News @ M-Media

Blog

  • နိုင်ငံတကာ သတင်းတို (စက်တင်ဘာ ၁၊ ၂၀၁၅)

    စက်တင်ဘာ ၁၊ ၂၀၁၅
    M-Media

    ယူကရိန်းဆန္ဒပြမှု သေဆုံးသူ ၃ ဦးရှိပြီ
    ……………………………….
    ရုရှားလိုလားသူ ခွဲထွက်ရေးသမားများအား ကိုယ်ပိုင်အုပ်ချုပ်မှု အခွင့်အာဏာ ပိုမိုပေးထားသည့် ယူကရိန်းအစိုးရ၏ အခြေခံဥပဒေ ပြင်ဆင်ချက်ကို ဆန့်ကျင်သော ပြည်သူများ၏ ဆန္ဒပြမှုအတွင်း သေဆုံးသူမှာ ၃ ဦးရှိသွားပြီဖြစ်သည်။ အမျိုးသားအစောင့်တပ်မှ စစ်သားတစ်ဦးမှာ ပါလီမန်အရှေ့တွင် စောင့်ကြပ်နေသော လုပ်ခြုံရေးတပ်ဖွဲ့များထံသို့ ယမန်နေ့က လက်ပစ်ဗုံးပစ်သွင်းရာမှ
    ဖြစ်ပွားသည့် ပေါက်ကွဲမှုမှ ရရှိသော ဒဏ်ရာများဖြင့် ယနေ့တွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က နှစ်ဦးသေဆုံးခဲ့သည်။

    လတ်ဗီယားသို့ အမေရိကန်က ဒရုန်းနှင့် စစ်သားများပို့
    ……………………………………
    ဥရောပနိုင်ငံငယ်ဖြစ်သော လက်ဗီယားတွင် အမေရိကန်က ထောက်လှမ်းရေး ဒရုန်းလေယာဉ် ၂ စင်းနှင့် လေတပ်သား ၇၀ ကို ပို့ဆောင်ချထားခဲ့ပြီး အမေရိကန်၏ ဥရောပစစ်ဌာနချုပ်အကြီးအကဲကမူ မဟာမိတ်များအား ကာကွယ်ရေး မိမိတို့၏ ကတိက၀တ်ကို ဆောင်ရွက်ရန်အတွက် ယာယီချထား စမ်းသပ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ပြီးခဲ့သည့်မေလက လစ်သူယေးနီးယား၊ လတ်ဗီယားနှင့် အက်စတိုးနီးယားနိုင်ငံများက ၎င်းတို့မှာ ရုရှား၏ ကျူးကျော်မှုကို ခံရနိုင်သည်ဟုဆိုကာ နေတိုးအဖွဲ့၏ စစ်စခန်းများ ၎င်းတို့နိုင်ငံတွင် လာရောက်ချထားရန် တောင်းဆိုခဲ့သည်။

    နီပေါတွင် ဒေသအရေးဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ပစ်သတ်
    …………………………………
    မိမိတို့နေထိုင်ရာပြည်နယ်အား အပိုင်းပိုင်းခွဲရန် သတ်မှတ်ထားသည့် အခြေခံဥပဒေကို ဆန့်ကျင်သောအနေဖြင့် နီပေါရှိ မဒ်ဟီစီနှင့် သာရူလူနည်းစုများ၏ ဆန္ဒပြသော နေရာနှစ်ခုတွင် ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့သည်ဟု နီပေါရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားခဲ့သည်။ ဆန္ဒပြသူများမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ကျောက်ခဲများ၊ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်ခဲ့ကြသည်။ လွန်ခဲ့သည့် ၂ ပတ်က စတင်ခဲ့သည့် အဆိုပါဆန္ဒပြမှုအတွင်း သေဆုံးသူများမှာ ၂၀ ကျော်လာခဲ့ပြီဖြစ်သည်။

    Ref: News Agencies

  • ကုလား ဌေးမြင့်လား? ကရင် ဌေးမြင့်လား?

    ကုလား ဌေးမြင့်လား? ကရင် ဌေးမြင့်လား?

    စက်တင်ဘာ ၁ ၊ ၂၀၁၅
    ရေးသူ-  ညီညီကျော်
    11953111_719026008241198_4690043030010813177_n
    မနေ့ကညနေ…..ဆွေမျိုးတစ်ယောက်ရဲ့ကျန်းမာရေး ကိစ္စနဲ့ ဆွေးနွေးချင်လို့ တော်တော်ခင်မင်တဲ့ မိတ်ဆွေ ခွဲစိတ်အထူးကု ဆရာဝန် တစ်ယောက်ဆီဖုန်းဆက်ဖြစ်ပါတယ်။

    သူကဆေးခန်းထိုင်နေကြောင်းအပြန်မှာ အိမ်ကိုဝင်လာမယ့် အကြောင်း ပြောပါတယ်။

    ဒါနဲ့ကျွန်တော်က အိမ်မှာငါမရှိဘူး အပြင်ရောက်နေတယ် မင်းဆီငါအခုဝင်လာမယ် လမ်းလည်းကြုံနေတာပဲလို့ပြောပြီး သွားတွေ့ဖြစ်ပါတယ်။

    ကျွန်တော့် သူငယ်ချင်း ထိုင်တဲ့ဆေးရုံလည်း ရောက်ရော အောက်ထပ်မှာတွေ့တဲ့ သူနာပြုဆရာမလေး တစ်ယောက်ကို ကျွန်တော် ဒေါက်တာဌေးမြင့် နဲ့တွေ့ချင်လို့ပါ၊ ဖုန်းဆက်ထားပါတယ်လို့ ပြောပြပြီး လေးလေးစားစား အကူအညီတောင်းပါတယ်။

    သူနာပြုဆရာမလေး။        ။ တွေ့ချင်တာ ကုလား ဌေးမြင့်လား၊ ကရင် ဌေးမြင့်လား ၊ရှေ့မှာ ဒေါက်တာတပ်မခေါ်ပါဘူး။

    ညီညီကျော်။            ။ ကဲ…. ညီမရေ ကုလား ဒေါက်တာဌေးမြင့်က ကိုယ့်သူငယ်ချင်းပါ။ ကုလား ဒေါက်တာ ညီညီကျော် လာတွေ့ တယ်လို့ပြောပေးပါ။

    သူနာပြုဆရာမလေး ။        ။ဟုတ်ကဲ့ပါရှင်လို့ပြောပြီး….ခွေးချီးပုံ လတ်လတ်ဆတ်ဆတ် ပေါ်မှောက်လဲတဲ့ မျက်နှာမျိုးနဲ့ ဆေးခန်းထဲ ပြေးဝင်သွားပါတော့တယ်။

    ကျွန်တော် မိတ်ဆွေနဲ့တွေ့ပြီး ဆေးခန်းကပြန်တော့ ကောင်တာ ကျောပေးပြီး ထိုင်နေတဲ့ သူနာပြုဆရာမလေးကို သွားတွေ့ပြီးကူညီမှုအတွက် ကျေးဇူးတင်ပါကြောင်း ၊ ကျွန်တော် ကုလား ဒေါက်တာ ညီညီကျော် ဖြစ်ပါကြောင်း visiting card လေးပေးရင်း နှုတ်ဆက်ဖြစ်အောင်သွား နှုတ်ဆက်လိုက်ပါသေးတယ်ခင်ဗျ….

    ဆရာမလေးရဲ့ ဟန်ဆောင်မချိပြုံး ပြုံးထားတဲ့ မျက်နှာပေါ်မှာ သူမရဲ့နှလုံးသားရောင်ပြန်လေးဟပ်လို့ပေါ့။

    နေရာတိုင်းမှာဘာတွေဖြစ်ကုန်တာလဲ???

    အာဏာဆိုတဲ့အရာ တစ်ခုတည်မြဲဖို့ အတွက် တစ်နိုင်ငံလုံးရဲ့စိတ်ဓာတ်တွေကို လူ့အဆင့်အတန်း မမီအောင် ဖျက်ဆီးပစ်ရတာ ထိုက်တန်ပါရဲ့လား???

    အပြန်မှာ ကားဒရိုင်ဘာက ဆရာဘာတွေသဘောကျပြီး ပြုံးနေတာလဲလို့မေးပါရဲ့…..ညီညီကျော် မှာအဖြေမရှိပြန်ပါဘူး။

    မေတ္တာဖြင့်
    ဒေါက်တာ ညီညီကျော်

    **မှတ်ချက်။    ။ စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်သည်။

  • ရုပ်ထုကိုးကွယ်မှုကို ဝေဖန်ခဲ့သည့် ဟိန္ဒူပညာရှင်တစ်ဦး အသတ်ခံရ

    ရုပ်ထုကိုးကွယ်မှုကို ဝေဖန်ခဲ့သည့် ဟိန္ဒူပညာရှင်တစ်ဦး အသတ်ခံရ

    စက်တင်ဘာ ၁၊ ၂၀၁၅
    M-Media

    india

    – ရုပ်တုဆင်းတု ကိုးကွယ်မှုများနှင့်ပတ်သက်၍ ဝေဖန်မှုများ ပြုလုပ်ခဲ့သော အိန္ဒိယ နာမည်ကျော် သမိုင်းနှင့်ဒဿနပညာရှင် အမ်အမ် ကာလ်ဘာဂီမှာ နိုင်ငံတောင်ပိုင်း ကာရ်နာတာကာပြည်နယ်တွင် အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    တနင်္ဂနွေနေ့တွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး အိုင်တီလုပ်ငန်းထွန်းကာရာ ဘန်ဂလောရ်ပြည်နယ်မှ ကီလိုမီတာ ၄၀၀ ဝေးသည့် ဒါရ်ဝဒ်မြို့ရှိ ကာလ်ဘာဂီ၏ နေအိမ်သို့ လူနှစ်ယောက် ရောက်လာကာ ၎င်း တံခါးဖွင့်သည့်အချိန်တွင် ပစ်သတ်သွားခဲ့ခြင်း ဖြစ်သည်။ Sahitya Academy Award ဆုအပါအ၀င် စာပေရေးရာ အခြားသော ဆုတံဆိပ်အများအပြားကို ရရှိခဲ့သည့် ကာလ်ဘာဂီကို ဆေးရုံသို့ မိသားစုဝင်များက ခေါ်သွားခဲ့သော်လည်း လမ်း၌ပင် သေဆုံးသွားခဲ့သည်။

    ဒါရ်ဝဒ်မြို့ ရဲတပ်ဖွဲ့မဟာမင်းကြီးဖြစ်သူ ရာဗင်ဒရာ ပရာဆဒ်ကမူ ရဲတပ်ဖွဲ့မှာ အဆိုပါအမှုအား လူသတ်မှုဟု ယူဆခဲ့ပြီး ထိုကိစ္စကို ကိုင်တွယ်ရန်အတွက် အထူးတပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ရဲတပ်ဖွဲ့အနေဖြင့် မည်သည့်အဖွဲ့ကိုမှ သံသယမရှိဘဲ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ကာလ်ဘာဂီမှာ တောင်ပိုင်းမြို့ ဟမ်ပီရှိ ကာနာဒါတက္ကသိုလ်တွင် ဒုတိယအကြီးအကဲအဖြစ် ယခင်က ဆောင်ရွက်ခဲ့ဖူးပြီး ဟိန္ဒူယုံကြည်ချက်တွင် အရေးပါသည့် ရုပ်တုဆင်းတု ကိုးကွယ်မှုနှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ် ဇွန်လက ပြင်းထန်သည့် မှတ်ချက်များ ပေးခဲ့မှုကြောင့် ဝေဖန်မှုကို ခံခဲ့ရသူဖြစ်သည်။

    Vishwa Hindu Parishat နှင့် Bajrang Dal တို့ကဲ့သို့ လက်ယာစွန်းရောက် အုပ်စုများကမူ ကာလ်ဘာဂီအား တရားစွဲဆိုခဲ့ပြီး ဘာသာရေးယုံကြည်ချက်အား စော်ကားမှုအတွက် ဖမ်းဆီးရန် တောင်းဆိုခဲ့သည်။ ထို့ပြင် အသက်အန္တရာယ် ခြိမ်းခြောက်မှုများပင် ခံခဲ့ရသောကြောင့် ၎င်း၏ နေအိမ်တွင် ရဲတပ်ဖွဲ့ကို အစောင့်ချထားပေးခဲ့ရကာ ကာလ်ဘာဂီကမူ အဆိုပါအစောင့်များကို ရုပ်သိမ်းရန် မကြာသေးမီကပင် တောင်းဆိုခဲ့သည်။

    ပြီးခဲ့သည့်လ အနည်းငယ်ကလည်း လူမှုတက်ကြွလှုပ်ရှားသူ ဂိုဗင်ဒ် ပန်ဆာရီမှာ နိုင်ငံအနောက်ပိုင်း မဟာရက်စ်ထရာပြည်နယ် ခိုလာပူရ်းမြို့၌ မနက်လမ်းလျှောက်ထွက်စဉ် အသတ်ခံခဲ့ရသည်။ ၂၀၁၃ ခုနှစ်က အိန္ဒိယဒဿနပညာရှင်နှင့် စာရေးဆရာဖြစ်သူ နရန်ဒရာ ဘဘ်ဟိုလ်ကာမှာလည်း အသတ်ခံခဲ့ရသည်။

    အိန္ဒိယသတင်းဝဘ်ဆိုက် Scroll.in ကမူ ဟိန္ဒူဘာသာရေးသဘောထားမျာကို ထိခိုက်စေသည်ဟု စွပ်စွဲခံရသော ပညာရှင်များအား ပေါ်တင်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပြီး ဘန်သဲလ်မြို့တွင် လက်ယာစွန်းရောက် Bajrang Dal အဖွဲ့အတွက် ပူးပေါင်း ဆော်သြပေးသူတစ်ဦး၏ Twitter အကောင့်၌ ကာလ်ဘာဂါအား ခြိမ်းခြောက်ခဲ့သည့် ပို့စ်ကို ထောက်ပြခဲ့သည်။

    သို့သော်လည်း ရဲတပ်ဖွဲ့ကမူ အဆိုပါပို့စ်နှင့်ပတ်သက်၍ ဂရုမစိုက်ရန်နှင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမည်ဟု အလ်ဂျာဇီးရား သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ၂၀၁၄ ခုနှစ်မေလတွင် နရန်ဒရာမိုဒီဦးဆောင်သည့် ဟိန္ဒူအမျိုးသားရေး BJP ပါတီ အာဏာရပြီးနောက်ပိုင်းတွင် လက်ယာစွန်းရောက်အုပ်စုများမှာ အသံပိုကျယ်လာခဲ့ပြီး လူမှုရေးအရ တင်းမာမှုများလည်း နိုင်ငံအတွင်း မြင့်တက်လာခဲ့သည်။

    တက်ကြွလှုပ်ရှားသူများနှင့် လူမှုအဖွဲ့အစည်းများကမူ အစိုးရမှာ အဆိုပါအုပ်စုများအား ထိန်းကြောင်းပေးနေသည်ဟု သတိပေးထားသည်။

    Ref: Aljazeera

  • ဗန်ဂါးလ်နှင့်ပြဿနာကြောင့် မန်ယူမှထွက်ခွာရခြင်းဟု ဒီမာရီယာပြော

    ဗန်ဂါးလ်နှင့်ပြဿနာကြောင့် မန်ယူမှထွက်ခွာရခြင်းဟု ဒီမာရီယာပြော

    စက်တင်ဘာ ၁၊ ၂၀၁၅
    M-Media

    dimaria

    – မိမိနှင့် နည်းပြဗန်ဂါးလ်တို့အကြား ပြဿနာများစွာ ရှိခဲ့ပြီး ထိုအကြောင်းကြောင့်ပင် အသင်းမှ ထွက်ခွာခဲ့ရခြင်းဖြစ်သည်ဟု ပီအက်စ်ဂျီ အလယ်တန်းကစားသမား ဒီမာရီယာက ပြောကြားလိုက်သည်။

    အသက် ၂၇ နှစ်အရွယ် ဒီမာရီယာမှာ ရီးယဲလ်မှ အသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်းဖြင့် ပြီးခဲ့သည့်နှစ်က မန်ယူသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ပရီးမီးယားလိဂ်တွင် အသားကျရန် ရုန်းကန်ခဲ့ရပြီး ယခုနှစ် သြဂုတ်လအစောပိုင်းတွင် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ရသည်အထိ ဦးတည်သွားခဲ့သည်။

    မိုနာကိုအသင်းအား အနိုင်ရရှိခဲ့သည့်ပွဲတွင် ခြေစွမ်းပြခဲ့သည့် ဒီမာရီယာကမူ မန်ယူမှ ထွက်ခွာရခြင်း၏ အကြောင်းအရင်းကို ပြောကြားခဲ့သည်။

    “ဗန်ဂါးလ်မှာ သူ့ဒဿနနဲ့သူရှိပြီး အဲဒါက မန်ယူကို ကျွန်တော် ပြောင်းရွှေ့ရခြင်းရဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ပါပဲ။ ဒါပေမယ့် ဗန်ဂါးလ်ရဲ့ လုပ်ဆောင်မှုကို အသားကျဖို့ ခက်ခဲခဲ့ပါတယ်။ သူနဲ့ နှစ်ကြိမ်လောက် ကျွန်တော် အခြေအတင် ဖြစ်ခဲ့ပါတယ်။ အစကောင်းခဲ့ပေမယ့် ကျွန်တော် ဒဏ်ရာရသွားတယ်။ ဒဏ်ရာက ပြန်ကောင်းတဲ့အချိန်မှာ ဗန်ဂါးလ်က ကျွန်တော့်ကို
    နေရာချိန်းလိုက်တယ်။ ပီအက်စ်ဂျီနည်းပြ လော့ရန့် ဘလန့်ကို ကျွန်တော်ပြောတဲ့အခါမှာ သူက ကျွန်တော် ရီးယဲလ်မှာကစားတဲ့ နေရာမှာပဲ ကစားစေမယ်လို့ ပြောပါတယ်” ဟု ဒီမာရီယာက ESPN Radio သို့ ပြောကြားခဲ့သည်။

    အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် မန်ယူမှာ မိုနာကိုမှ ဆယ်ကျော်သက်ကစားသမား အန်သိုနီမာရှယ်ကို ယူရို သန်း ၄၀ နီးပါးဖြင့် ခေါ်ယူခဲ့ပြီး၊ တိုက်စစ်မှူး ဟာနန်ဒက်ဇ်နှင့် အဒ်နန် ယာနူဇေးတို့မှာ လေဗာကူဆင်နှင့် ဒေါ့မွန်သို့ အသီးသီး ပြောင်းရွှေ့သွားခဲ့သည်။

    Ref: Goal

  • ဘန်ကောက်ပေါက်ကွဲမှု အဓိကသံသယရှိကို ဖမ်းဆီးရမိခဲ့ပြီဟု ထိုင်း ပြောပြန်

    ဘန်ကောက်ပေါက်ကွဲမှု အဓိကသံသယရှိကို ဖမ်းဆီးရမိခဲ့ပြီဟု ထိုင်း ပြောပြန်

    စက်တင်ဘာ ၁၊ ၂၀၁၅
    M-Media

    th

    – ပြီးခဲ့သည့်လက ဘန်ကောက်မြို့ရှိ ဟိန္ဒူဘုရားကျောင်းတစ်ခု ပေါက်ကွဲမှုတွင် ပါဝင်သည်ဟု အဓိက သံသယရှိသူတစ်ဦးကို ကမ္ဘောဒီးယားနယ်စပ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းဝန်ကြီးချုပ်က ယနေ့တွင် ကြေညာခဲ့သည်။

    လူ ၂၀ ခန့်သေဆုံးခဲ့ပြီး သြဂုတ်လ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ ဖမ်းဆီးမှုမှာ ဒုတိယမြောက်ပြီး၊ ပြီးခဲ့သည့် ရက်ပိုင်းကလည်း နိုင်ငံခြားသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

    ယခုဖမ်းဆီးရမိခဲ့သူကို ဘန်ကောက်သို့ ရဟတ်ယာဉ်ဖြင့် သယ်ဆောင်လာခဲ့ပြီး ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာကမူ ၎င်းမှာ အဓိကတရားခံဖြစ်သည်ဟု ဆိုသည်။

    “ဆာကေအို စစ်ဆေးရေးဂိတ်မှာ သူ့ကိုမိတာပါ။ သူဟာ အဓိက သံသယရှိသူဖြစ်ပြီး နိုင်ငံခြားသားတစ်ယောက်ပါ” ဟု ကမ္ဘော့ဒီးယားနယ်စပ်မှ ထိုင်းဘက်ခြမ်းရှိ ဒေသကို ရည်ညွှန်း၍ ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။

    ထိုတိုက်ခိုက်မှုကို ကျူးလွန်ရသည့် နောက်ကွယ်မှအကြောင်းအရင်းကို တိတိကျကျ ထုတ်ဖော်နိုင်ခြင်းမရှိသေးဘဲ၊ သံသရှိသူများကိုလည်း ထင်ကြေးပေးမှုများဖြင့် ထုတ်ပြန်နေပြီး ထိုင်းနိုင်ငံ တောင်ပိုင်းမှ သူပုန်များ၊ ရာဇ၀တ်ဂိုဏ်းများ၊ ဖိနှိပ်ခံ ၀ီဂါလူမျိုးများကို တရုတ်နိုင်ငံသို့
    ပြန်လည်ပို့ဆောင်လိုက်သည့်အတွက် မကျေပ်နပ်သူများ ဖြစ်သည်ဟု ယူဆမှုများ ရှိနေသည်။

    ယမန်နေ့ကလည်း အသက် ၂၆ နှစ်အရွယ် ထိုင်းမွတ်စလင်အမျိုးသမီး ဆူအန်ဆန်နှင့် အခြားတစ်ဦးကို ထိုပေါက်ကွဲမှုနှင့် ပတ်သက်သည်ဟုဆိုကာ ဖမ်းဝရမ်းထုတ်ပြန်ခဲ့သည်။

    ထိုကိစ္စနှင့်ပတ်သက်၍ ဆာကေအိုမှ လူဝင်မှုကြီးကြပ်ရေး အရာရှိ ၆ ဦးအပါအ၀င် အရာရှိ ၂၂ ဦးကို တာဝန်မဲ့မှုဖြင့် ၎င်းတို့၏ ရာထူးများမှ ထုတ်ပယ်လိုက်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထိုင်းရဲချုပ် ဆွမ်ယွတ် ပွန်ပန်မောင်ကမူ ဆာကေအိုမှ လူဝင်မှုကြီးကြပ်ရေး အရာရှိများကို ထုတ်ပယ်ခြင်းမှာ နယ်စပ်မှ တရားမ၀င် ၀င်ရောက်မှုများကို ခွင့်ပြုခြင်းကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera