ကူးစက်သွားတယ်လို့လည်း ဂျမာလွတ်ဒင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အွမ္မရာဘုရားဖူးခရီးစဉ်အတွက် လေယာလက်မှတ်ဘိုကင်လုပ်မှုကိုလည်း မလေးရှားက ပိတ်ပင်လိုက်ပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့ကနေ ၇ ရက်နေ့အကြား သွားမယ့်လူတွေကို ခွင့်ပြုပေမယ့် ပြန်လာရင် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့နေရာမှာ ကွာရန်တင်းဝင်ရမယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

    Ref: CNA

  • လက်ရွေးစင်ဘောလုံးသမားများ ဆေးမင်ကြောင်မထိုးရန် တရုတ်အစိုးရက အမိန့်ထုတ်

    လက်ရွေးစင်ဘောလုံးသမားများ ဆေးမင်ကြောင်မထိုးရန် တရုတ်အစိုးရက အမိန့်ထုတ်

    ဒီဇင်ဘာ ၃၁၊ ၂၀၂၁
    M-Media

    -နိုင်ငံကိုယ်စားပြု လက်ရွေးစင်ဘောလုံးအသင်းနဲ့ ယူ-၂၃ အသင်းတွေက ကစားသမားတွေ ခန္ဓာကိုယ်မှာ ဆေးမင်ကြောင်မထိုးဖို့၊ ထိုးထားတာကို ပြန်ဖျက်တာ ဒါမှမဟုတ် ဖုံးကွယ်တာတွေလုပ်ဖို့ တရုတ်အစိုးရက အမိန့်ထုတ်လိုက်ပါတယ်။

    ‘ဘောလုံးသမားများကို ပိုမိုကြပ်မတ်နိုင်ရေး အကြံပြုချက်များ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ညွှန်ကြားချက်ကို အခုတစ်ပတ် အင်္ဂါနေ့မှာ တရုတ်အစိုးရက ထုတ်ပြန်ခဲ့တာပါ။ ဘောလုံးသမားတွေ ဆေးမင်ကြောင်ထိုးထားတာဟာ လူ့အဖွဲ့အစည်းကို အတုယူမှားစေတဲ့အတွက် ဒါတွေကိုမလုပ်ဖို့ ပြင်းပြင်းထန်ထန်ထားမြစ်တယ်လို့ ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။

    “ထိုးထားတဲ့သူတွေ ကိုယ့်ဟာကိုယ် ပြန်ဖျက်ဖို့ အကြံပြုပါတယ်။ အထူးအခြေအနေမျိုးတွေမှာတော့ အသင်းရဲ့ ခွင့်ပြုချက်နဲ့ ဆေးမင်ကြောင်တွေကို လေ့ကျင့်ချိန်မှာရော၊ ပွဲကစားချိန်မှာပါ ဖုံးအုပ်ထားရပါမယ်”

    ယူ-၂၀ အသင်းအတွက် ဆေးမင်ကြောင်ထိုးထားတဲ့ ကစားသမားတွေကို မခေါ်ဖို့လည်း ညွှန်ကြားချက်မှာ ထည့်သွင်း တားမြစ်ခဲ့ပါတယ်။

    ဒီလိုတားမြစ်မှုဟာ ဘောလုံးကစားသမားတွေမှာ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်မျိုး ထွန်းကားလာဖို့၊ လူ့အဖွဲ့အစည်း အတုယူမှန်စေဖို့ ဆောင်ရွက်ရတာဖြစ်ပြီး၊ လူ့အဖွဲ့အစည်းမှာ နိုင်ငံကို ချစ်မြတ်နိုးစိတ် ဖြစ်လာစေတဲ့ ဆောင်ရွက်မှုမျိုး၊ ကစားသမားတွေရဲ့ စိတ်နေစိတ်ထား၊ တာဝန်ယူမှု၊ ဂုဏ်သိက္ခာပိုင်း တိုးတက်စေတဲ့ ဆောင်ရွက်မှုမျိုးတွေကို နိုင်ငံကိုယ်စားပြု ဘောလုံးအသင်းတွေက လုပ်ဆောင်သင့်တယ်လို့လည်း ညွှန်ကြားချက်မှာ တိုက်တွန်းခဲ့ပါတယ်။

    တရုတ်အစိုးရက ဆေးမင်ကြောင်တွေကို ပိတ်ပင်တာဟာ ဒါ ပထမဆုံးမဟုတ်ပါဘူး။

    ၂၀၁၈ ခုနှစ် ဟစ်ဟော့နဲ့ အခြား ခေတ်ပေါ်ယဉ်ကျေးမှုတွေကို နှိပ်ကွပ်မှုအတွင်း နိုင်ငံအတွင်းက ရုပ်သံတွေအနေနဲ့ ဆေးမင်ကြောင်ထိုးထားတဲ့ သရုပ်ဆောင်တွေကို မပြသဖို့ တရုတ်အစိုးရက ပိတ်ပင်ဖူးပါတယ်။ အဲဒီနောက်ပိုင်း ဆေးမင်ကြောင်ပါတဲ့ အခန်းတွေကို ဝါးထားပြီးမှ ​ရုပ်သံဌာနတွေက လွှင့်ခွင့်ရပါတယ်။

    Ref: CNN

  • မဟတ္တမ ဂန္ဒီကိုသတ်သည့် လူသတ်သမားကို ချီးကျူးသူ ဟိန္ဒူဘုန်းကြီး အဖမ်းခံရ

    မဟတ္တမ ဂန္ဒီကိုသတ်သည့် လူသတ်သမားကို ချီးကျူးသူ ဟိန္ဒူဘုန်းကြီး အဖမ်းခံရ

    ဒီဇင်ာ ၃၁၊ ၂၀၂၁
    M-Media

    -လွတ်လပ်ရေးဗိသုကာ မဟတ္တမ ဂန္ဒီကို စော်ကားပြောဆိုပြီး၊ ဂန္ဒီကို သတ်ဖြတ်တဲ့ လူသတ်သမားကို ချီးကျူးခဲ့တဲ့ ဟိန္ဒူဘုန်းကြီးကို အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

    ဂန္ဒီဟာ ၁၉၄၈ ခုနှစ် မြို့တော်ဒေလီက ဆုတောင်းပွဲတစ်ခုမှာ ဟိန္ဒူအစွန်းရောက်တစ်ဦးရဲ့ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရတာပါ။ ခေတ်​အဆက်ဆက် သဘောထားတင်းမာတဲ့ ဟိန္ဒူအဖွဲ့အစည်းတွေက ဂန္ဒီဟာ မွတ်စလင်တွေအပေါ် အရမ်းဂရုဏာသက်တယ်ဆိုပြီး ဝေဖန်ရှုတ်ချခဲ့ကြတာ ဖြစ်ပါတယ်။

    ဒီဇင်ဘာလစောပိုင်း နိုင်ငံမြောက်ပိုင်းက ဟိန္ဒူဘာသာရေးမြို့ ဟာရစ်ဒ်ဝါမှာ ပြုလုပ်တဲ့ ဘာသာရေးအခမ်းအနားမှာ ဟိန္ဒူဘုန်းကြီးတွေက ဂန္ဒီကို ရှုတ်ချပြောဆိုခဲ့သလို နိုင်ငံအတွင်းက မွတ်စလင်တွေကို လူမျိုးတုန်းသတ်ဖြတ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    ဒီဟောပြောပွဲမှာ ပါဝင်ခဲ့တဲ့ ဟိန္ဒူဘုန်းကြီး ကလီချာရန် မဟာရက်ဂျ်ကို ရဲတပ်ဖွဲ့က နိုင်ငံအလယ်ပိုင်း မဒ်ယာ ပရာဒက်ရှ်မြို့မှာ မနေ့က ဖမ်းဆီးလိုက်ပါတယ်။ ဟောပြောပွဲမှာ ဘာသာတရားနှစ်ခုအကြား အမုန်းပွားအောင် လုပ်ဆောင်မှုကြောင့် ဒီလိုဖမ်းဆီးတာလို့ ရဲတပ်ဖွဲ့ရဲ့ပြောကြားမှုကို ကိုးကားပြီး အိန္ဒိယမီဒီယာတွေက ဖော်ပြပါတယ်။

    မဟာရက်ဂျ်က ဂန္ဒီဟာ အိန္ဒိယာနိုင်ငံကို ဖျက်ဆီးခဲ့သူဖြစ်ပြီး သူ့ကိုသတ်ခဲ့တဲ့ လူသတ်သမား နာသူရမ် ဂေါ့ဒ်ဆီကို အလေးပြုတယ်လို့ တရားပွဲမှာ ထည့်ပြောခဲ့တာပါ။ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပြီး အမှုခိုင်လုံရင် တရားစွဲခံရမှာ ဖြစ်ပါတယ်။

    ဟာရစ်ဒ်ဝါက တရားပွဲမှာ ဟိန္ဒူဘုန်းကြီးတွေက မွတ်စလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုလုပ်ဖို့ တိုက်တွန်းဆော်ဩနေတဲ့ ဗီဒီယိုဟာ ဒီဇင်ဘာအလယ်ပိုင်းလောက်က ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့ပြီး နိုင်ငံတစ်ဝှမ်း ဝေဖန်မှုတွေလည်း မြင့်တက်လာပါတယ်။ ဘုန်းကြီးတွေဟာ မြန်မာစစ်တပ်က မွတ်စလင်တွေအပေါ် နှိပ်စက်သတ်ဖြတ်သလိုမျိုး လုပ်ဖို့ အိန္ဒိယစစ်တပ်၊ နိုင်ငံရေးသမားတွေနဲ့ ဟိန္ဒူတွေကို တိုက်တွန်းခဲ့တာပါ။

    အိန္ဒိယပြည်သူတွေက ဒီလိုအမုန်းတရားဟောပြောမှုတွေကို ရှုတ်ချကြောင်း နိုင်ငံတစ်ဝှမ်းမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

    တနင်္လာနေ့က နယူးဒေလီမြို့က ဆန္ဒထုတ်ဖော်မှုအတွင်း ကျောင်းသားအဖွဲ့အစည်းအများအပြားက အဖွဲ့ဝင်တွေ ပါဝင်ခဲ့ကြပါတယ်။

    Ref: Aljazeera

  • အာချေးရေပြင်တွင်မျောနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို အင်ဒိုနီးရှား ကယ်ဆယ်

    အာချေးရေပြင်တွင်မျောနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို အင်ဒိုနီးရှား ကယ်ဆယ်

    ဒီဇင်ဘာ ၃၁၊ ၂၀၂၁
    M-Media

    -အာချေးပြည်နယ်က ပင်လယ်ထဲမှာ မျောနေတဲ့ ရိုဟင်ဂျာဒုက္ခသည် စက်လှေကို အင်ဒိုနီးရှားအာဏာပိုင်တွေက ဒီကနေ့မနက် အစောပိုင်းမှာ ကယ်ဆယ်ခဲ့ပါတယ်။

    အမျိုးသမီးနဲ့ ကလေးငယ်အများစုပါဝင်ပြီး လူ ၁၀၀ ကျော်လောက်ရှိတဲ့ အဲဒီစက်လှေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက အင်ဒိုနီးရှားရေပြင်မှာ ရှိနေတာပါ။

    အစောပိုင်းက အင်ဒိုနီးရှာအာဏာပိုင်တွေဟာ ဒီဒုက္ခသည်တွေကို လက်မခံဘဲ အစားအစာ၊ ဆေးဝါးနဲ့ လောင်စာဆီတွေထောက်ပံ့ကာ လှေကို ပြင်ဆင်ပြီး ပင်လယ်ထဲ ပြန်မျှောခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒီလုပ်ရပ်ကို ဝေဖန်ပြစ်တင်ခဲ့ပြီးတဲ့နောက် ဒီကနေ့မှာ ပြန်လည် ကယ်ဆယ်ခဲ့တာပါ။

    မိုးသည်းထန်စွာရာသွန်းပြီး လှိုင်းလေထန်နေတာကြောင့် စက်လှေကမ်းကပ်ဖို့နဲ့ လူတွေကို ကယ်ဆယ်ဖို့ ၁၈ နာရီလောက် ကြာမြင့်ခဲ့ပါတယ်။ ကယ်ဆယ်ရေးကို အင်ဒိုနီးရှားရေတပ်က ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ ကယ်ဆယ်ပြီးတဲ့နောက် ကိုဗစ် ရှိ၊ မရှိ စစ်ဆေးစောင့်ကြည့်နေတယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

    အင်ဒိုနီးရှားနဲ့ မလေးရှားက ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ Geutanyoe ဖောင်ဒေးရှင်းကို ပူးတွဲတည်ထောင်သူ လီလီယာနီ ဖန်က ရိုဟင်ဂျာ ဒုက္ခသည်တွေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ရှုထောင့်ကနေ ကယ်ဆယ်ပေးခဲ့တဲ့ အင်ဒိုနီးရှားအာဏာပိုင်တွေကို ကျေးဇူးတင်ပြီး စိတ်သက်သာရာလည်း ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    “အင်ဒိုနီးရှားဟာ ဒုက္ခသည်တွေအပေါ် လူသားချင်းစာနာမှုရှိတယ်ဆိုတာကို ထပ်မံဖော်ကျူးလိုက်တာပါ။ ဒီလို တာဝန်သိသိ ဆောင်ရွက်မှုကို ချီးကျူးရုံတင်မကဘဲ ပံ့ပိုးကူညီပေးဖို့လည်း လိုအပ်ပါတယ်”

    အင်ဒိုနီးရှားရဲ့ ဒီကယ်ဆယ်မှုကို ကုလသမဂ္ဂ ဒုက္ခသည်များကူညီရေးအဖွဲ့ UNHCR ကလည်း ချီးကျူးခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ ၁၉၇၀ ပြည့်နှစ်လောက်ကစတင်ပြီး မြန်မာစစ်တပ်ရဲ့ ဖိနှိပ်ညှင်းပမ်း သတ်ဖြတ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရပြီး ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ စတဲ့ နိုင်ငံတွေမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေကြရတာ ဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေအပေါ် စစ်တပ်က ထပ်မံကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကမ္ဘာတစ်ဝှမ်းက ပိုမိုအာရုံစိုက်လာခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်အတွင်း မြန်မာနိုင်ငံက ရိုဟင်ဂျာ ၈ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးခဲ့ရပါတယ်။

    Ref: Aljazeera

  • သုတေသန ဂြိုဟ်တုများကို အီရန်က အာကာသထဲ လွှတ်တင်

    သုတေသန ဂြိုဟ်တုများကို အီရန်က အာကာသထဲ လွှတ်တင်

    ဒီဇင်ဘာ ၃၁၊ ၂၀၂၁
    M-Media

    -သုတေသနဂြိုဟ်တု ၃ ခု တင်ဆောင်ထားတဲ့ ဒုံးပျံကို အာကာသထဲ လွှတ်တင်လိုက်တယ်လို့ အီရန်က ကြာသာပတေးနေ့မှာ ထုတ်ပြန်ခဲ့ပြီး၊ ဘာကိရိယာတွေလဲဆိုတာတော့ အသေးစိတ် ဖော်ပြခဲ့ခြင်း မရှိပါဘူး။

    အီရန်ဟာ လက်ရှိမှာ အမေရိကန်ဦးဆောင်တဲ့ အင်အားကြီး ၆ နိုင်ငံနဲ့ နျူအရေး သဘောတူညီချက် ပြန်ရဖို့ ဆွေးနွေးနေတာဖြစ်ပြီး အခက်အခဲတွေလည်း ရှိနေတာပါ။

    အီရန် ကာကွယ်ရေးဝန်ကြီးဌာန ပြော​ရေးဆိုခွင့်ရှိသူ အဟ်မဒ်ဟိုစိန်နီက Simorgh ဒုံးပျံဟာ သုတေသနဂြိုဟ်တုတွေကို ကမ္ဘာမြေပြင်အထက် မိုင်ပေါင်း ၂၉၀ ကို သယ်ဆောင်သွားတယ်လို့ ပြောပါတယ်။ ဒုံးပျံနဲ့ ထိန်းချုပ်စခန်းတို့ဟာ အမှားအယွင်းမရှိ လုပ်ဆောင်နိုင်ခဲ့ပြီး နောက်ထပ် ဆက်လွှတ်ဖို့ရှိတယ်လို့လည်း ဟိုစိန်နီက အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

    “ဒီလွှတ်တင်မှုနဲ့ပတ်သက်တဲ့ သုတေသနဆိုင်ရာ ရည်ရွယ်ချက်တွေ အထမြောက် အောင်မြင်ခဲ့ပါတယ်”

    လွှတ်တင်မှုကို ဘယ်အချိန်က လုပ်တာလဲ၊ ဘာဂြိုဟ်တုတွေလဲဆိုတာနဲ့ လွှတ်တင်မှု အမှန်တကယ် အောင်မြင်ခဲ့လားဆိုတာ အသေးစိတ် မသိရပါဘူး။ လွှတ်တင်ရာမှာ အသုံးပြုခဲ့တဲ့ Simorgh ဒုံးပျံဟာ အီရန်ရဲ့ ပြည်တွင်းဖြစ် ဒုံးပျံဖြစ်ပါတယ်။

    အရပ်ဖက်ကိစ္စတွေမှာ အသုံးပြုနိုင်မယ့် ဂြိုဟ်တုတွေ လွှတ်တင်ဖို့ရှိတယ်လို့ မကြာသေးခင်ကပဲ အီရန်က ထုတ်ပြန်ထားပါတယ်။ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC မှာလည်း သီးခြား အာကာသစီမံကိန်းတစ်ခု ရှိနေပြီး ပြီးခဲ့တဲ့နှစ်က ဂြိုဟ်တုတစ်လုံးကို အာကသထဲ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။

    အီရန်ရဲ့ ဒုံးပျံတွေ စမ်းသပ်မှု၊ လွှတ်တင်မှုဟာ နျူလက်နက်အတွက် ရည်ရွယ်​ဆောင်ရွက်တာဖြစ်တယ်လို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စွပ်စွဲထားပြီး အီရန်ကတော့ ဒါကို ငြင်းပါတယ်။

    Ref: Reuters