News @ M-Media

Blog

  • ဘာတိုနှင့်ပွဲမှာ လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲဟု မေ၀ယ်သာ ထပ်မံအတည်ပြု

    ဘာတိုနှင့်ပွဲမှာ လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲဟု မေ၀ယ်သာ ထပ်မံအတည်ပြု

    စက်တင်ဘာ ၉၊ ၂၀၁၅
    M-Media

    may

    – အန်ဒရေဘာတိုနှင့်ပွဲအပြီးတွင် မိမိအနေဖြင့် လက်ဝှေ့လောကမှ အမှန်တကယ် အနားယူသွားမည်ဖြစ်ပြီး၊ မိမိ မရှိပါက ပက်ကွီအိုမှာ ကမ္ဘာ့အကောင်းဆုံး လက်ဝှေ့သမားအဖြစ် ဆက်ရှိနေမည်ဟု အမေရိကန် လက်ဝှေ့ကျော် မေ၀ယ်သာက ပြောကြားလိုက်သည်။

    မေ၀ယ်သာမှာ ၎င်း၏ ၄၉ ပွဲမြောက်ပွဲအဖြစ် အန်ဒရေဘာတိုနှင့် စက်တင်ဘာ ၁၂ ရက်နေ့တွင် လက်စ်ဗီးဂက်စ်ရှိ MGM Grand Garden Arena ၌ ထိုးသတ်သွားမည်ဖြစ်ပြီး ထိုပွဲမှာ ၎င်း၏ နောက်ဆုံးပွဲဖြစ်မည်ဟု ပက်ကွီအိုအား အနိုင်ရရှိခဲ့သည့် ပွဲအပြီးနောက် ပြောကြားခဲ့သည်။

    သို့သော်လည်း ပြိုင်ဘက်များက မေ၀ယ်သာနှင့် ထိုးသတ်ချင်သည့် ဆန္ဒရှိနေပြီး မေ၀ယ်သာမှာ လက်ဝှေ့လောကတွင် ထပ်မံ ရှိနေဦးမည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။ မေ၀ယ်သာကမူ ယမန်နေ့က MGM Grand Garden Arena သို့ ရောက်လာသည့်အချိန်တွင် ဘာတိုနှင့်ပွဲမှာ ၎င်း၏ နောက်ဆုံးပွဲဖြစ်သည်ဟု ထပ်မံ အတည်ပြု ပြောကြားခဲ့သည်။

    ၎င်း လက်ဝှေ့လောကမှ အနားယူသွားပြီးနောက် မည်သူက အကောင်းဆုံးလက်ဝှေ့သမား ဖြစ်မလဲဟု မေးမြန်းခဲ့ရာ မေ၀ယ်သာက အနည်းငယ်စဉ်းစား၍ ပက်ကွီအိုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ပက်ကွီအိုကို ဖယ်ထားလို့မရပါဘူး။ သူက ကြီးကျယ်တဲ့ လက်ဝှေ့သမားတစ်ယောက်ပါ။ သူဟာ ကမ္ဘာ့ချန်ပီယံတစ်ယောက်လည်းဖြစ်ပြီး ကျွန်တော့်ရဲ့ အခက်ခဲဆုံး ပြိုင်ဘက်ပါပဲ။ ကျွန်တော် အနားယူသွားတဲ့အခါ သူဟာ အကောင်းဆုံးအဖြစ် ကျန်နေမှာပါ။ တစ်ခြားလူတွေကတော့ ကျွန်တော်တို့နောက်မှာဘဲ ရှိနေမှာပါ။ ပြီးတော့ တော်တော်ကောင်းတဲ့ လူငယ် လက်ဝှေ့သမားတွေ
    ရှိနေပါသေးတယ်။ ဒါပေမယ့် ကမ္ဘာ့အကောင်းဆုံးဖြစ်ဖို့ကတော့ မလွယ်ပါဘူး” ဟု မေ၀ယ်သာက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Dailymail

  • ယူအက်စ်အိုးပင်း လက်ရှိချန်ပီယံ စီလစ် ဆီးမီးတက်၊ အမဖြစ်သူကို အနိုင်ယူကာ ဆရီနာ ကွာတားသို့ ရောက်ရှိ

    ယူအက်စ်အိုးပင်း လက်ရှိချန်ပီယံ စီလစ် ဆီးမီးတက်၊ အမဖြစ်သူကို အနိုင်ယူကာ ဆရီနာ ကွာတားသို့ ရောက်ရှိ

    စက်တင်ဘာ ၉၊ ၂၀၁၅
    M-Media

    cilic

    – ယူအက်စ်အိုးပင်း လက်ရှိချန်ပီယံ မာရင် စီလစ်မှာ ကွာတားဖိုင်နယ်တွင် ဂျိုး ၀ီလ်ဖရိုင်း ဆွန်ဂါအား အနိုင်ရရှိခဲ့ပြီး ချန်ပီယံဘွဲ့အား ဆက်လက်ထိန်းသိမ်းရေးအိပ်မက် အကောင်အထည်ပေါ်ရန် နီးစပ်လာခဲ့သည်။

    ယမန်နေ့က ကစားခဲ့သည့် အဆိုပါပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး ပွဲငယ် ၅ ပွဲအထိ ရောက်ရှိခဲ့ကာ ၄ နာရီနီးပါး ကြာမြင့်ခဲ့သည်။ ခရိုအေးရှား တင်းနစ်သမား စီလစ်မှာ ပထမနှင့် ဒုတိယပွဲငယ်တွင် ဆွန်ဂါအား ၆-၄၊ ၆-၄ ဖြင့် အလွယ်တကူ အနိုင်ရှိခဲ့သော်လည်း တတိယပွဲငယ်မှစ၍ ဆွန်ဂါက အကောင်းဆုံးလက်စွမ်း ပြသနိုင်ခဲ့ပြီး ရိုက်ချက်အလွန်ပြင်းသော စပေးဘောများနှင့်အတူ စီလစ်အား ၆-၃၊ ၇-၆ ဖြင့် တတိယနှင့် စတုတ္ထပွဲငယ်တို့တွင် အနိုင်ရရှိခဲ့သည်။

    “ကြီးမားတဲ့ စိတ်ဓာတ်ဆင်ရေး တိုက်ပွဲကြီးပါပဲ။ အထူးသဖြင့် စတုတ္ထပွဲငယ် ရှုံးသွားပြီးတဲ့ အခါမှာပေါ့” ဟု စီလစ်က ပြောကြားခဲ့သည်။

    ထို့ကြောင့် အဆုံးအဖြတ်ဖြစ်သည့် ပဉ္စမပွဲငယ်သို့ ရောက်ခဲ့ပြီး အစပိုင်းတွင် ဆွန်ဂါက အသာရခဲ့သော်လည်း စီလစ်က အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့သောကြောင့် ၆-၄ ဖြင့် အနိုင်ရရှိကာ ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

    “ဂျိုးဟာ အံ့သြစရာကောင်းတဲ့ ရိုက်ချက်တွေနဲ့ ပြန်လာခဲ့တာပါ” ဟု စီလစ်က ပြိုင်ဘက်အား ချီးကျူးခဲ့သည်။

    ဆီးမီးဖိုင်နယ်တွင် စီလစ်မှာ ကမ္ဘာ့နံပါတ် ၁ နိုဗက်ဂျိုကိုဗစ်နှင့် စပိန်တင်းနစ်သမား ဖီလီစီယာနို လိုပက်ဇ်တို့၏ ပွဲမှ အနိုင်ရသူနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    seri

    ယူအက်စ်အိုးပင်း အမျိုးသမီးပြိုင်ပွဲ စတုတ္ထအဆင့်တွင် ဆရီနာဝီလီယံက အစ်မဖြစ်သူ ဗီးနပ်စ်ဝီလီယံအား ၆- ၂၊ ၁-၆၊ ၆-၃ ဖြင့် အနိုင်ကစားကာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။ ၎င်းတို့ညီအမနှစ်ဦး တွေ့ဆုံမှုတွင် ဆရီနာက ၁၆ ပွဲအနိုင်ရရှိကာ ဗီးနပ်စ်က ၁၁ ပွဲအနိုင်ရရှိထားသည်။

    Ref: Dailymail

  • လက်စ်ဗီးဂက်စ်တွင် ဗြိတိန် ခရီးသည်တင်လေယာဉ်တစ်စီး မီးလောင်

    လက်စ်ဗီးဂက်စ်တွင် ဗြိတိန် ခရီးသည်တင်လေယာဉ်တစ်စီး မီးလောင်

    စက်တင်ဘာ ၉၊ ၂၀၁၅
    M-Media

    – ဗြိတိသျှလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်းမှာ ယမန်နေ့က အမေရိကန်ပြည်ထောင်စု လက်စ်ဗီးဂက်စ်ရှိ မက်ကာရန် လေဆိပ်တွင် မီးလောင်ကျွမ်းခဲ့ပြီး ခရီးသည် ၁၄ ဦးခန့် ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါလေယာဉ်မှာ ဘိုးအင်း ၇၇၇ လေယာဉ်ဖြစ်ပြီး၊ ခရီးသည် ၁၅၉ ဦးနှင့် လေယာဉ်အမှုထမ်း ၁၃ ဦးတို့ လိုက်ပါလာကာ ဒေသစံတော်ချိန် ညနေ ၄ နာရီကျော်ခန့်၌ လန်ဒန်သို့ ပျံသန်းရန် ဆောင်ရွက်နေစဉ် ပြေးလမ်းမပေါ်၌ ဘယ်ဘက်အင်ဂျင် မီးလောင်ခဲ့ခြင်းဖြစ်သည်။

    ကလာ့က်ကောင်တီ မီးသတ်ဌာနမှ ဒုတိယအကြီးအကဲ ဂျွန်ကလာဆန်ကမူ ဒဏ်ရာရသူများမှာ လေယာဉ်ပေါ်မှ အရေးပေါ် လေထိုးလျှောဖြင့် ဆင်းစဉ် ထိခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဒဏ်ရာရရှိသူများတွင် တစ်ဦးအပါအ၀င်ဖြစ်သည့် ခရီးသည် ဂျေး ဂျန်နင်းကမူ လေယာဉ်ပျံသန်းရန် အဆင်သင့်ဖြစ်နေစဉ် ခပ်အုပ်အုပ်အသံတစ်ခု ကြားသောကြောင့် ပြတင်းပါက်ဖွင့်၍ ကြည့်ရှုခဲ့ရာ အင်ဂျင်မီးလောင်နေသည်ကို တွေ့ခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    ထို့နောက် လေယာဉ်မှူးက အရေးပေါ်အခြေအနေဖြစ်နေ၍ ခရီးသည်များအား ကယ်ထုတ်ရမည်ဟု စကားပြောစက်မှတစ်ဆင့် ပြောကြားခဲ့ပြီး လေယာဉ်အမှုထမ်းများက ခရီးသည်များအား ဘေးလွတ်ရာသို့ ရောက်ရှိရန် ညွှန်ကြားနိုင်ခဲ့သည်ဟု ဆိုသည်။

    ထိုအဖြစ်အပျက်အတွက် ဘိုးအင်းကလည်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး လက်စ်ဗီးဂက်စ်ရှိ မက်ကာရန်လေဆိပ်တွင် ဖြစ်ပျက်ခဲ့သော ထိုအဖြစ်အပျက်ကို မိမိတို့က သိရှိပြီး သတင်းအချက်အလက်များ ပိုမိုစုဆောင်းရန် အဖွဲ့တစ်ခုကို စေလွှတ်ထားကြောင်း ဖော်ပြခဲ့သည်။

    Ref: CNN

  • တိုက်စစ်မှူးရူနီ အင်္ဂလန်ဂိုးသွင်းစံချိန်သစ် တင်ပြီ

    တိုက်စစ်မှူးရူနီ အင်္ဂလန်ဂိုးသွင်းစံချိန်သစ် တင်ပြီ

    စက်တင်ဘာ ၉၊ ၂၀၁၅
    M-Media

    eng

    – အင်္ဂလန်ဘောလုံးသမိုင်းတွင် မှတ်တိုင်သစ် စိုက်ထူနိုင်ရန် အခွင့်အရေး ပေးခဲ့သည့်အတွက် နည်းပြရွိုင်ဟဒ်ဆန်အား တိုက်စစ်မှူး ၀ိန်းရူနီက ချီးကျူးပြောဆိုလိုက်သည်။

    ရူနီမှာ စနေနေ့က ဆန်မာရီနိုအား ၆ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့် ယူရိုခြေစစ်ပွဲတွင် တစ်ဂိုးသွင်းယူကာ အင်္ဂလန်ဂန္တ၀င်ကစားစား ဆာ ဘော်ဘီချာလ်တန်၏ ဂိုးသွင်းစံချိန် ၄၉ ဂိုးနှင့် တူညီခဲ့သည်။

    ယနေ့မနက်က ဆွစ်ဇာလန်အား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့်ပွဲတွင်လည်း ဒုတိယပိုင်း၌ ပင်နယ်တီမှတစ်ဆင့် တစ်ဂိုးသွင်းယူပေးခဲ့ပြီး စုစုပေါင်း သွင်းဂိုး ၅၀ ဖြင့် ရူနီမှာ အင်္ဂလန်ဘောလုံးသမိုင်းတွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့သည်။

    ပွဲအပြီးအတွင် အင်္ဂလန်အသင်းခေါင်းဆောင် ရူနီက ၎င်း စံချိန်တင်နိုင်ရန်အတွက် ကူညီပေးခဲ့သည့် နည်းပြ ဟဒ်ဆန်အား ချီးကျူးခဲ့ပြီး စံချိန်တင်နိုင်ခဲ့သည့်အတွက်လည်း ပျော်ရွှင်မိသည်ဟု ဆိုသည်။

    “ရွိုင်ရောက်လာကတည်းက ကျွန်တော်ဟာ သူ့လက်အောက်မှာ ဂိုးတွေအများကြီး သွင်းနိုင်ခဲ့ပါတယ်။ ကျွန်တော် ကြိုက်နှစ်သက်သလို လွတ်လွတ်လပ်လပ် ကစားခွင့်ပေးခဲ့တဲ့အတွက်လည်း သူ့ကို ကျေးဇူးတင်ပါတယ်။ (အင်္ဂလန်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ရတာ) တော်တော်လေး ကျေနပ်မိပါတယ်။ ကျွန်တော်ဟာ ဒီစံချိန်နဲ့ နီးကပ်နေပြီဆိုတာကို ပြီးခဲ့တဲ့ ပွဲအနည်းငယ်ကတည်းက သိခဲ့ပါတယ်။
    နောက်ဆုံးတော့ အိပ်မက်တွေ အမှန်တစ်ကယ် ဖြစ်လာပြီပေါ့ဗျာ” ဟု ရူနီက ITV Sport သို့ ပြောကြားခဲ့သည်။

    မန်ယူနှင့် အင်္ဂလန်တို့၏ ဂန္တ၀င်ကစားသမားဖြစ်သူ ဘော်ဘီချာလ်တန်ကလည်း ရူနီအား ချီးကျူးခဲ့ပြီး၊ ကလပ်အသင်းနှင့် နိုင်ငံအသင်းတို့အတွက် ဂိုးများ ဆက်လက်သွင်းယူသွားနိုင်မည်ဟု ပြောကြားခဲ့သည်။

    “အင်္ဂလန်ရဲ့ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်လာတဲ့အတွက် ကျွန်တော် ရူနီကို ဂုဏ်ပြုချင်ပါတယ်။ ဒီမှတ်တမ်းကို ရူနီဟာ အချိန်အတော်ကြာ ထိန်းထားနိုင်လိမ့်မယ်ဆိုတာကိုလည်း ကျွန်တော် အသေအချာ ပြောရဲပါတယ်။ အနာဂတ်မှာလည်း သူဟာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းတို့အတွက် ဂိုးတွေ ဆက်သွင်းနေမှာပါပဲ” ဟု ချာလ်တန်က မန်ယူ၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် စံချိန်ကို အချိန်ကြာကြာ ထိန်းမထားနိုင်ခြင်းအတွက်လည်း အနည်းငယ် စိတ်ပျက်မိသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • နိုင်ငံတကာ သတင်းတို (စက်တင်ဘာ ၈၊ ၂၀၁၅)

    စက်တင်ဘာ ၈၊ ၂၀၁၅
    M-Media

    ဒုက္ခသည်ပြဿနာ ပိုမိုကြီးထွားမည်ဟု ဥရောပဥက္ကဌ သတိပေး
    …………………………….
    စစ်မက်ဖြစ်ပွားနေသော နိုင်ငံများမှ ဒုက္ခသည်များ ရောက်ရှိလာမှုမှာ အိပ်ဇိုဒက် (အစုလိုက်အပြုံလိုက် ပြောင်းရွှေ့လာခြင်း) ၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး အနာဂတ်တွင် ပိုမိုရင်ဆိုင်ရလိမ့်မည်ဟု ဥရောပသမဂ္ဂဥက္ကဌ ဒေါ်နယ် တက်စ်က သတိပေး ပြောကြားလိုက်သည်။ ဆီးရီးယားနှင့် အီရတ်တို့တွင် ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် ဒုက္ခသည်များမှာ ဘောလ်ကန်ဒေသနှင့် မြေထဲပင်လယ်ကိုဖြတ်၍ ဥရောပသို့ လာရောက်ခိုလှုံနေကြပြီး တက်စ်ကမူ ဥရောပနိုင်ငံများအနေဖြင့် သဘောထားကွဲလွဲမှုများကို
    ဘေးဖယ်ကာ ထိုပြဿနာကို အတူတကွရင်ဆိုင်ရန် တိုက်တွန်းခဲ့သည်။

    အီရတ် ဒုတိယတရားရေးဝန်ကြီး ပြန်ပေးဆွဲခံရ
    ………………………………
    အီရတ် တရားရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးမှာ ဘဂ္ဂဒတ်မြို့မြောက်ပိုင်း၌ ယနေ့တွင် ၀တ်စုံအနက်ဝတ် သေနတ်သမားများ၏ ပြန်ပေးဆွဲမှုကို ခံခဲ့ရသည်ဟု အီရတ်လုံခြုံရေး သတင်းရင်းမြစ်ကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ ကားဖြင့်သွားစဉ် ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ပြီး စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးနှင့် အစောင့် ၂ ဦးလည်း ပါဝင်သည်ဟု ဆိုသည်။ ထိုသတင်းအတွက် အီရတ်စစ်တပ်က မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။

    ယူကရိန်းပဋိပက္ခအတွင်း သေဆုံးသူ ၈ ထောင်နီးပါးရှိ
    ……………………………….
    ပြီးခဲ့သည့်နှစ် ဧပြီလအလယ်ပိုင်းက စတင်ခဲ့သည့် ယူကရိန်းအရှေ့ပိုင်း မငြိမ်မသက်မှုအတွင်း သေဆုံးခဲ့ရသူ ဦးရေမှာ အနည်းဆုံး ၇၉၆၂ ဦး ရှိပြီဟု ကုလ လူ့အခွင့်အရေးရုံးက ယနေ့တွင် ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူများမှာမူ ၁၇၈၁၁ ဦးရှိပြီဖြစ်ကာ လက်ရှိအချိန်တွင် တင်းမာမှုမှာ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

    Ref: News Agencies