News @ M-Media

Blog

  • ကမ္ဘာ့အင်အားအကြီးဆုံး တရုတ်စစ်တပ်မှ တပ်ဖွဲ့ဝင် ၃ သိန်း လျော့ချမည်

    ကမ္ဘာ့အင်အားအကြီးဆုံး တရုတ်စစ်တပ်မှ တပ်ဖွဲ့ဝင် ၃ သိန်း လျော့ချမည်

    စက်တင်ဘာ ၃၊ ၂၀၁၅
    M-Media

    chia

    – ကမ္ဘာအင်အားအကြီးဆုံး စစ်တပ်ရှိသည့် တရုတ်နိုင်ငံ၏ ၂ သန်းကျော်သော စစ်အင်အားမှ စစ်သား ၃ သိန်းခန့်ကို လျှော့ချသွားမည်ဟု တရုတ်သမ္မ ရှီဂျင်ပင်းက ပြောကြားလိုက်သည်။

    ယနေ့တွင်ပြုလုပ်သော ဒုတိယကမ္ဘာစစ် နှစ် ၇၀ ပြည့် အခမ်းအနားတွင် ပြောကြားလိုက်ခြင်းဖြစ်ပြီး စစ်အင်အားကို ၂ သန်းအထိသာ ထားမည်ဖြစ်ကာ ထိုပမာဏမှာလည်း ကမ္ဘာပေါ်တွင် အရေအတွက်အမြင့်ဆုံး စစ်အင်အား ဖြစ်သည်။

    စစ်သားများလျှောချမည့် အကြောင်းအရင်း အတိအကျကိုမူ ၎င်းက ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။ သို့သော်လည်း တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ တာဝန်မှာ တရုတ်နိုင်ငံကို ကာကွယ်ရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်းဟူသော မြင့်မြတ်သည့်အလုပ်ကို ဆောင်ရွက်ရန်ုဖြစ်သည်ဟု ဆိုသည်။

    ထိုကဲ့သို့ ကြေညာမှုမှာ တပ်ဖွဲ့ဝင် ၁၂၀၀၀ ခန့်ပါဝင်ပြီး မြို့တော်ဘေဂျင်းတွင် ယနေ့ပြုလုပ်ခဲ့သည့် စစ်ရေးပြအခမ်းအနား၏ ရိုက်ခတ်မှုကို လျော့ပါးစေရန်အတွက် ကြေညာခြင်းဖြစ်သည်ဟု ရှုမြင်နေကြသည်။

    စစ်သားများ စစ်ရေးပြ ချီတက်မှုအပြင် ယနေ့ပြုလုပ်သော အခမ်းနားအတွင် တိုက်ချင်းပစ်ဒုံးပျံများ၊ တင့်ကားများနှင့် စစ်လက်နက်တပ်ဆင်ထားသော ယာဉ်များကိုလည်း ပြသခဲ့ပြီး ထိုအထဲမှ အများစုကို ယခင်က လူသိရှင်ကြား ထုတ်ဖော်ပြသဖူးခြင်း မရှိချေ။ ထို့ပြင် နောက်ဆုံးပေါ် တိုက်လေယာဉ်များ ပျံသန်းမှုလည်း ပါဝင်သည်။

    အဆိုပါစစ်ရေးပြအခမ်းအနားတွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ တပ်ဖွဲ့ဝင် ၁၀၀ ခန့်လည်း ပါဝင်ခဲ့ပြီး ပထမဆုံးအကြိမ် ပါဝင်ခြင်းလည်း ဖြစ်သည်။

    တရုတ်၏ ထိုစစ်ရေးပြအခမ်းအနားသို့ အမေရိကန်၊ ဂျပန် အပါအ၀င် တောင်တရုတ်ပင်လယ်နှင့် အခြားနေရာများတွင် ပိုင်နက်ပိုင်ဆိုင်ကြောင်း တရုတ်နိုင်ငံ၏ ရန်လိုသော ဆောင်ရွက်ချက်များအတွက် စိုးရိမ်မှုများရှိနေသည့် အခြား အဓိက အင်အားကြီးနိုင်ငံများ တက်ရောက်ခဲ့ခြင်းမရှိပေ။

    သို့သော်လည်း ရုရှားသမ္မတ ဗလာဒီမာပူတင် အပါအ၀င် တရုတ်နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသော နိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး စစ်ရာဇ၀တ်မှုဖြင့် နိုင်ငံတကာရာဇ၀တ်ခုံရုံးက အလိုရှိနေသည့် ဆူဒန်သမ္မတ အိုမာရ် အလ်-ဘရှီးရ်လည်း တက်ရောက်ခဲ့သည်။

    Ref: Aljazeera

  • ရာသီသစ်တွင် လီဗာပူးလ်မှာ ကံကောင်း၍ အမှတ်ရခြင်းဟု နည်းပြဟောင်းပြော

    ရာသီသစ်တွင် လီဗာပူးလ်မှာ ကံကောင်း၍ အမှတ်ရခြင်းဟု နည်းပြဟောင်းပြော

    စက်တင်ဘာ ၃၊ ၂၀၁၅
    M-Media

    liver

    – လီဗာပူးလ်အသင်းမှာ နှစ်များစွာအတွင်း အဆိုးဆုံးအခြေအနေကို ရောက်ရှိနေသည်ဟု နည်းပြဟောင်း ဟယ်ရီရက်နပ်က ပြောကြားလိုက်ပြီး၊ ယခုရာသီအစတွင် တစ်မှတ်ထက်ပို၍ ရခြင်းမှာ ကံကောင်း၍သာဖြစ်သည်ဟု ဆိုသည်။

    လီဗာပူးလ်မှာ ၂၀၁၅-၁၆ ဘောလုံးရာသီကို ခက်ခဲစွာ စတင်နေရပြီး ပထမဆုံး ၄ ပွဲတွင် စတုတ်စီးတီးနှင့် ဘုန်းမောက်တို့ကို ဂိုးနည်းနည်း ဖြင့်နိုင်ကာ၊ အာဆယ်နယ့်သရေကျပြီး၊ ၀က်စ်မ်းကို အိမ်ကွင်း၌ပင် ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

    နည်းပြဟောင်း ရက်နပ်ကမူ လီဗာပူးလ်အား ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး ရော်ဂျာ၏ အသင်းမှာ သာမန်အောက်ရောက်နေသည်ဟု ဆိုသည်။

    “လီဗာပူးလ်ကို ကျွန်တော် လုံးဝ မကြိုက်ပါဘူး။ နှစ်များစွာအတွင်းမှာ အဆိုးဝါးဆုံး လီဗာပူးလ်အသင်းကို မြင်နေရတယ်လို့ပဲ ကျွန်တော်ထင်ပါတယ်။ သူတို့ သာမန်အောက်ပဲရှိပါတယ်။ ကံကောင်းလို့ အမှတ်ရတာပါ။ ဘုန်းမောက်က သူတို့ကို နိုင်သွားသင့်ပါတယ်။ စတုတ်နဲ့တုန်းက တော်တော်ကောင်းကောင်း ဂိုးတစ်ဂိုး သူတို့ရတယ်။ အာဆင်နယ်နဲ့ကလည်း ပထမပိုင်းမှာ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်” ဟု ရက်နပ်က Telegraph Total Football Live အခမ်းအနားတွင် ယမန်နေ့က ပြောကြားခဲ့သည်။

    ထို့ပြင် ရာသီကုန် လီဗာပူးလ်အသင်း၏ အခြေအနေနှင့်ပတ်သက် ၎င်းက ခန့်မှန်းခဲ့ပြီး၊ အသင်း၏မျှတမှု ပျက်ယွင်းခြင်း၊ ရော်ဂျာ၏ နည်းစနစ်ပိုင်းဆိုင်ရာတို့နှင့် ပတ်သက်၍ ဝေဖန်ရှုတ်ချခဲ့ကာ လီဗာပူးလ်အသင်းတွင် မည်သည့် လက္ခဏာမှမရှိဟု ထည့်သွင်းပြောကြားခဲ့သည်။

    “သူတို့ ထိပ်ဆုံး ၅ သင်းလောက်ဝင်ပြီး ရာသီသိမ်းမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီနှစ်တစ်နှစ်လုံးမှာ လီဗာပူးလ်ကို ကျွန်တော် အားမပေးပါဘူး။ ပြောရရင် သူတို့ လိဂ်မှာ ဗိုလ်စွဲကောင်း စွဲပါလိမ့်မယ်”

    Ref: Goal

  • ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ့် စီးပွားရေး ထိပ်သီး အစည်းအဝေး GIES 2015  ဒူဘိုင်းမှာ ကျင်းပမည်

    ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ့် စီးပွားရေး ထိပ်သီး အစည်းအဝေး GIES 2015 ဒူဘိုင်းမှာ ကျင်းပမည်

    စက်တင်ဘာ ၃ ၊ ၂၀၁၅
    M-Media
    obpicUX9kK6
    – ၂၀၁၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ့်စီးပွားရေး ထိပ်သီးအစည်းအဝေး GIES 2015 ကို ယူအေအီးနိုင်ငံ ဒူဘိုင်းရှိ အစ္စလာမ့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစင်တာ DIEDC တွင် အောက်တိုဘာ ၅ ရက်နေ့နှင့် ၆ ရက်နေ့များတွင် ကျင်းပရန် စီစဉ်ထားပြီး ပေါ်လစီရေးဆွဲသူ၊ အတွေးအခေါ်ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင် ၂၀၀၀ ကျော် လာရောက်မည်ဟု ခန့်မှန်းထားသည်။

    အဆိုပါ ထိပ်သီးအစည်းအဝေးကို ၂၀၁၃ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အစည်းအဝေး၌ ကမ္ဘာတစ်ဝှမ်း တိုးတက်လာသော အစ္စလာမ့်စီးပွားရေး အခွင့်အလမ်းများအပေါ် အမိအရ ဆုပ်ကိုင်နိုင်ရန် မူဝါဒ လမ်းစဉ် ချမှတ်သွားမည်ဖြစ်သည်။ GIES 2015 ထိပ်သီး အစည်းအဝေးကို ဒူဘိုင်း ကုန်သည်ကြီးများအသင်း၊ ဒူဘိုင်းအစ္စလာမ့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးစင်တာနှင့် Thomson Reuters အဖွဲ့တို့က ပူးပေါင်းစီစဉ်ကျင်းပခြင်း ဖြစ်သည်။

    အဆိုပါ ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတကာမှ ပညာရှင် ၆၀ ကျော်က ကဏ္ဍ ၁၅ ခုအတွက် ဟောပြောတင်ပြမှုများ ပြုလုပ် သွားမည်ဖြစ်ပြီး အစ္စလာမ့်ဘဏ္ဍာရေး၊ ဟာလာလ် လုပ်ငန်း၊ မိသားစု ခရီးသွားလုပ်ငန်း၊ အစ္စလာမ့်အသိပညာ၊ အစ္စလာမ့်အနုပညာနှင့် ဒီဇိုင်း၊ အစ္စလာမ့်ဒစ်ဂျစ်တယ်စီးပွားရေးနှင့် အစ္စလာမ့်စံနှုန်းများ စသည့် အစ္စလာမ့် စီးပွားရေး ကဏ္ဍအတွင်းရှိ အဓိက မဏ္ဍိုင် ၇ ခုနှင့်ပတ်သက်၍ ပြည့်စုံသည့် ရှင်းလင်းမှုများကိုလည်း ပြုလုပ်ပေးသွားမည်ဖြစ်သည်။

    ၂၀၁၃ ခုနှစ်တွင် ပြုလုပ်ခဲ့သော အစည်းအဝေးတွင်လည်း အနာဂတ် အစ္စလာမ့်စီးပွားရေး အလားအလာကို ရှေးရှုကာ အဆိုပါကဏ္ဍများ အကြောင်းကို မျှဝေခဲ့ကြပြီး၊ ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သည့် အစည်းအဝေးမှ တွေ့ရှိချက်များမှာ ယခုနှစ် အစည်းအဝေး အတွက် ပြင်ဆင်မှုတွင် အထောက်အကူ ဖြစ်စေခဲ့သည်။ GIES 2015 မှာ ပြီးခဲ့သည့် နှစ်များအတွင်း တွေ့ခဲ့ရသည့် ယူဆက်ချက်များကို ပြန်လည် သုံးသပ်ရန်နှင့် အစ္စလာမ့်စီးပွားရေးနှင့် ၀န်ဆောင်မှုလုပ်ငန်းများတွင် ကမ္ဘာတစ်ဝှမ်းမှ ပါဝင်ဆောင်ရွက်နေသူများ၏ လိုအပ်ချက်များကို ဖြေရှင်းရန် ရည်ရွယ်ထားသည်။

    အဆိုပါအစည်းအဝေးတွင် Dubai Silicon Oasis Authority နှင့် ပူးပေါင်းကျင်းပသော စီးပွားရေး ဆန်းသစ်မှုပြိုင်ပွဲ  Innovation 4 Impact မှ ဆုရရှိသူများကိုလည်း ကြေညာသွားမည်ဖြစ်သည်။ အရှေ့အလယ်ပိုင်း အပြင်ဘက်တွင် လူကြိုက်များမှု မြင့်တက်လာသည့် အစ္စလာမ့် အနုပညာနှင့် ဖက်ရှင်ကိုလည်း ပြပွဲတစ်ခုပြုလုပ်ကာ ဖော်ပြသွားမည်ဖြစ်သည်။

    ထို့ပြင် ယခင်နှစ်များက ပြုလုပ်ခဲ့သည်အတိုင်း အစ္စလာမ့်နိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်အတွက် အဓိက ကဏ္ဍ ၈ ခုနှင့် ဆက်နွယ်သည့် အတွေးအခေါ်နှင့် ဆောင်ရွက်မှုများအတွက်  အစ္စလာမ့်စီးပွားရေးထူးချွန်ဆုကိုလည်း ချီးမြှင့်သွားမည် ဖြစ်သည်။

    “အစ္စလာမ့်စီးပွားရေး တိုးတက်ဖို့ ဒူဘိုင်းဟာ အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ထိပ်တန်းစီးပွားရေးသမားတွေ၊ လူငယ်စီးပွားရေးသမားတွေကို ဖိတ်ထားကာ ဒီလုပ်ငန်းကို ဆက်လက်ပြီးကောင်းကောင်းမွန်မွန် ပုံပေါ်လာနိုင်မယ့် သူတို့ရဲ့ အတွေးအခေါ်တွေ၊ သဘောတရားတွေကို ကြားရမှာပါ” ဟု ဒူဘိုင်းကုန်သည်ကြီးများအသင်းမှ ဥက္ကဌဖြစ်သူ အိခ်ျအီး မဂျစ် ဆအစ်ဖ် အလ် ဂူရာအီရ်က ပြောကြားခဲ့သည်။

    ဒူဘိုင်းအစ္စလာမ့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုစင်တာမှ စီအီးအိုဖြစ်သူ အဘ်ဒူလာ မိုဟာမက် အလ် အ၀ါရ်ကလည်း

    “အစ္စလာမ့်စီးပွားရေး ထူးထူးခြားခြားတိုးတက်မှုကို ကျောထောက်နောက်ခံဖြစ်စေတဲ့ ကျယ်ပြန့်တဲ့ကဏ္ဍတွေကို အာရုံစိုက်မှုနဲ့ ဒီစီးပွားရေးရဲ့ အခြေအနေအားလုံကို ဒီအစည်းအဝေးမှာ ဖော်ပြသွားဖို့ ကျွန်တော်တို့ စီးစဉ်ထားပါတယ်” ဟု ပြောကြားခဲ့သည်။

    Thomson Reuters မှ မန်းနေးဂျင်းဒါရိုက်တာ နဒင်းမ်ကမူ “GIES 2015 မှာ အစ္စလာမ့်စီးပွားရေးဟာ ကမ္ဘာ့အဆင့်မှာ ဘယ်လို မြင့်မားတဲ့ တိုးတက်မှုတွေ ရှိလဲဆိုတာကို ရှာဖွေတွေ့ရှိကြမယ့် ကိုယ်စားလှယ်တွေ အတွက် ၂ ရက် အစီအစဉ်တွေကို ကျွန်တော်တို့ စီစဉ်ထားပါတယ်။ ပြီးတော့ ပုံမှန် ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးလုပ်ငန်း အလွန်က အလားအလာရှိတဲ့ အဖြေတွေကိုလည်း ဘယ်လို ဖော်ပြ သွားမလဲဆိုတာကိုလည်း သူတို့တွေ့မှာပါ” ဟု ပြောကြားခဲ့သည်။

    ref:Aquila Style

  • အီရန်၏ နျူသဘောတူညီချက်အတွက် အထက်လွှတ်တော်တွင် အိုဘားမား ဗီတိုသုံး၍ ရပြီ

    အီရန်၏ နျူသဘောတူညီချက်အတွက် အထက်လွှတ်တော်တွင် အိုဘားမား ဗီတိုသုံး၍ ရပြီ

    စက်တင်ဘာ ၃၊ ၂၀၁၅
    M-Media

    obama

    – အီရန်နှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတို့ ရခဲ့သည့် နျူအရေး သဘောတူညီချက်အား အထက်လွှတ်တော်မှ ဆန့်ကျင်မှုကို ဗီတိုသုံး၍ ပယ်ချရန် အမေရိကန်သမ္မတ အိုဘားမားမှာ လုံလောက်သည့် ထောက်ခံမှုကို ရရှိခဲ့သည်ဟု သိရသည်။

    မေရီလန်းပြည်နယ်မှ အထက်လွှတ်တော်အမတ် ဘာဘရာ မီကူလ်စကီးမှာ အဆိုပါ နျူအရေးသဘောတူညီချက်ကို ထောက်ခံကြောင်း ယမန်နေ့က ပြောဆိုခဲ့ပြီး သဘောတူညီချက်ကို ထောက်ခံသည့် ၃၄ ဦးမြောက် အထက်လွှတ်တော်အမတ်လည်း ဖြစ်ခဲ့သည်။ ထို့ကြောင့် အထက်လွှတ်တော်မှာ အဆိုပါ သဘောတူညီချက်ကို ပယ်ချနိုင်တော့မည်ဟုတ်ပေ။

    အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့ ရရှိခဲ့သည့် နျူအရေးသဘောတူညီချက်အရ အီရန်မှာ ၎င်းတို့၏ နျူကလီးယားစီအစဉ် တိုးတက်အောင် လုပ်ဆောင်မှုကို ရပ်တန့်ရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အနောက်နိုင်ငံများကလည်း အီရန်အပေါ် ပြုလုပ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများအားလုံးကိုလည်း ဖယ်ရှားပေးရမည်ဖြစ်သည်။

    ထိုသဘောတူညီချက်အား အမေရိကန်အထက်လွှတ်တော်နှင့် အီရန်ပါလီမန်တို့က အတည်ပြုရမည်ဖြစ်ကာ ထို့နောက်တွင်မှ သက်ရောက်မှုရှိမည်ဖြစ်သည်။ အထက်လွှတ်တော်တွင် အများစုဖြစ်သော ရီပက်ဘလစ်ကန်များကမူ အီရန်မှာ နျူးကလီးယားဗုံး လုပ်ရန်အတွက် ယခုနည်းလမ်းဖြင့် လိမ်ညာခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။ အီရန်ကမူ ယခင်ကတည်းက ၎င်းတို့၏
    နျူအစီအစဉ်မှာ အရက်ဖက်အတွက် အသုံးပြုရန်ဖြစ်သည်ဟု တစ်စိုက်မတ်မတ် ပြောဆိုထားသည်။

    အမေရိကန် အထက်လွှတ်တော်အနေဖြင့် အဆိုပါသဘောတူညီချက်ကို လက်မခံလျှင် အိုဘားမားက ဗီတိုသုံး၍ ငြင်းဆိုမှုကို ပယ်ချနိုင်သော်လည်း ဗီတိုအသုံးပြုရန်အတွက် အထက်လွှတ်တော် အမတ်များမှ ၃ ပုံ ၂ ပုံ၏ ထောက်ခံမှုကို လိုအပ်သည်။ မီကူလ်စကီး၏ ထောက်ခံမှုကြောင့် အိုဘားမားလိုအပ်သော အမတ်အရေအတွက်မှာ ပြည့်သွားပြီဖြစ်သည်။ အထက်လွှတ်တော်မှာ ထိုသဘောတူညီချက်နှင့်ပတ်သက်၍ ယခုလနှောင်းပိုင်းတွင် မဲခွဲဆုံးဖြတ်သွားမည်ဖြစ်သည်။

    Ref: Aljazeera

  • ဟဂ်ျနှင့်ပတ်သက်သည့် စမတ်ဖုန်း App နှစ်ခုကို ဆော်ဒီဖြန့်ချီ

    ဟဂ်ျနှင့်ပတ်သက်သည့် စမတ်ဖုန်း App နှစ်ခုကို ဆော်ဒီဖြန့်ချီ

    စက်တင်ဘာ ၃၊ ၂၀၁၅
    M-Media

    hajj

    – ဟဂ်ျရာသီအတွင်း ဆော်ဒီအာရေဗျသို့ လာရောက်ဟဂ်ျပြုကြမည့် ကမ္ဘာ့နိုင်ငံအသီးသီးမှ လူမျိုးပေါင်းစုံ အစ္စလာမ်ဘာသာဝင်များ ဟဂ်ျနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အလွယ်တကူ ရရှိနိုင်ရန်အတွက် ဘာသာစကားပေါင်းစုံဖြင့် အသုံးပြုနိုင်မည့် ဖုန်းအက်ပလီကေးရှင်းနှစ်ခုကို ဆော်ဒီက ဖြန့်ချီလိုက်သည်ဟု သိရသည်။

    “သတင်းအချက်အလက်တွေကို ဖြန့်ဝေဖို့အတွက် ဒီနေ့ခေတ်မှာ အင်တာနက်ဟာ အရာရောက်တဲ့ ကိရိယာတစ်ခုပါ။ အဲဒီအင်တာနက်ကို ပညာရေး ရည်ရွယ်ချက်အတွက်၊ အစ္စလာမ့်တရားဒေသနာတွေ ဟောကြားဖို့အတွက်၊ အစ္စလာမ်၊ မွတ်စလင်တွေနဲ့ပတ်သက်လို့ ယူဆချက်အမှားတွေကို ဖယ်ရှားဖို့အတွက် စတဲ့ စတဲ့ နေရာတွေမှာ အသုံးပြုလို့ရပါတယ်” ဟု ဂျာမီယာ မီလီယာ အစ္စလာမီ အလူမ်နီအသင်းအား တည်ထောင်သူ ဒေါက်တာ ရှာဖာသွလ္လာဟ်ခန်းက စက်တင်ဘာ ၂ ရက်နေ့တွင် Saudi Gazette သို့ ပြောကြားခဲ့သည်။

    “အခြားနည်းပညာသစ်တစ်ခု အစားမထိုးနိုင်မချင်း ကျွန်တော်တို့ နေ့စဉ်ဘ၀တွေမှာ အင်တာနက်ဟာ ဆက်လက်ပြီး အကျိုးသက်ရောက်မှု ရှိနေမှာပါ။ သာမန်လူတန်းစားတွေကို အစ္စလာမ့်ရဲ့ သင်ကြားမှုတွေ ဖြန့်ချီရာမှာ ဒီအင်တာနက်ကို အဆုံးစွန်ဆုံး ကျွန်တော်တို့ အသုံးချဖို့ လိုပါတယ်”

    ယခုဖြန့်ချီလိုက်သည့် အက်ပလီကေးရှင်းကို Haj e Mabroor ဟု အမည်ပေးထားပြီး ဟဂ်ျ၊ အွမ္မရာဟ်ပြုခြင်းနှင့် ပတ်သက်၍ စာအုပ် ၃ အုပ်၊ တရားဒေသနာ ၉ ခု၊ ဆောင်းပါ ၂၁ ပုဒ်၊ ဟဂ်ျနှင့် အွမ္မရာဟ် ပြုနည်းများ ပါဝင်သည်။

    အဆိုပါအက်ပလီကေးရှင်းကို အင်္ဂလိပ်၊ အူရဒူ၊ ဟင်ဒီ ဘာသာစကားများဖြင့် အသုံးပြုနိုင်ပြီး ဒေါက်တာ နဂျီဘ် ကွာစ်မီက စီစဉ်ပေးကာ နာမည်ကျော် ဟဒီးဆ်ပညာရှင်နှင့် ဘုရင်ဖိုက်ဆယ်ဆုရ ဒေါက်တာ မိုဟာမက် မွတ်စ်တာဖာ အဇ်မီက ထုတ်ဝေဖြန့်ချီခြင်းဖြစ်သည်။အက်ပလီကေးရှင်းတွင် ပါဝင်သော စာအုပ်များနှင့် ဆောင်းပါးများဖတ်ခြင်း၊ အမေးအဖြေကဏ္ဍများအတွက် အသုံးပြုသူများမှာ အင်တာနက်ကွန်နက်ရှင် မလိုအပ်ပေ။

    ယခုနှစ် ဟဂ်ျကာလမှာ စက်တင်ဘာ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း ကျရောက်မည်ဖြစ်ပြီး အစ္စလာမ့် ပြက္ခဒိန်၏ ၁၂ လမြောက်ဖြစ်သော ဇွလ်ဟဂ်ျလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိဖြစ်သည်။

    Deen e Islam

    Haj e Mabroor အက်ပလီကေးရှင်းအပြင် ဟဂ်ျနှင့် အွမ္မရာဟ်အတွက် သတင်းအချက်အလက်များကို ရယူနိုင်ပြီး ဘာသာစကားသုံးမျိုးဖြင့် အသုံးပြုနိုင်သော Deen e Islam အက်ပလီကေးရှင်းကိုလည်း ထုတ်လုပ်ဖြန့်ချီခဲ့သည်။

    အဆိုပါ အက်ပလီကေးရှင်းတွင် ဘာသာရေးကဏ္ဍ ၂၁ ခုပါဝင်ပြီး၊ ဘ၀ရှင်သန်မှုအတွက် လမ်းညွှန်ပေးထားသော ဆောင်ပါး ၁၇၅ ပုဒ်၊ တရားဒေသနာ ၇၅ ပုဒ်နှင့် စာအုပ် ၇ အုပ်တို့ ပါဝင်သည်။

    ထိုအက်ပလီကေးရှင်းများကို Play Store နှင့် App Store နှစ်ခုစလုံးတွင် ရရှိနိုင်ပြီး ၂ မိနစ်အတွင်း ဖုန်းအတွင်းသို့ ထည့်သွင်းအသုံးပြုနိုင်သည်။

    “ဒီခေတ်မှာ အစ္စလာမ်ဆန့်ကျင်ရေး အုပ်စုတွေဟာ အစ္စလာမ်ကို ဝေဖန်နေကြပြီး၊ အစ္စလာမ်ရဲ့ အရင်းမူလ၊ ကုရ်အာန်၊ ဟဒီးဆ်တို့ရဲ့ စစ်မှန်မှုနဲ့ပတ်သက်လို့ မွတ်စလင်တွေရဲ့ စိတ်ထဲမှာ သံသယတွေဝင်လာအောင် ကြိုးပမ်းနေကြပါတယ်။ အစ္စလာမ်နဲ့ ကုရ်အာန်အပေါ် ဒီလုပ်ကြံမှုတွေကို ဥရောပ ဘာသာစကားအမျိုးမျိုးနဲ့ ဆောင်ရွက်နေကြပြီး ကျွန်တော်တို့ အစ္စလာမ့် ဓမ္မပညာရှင်တွေက ဒါကို သတိမထားမိကြပါဘူး” ဟု ဒေါက်တာ မိုဟာမက် မွတ်စ်တာဖာ အဇ်မီက ပြောကြားခဲ့သည်

    “ကုရ်အာန်ရဲ့ စုစည်းမှုနဲ့ပတ်သက်လို့ မွတ်စလင်တွေရဲ့ စိတ်ထဲမှာ သံသယတွေဖြစ်အောင်လုပ်တဲ့၊ အစ္စလာမ့်ရင်းမြစ်တွေရဲ့ စစ်မှန်မှုမှာ ယုံကြည်မှုနည်းသွားအောင်လုပ်တဲ့ နှစ် ၂၀ စီမံကိန်းကို လက်ရှိ ဆောင်ရွက်နေတဲ့အဖွဲ့တွေဟာ ဂျာမနီတစ်နိုင်ငံတည်းမှာတင် အဖွဲ့ ၇၀ လောက်ရှိပါတယ်”

    ဟဂ်ျနှင့်ပတ်သက်၍ ဘာသာစကားမျိုးစုံဖြင့် ထုတ်ဝေသော အက်ပလီကေးရှင်းမှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်ချေ။ ၂၀၁၂ ခုနှစ်က ဂျာမန်မွတ်စလင် ကွန်ပျူတာပညာရှင်တစ်ဦးက ဟဂ်ျနှင့် အွမ္မရာဟ်ပြုသူများအတွက် ရည်ရွယ်သည့် စမတ်ဖုန်း အက်ပလီကေးရှင်းတစ်ခုကို ထုတ်ဝေခဲ့သည်။

    ပြီးခဲ့သည့်နှစ်ကလည်း ဂျစ်ဒါရှိ အိန္ဒိယ ကောင်စစ်ဝန်ရုံးမှ ဟဂ်ျလမ်းညွှန် အက်ပလီကေးရှင်းတစ်ခုကို ထုတ်ဝေခဲ့ပြီး၊ မကြာသေးမီကပင် ဆော်ဒီရှိတက္ကသိုလ်တစ်ခုက ဟဂ်ျနှင့် အွမ်ရာပြုသည့်အချိန် ကအ်ဘာကျောင်းတော်ကို သ၀ါ့ဖ်လှည့်သည့် အကြိမ်အရေအတွက်ကို အလိုအလျောက် မှတ်သားထားပေးမည့် အက်ပလီကေးရှင်းတစ်ခုကို ထုတ်ဝေ ဖြန့်ချီခဲ့သည်။

    Ref: Onislam