News @ M-Media

Blog

  • အိန္ဒိယဇာတ်နိမ့်များ၏ ဆန္ဒပြမှု လူသေဆုံးမှုရှိလာ

    အိန္ဒိယဇာတ်နိမ့်များ၏ ဆန္ဒပြမှု လူသေဆုံးမှုရှိလာ

    သြဂုတ် ၂၇၊ ၂၀၁၅
    M-Media

    india

    – ဂူဂျာရတ်ပြည်နယ်တွင် ဇာတ်နိမ့်များအား ခွဲခြားမှုဆန့်ကျင်ရေး ဆန္ဒပြမှုများမှာ ပိုမိုပြင်းထန်လာခဲ့ပြီး လူသေဆုံးမှုများ ရှိလာပြီးနောက် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် အိန္ဒိအစိုးရက စစ်သား ထောင်နှင့်ချီ၍ ချထားလိုက်သည်ဟု သိရသည်။

    အင်္ဂါနေ့က ပြည်နယ်မြို့တော် အဟ်မဒ်ဒါဘတ်တွင် စတင်ခဲ့သည့် ပါတဲလ်ဇာတ်နိမ့်များ၏ အဆိုပါဆန္ဒပြမှုမှာ အသက် ၂၂ နှစ်အရွယ် ၎င်းတို့၏ခေါင်းဆောင်ကို အစိုးရက ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ပိုမိုပြင်းထန်လာခဲ့ပြီး ကားများနှင့် ရဲစခန်းများ မီးရှို့သည်အထိ ဖြစ်လာခဲ့သည်။

    ရဲ့တပ်ဖွဲ့အကြီးအကဲ ပီပီပန်ဒီကမူ လူပေါင်း ၅ သိန်းခန့် ဆန္ဒပြရာ အဓိကမြို့ဖြစ်သည့် အဟ်မဒ်ဒါဘတ်တွင် လူ ၃ ဦးသေဆုံးခဲ့သည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် ဆန္ဒပြသူများ၏ တိုက်ခိုက်မှုများမှာ ပြည်နယ်အတွင်းရှိ အခြားမြို့များတွင်ပါ ဖြစ်ပွားလာခဲ့ပြီး ဘာနက်စ်ကန်သာခရိုင်တွင် ယမန်နေ့မနက်ပိုင်းက ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က ပစ်ခတ်ရာတွင် လူ ၂ ဦးသေဆုံးခဲ့ကာ၊ မဲဟ်ဆာနာ ခရိုင်တွင် တစ်ဦး သေဆုံးခဲ့သည်။

    သတ္တမမြောက်သေဆုံးသူမှာ ရဲတပ်သားတစ်ဦးဖြစ်ပြီး လူအုပ်ကြီး၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာများ ရရှိခဲ့ကာ ဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ အဆိုပါဆန္ဒပြမှုကြောင့် ယမန်နေ့တွင် ပြည်နယ်အစိုးရက ကာဖျူးအမိန့် ထုတ်ပြန်ခဲ့ပြီး၊ ယနေ့တွင် စစ်သားထောင်ပေါင်းများစွာကို ချထားခဲ့ခြင်းဖြစ်သည်။

    သမ္မတမိုဒီကမူ အကြမ်းဖက်မှုများ မပြုလုပ်ကြရန် မေတ္တာရပ်ခံခဲ့သည်။

    “အကြမ်းဖက်တာဟာ ဘယ်သူ့အတွက်မှ မကောင်းပါဘူး ပြဿနာတွေအားလုံးကို ဆွေးနွေးမှုတွေကနေ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ပါတယ်” ဟု မိုဒီက ပြောကြားခဲ့သည်။

    အိန္ဒိယမှာ ဒါလစ်ဟုခေါ်သည့် ထိတွေ့ကိုင်တွယ်ခွင့်မရှိသော မျိုးနွယ်များနှင့် အခြားသော ဇာတ်နိမ့်မျိုးနွယ်များအတွက် အစိုးရအလုပ်အကိုင်နှင့် တက္ကသိုလ်ဝင်ခွင့်များကို အချိုးတစ်ခုဖြင့်သာ သတ်မှတ်ပေးထားသည်။

    ဂူဂျာရတ်ပြည်နယ်ရှိ ၆၃ သန်းသော လူဦးရေတွင် ပါတဲလ်လူမျိုးများမှာ ၂၀ ရာခိုင်နှုန်း ရှိပြီး၊ ၎င်းတို့ကမူ အခြားဇာတ်မြင့်များနှင့် အလုပ်အကိုင်အခွင့်အလမ်းအတွက် ယှဉ်ပြိုင်ရန် ရုန်းကန်နေရသည်ဟု ပြောကြားခဲ့သည်။

    ပါတဲလ်များ၏ အဆိုပါဆန္ဒပြမှုမှာ ဇူလိုင် ၆ ရက်နေ့ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး တစ်ဖြည်းဖြည်းဖြင့် ကြီးထွားလာခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • အရှေ့အလယ်ပိုင်းရှိ အနုပညာလက်ရာများ ၀ယ်ယူရာတွင် သတိထားကြရန် အမေရိကန် ကုန်သည်များအား အက်ဖ်ဘီအိုင် တိုက်တွန်း

    အရှေ့အလယ်ပိုင်းရှိ အနုပညာလက်ရာများ ၀ယ်ယူရာတွင် သတိထားကြရန် အမေရိကန် ကုန်သည်များအား အက်ဖ်ဘီအိုင် တိုက်တွန်း

    သြဂုတ် ၂၇၊ ၂၀၁၅
    M-Media

    – အမေရိကန်ရှိ အနုပညာလက်ရာများ ၀ယ်ယူသူများအနေဖြင့် အရှေ့အလယ်ပိုင်းမှ ရှေးဟောင်းပစ္စည်းများကို ၀ယ်ယူရာတွင် ဂရုစိုက်ကြရန် FBI က ယမန်နေ့တွင် တိုက်တွန်းလိုက်ပြီး အီရတ်နှင့် ဆီးရီးယားတို့မှ IS တိုက်ခိုက်ရေးသမားများက လုယက်ထားသော အနုပညာပစ္စည်းများကို ရောင်းချရန် စုဆောင်းသူများသို့ မကြာသေးမီက ကမ်းလှမ်းခဲ့သည့် အထောက်အထား ရှိနေသည်ဟု ပြောကြားခဲ့သည်။

    အီရတ်နှင့် ဆီးရီးယားတစ်ဝှမ်းမှ ရှေးဟောင်းအနုပညာလက်ရာများကို လုယက်ခြင်းနှင့် မှောင်ခိုဈေးကွက်တွင် ရောင်းချခြင်းမှာ IS အဖွဲ့၏ ၀င်ငွေရသည့် ရင်းမြစ်တစ်ခုဖြစ်ပြီး၊ အဆိုပါပစ္စည်းများကို အနောက်တိုင်း ဈေးကွက်သို့ ရောက်ရှိမည်ဆိုသည့် စိုးရိမ်မှုများလည်း ရှိနေသည်ဟု FBI က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    “ဆီးရီးယားနဲ့ အီရတ်ကနေ မကြာသေးခင်ကာလအတွင်း ယူဆောင်လာပုံရတဲ့ ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းတွေကို ရောင်းဖို့ အမေရိကန်တွေဆီ ကမ်းလှမ်းတယ်လို့ ယုံကြည်ရတဲ့သတင်းတွေ ကျွန်တော်တို့မှာ ရှိပါတယ်” ဟု FBI ၏ Art Theft Program မှ မန်နေဂျာဖြစ်သူ ဘွန်နီ မဂ်နက်စ် ဂါဒီနာက ပြောကြားခဲ့သည်။

    ထို့ပြင် ရှေးဟောင်းပစ္စည်း စုဆောင်းသူများနှင့် ၀ယ်ယူသူများအနေဖြင့် တင်သွင်းမှု၊ ဇစ်မြစ်နှင့် အခြားသော စာရွက်စာတမ်းများကို သတိပြု စစ်ဆေးကြရန်လည်း ဂါဒီနာက တိုက်တွန်းခဲ့သည်။

    “ကျွန်တော်တို့ ပြောချင်တာက အကြမ်းဖက်ဝါဒကို အားပေးတဲ့ အလားအလာမျိုး ဖြစ်နိုင်တဲ့ ဒီပစ္စည်းတွေကို အရောင်းအ၀ယ်ရဲ့ အစိတ်အပိုင်း အဖြစ်မခံပါနဲ့ ဆိုတာပါပဲ”

    IS အဖွဲ့မှာ အီရတ်နှင့် ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ရှေးဟောင်းသမိုင်းဝင်နေရာအချို့ကို သိမ်းပိုက်ထားပြီး အမှတ်တရရုပ်ထုများနှင့် ရှေးဟောင်းအဆောက်အဦးများကို ဖျက်ဆီးနေသော ဓာတ်ပုံများနှင့် ဗီဒီယိုများကို လွှင့်တင်ခဲ့ကြသည်။

    Ref: Channelnewsasia

  • လီဗာပူးလ် တိုက်စစ်မှူးဘာလော့တယ်လီ အေစီမီလန်သို့ အငှားဖြင့်ပြန်ရောက်

    လီဗာပူးလ် တိုက်စစ်မှူးဘာလော့တယ်လီ အေစီမီလန်သို့ အငှားဖြင့်ပြန်ရောက်

    သြဂုတ် ၂၇၊ ၂၀၁၅
    M-Media

    bel

    – လီဗာပူးလ်အသင်းတွင် ခြေစွမ်းမပြနိုင်ခဲ့သည့် အီတလီတိုက်စစ်မှူး ဘာလော့တယ်လီမှာ စီးရီးအေကလပ် အေစီမီလန်အသင်းသို့ တစ်နှစ်အငှားစာချုပ်ဖြင့် ပြန်လည် ပြောင်းရွှေ့သွားခဲ့သည်ဟု သိရသည်။

    အသက် ၂၅ နှစ်အရွယ်ရှိ ဘာလော့တယ်လီမှာ အင်္ဂါနေ့ နံနက်ပိုင်းက ဆန်စီရိုသို့ ရောက်ရှိလာခဲ့ပြီး လီဗာပူးလ်နှင့် အေစီမီလန် နှစ်သင်းစလုံးကလည်း ၎င်း၏ အပြောင်းအရွှေ့အတွက် အတည်ပြုခဲ့သည်။

    ပြီးခဲ့သည့်နှစ် သြဂုတ်လက အေစီမီလန်မှ လီဗာပူးလ်သို့ ပေါင် ၁၆ သန်းဖြင့် ပြောင်းရွှေ့ခဲ့သည့် ၎င်းမှာ ခြေစွမ်းကောင်းများကို ပြသနိုင်ခြင်း မရှိခဲ့ဘဲ ပရီးမီးယားလိဂ်တွင် တစ်ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

    “ပြန်ရောက်လာရတဲ့အတွက် ပျော်ပါတယ်။ ကျွန်တော် ကြံ့ခိုင်နေပြီး အသင်းဖော်တွေနဲ့ အလေ့ကျင့်ဖို့ လိုအပ်ပါတယ်။ စကားတော့ သိပ်အများကြီး မပြောချင်ပါဘူး။ အလုပ်ကြိုးစားလုပ်ဖို့ပဲ အာရုံထားပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော် ကောင်းမွန်တဲ့ရာသီကို လိုချင်လို့ပါပဲ” ဟု လာမာဒိုနီယာ ဆေးခန်းတွင် ဆေးစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် သတင်းထောက်များအား ဘာလော့တယ်လီက ပြောကြားခဲ့သည်။

    အီတလီဝါရင့်ကစားသမား မာကိုမာတာရာဇီကမူ ဘာလော့တယ်လီမှာ နည်းပြ မီဟိုင်းလိုဗစ်ခ်ျ၏ ခေါင်းဆောင်မှုအောက်တွင် အေစီမီလန်အား တိုးတက်စေမည်ဖြစ်ပြီး လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာထက် မီဟိုင်းလိုဗစ်ခ်ျနှင့် ပို၍ ဆက်ဆံရေးကောင်းလိ့မ်မည်ဟု ပြောကြားခဲ့သည်။

    ဘာလော့တယ်လီမှာ ၂၀၁၃ ခုနှစ်က အေစီမီလန်သို့ ရောက်ရှိလာခဲ့ပြီး ပထမဆုံး ၁၃ ပွဲတွင် ၁၂ ဂိုး သွင်းယူနိုင်သည်အထိ ခြေစွမ်းပြနိုင်ခဲ့သည်။

    ပြီးခဲ့သည့်နှစ်က အဆင့် ၁၀ နေရာဖြင့် ရာသီသိမ်းခဲ့သည့် အေစီမီလန်မှာ ယခုနှစ်တွင် အသင်းအား ပြန်လည်တည်ဆောက်နေပြီး ပီအက်စ်ဂျီတိုက်စစ်မှူး ဇလာတန်အီဗရာဟီမိုဗစ်ကို ခေါ်ယူ၍ မရခဲ့သောကြောင့် ဘာလော့တယ်လီအား ခေါ်ယူခဲ့ခြင်းဖြစ်သည်။

    အေစီမီလန် စီအီးအို အက်ဒရီယာနို ဂါလီယာနီကမူ ဘာလော့တယ်အား ၎င်း၏တန်ဖိုးကို သက်သေပြရန် နောက်ဆုံး အခွင့်အရေးပေးခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “သူ့ကိုပြန်ခေါ်ဖို့ ဘာလော့တယ်လီက ကျွန်တော်တို့ကို စည်းရုံးခဲ့ပါတယ်။ ကျွန်တော်တို့ဟာ သူ့ကို နောက်ဆုံးအခွင့်အရေး ပေးတယ်ဆိုတာလည်း သူသိပါတယ်”

    Ref: Goal

  • ငွေကြေးမပြည့်စုံတဲ့ ဝေဒနာရှင်များကို မွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံမှာ အခမဲ့ ကျောက်ကပ်ဆေးပေးနေ

    ငွေကြေးမပြည့်စုံတဲ့ ဝေဒနာရှင်များကို မွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံမှာ အခမဲ့ ကျောက်ကပ်ဆေးပေးနေ

    သြဂုတ် ၂၆၊ ၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ- မိုးစက်
    .3
    ရန်ကုန်။    ။ ရန်ကုန်မြို့မှာ ရှိတဲ့ လူမျိုးမရွေး၊ ဘာသာမရွေး ကုသပေးနေသော ဘားလမ်း (မွတ်စလင်ကုသိုလ်ဖြစ်) အခမဲ့ဆေးရုံ တွင် ကျောက်ကပ် အခမဲ့ဆေးပေးသည့် ဌာန အသစ်ကို ထမ်မံ ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
    .
    အဆိုပါ ကျောက်ကပ်ဆေးသည့် ဌာနတွင် ကျောက်ကပ်ဆေးပေးသည့် စက်ကရိယာ (၃) လုံးဖြင့်အစတည်ကာ စတင်ဖွင့်လှစ်ခဲ့သည်။
    .
    “ကျွန်တော်တို့ဆေးရုံက ကျောက်ကပ်ဆေးပေးတဲ့ဌာနမှာ ကျောက်ကပ်မကောင်းတော့လို့၊ အလုပ်မလုပ်တော့လို့လို့ ဆရာဝန်တွေက ကျောက်ကပ်ဆေးဖို့ လိုအပ်လို့ ညွှန်ကြားချက်ရှိရင် လူမျိုးဘာသာမရွေး အခမဲ့ဆေးပေးပါတယ်။ ခုတော့ ဒီဌာနမှာ Professor ဦးခင်မောင်ဌေးက ဦးစီးပြီး လုပ်ပေးနေ ပါတယ်။ ကျောက်ကပ်ဆေးတဲ့နေရာမှာလည်း အကြိမ်ရေ ၁၅၀ ကျော်တဲ့ သူတွေကို ဦးစားပေးပြီး ဆေးပေးနေပါတယ်။”မွတ်စလင်မ် ကုသိုလ်ဖြစ် အခမဲ့ဆေးရုံ၏ ဆေးရုံအုပ်ကြီးဖြစ်သူ S.Madah ကရှင်းလင်းပြောဆို ခဲ့ပါသည်။
    .6
    ကျောက်ကပ်ဆေးသည့်စက်လုံး၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ တစ်သောင်းမှ တစ်သောင်းလေးထောင်ကျော်ထိ ရှိပြီး အလှူရှင်များမှ လှူဒါန်းခဲ့ကြောင်း သိရသည်။
    .
    ကျောက်ကပ်ဆေးသည့် ဌာနတွင် တာဝန်ကျနေသော ဒေါက်တာ မင်းဆွေဦးမှလည်း “ကျွန်တော်တို့ ဒီဌာနမှာ တာဝန်ယူဖို့အတွက် ဒီဆေးရုံရဲ့အထောက်အပံ့နဲ့ မန္တလေးမှာ ရက်လေးဆယ်လောက် လေ့ကျင့်သင်ကြားထားရပါတယ်။ ကျောက်ကပ်ဆေးဖို့ရောက်လာတဲ့ လူနာတွေကိုလည်း လိုအပ်တဲ့ဆေးစစ်ချက်တွေ ပြုလုပ်ပြီး တတ်နိုင်တာ အကုန်လုံးကို ဆောင်ရွက်ပေးနေပါတယ်။ ဒီဆေးရုံဟာ ကုသိုလ်ဖြစ်ဆေးရုံဖြစ်တဲ့ အတွက်လည်း ဘယ်လူမျိုးမဆို ကျွန်တော် တို့ဘက်က အကောင်းဆုံး ဝန်ဆောင်မှုတွေကိုပဲ ပေးပါတယ်” ဟု တာဝန်များနှင့်ပတ်သတ်ပြီး ပြောဆိုခဲ့ပါသည်။
    .
    အဆိုပါဌာန စဖွင့်သည့် အချိန်မှ ကျောက်ကပ်ဆေးရန် အတွက် လူနာများ အများအပြားရောက်ခဲ့ကြောင်း သိရသည်။ လူနာတစ်ဦး ကျောက်ကပ်ဆေးရန် ကြာမြင့်ချိန်မှာ လေးနာရီ ဝန်းကျင်လောက်ဖြစ်ပြီး ထိုဆေးရုံတွင် တနင်္ဂနွေနေ့မှ အပ အခြားနေ့များတွင် အချိန်ပြည့် ဝန်ဆောင်မှုပေးနေပြီ ဖြစ်ကြောင်း သိရသည်။
    .8
    ယင်းဆေးရုံတွင် ကျောက်ကပ်ဆေးရန် အတွက် ဆေးကုသမှု ခံယူနေသော အသက် (၇၆) အရွယ် လူနာတစ်ဦးကလည်း “ဦးလေးက ဒါနဲ့ဆို ဆေးတာ အကြိမ် ၆၀ ကျော်ပြီ။ မဖြစ် မနေမို့လို့ ဆေးနေရတာ။ အပြင်မှာဆေး ရတာ ဈေးလဲကြီးတယ်။ ခုဒီဆေးရုံက အခမဲ့ဆေးပေးတော့ အရမ်းကိုအဆင်ပြေတယ်။ အခုလို အခမဲ့ဆေးလို့ရအောင် လုပ်ပေးတဲ့ လူတွေအားလုံးကိုလည်း ကျေးဇူးအရမ်းတင်တယ်” ဟုပြောဆိုခဲ့ပါသည်။
    .9
    မွတ်စလင် ကုသိုလ်ဖြစ် အခမဲ့ဆေးရုံ (ဘားလမ်း)တွင် သားဖွားမီးယပ်ဌာန၊ မျက်စိအထူး ကုဌာနနှင့် အထွေထွေ ရောဂါကုသည့်ဌာနတို့ကို ဖွင့်လှစ်ထားပြီး နေ့စဉ် လူမျိုးဘာသာမရွေး အခမဲ့ ကုသပေးလျက်ရှိသည်။
    .
    မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ(ဘားလမ်း) ကို ၁၉၃၇ ဇန္နဝါရီလ ၅ ရက်နေ့တွင် ပရဟိတ မွတ်စ်လင် လူငယ် တစ်စုက လူမျိုး၊ ဘာသာ သာသနာ၊ အဆင့်အတန်း မရွေး လူတန်းစား အားလုံးမှ မကျန်းမာသူတို့ အတွက် ကောင်းမွန်သော အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုနိုင်ရန် ရည်ရွယ်ချက်ဖြင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
    .
    မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ၏ အဓိက ရည်မှန်းချက်နှင့် ပန်းတိုင်မှာ ဘာသာ၊ အယူဝါဒ၊ အသွေးအရောင် ခွဲခြားမှုမရှိစေဘဲ ဆင်းရဲသားများအား လိုအပ်သော ဆေးကုသမှုကို ကူညီပေးရန် ဖြစ်သည်။
    .
    မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှု လုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များ အတွက် ချီးမြှင့်သည့်  ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆုအတွက် ၂၀၁၀ ပြည့်နှစ် မှ ယခု ၂၀၁၂ အထိ (၃) ကြိမ်ဆက်တိုက် ပဏာမစာရင်းတွင်ပါဝင်ခဲ့သည်။
    .
    မွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံတည်ရှိရာ လိပ်စာမှာ အမှတ် ၈၀/၈၆ မဟာဗန္ဓုလပန်းခြံလမ်း(ဘားလမ်း) ၊  ရန်ကုန်မြို့ဖြစ်ပြီး၊ WebSite မှာ http://www.muslimfreehospital.com/ ဖြစ်ပါသည်။
    .
    ပြည်တွင်းပြည်ပ မှ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံရန်ပုံငွေအတွက် ကူညီလှူဒါန်းနိုင်ကြောင်း ၄င်းတို့၏ တရားဝင် ဝဘ်ဆိုဒ်မှာ ရေးသားထားပါသည်။
    .
    ဆက်စပ် သတင်းနှင့် ဆောင်းပါးများ ဖတ်ရန်
    ——————————–
    မြန်မာမွတ်စ်လင်မ်တို့၏ အကျိုးပြု သမိုင်း တစ်ပုဒ်နှင့် အားလုံး အတွက် စံနမူနာ
    http://www.m-mediagroup.com/news/38059

    မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံ က ဒေါက်တာ ဒေါ်ခင်ဝင်းကြူ ရဲ့ ပုံရိပ် တစေ့တစောင်း
    http://www.m-mediagroup.com/news/32641

    မွတ်စ်လင်မ် ကုသိုလ်ဖြစ် အခမဲ့ဆေးရုံသည် မြန်မာ့ ညီညွတ်သွေးစည်းခြင်း မျှော်လင့်ချက်တစ်ခု
    http://www.m-mediagroup.com/news/18346

    လူမျိုး၊ဘာသာမခွဲ ကုသပေးနေတဲ့ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ ၇၆ နှစ်ပြည့်တော့မည်။
    http://www.m-mediagroup.com/news/8347

    ကျောက်တံတားမြို့နယ်ရှိ မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံ
    http://www.m-mediagroup.com/news/2371

    ပြည်သူ့ဂုဏ်ရည်ဆု ပဏာမစာရင်းတွင် မွတ်စလင်မ် ကုသိုလ်ဖြစ်ဆေးရုံ ၃ ကြိမ်ဆက်တိုက်ပါဝင်ခဲ့
    http://www.m-mediagroup.com/news/2363

  • အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အစီအစဉ်တစ်ခုကို ဆော်ဒီရုပ်သံတွင် တင်ဆက်မည်

    အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အစီအစဉ်တစ်ခုကို ဆော်ဒီရုပ်သံတွင် တင်ဆက်မည်

    သြဂုတ် ၂၇၊ ၂၀၁၅
    M-Media

    saudi
    အစီအစဉ်တင်ဆက်မည့် အလ်-ဟာဆန်

    – အကြမ်းဖက်ဝါဒအား တန်ပြန်ဆန့်ကျင်ရန် ရည်ရွယ်သည့် အစီအစဉ်ကို ဆော်ဒီတီဗီချန်နယ်တစ်ခုက လာမည့် စက်တင်ဘာပထမအပတ်တွင် ထုတ်လွှင့်သွားမည်ဟု သိရသည်။

    Security of the Kingdom ဟု အမည်ရသည့် အဆိုပါအစီအစဉ်ကို ဆော်ဒီရှိ Tabah ရုပ်သံလိုင်းမှ ထုတ်လွှင့်သွားမည်ဖြစ်ပြီး ထိုအစီအစဉ်မှာ အရေးပါသည်ဟု အစီအစဉ်တင်ဆက်မည့် ဒေါက်တာ မိုရှင် ရှိုက်ခ် အလ်-ဟာဆန်က ပြောကြားခဲ့သည်။

    “ဒီအစီအစဉ်က အရေးကြီးပြီး အချိန်သင့်အခါသင့်ပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ Daesh (IS) နဲ့ အလယ်ကိုင်းဒါးလို အကြမ်းဖက်အုပ်စုတွေက အကြမ်းဖက်ဝါဒကို ပေါက်ဖွားစေလို့ပါပဲ” ဟု အလ်-ဟာဆန်က ဆိုသည်။

    အလ်-ဟာဆန်၏ ယခင်တင်ဆက်သည့် အစီအစဉ်များမှာ လူကြိုက်များကာ အောင်မြင်မှုရရှိခဲ့ပြီး အကြမ်းဖက်ဝါဒကို တန်ပြန်တိုက်ဖျက်မည့် အဆိုပါအစီအစဉ်မှာလည်း ပရိတ်သတ်များကို ဆွဲဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်နေသည်။

    ထိုအစီအစဉ်ကို တစ်ပတ်လျှင် တစ်ရက် တစ်နာရီကြာ ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်ပြီး ဆော်ဒီပြည်သူများ စိုးရိမ်သော လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကာ အဓိကရည်ရွယ်ချက်မှာ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်များ ပေါက်ဖွားလာရန်ဖြစ်သည်ဟု ဆိုသည်။

    “ကနဦးမှာ ဒီအစီအစဉ်ဟာ မူကြိုအရွယ်ကလေးတွေကို အဓိကအာရုံထားပြီး လုပ်ဆာင်သွားမှာပါ။ ပြီးတော့ သူတို့လေးတွေ တိုင်းပြည်ကိုချစ်ဖို့ သင်ပေးသွားပါမယ်” ဟု အလ်-ဟာဆန်က ထပ်လောင်းပြောကြားခဲ့သည်။

    ထို့ပြင် ကလေးငယ်များမှာ ငယ်ရွယ်ပြီး စူစမ်းချင်စိတ်ရှိသောကြောင့် နိုင်ငံချစ်စိတ်ကဲ့သို့ စိတ်ဓာတ်ကောင်းများကို သွတ်သွင်းပေးရန် လွယ်ကူကြောင်း၊ လူငယ်များအား တပ်သားသစ်အဖြစ် စုဆောင်းနေသည့် IS နှင့် အလ်ကိုင်းဒါးကဲ့သို့သော အဖွဲ့များ၏ ဗျူဟာကို တန်ပြန်ဆန့်ကျင်ရန် မျှော်လင့်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “အဲဒီအုပ်စုတွေက Facebook နဲ့ Twitter တို့လို ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် အပြစ်မဲ့တဲ့ ကလေးတွေကို စုဆောင်းနေပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် ဒီကလေးတွေကို ဦးနှောက်ကျင်းပြီး အကြမ်းဖက်အယူအဆတွေကို ရိုက်သွင်းတော့တာပါပဲ”

    စီးပွားရေးလုပ်ငန်းရှင်များ၊ ပရဟိတသမားများနှင့် ပညာရေးသမားများက စပွန်ဆာပေးသော အဆိုပါ အစီအစဉ်တွင် အထက်တန်းကျောင်းသားများနှင့် တက္ကသိုလ်ကျောင်းသားများအတွက် ရည်ရွယ်သည့် တင်ဆက်မှုများလည်း ပါဝင်မည်ဖြစ်သည်။

    “ဒီခေတ်မှာဖြစ်ပျက်နေတာတွေနဲ့ ဆက်စပ်ပြီး ကြည့်တဲ့အတွက်ကြောင့် သူတို့ထဲက အများစုဟာ ဒီအယူအဆကို သဘောခွေ့ကြပါတယ်။ အကြမ်းဖက်သမားတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ကြောက်ရွံ့မှုနဲ့ ထိတ်လန့်မှုကို ရိုက်သွင်းပေးပါတယ်” ဟု အလ်-ဟာဆန်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Arab News