News @ M-Media
Blog
  • အန်ဒီမာရေး ထွက်ရပြီး၊ ဂျိုကိုဗစ်၊ ၀ါဝရင်ကာနှင့် လက်ရှိချန်ပီယံတို့ ကွာတားဖိုင်နယ် ရောက်ခဲ့သည့် ယူအက်စ်အိုးပင်း 
    အန်ဒီမာရေး ထွက်ရပြီး၊ ဂျိုကိုဗစ်၊ ၀ါဝရင်ကာနှင့် လက်ရှိချန်ပီယံတို့ ကွာတားဖိုင်နယ် ရောက်ခဲ့သည့် ယူအက်စ်အိုးပင်း 
    စက်တင်ဘာ ၈၊ ၂၀၁၅
    M-Media
    us open
    – အကြိတ်အနယ်ရှိလာခဲ့သည့် ယူအက်စ်အိုးပင်း တင်နစ်ပြိုင်ပွဲ စတုတ္ထအဆင့်ပွဲစဉ်များတွင် ဗြိတိန်နာမည်ကြီး တင်းနစ်သမား အန်ဒီမာရေးမှာ တောင်အာဖရိကမှ ကီဗင် အန်ဒါဆန်ကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်ဟု သိရသည်။
    ယမန်နေ့က ကစားခဲ့သည့် ၎င်းတို့နှစ်ဦးပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး ၄ နာရီနှင့် ၁၆ မိနစ် ကြာမြင့်ခဲ့သည်။ စပေးဘောတွင် နာမည်ကြီးသည့် အန်ဒါဆန်မှာ ပထမပွဲငယ်နှစ်ခုတွင် ၇-၆၊ ၆-၃ ဖြင့် မာရေးအား အနိုင်ကစားနိုင်ခဲ့သည်။
    တတိယပွဲငယ်တွင် ကမ္ဘာ့အဆင့် ၃ မာရေးမှာ ၇-၆ ဖြင့် အနိုင်ရခဲ့သော်လည်း စတုတ္ထပွဲငယ်တွင် တိုင်းဘရိတ်အထိ ရိုက်ခဲ့ရကာ အန်ဒါဆန်က ၇-၆ ဖြင့် အနိုင်ရ၍ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ ကမ္ဘာ့အဆင့် ၁၄ သာရှိသည့် အန်ဒါဆန်မှာ ၎င်း၏အဆင့်ထက် ကျော်ကာ စွမ်းရည်ကောင်းများကို ပြသနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
    ထိုပွဲအရှုံးကြောင့် အန်ဒီမာရေးမှာ ပြိုင်ပွဲ ၁၉ ခုတွင် ကွာတားဖိုင်နယ်သို့ ဆက်တိုက် တက်ရောက်နိုင်ခြင်းနှင့် ဂရန်းစလမ် ပွဲများတွင် ပိုကောင်းသည့် မှတ်တမ်းတို့မှာ ရပ်တန့်သွားခဲ့ပြီဖြစ်သည်။ ထို့ပြင် ၅ နှစ်အတွင်း အဓိကပြိုင်ပွဲများ၌ ၎င်း၏ အဆိုးဝါးဆုံး မှတ်တမ်းဖြစ်ပြီး လွန်ခဲ့သည့် ၅ နှစ်ကလည်း ၀ါဝရင်ကာကို တတိယအဆင့်၌ ယခုကစားခဲ့သည့်ကွင်းတွင်ပင် အရှုံးပေးခဲ့ရသည်။
    အခြား စတုတ္ထအဆင့်ပွဲစဉ်တစ်ခုတွင် နိုင်ငံခြေအဆင့် ၅ ရ ပြင်သစ်အိုးပင်းချန်ပီယံ ၀ါဝရင်ကာမှာ အမေရိကန် တင်းနစ်သမား ဒေါ်နယ်ယန်းကို ၆-၄၊ ၁-၆၊ ၆-၃၊ ၆-၄ ဖြင့် အပြတ်အသတ်နိုင်ရခဲ့ကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ ယန်းမှာ လွန်ခဲ့သည့် ၄ နှစ်က ယူအက်စ်အိုးပင်း ဒုတိယအဆင့်တွင် ၀ါဝရင်ကာအား ဖြုတ်ချနိုင်ခဲ့ဖူးသည်။
    ကမ္ဘာ့အဆင့် ၁ တင်းနစ်သမား နိုဗက်ဂျိုကိုဗစ်မှာ ရော်ဘက်တို ဘောတစ္စတာ အဂတ်ကို အနိုင်ကစားကာ ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့ပြီး ဂရန်းစလမ်ပြိုင်ပွဲများတွင် ၂၆ ကြိမ်ဆက်တိုက် ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။ ကွာတားဖိုင်နယ်တွင် ဂျိုကိုဗစ်မှာ ဖီလီစီယာနို လိုပက်ဇ်နှင့် တွေ့ဆုံရမည်ဖြစ်သည်။
    လက်ရှိ ယူအက်စ်အိုးပင်း ချန်ပီယံ မာရစ်စီလစ်ကလည်း ပြင်သစ်တင်းနင်းသမား ဂျယ်ရီမီ ချာဒီကို တနင်္ဂနွေနေ့က အနိုင်ကစားကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။
    Ref: Dailymail
  • ဂျပန်ဝန်ကြီးချုပ်အာဘေး နောက်ထပ် သက်တမ်း ၃ နှစ် ထမ်းဆောင်ခွင့်ရ
    ဂျပန်ဝန်ကြီးချုပ်အာဘေး နောက်ထပ် သက်တမ်း ၃ နှစ် ထမ်းဆောင်ခွင့်ရ
    စက်တင်ဘာ ၈၊ ၂၀၁၅
    M-Media
    japan
    – ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးမှာ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ LDP ၏ ခေါင်းဆောင်ရွေးချယ်ပွဲတွင် ပြန်လည်အနိုင်ရခဲ့ပြီး ၀န်ကြီးချုပ်အဖြစ် နောက်ထပ် သက်တမ်း ၃ နှစ် ဆက်လက် ထမ်းဆောင်ခွင့် ရရှိသွားခဲ့ပြီဖြစ်သည်။
    နိုင်ငံ၏ စီးပွားရေးတိုးတက်ရန်နှင့် ကာကွယ်ရေးအင်အားကို တောင့်တင်းအောင် ဆောင်ရွက်ပေးမည်ဆိုသော ကတိဖြင့် အာဘေးမှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက အာဏာရခဲ့ခြင်းဖြစ်ကာ ယခုကဲ့သို့ LDP ခေါင်းဆောင်အဖြစ် ပြန်လည်းရွေးချယ်ခံရမှုကြောင့် ၀န်ကြီးချုပ်အဖြစ် ဒုတိယသက်တမ်း ၃ နှစ်ကို ထမ်းဆောင်ခွင့် ရခဲ့ခြင်းဖြစ်သည်။
    ၎င်း၏ ပါတီတွင်းပြိုင်ဘက်ဖြစ်သော LDP အမှုဆောင်ဟောင်း ဆီကိုနိုဒါမှာ ပါတီခေါင်းဆောင်နေရာအတွက် အာဘေးအား ယှဉ်ပြိုင်ရန် လုံလောက်သည့် ထောက်ခံမှု မရရှိခဲ့ပေ။
    ခေါင်းဆောင်ရွေးချယ်ရေးအတွက် စာရင်းမသွင်းမီ ထောက်ခံသူများအား အာဘေးက မိမိမှာ ငွေးကြေးတန်ဖိုးကျခြင်းမှ လွတ်မြောက်ရန်နှင့် စီးပွားရေး တောင့်တင်းလာအောင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဂျပန်နိုင်ငံ၏ မွေးဖွားနှုန်းနိမ့်မှုနှင့် သက်ကြီးရွယ်အို များပြားမှု ပြဿနာများကိုလည်း ဖြေရှင်းသွားမည်ဟု ပြောကြားခဲ့သည်။
    ထို့ပြင် ၎င်း၏ကြေညာချက်၌ မိမိမှာ ဂျပန်နိုင်ငံ၏ စစ်အလွန် စစ်ဆန့်ကျင်ရေး ဖွဲ့စည်းပုံကို ပြောင်းလဲရန် ရည်ရွယ်ချက်နှင့်အတူ ထိုကိစ္စအား ပြည်သူများက အကြိတ်အနယ် သုံးသပ်ဆွေးနွေးမှုများ ဖြစ်လာရန် ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ဂျပန်ပြည်သူအများစုမှာ အဆိုပါ ဖွဲ့စည်းပုံအား ပြင်ဆင်ရန် မလိုလားကြပေ။
    ဂျပန်ယန်း တန်ဖိုးမှာ ဒေါ်လာနှင့်ယှဉ်လျှင် ၃၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး ၂၀၁၂ ခုနှစ် အာဘေး အာဏာရပြီးကတည်းက ဂျပန်၏ ရှယ်ယာဈေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အကျိုးအမြတ်မှာ ၂ ဆကျော် တက်လာခဲ့သည်။
    သို့သော်လည်း ရင်းနှီးမြှုပ်နှံမှု နှေးကွေးခြင်း၊ လုပ်ခမြင့်တက်ခြင်း၊ ဈေးနှုန်းတက်ခြင်းနှင့် ၀ယ်ယူသုံးစွဲမှု ထိုင်းမှိုင်းခြင်းတို့က ဂျပန်စီးပွားရေး ရှေ့ဆက်သွားရန် အခက်တွေ့စေခဲ့သည်။ ဂျပန်၏ ဂျီဒီပီမှာလည်း ဧပြီလမှ ဇွန်လအတွင်း ၁.၂ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး ပို့ကုန်လျော့ကျမှုနှင့် စားသုံးသူ သုံးစွဲမှုပမာဏ အားနည်းခြင်းတို့ ကြောင့်ဖြစ်သည်။
    ဂျပန်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
    Ref: Chaelnewsasisa
  • နိုင်ငံတကာသတင်းတို (စက်တင်ဘာ ၇၊ ၂၀၁၅)
    စက်တင်ဘာ ၇၊ ၂၀၁၅
    M-Media
    ပြည်တွင်းဖြစ် ဒရုန်းလေယာဉ်ကို ပါကစ္စတန် ပထမဆုံးအကြိမ် ထုတ်သုံး
    ………………………………………
    – မိမိတို့မှာ ပြည်တွင်းဖြစ် ဒရုန်းလေယာဉ်ဖြင့် ပထမဆုံးအကြိမ် နိုင်ငံအနောက်မြောက်ပိုင်းမှ စစ်သွေးကြွများကို တိုက်ခိုက်ခဲ့ပြီး စစ်သွေးကြွ ၃ ဦး သေဆုံးခဲ့သည်ဟု ပါကစ္စတန်စစ်တပ်က ယနေ့တွင် ပြောကြားလိုက်သည်။ Burraq ဟု အမည်ရသည့် ဒရုန်းလေယာဉ်ဖြစ်ပြီး လေဆာပဲ့ထိန်းဒုံးကျည်တပ်ဆင် ပစ်လွှတ်နိုင်သည်။ အဆိုပါနည်းပညာကို အမေရိကန်၊ တရုတ်နှင့် အစ္စရေးတို့ အပါအ၀င် လက်တစ်ဆုပ်စာ နိုင်ငံများကသာ ပိုင်ဆိုင်ထားကြသည်။
    ဆီးရီးယားသို့ စစ်လက်နက်ပေးပို့မှုမှာ အကြမ်းဖက်တိုက်ဖျက်ရေးအတွက်ဟု ရုရှားပြော
    ……………………………………
    ရုရှားအနေဖြင့် ဆီးရီးယားသို့ စစ်ဘက်ဆိုင်ရာပစ္စည်းများ ပေးပို့ခြင်းမှာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန်အတွက်သာ ဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ RIA Novosti သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ ရုရှားမှာ အာဆတ်အစိုးရသို့ စစ်လက်နက်ပစ္စည်းများ ပေးပို့ခဲ့သည်ဆိုသော သတင်းများမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း
    ထွက်ပေါ်လာခဲ့ပြီး အမေရိကန်ကလည်း ထိုသတင်းအတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
    ယူကရိန်းတွင် နေတိုးအဖွဲ့ ရုံးခန်း ဖွင့်တော့မည်
    …………………………………….
    မကြာမီအချိန်အတွင်း ယူကရိန်းသို့ သွားရောက်လည်ပတ်သည့်အခါ နေတိုးအဖွဲ့၏ ရုံးခန်းကို ကိဗ်မြို့တွင် ဖွင့်လှစ်ရန်အတွက် သဘောတူညီချက်တစ်ခုကို နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဂျန်စ် စတိုလ်တန်ဘာ့ဂ်က လက်မှတ်ရေးထိုးမည်ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ပါဗဲလ် ကလင်မ်ကင် ပြောကြားမှုကို ကိုးကား၍ TASS သတင်းဌာနက ဖော်ပြခဲ့သည်။ ကလ်မ်ကင်မှာ
    နေတိုးအဖွဲ့ခေါင်းဆောင်ပိုင်းနှင့် ဘရက်ဆဲလ်တွင် တွေ့ဆုံခဲ့ပြီး ရုံးခန်းဖွင့်ရေးကို မကြာမီ ဆောင်ရွက်သွားမည်ဖြစ်သည်။
    Ref: News Agencies
  • ဆော်ဒီ၏ ၁၂ နှစ်တာ အာကာသစီမံကိန်း ၂၀၁၉ တွင် စမည်
    ဆော်ဒီ၏ ၁၂ နှစ်တာ အာကာသစီမံကိန်း ၂၀၁၉ တွင် စမည်
    စက်တင်ဘာ ၇၊ ၂၀၁၅
    M-Media
    saudi
    – နိုင်ငံ၏ ၁၂ နှစ်တာ အာကာသအစီအစဉ်အတွင်း ဆော်ဒီအာရေဗျမှာ ၂ နှစ်၊ သို့မဟုတ် ၃ နှစ်လျှင် တစ်ကြိမ် ကမ္ဘာပတ်လမ်းကြောင်းထဲသို့ ဂြိုဟ်တုများ လွှတ်တင်သွားမည်ဟု သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဘုရင်အဘ်ဒူလ်အဇစ်မြို့ KACST က ယမန်နေ့တွင် ကြေညာခဲ့သည်။
    KACST ၏ ဥက္ကဌဖြစ်သူ မင်းသား တာရ်ကီ ဘင် ဆာအွဒ်မှာ နာဆာ၏ အာကာသယာဉ် Discovery လွှတ်တင်ခဲ့သည့် နှစ် ၃၀ မြောက် အခမ်းနား၌ ပြောကြားသည့် မိန့်ခွန်းတွင် ယခုကဲ့သို့ ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
    ၎င်းတို့၏ အာကာသအစီအစဉ် အကောင်အထည်ဖော်မည့် အချိန်ကို၂၀၁၉ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ သတ်မှတ်ထားပြီး နာဆာမှ ကျွမ်းကျင်ပညာရှင်များ၊ ဂျာမန်အာကာသအေဂျင်စီနှင့် စတန်းဖို့ဒ် တက္ကသိုလ်တို့ ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်သည်။
    ပထမဆုံး အာကသယာဉ် ၂ စင်း လွှတ်တင်ပြီးနောက်ပိုင်းမှသာ စတန်းဖို့ဒ်တက္ကသိုလ်က MDSS ဂြိုဟ်တုအသေးစားများ လွှတ်တင်ရေး ရေရှည်အစီအစဉ်တွင် ပါဝင်မည်ဖြစ်သည်။
    တာရ်ကီကမူ ဆော်ဒီမှာ အာကာသ သုတေသနလုပ်ငန်းများကို လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကတည်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပရိတ်သတ်များအား ပြောကြားခဲ့သည်။
    Ref: Alarabiya
  • ပါကစ္စတန်မှ အမျိုးသားတစ်ဦး မသန်းစွမ်းဖခင်အား ချီပိုးကာ ဟဂ်ျပြုစေမည်
    ပါကစ္စတန်မှ အမျိုးသားတစ်ဦး မသန်းစွမ်းဖခင်အား ချီပိုးကာ ဟဂ်ျပြုစေမည်
    စက်တင်ဘာ ၇၊ ၂၀၁၅
    M-Media
    hajj
    – မသန်စွမ်းဖြစ်နေသည့် ဖခင်ဖြစ်သူ၏ ဟဂ်ျပြုလိုသည့်ဆန္ဒကို ဖြည့်ဆည်းပေးသည့်အနေဖြင့် ပါကစ္စတန်မှ အသက် ၅၀ အရွယ် သားဖြစ်သူမှာ ဖခင်အား ဟဂ်ျခရီးစဉ်တစ်လျှောက်လုံး ချီပိုး၍ ဟဂ်ျပြုလုပ်သွားရန် ရည်ရွယ်ထားသည်ဟု သိရသည်။
    “သူ့အဖေက မသန်စွမ်း ဖြစ်နေတဲ့အတွက်ကြောင့် လမ်းလျှောက်မနိုင်ဘဲ၊ ဟဂ်ျပြုဖို့အတွက် သူ့အဖေကို ကျောကုန်းမှာပိုးပြီး ဟဂ်ျခရီးပြုမယ့်ကာလတစ်လျှောက်လုံး သယ်သွားမယ်လို့ သူက ပြောခဲ့ပါတယ်” ဟု ဆော်ဒီ နေ့စဉ်ထုတ် သတင်းစာတစ်စောင်ဖြစ်သည့် Al Jazira က ဖော်ပြခဲ့သည်။
    အဆိုပါ အမျိုးသားမှာ သောကြာနေ့က မက္ကာရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးသို့ ၀တ်ပြုရန် ဖခင်ဖြစ်သူအား ချီပိုး၍ ခေါ်ဆောင်လာခဲ့သည်။ ထိုအမျိုးသားက ၎င်းမှာ ယခုနှစ် မက္ကာနှင့် မဒီနာသို့ ဟဂ်ျဘုရားဖူးခရီး လာရောက်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဆိုသည်။
    “သူ့အဖေကို ဟဂ်ျပို့ပေးမယ်လို့ သူက ကတိပေးထားပြီး ဒီကတိကို ဖြည့်ဆည်းဖို့အတွက် အခက်အခဲအားလုံးကို ကျော်ဖြတ်ကာ ဖခင်ကို ချီပိုးသယ်ဆေင်သွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သူက ပြောခဲ့ပါတယ်” ဟု အဆိုပါ သတင်းစာတွင် ဖော်ပြထားသည်။
    ဖခင်အား ချီပိုး၍ ဗလီဝတ်ကျောင်းတော်သို့ ရောက်ရှိလာသည့် ၎င်းတို့သားအဖ၏ ဓာတ်ပုံမှာ ဆိုရှယ်မီဒီယာများတွင် ပြန့်နှံ့သွားခဲ့ပြီး သားသမီးကောင်း ပီသမှုအတွက် ဆိုရှယ်မီဒီယာ အသုံးပြုသူများက ချီးကျူးခဲ့ကြသည်။
    ဟဂ်ျပြုလုပ်ခြင်းမှာ အစ္စလာမ်သာသနာ၏ အဓိကမဏ္ဍိုင် ၅ ခုမှ ပဉ္စမမြောက် မဏ္ဍိုင်ဖြစ်ပြီး ငွေကြေးကုံလုံ၍ မက္ကာမြို့သို့လာရောက်ရန် တတ်နိုင်သောသူများမှာ တစ်သက်လျှင် တစ်ကြိမ် ဟဂ်ျပြုလုပ်ရန် တာဝန်ရှိသည်။
    ယခုနှစ် ဟဂ်ျကာလမှ စက်တင်ဘာ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း ကျရောက်မည်ဖြစ်ပြီး အစ္စလာမ့်ပြက္ခဒိန်မှ နောက်ဆုံးလဖြစ်သည့် ဇွလ်ဟဂ်ျလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဖြစ်သည်။
    Ref: Onislam