News @ M-Media

Blog

  • ဆော်ဒီ၏ ၁၂ နှစ်တာ အာကာသစီမံကိန်း ၂၀၁၉ တွင် စမည်

    ဆော်ဒီ၏ ၁၂ နှစ်တာ အာကာသစီမံကိန်း ၂၀၁၉ တွင် စမည်

    စက်တင်ဘာ ၇၊ ၂၀၁၅
    M-Media

    saudi

    – နိုင်ငံ၏ ၁၂ နှစ်တာ အာကာသအစီအစဉ်အတွင်း ဆော်ဒီအာရေဗျမှာ ၂ နှစ်၊ သို့မဟုတ် ၃ နှစ်လျှင် တစ်ကြိမ် ကမ္ဘာပတ်လမ်းကြောင်းထဲသို့ ဂြိုဟ်တုများ လွှတ်တင်သွားမည်ဟု သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဘုရင်အဘ်ဒူလ်အဇစ်မြို့ KACST က ယမန်နေ့တွင် ကြေညာခဲ့သည်။

    KACST ၏ ဥက္ကဌဖြစ်သူ မင်းသား တာရ်ကီ ဘင် ဆာအွဒ်မှာ နာဆာ၏ အာကာသယာဉ် Discovery လွှတ်တင်ခဲ့သည့် နှစ် ၃၀ မြောက် အခမ်းနား၌ ပြောကြားသည့် မိန့်ခွန်းတွင် ယခုကဲ့သို့ ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

    ၎င်းတို့၏ အာကာသအစီအစဉ် အကောင်အထည်ဖော်မည့် အချိန်ကို၂၀၁၉ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ သတ်မှတ်ထားပြီး နာဆာမှ ကျွမ်းကျင်ပညာရှင်များ၊ ဂျာမန်အာကာသအေဂျင်စီနှင့် စတန်းဖို့ဒ် တက္ကသိုလ်တို့ ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်သည်။

    ပထမဆုံး အာကသယာဉ် ၂ စင်း လွှတ်တင်ပြီးနောက်ပိုင်းမှသာ စတန်းဖို့ဒ်တက္ကသိုလ်က MDSS ဂြိုဟ်တုအသေးစားများ လွှတ်တင်ရေး ရေရှည်အစီအစဉ်တွင် ပါဝင်မည်ဖြစ်သည်။

    တာရ်ကီကမူ ဆော်ဒီမှာ အာကာသ သုတေသနလုပ်ငန်းများကို လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကတည်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပရိတ်သတ်များအား ပြောကြားခဲ့သည်။

    Ref: Alarabiya

  • ပါကစ္စတန်မှ အမျိုးသားတစ်ဦး မသန်းစွမ်းဖခင်အား ချီပိုးကာ ဟဂ်ျပြုစေမည်

    ပါကစ္စတန်မှ အမျိုးသားတစ်ဦး မသန်းစွမ်းဖခင်အား ချီပိုးကာ ဟဂ်ျပြုစေမည်

    စက်တင်ဘာ ၇၊ ၂၀၁၅
    M-Media

    hajj

    – မသန်စွမ်းဖြစ်နေသည့် ဖခင်ဖြစ်သူ၏ ဟဂ်ျပြုလိုသည့်ဆန္ဒကို ဖြည့်ဆည်းပေးသည့်အနေဖြင့် ပါကစ္စတန်မှ အသက် ၅၀ အရွယ် သားဖြစ်သူမှာ ဖခင်အား ဟဂ်ျခရီးစဉ်တစ်လျှောက်လုံး ချီပိုး၍ ဟဂ်ျပြုလုပ်သွားရန် ရည်ရွယ်ထားသည်ဟု သိရသည်။

    “သူ့အဖေက မသန်စွမ်း ဖြစ်နေတဲ့အတွက်ကြောင့် လမ်းလျှောက်မနိုင်ဘဲ၊ ဟဂ်ျပြုဖို့အတွက် သူ့အဖေကို ကျောကုန်းမှာပိုးပြီး ဟဂ်ျခရီးပြုမယ့်ကာလတစ်လျှောက်လုံး သယ်သွားမယ်လို့ သူက ပြောခဲ့ပါတယ်” ဟု ဆော်ဒီ နေ့စဉ်ထုတ် သတင်းစာတစ်စောင်ဖြစ်သည့် Al Jazira က ဖော်ပြခဲ့သည်။

    အဆိုပါ အမျိုးသားမှာ သောကြာနေ့က မက္ကာရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးသို့ ၀တ်ပြုရန် ဖခင်ဖြစ်သူအား ချီပိုး၍ ခေါ်ဆောင်လာခဲ့သည်။ ထိုအမျိုးသားက ၎င်းမှာ ယခုနှစ် မက္ကာနှင့် မဒီနာသို့ ဟဂ်ျဘုရားဖူးခရီး လာရောက်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဆိုသည်။

    “သူ့အဖေကို ဟဂ်ျပို့ပေးမယ်လို့ သူက ကတိပေးထားပြီး ဒီကတိကို ဖြည့်ဆည်းဖို့အတွက် အခက်အခဲအားလုံးကို ကျော်ဖြတ်ကာ ဖခင်ကို ချီပိုးသယ်ဆေင်သွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သူက ပြောခဲ့ပါတယ်” ဟု အဆိုပါ သတင်းစာတွင် ဖော်ပြထားသည်။

    ဖခင်အား ချီပိုး၍ ဗလီဝတ်ကျောင်းတော်သို့ ရောက်ရှိလာသည့် ၎င်းတို့သားအဖ၏ ဓာတ်ပုံမှာ ဆိုရှယ်မီဒီယာများတွင် ပြန့်နှံ့သွားခဲ့ပြီး သားသမီးကောင်း ပီသမှုအတွက် ဆိုရှယ်မီဒီယာ အသုံးပြုသူများက ချီးကျူးခဲ့ကြသည်။

    ဟဂ်ျပြုလုပ်ခြင်းမှာ အစ္စလာမ်သာသနာ၏ အဓိကမဏ္ဍိုင် ၅ ခုမှ ပဉ္စမမြောက် မဏ္ဍိုင်ဖြစ်ပြီး ငွေကြေးကုံလုံ၍ မက္ကာမြို့သို့လာရောက်ရန် တတ်နိုင်သောသူများမှာ တစ်သက်လျှင် တစ်ကြိမ် ဟဂ်ျပြုလုပ်ရန် တာဝန်ရှိသည်။

    ယခုနှစ် ဟဂ်ျကာလမှ စက်တင်ဘာ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း ကျရောက်မည်ဖြစ်ပြီး အစ္စလာမ့်ပြက္ခဒိန်မှ နောက်ဆုံးလဖြစ်သည့် ဇွလ်ဟဂ်ျလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဖြစ်သည်။

    Ref: Onislam

  • ပရီးမီးယားလိဂ် ကလပ်အသင်းများ၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်ဟု မိုယက်စ်ပြော

    ပရီးမီးယားလိဂ် ကလပ်အသင်းများ၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်ဟု မိုယက်စ်ပြော

    စက်တင်ဘာ ၇၊ ၂၀၁၅
    M-Media

    moyes

    – ရီးယဲလ်ဆိုစီဒက်အသင်းတွင်သာ ဆက်နေရန်အတွက် နွေရာသီအပြောင်းအရွှေ့တွင် ပရီးမီးယားလိဂ်ကလပ်အသင်းများမှ ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်ဟု မန်ယူနည်းပြဟောင်း ဒေးဗစ်မိုယက်စ်က ပြောကြားခဲ့သည်။

    မန်ယူအသင်းတွင် ၁၀ လတာ နည်းပြတာဝန်ယူခဲ့သည့် မိုယက်စ်မှာ အောင်မြင်မှုရရှိအောင် မစွမ်းဆောင်နိုင်သောကြောင့် ပြီးခဲ့သည့်နှစ် ဧပြီလတွင် ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ ထို့နောက် နိုဝင်ဘာလတွင် လာလီဂါကလပ် ဆိုစီဒက်အသင်းသို့ ပြောင်းရွှေ့ခဲ့ကာ တန်းဆင်းဇုန်နား ရောက်နေသည့်အသင်းကို အဆင့် ၁၂ ဖြင့် ရာသီသိမ်းနိုင်အောင် စွမ်းဆောင်ပေးခဲ့သည်။

    မိုယက်စ်ကမူ နွေရာသီတွင် မိမိအား အင်္ဂလိပ်ကလပ်အသင်းများက ခေါ်ယူရန် ဆက်သွယ်ခဲ့သော်လည်း မိမိအနေဖြင့် ဆိုစီဒက်တွင်သာ သာပျော်ရွှင်ပြီး၊ လာလီဂါအတွေ့အကြုံကို နှစ်ချိုက်သဘောကျသည်ဟု ပြောကြားခဲ့သည်။

    “ဒီနွေရာသီမှာ ကျွန်တော်ဟာ ပရီးမီးယားလိဂ်ကို ပြန်ဖို့ ကမ်းလှမ်းမှုအများကြီး ရခဲ့ပါတယ်။ ဒါပေမယ့် ဒီမှာပဲနေဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီအလုပ်ကို ကျွန်တော်ယုံကြည်ပြီး၊ ကစားသမားတွေကိုလည်း ကျွန်တော် ယုံလို့ပါ။ သူတို့နဲ့ အခု ကျွန်တော် တော်တော် ရင်းနှီးကျွမ်းဝင်နေပါပြီ” ဟု မိုယက်စ်က El Diario Vasco သို့ ပြောကြားခဲ့သည်။

    ဆိုစီဒက်မှာ လာလီဂါအဖွင့်ပွဲစဉ် ၂ ခုတွင် သရေသာရခဲ့ပြီး မိုယက်စ်ကမူ ၎င်း၏အသင်းမှာ ယခုနှစ်တွင် မြင့်မားသည့်အဆင့်ကို လှမ်းနိုင်မည်ဟု ဆိုသည်။

    Ref: Goal

  • နီပေါငလျင် ကူညီရေး သွားသည့် အမေရိကန်အမျိုးသမီးတစ်ဦး အသတ်ခံရ

    နီပေါငလျင် ကူညီရေး သွားသည့် အမေရိကန်အမျိုးသမီးတစ်ဦး အသတ်ခံရ

    စက်တင်ဘာ ၇၊ ၂၀၁၅
    M-Media

    nepal

    – နီပေါငလျင်ကြောင့် အတိဒုက္ခရောက်နေသူများအား ကူညီရန် သွားရောက်ခဲ့သည့် အမေရိကန်အမျိုးသမီးတစ်ဦးမှာ ရိုက်နှက်သတ်ဖြတ်ခြင်း ခံခဲ့ရသည်ဟု နီပေါ ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    သေဆုံးသွားသည့် အမေရိကန်အမျိုးသမီးမှာ အသက် ၂၅ နှစ်အရွယ် ဒဟ်လီယာ ယီဟီယာဆိုသူဖြစ်ပြီး ငလျင်ဒဏ် ခံစားခဲ့ရသူများကို ကူညီရန် ဇူလိုင် ၂၀ ရက်နေ့တွင် ပိုခါရာဒေသသို့ ရောက်ရှိခဲ့သည်။ ထိုဒေသတွင်ပင် နာရာယန် ပူဒဲလ်ဟုခေါ်သည့် ကျောင်းဆရာတစ်ဦးက ယီဟီယာအား ရိုက်နှက် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ခရိုင်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ပူဒဲလ်မှာ ယီဟီယာအား သတ်ဖြတ်ကာ အိတ်ထဲသို့ထည့်၍ မြစ်ထဲတွင် မျှောချခဲ့ကြောင်း ဖြောင့်ချက်ပေးခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ သတ်ဖြတ်သည့်အကြောင်းအရင်းကို မသိရှိရသေးဘဲ၊ အလောင်းကိုလည်း ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။

    ယီဟီယာနှင့် ပူဒဲလ်တို့မှာ ခရီးသွားများနှင့် ဒေသခံများကို ချိတ်ဆက်ပေးသော Couchsurfiig ၀ဘ်ဆိုက်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ပူဒဲလ်မှာ သြဂုတ်လ ၄ ရက်နေ့က ထိုလူသတ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။

    ယီဟီယာ၏ မိသားစုများနှင့် သူငယ်ချင်းများမှာ ၎င်းအတွက် စိုးရိမ်၍ နီပေါရှိ အမေရိကန်သံရုံးကို ဆက်သွယ်ခဲ့ကြသည်။ ဒေသခံအာဏာပိုင်များကမူ ထိုကိစ္စအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

    ဧပြီ ၂၅ ရက်နေ့က ခတ္တာမန်ဒူမြို့ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော နီပေါငလျင်ကြောင့် လူပေါင်း ၈ ထောင်ကျော် သေဆုံးခဲ့ပြီ၊ သိန်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

    Ref: CNN

  • နယ်သာလန်၏ ယူရိုမျှော်လင့်ချက် ပျက်သုဉ်းမှုအတွက် ဗန်ပါစီ စိတ်ပျက်

    နယ်သာလန်၏ ယူရိုမျှော်လင့်ချက် ပျက်သုဉ်းမှုအတွက် ဗန်ပါစီ စိတ်ပျက်

    စက်တင်ဘာ ၇၊ ၂၀၁၅
    M-Media

    nether

    – တူရကီအား ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ယူရိုခြေစစ်ပွဲအောင်မြင်ရန် မျှော်လင့်ချက် ပျက်သုဉ်းလုနီးပါး ဖြစ်သွားခဲ့သည့် နယ်သာလန်၏ အခြေအနေအတွက် စိတ်ပျက်ရသည်ဟု တိုက်စစ်မှူး ဗန်ပါစီက ပြောကြားခဲ့သည်။

    ယနေ့မနက်က ကစားခဲ့သည့် အုပ်စု A မှ အဆိုပါပွဲတွင် နယ်သာလန်မှာ တူရကီအသင်းအား ၃ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး play-off ကစားခွင့်ရမည့် တတိယနေရာမှ တူရကီအသင်းနှင့် ၂ မှတ်အကွာ စတုတ္ထနေရာတွင် ရှိနေသည်။

    တူရကီမှာ ထိုနေရာအား ထိန်းသိမ်းရန်အတွက် လက်ကျန် ၂ ပွဲတွင် ၄ မှတ်သာ လိုအပ်ပြီး နယ်သာလန်ကမူ နှစ်ပွဲစလုံး အနိုင်ရသော်လည်း တူရကီက ခြေချော်မှသာ play-off ဖြင့် ယူရို ၂၀၁၆ နောက်ဆုံးအဆင့်သို့ တက်ရောက်ရန် မျှော်လင့်နိုင်မည်ဖြစ်သည်။

    ဗန်ပါစီကမူ အသင်း၏ အခြအနေအတွက် စိတ်ပျက်မိသည်ဟု ဆိုသည်။

    “ဟုတ်ကဲ့ (နာကျင်စရာလို့) ခင်ဗျား ပြောနိုင်ပါတယ်။ ကျွန်တော်တို့လက်ထဲမှာ ခြေစစ်ပွဲအောင်ဖို့ အခွင့်အရေး မရှိတော့ပါဘူး။ စိတ်ပျက်စရာပါပဲဗျာ။ သိပ်ကို စိတ်ပျက်စရာကောင်းပါတယ်။ ခြေစစ်ပွဲအောင်ဖို့ဆိုတာက သိပ်ကို ခက်ခဲသွားပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ အခွင့်အရေး ရှိနေပါသေးတယ်။ အဆုံးအထိ ကျွန်တော်တို့ တိုက်ပွဲဝင်သွားမှာဖြစ်ပြီး၊ ဘယ်လိုပဲဖြစ်ဖြစ် နောက်နှစ်ပွဲကို အနိုင်ကစားရပါတော့မယ်” ဟု ပွဲအပြီးတွင် NOS သို့ ဗန်ပါစီက ပြောကြားခဲ့သည်။

    အုပ်စု A တွင် ချက်နှင့် အိုက်စလန်အသင်းတို့မှာ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

    Ref: Goal