News @ M-Media

Blog

  • US Open တွင် မိမိဗိုလ်မစွဲပါက ဆရီနာကို ဗိုလ်စွဲစေချင်သည်ဟု တင်းနစ်မယ် ဟဲလ်ပ်ပြော

    US Open တွင် မိမိဗိုလ်မစွဲပါက ဆရီနာကို ဗိုလ်စွဲစေချင်သည်ဟု တင်းနစ်မယ် ဟဲလ်ပ်ပြော

    သြဂုတ် ၃၁၊ ၂၀၁၅
    M-Media

    us open

    – နယူးယောက်မြို့တွင် ကျင်းပပြုလုပ်မည့် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် မိမိဗိုလ်မစွဲပါက ဆရီနာအား ဗိုလ်စွဲစေချင်သည်ဟု ကမ္ဘာ့နံပါတ် ၂ တင်းနစ်မယ် ဆီမွန်နာ ဟဲလ်ပ်က ပြောကြားလိုက်သည်။

    ယူအက်စ်အိုးပင်းပြိုင်ပွဲကို ယနေ့တွင် စတင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသမီးပြိုင်ပွဲ၌ ကမ္ဘာ့အဆင့် ၁ ဆရီနာမှာ နိုင်ခြေအဆင့် ၁ နှင့် ရိုမေးနီးယားတင်းနစ်မယ် ဟဲလ်ပ်က နိုင်ခြေအဆင့် ၂ သတ်မှတ်ခြင်း ခံထားရသောကြောင့် ၎င်းတို့နှစ်ဦးမှာ ဗိုလ်လုပွဲထက်စော၍ တွေ့မည်မဟုတ်ချေ။

    ယခုလစောပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် Cincinnati တင်းနစ်ပြိုင်ပွဲတွင် ၎င်းတို့နှစ်ဦး တွေ့ဆုံခဲ့ပြီး ဆရီနာက အနိုင်ရရှိခဲ့သည်။ ယခု ယူအက်စ်အိုးပင်းပြိုင်ပွဲတွင်လည်း ဟဲလ်ပ်မှာ အမေရိကန်တင်းနစ်မယ် ဆရီနာအား စိန်ခေါ်နိုင်သည့် ကစားသမားအနည်းငယ်မှ တစ်ဦးလည်းဖြစ်သည်။

    ဟဲလ်ပ်ကမူ ပြိုင်ပွဲတွင် မိမိဗိုလ်မစွဲပါက ဆရီနာအား ဗိုလ်စွဲစေချင်သည်ဟု ပြောကြားခဲ့သည်။

    “တကယ်လို့ ကျွန်မ ဖိုင်နယ်ကို မရောက်ဘူးဆိုရင် သူ့ကို ဗိုလ်စွဲစေချင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူဟာ အခုနှစ်အတွင်းမှာ ဂရင်းဆလမ်ပြိုင်ပွဲ လေးခုစလုံးမှာ ဗိုလ်စွဲဖို့ အခွင့်အလမ်းကြီးသူပါ။ ပြီးတော့ ဒီလိုလုပ်နိုင်ဖို့ သူ့မှာ လုံလောက်တဲ့အင်အား ရှိတယ်လို့လည်း ကျွန်မ ထင်ပါတယ်။ ဒါပေမယ့် တကယ်တော့ ကျွန်မ နိုင်ချင်ပါတယ်” ဟု ဟဲလ်ပ်က ပြောကြားခဲ့သည်။

    ဆရီနာမှာ ယနေ့ကစားမည့် ယူအက်စ်အိုးပင်း ပထမအဆင့်တွင် ရုရှားတင်းနစ်မယ် ဗီတာလီယာ ဒီယက်ချန်ကိုနှင့် တွေ့ဆုံရမည်ဖြစ်ပြီး၊ ဟဲလ်ပ်မှာ မနက်ဖြန်တွင် နယူးဇီလန်တင်းနစ်မယ် မာရီနာ အီရာကိုဗစ်နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

    ဆရီနာမှာ ယခုနှစ်အတွင်း သြစတေးလျအိုးပင်း၊ ပြင်သစ်အိုးပင်းနှင့် ၀င်ဘင်လ်ဒန် တင်းနစ်ပြိုင်ပွဲတို့တွင် ဗိုလ်စွဲထားပြီး ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် ထပ်မံဗိုလ်စွဲပါက ၁၉၈၈ ခုနှစ်က စတက်ဖီ ဂရက်ဖ်နောက်ပိုင်း အဓိက တင်းနစ်ဆုဖလားလေးခုကို ပထမဆုံးရရှိသော တင်းနစ်မယ် ဖြစ်လာမည်ဖြစ်ကာ ထိုစံချိန်ရသည့် လေးဦးမြောက်ကစားသမားလည်း ဖြစ်လာမည်ဖြစ်သည်။

    ဟဲလ်ပ်မှာ ယူအက်စ်အိုးပင်းတွင် အမြင့်ဆုံးအဖြစ် စတုတ္ထအဆင့်ကိုသာ တက်ရောက်နိုင်ခဲ့ပြီး ယခုနှစ် ဗိုလ်လုပွဲတွင် တွေ့ဆုံပါက ဆရီနာအား နိုင်အောင်ကစားနိုင်မည်ဟု ၎င်းက ဆိုသည်။

    “သူလုပ်နိုင်ခဲ့တာတွေအတွက် ကျွန်မ သူ့ကို လေးစားပါတယ်။ ဒါပေမယ့် သူ့ကို အနိုင်ကစားဖို့တော့ ဆန္ဒရှိပါတယ်။ Cincinnati မှာ သူ့ကို အနိုင်ကစားနိုင်မယ်လို့ ယုံကြည်ချက်မရှိခဲ့ပါဘူး။ အဲဒီကနေ ကျွန်မ တိုးတက်ရမှာဖြစ်ပြီး၊ နောက်တစ်ခါကျရင် ကျွန်မဟာ ဆရီနာနဲ့ ကစားနေတယ်လို့ ထင်နေလို့မရဘဲ ပွဲနိုင်ဖို့ကို အာရုံစိုက်ရပါမယ်”

    Ref: Dailymail

  • နိုင်ငံစတော့ဈေးကွက် ကောလဟာလအတွက် လူ ၂၀၀ နီးပါးကို တရုတ်ဖမ်းဆီး

    နိုင်ငံစတော့ဈေးကွက် ကောလဟာလအတွက် လူ ၂၀၀ နီးပါးကို တရုတ်ဖမ်းဆီး

    သြဂုတ် ၃၁၊ ၂၀၁၅
    M-Media

    china

    – တရုတ်နိုင်ငံ၏ စတော့ဈေးကွက်နှင့် ပတ်သက်၍ ကောလဟာလဖြန့်မှု၊ တီယန်ဂျင်းမြို့ ပေါက်ကွဲမှုနှင့် အခြားသော အဓိက ကိစ္စရပ်များအတွက် တရုတ်အစိုးရက လူ ၁၉၇ ဦးကို အပြစ်ပေးခဲ့သည်ဟု နိုင်ငံပိုင် စင်ဟွာသတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။

    ဖမ်းဆီးအပြစ်ပေးမှုအတွင်း ဂျာနယ်လစ်တစ်ဦးနှင့် စတော့ဈေးကွက် တာဝန်ရှိသူများ ပါဝင်သည်ဟု ဖော်ပြထားသော်လည်း အသေးစိတ်အချက်အလက်များကို ပြောကြားခဲ့ခြင်းမရှိချေ။

    သို့သော်လည်း ထိုအပြစ်ပေးမှုများတွင် စတော့ဈေးကွက်ကျမှုကြောင့် ဘေဂျင်းမြို့တွင် အမျိုးသားတစ်ဦး ခုန်ချကာ သတ်သေမှု၊ တီယန်ဂျင်း ပေါက်ကွဲမှု၌ သေဆုံးသူအရေအတွက်ကို မှားယွင်းစွာ ဖော်ပြမှုတို့ ပါဝင်သည်ဟု သတင်းများက ဖော်ပြကြသည်။

    ထို့ပြင် တရုတ်နိုင်ငံတွင် မကြာမီပြုလုပ်တော့မည့် ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ် ၇၀ မြောက် စစ်ရေးပြ အခမ်းအနားနှင့်ပတ်သက်၍ နိုင်ငံအား အကြည်အညိုပျက်စေသော ကောလဟာလများ ဖြန့်ဖြူးမှုဖြင့် အပြစ်ပေးမှုလည်း ပါဝင်သည်ဟု ဆိုသည်။

    အပြစ်ပေးခံရသော ဂျာနယ်လစ်မှာ ဘဏ္ဍာရေးဆိုင်ရာ ဂျာနယ်လစ် ၀မ်ရှောင်လူဖြစ်ပြီး တရုတ်နိုင်ငံ၏ စတော့ဈေးကွက်အား ပရမ်းပတာနှင့် ကြောက်ရွံ့ဖွယ်ဖြစ်အောင် သတင်းဆောင်းပါးများ ဖော်ပြခြင်းနှင့် တိုင်းပြည်အတွင်း ဆုံးရှုံးမှုအန္တရာယ် ကျရောက်စေခြင်း စသည့် အမှုများကြောင့်ဖြစ်သည်ဟု စင်ဟွာတွင် ထည့်သွင်းဖော်ပြထားသည်။

    တိုင်းပြည်၏ စတော့ဈေးကွက် ကျိုးပေါက်မှုများအတွက် တရုတ်နိုင်ငံ၏ လုံခြုံရေးစောင့်ကြည့်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးနှင့် အကြီးတန်းအမှုဆောင် လေးဦးတို့ကိုလည်း တရုတ်းအစိုးရက ဖမ်းဆီးခဲ့သည်။

    Ref: Aljazeera

  • ကိုယ့်အပေါ်အကောင်းဆုံးဖြစ်ရအောင်

    ကိုယ့်အပေါ်အကောင်းဆုံးဖြစ်ရအောင်

    သြဂုတ် ၃၁ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင်ရေးသည်။
    the best person
    စာတစ်အုပ်မှာဖတ်ဖူးတယ်။ “သူများတကာ အပေါ်ကောင်းတဲ့သူဟာ ကိုယ့်အပေါ်အကောင်းဆုံး ဖြစ်စေတဲ့သူ” တဲ့။

    စိတ်ကူးတွေ အတွေးတွေရှိတဲ့သူတိုင်း စိတ်ဖိစီးမှုနှင့်ကင်းတယ်လို့ မရှိပါဘူး။ ဆင်ခြင်ဥာဏ်ရှိတဲ့ လူ့သဘာဝအရ စိုးရိမ်သောကဖြစ်တာ ဆန်းတယ်လို့မှ မဟုတ်တာ။ ဆိုပါစို့။ တိရစ္ဆာန်တွေဆိုရင် စိတ်သောကမရှိဘူး။ ဘာဖြစ်လို့လဲ သူတို့မှာ နောက်နေ့အတွက်တို့ နက်ဖြန်အတွက်တို့ဆိုတဲ့ အတွေးစိတ်ကူးဆိုတာမှ မရှိပဲကိုး။ လူဆိုတာက တိရစ္ဆာန်နှင့် နှိုင်းမရအောင် အသိဥာဏ်ကြွယ်သူတွေမို့ သောကနှင့်ယှဉ်တဲ့ ဆင်ခြင်ဥာဏ်သုံးခြင်းဆိုတာ ရှိနေပါတယ်။ သောကတို့ စိုးရိမ်မှုဆိုတာက လူရဲ့အမြွာ ကိုယ်ပွားလို့ပဲ ဆိုရမလား။ သောကကင်းတယ်လို့ မဆိုနိုင်ဘူးပေါ့နော်။ တစ်ဦးစီရဲ့ခံနိုင်ရည်နှင့် အရည်အသွေးပေါ်လိုက်လို့ အနည်းငယ်အများ ခံစားရတာချင်းတော့ ကွာတာပေါ့။ ကောင်းပြီ နေ့စဉ်ဘဝမှာ အခက်အခဲတွေကြောင့်ကြမှုတွေနှင့် လုံးထွေး ရစ်ပတ်နေရတာကြောင့် ချုံးကျသလို ခံစားသွားရတယ်လို့ ဆိုကြတယ်။ ဒါဆိုရင် သက်တမ်းမစေ့ခင် ဘဝသေနေရင်ရပြီပေါ့။ မဖြစ်သင့်တာပဲလေ။ အဲဒီအကြောင်းအရာနှင့် ပတ်သက်ပြီး ကမ္ဘာ့ စိတ်ပညာရှင်တွေက ဆန်းစစ် လေ့လာတင်ပြထားကြတယ်။ ကိုယ့်အတွက် အသုံးတည့်မယ်ဆိုရင် လိုက်နာကျင့်သုံး ကျင့်ကြံကြည့်ရအောင်ပါ။

    အခက်အခဲ တစ်စုံတစ်ရာကြုံတိုင်း ရှောင်ဖယ်ဖို့ စိတ်မကူးသင့်ပါဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ရင်မဆိုင်ဝံ့ဘဲ ရှောင်တိမ်းခြင်းက စိုးရိမ်စိတ်ကြောက်စိတ်ကို ပိုကဲစေနိုင်တာကြောင့်ပါလို့ ဆိုတယ်။ သတ္တိရှိရှိ ရင်ဆိုင်လိုက်တဲ့အခါ မကြာခဏဆိုသလိုပါပဲ အဲဒီအခက်အခဲဟာ လွယ်ကူ အဆင်ပြေသွားတတ်သလို တစ်ခါတစ်ရံမှာတော့ လုံးဝပျောက်ကွယ်သွားတဲ့အထိ ဖြစ်သွားရော။

    တစ်ခါကပေါ့။ အင်္ဂလိပ်လူမျိုး တစ်ယောက်က အမေရိကန်နိုင်ငံကို အလည်အပတ်သွားခဲ့တယ်။ တောင်ပိုင်းဒေသ အနှံ့ သူငယ်ချင်း တစ်ယောက်က ကားနှင့်မောင်းပို့တယ်။ အဲဒီမှာရှိတဲ့ ပေါင်းမြက်ဟာ ကြီးထွားလာတဲ့အခါ နွယ်ပင်တွေလိုဖြစ်လာပြီး လေတိုက်လိုက်ရင် အကုန်ခွေပြီး လုံးသွားရော။ လမ်းမှာအဲဒီပေါင်းမြက်လုံးကြီး တစ်လုံးကို တွေ့လိုက်ရတော့။

    “ရှေ့မှာကျောက်တုံးကြီးတိုက်တော့မယ်၊ သတိထား သူငယ်ချင်း” ဆိုပြီး အလန့်တကြားထအော်တယ်။ အမေရိကန်သားက မရှောင်ဘဲ တည့်တည့်မောင်းချသွားတော့ ကျောက်တုံးကြီးဘယ်များရောက်သွားသလဲဆိုပြီး မေးတဲ့အခါမှ ကျောက်တုံးမဟုတ်ဘဲ ပေါင်းမြက်တွေ ထွေးလုံးနေတာဆိုတာ သိသွားတယ်။ အမေရိကန်သားက အားပါးတရရယ်မောပစ်လိုက်တာပေါ့။

    ဒီလိုပါပဲ၊ ကြောက်ရွံ့စိုးထိတ်မှုတော်တော်များများဟာ အမှန်တကယ် မဟုတ်တဲ့ ပေါင်းမြက်တွေလိုပါပဲ။ သောကတွေ စိုးရိမ်မှုတွေဟာ ကိုယ့်ရဲ့နောက်ကျောတည့်တည့်မှာ ကပ်ပြီး ရှိနေတယ်ဆိုရင် ရှေ့သို့အားသွန်ပြီး ပြေးတာထက် လှည့်ပြီးရင်ဆိုင်လိုက်ဖို့လိုတယ်။ တစ်ခုရှိတာက ထူပူတုန်လှုပ်ခြောက်ချား စိတ်ကြီးနှင့်တော့ မဟုတ်ဘူးပေါ့။ စိတ်ကိုအတည်ငြိမ်ဆုံးထားပြီး ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့တော့ လိုမယ်။ ဒါဆိုရင်တော့ ချက်ချင်း မဟုတ်ရင်တောင်မှ အချိန်အတိုင်းအတာတစ်ခုမှာ နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းနိုင်မှာတော့ သေချာတယ်။ ကြောက်အားလန့်အား ရင်ဆိုင်ဖြေရှင်းဖို့ဆိုရင်တော့ စိတ်ဖိစီးမှုတွေ တိုးသည်ထက် တိုးလာပြီသာမှတ်။

    စိုးရိမ်ကြောင့်ကြမှုကြောင့် စိတ်ဖိစီးမှုတွေများလာတဲ့ အခါ ဘာမှဆက် မလုပ်ဘဲ သက်တောင့်သက်သာနားပစ်လိုက်ပါလို့ ပညာရှင်တွေက အကြံပြုတယ်။ “ဒီလောက်သောကပွေနေချိန်မှာ ဘယ်လာနားလို့ရပါမလဲ” လို့စောဒကတက်နိုင်တယ်။ လက်တွေ့မှာတော့ လူရောစိတ်ပါ ဖြေလျော့ပြီး နားနေလိုက်တာဟာ အင်အားသစ်တွေတိုးလာပြီး အခက်အခဲကို အကောင်းဆုံးရင်ဆိုင်နိုင်စွမ်းရှိလာမယ်တဲ့။ ပူစရာတွေကိုပူလေ ပိုပြီးပူရလေပါပဲ။ ကြောက်စိတ်ကိုအစာကျွေးနေရင်ပိုပြီး ရှင်သန်နေမှာမို့ မကျွေးဘဲထားလိုက်ရင် အလိုလိုသေဆုံးသွားတဲ့ သဘောမျိုး။

    နောက်တစ်ခုရှိတာက ကိုယ်စိုးရိမ်နေတဲ့အရာရဲ့အကျိုးဆက်က ဘာများဖြစ်လာနိုင်မလဲဆိုတာကို ခေါင်းပူအောင်စဉ်းစားမနေဖို့ အရေးကြီးတယ်။ သစ်ပင်တွေကို စိုက်ပျိုးပြီးတဲ့အခါ လုပ်သင့်လုပ်ထိုက်တဲ့စောင့်ရှောက်မှုတွေ ပေးမယ်။ ပြီးတော့ သူတို့ဘာသာ ရှင်သန်စေမယ်ဆိုရင် လွတ်လွတ်လပ်လပ် ကြီးထွားလာမှာပါ။ အပင်သန်မှသန်ပါ့မလားဆိုတဲ့ စိတ်နှင့် အမြစ်ကို ခဏခဏတူးတူးကြည့်နေရင်တော့ အပင်သန်မှာ မဟုတ်တာ သေချာတယ်။ ဒီလိုပါပဲ ကိုယ်ရင်ဆိုင်နေရတဲ့ သောကပြေရာပြေကြောင်း ခေါင်းအေးအေးထားပြီး အတတ်နိုင်ဆုံး ဖြေရှင်းဖို့ပဲလိုတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်ကို ကျော်တွေးပြီး ပူနေလို့ကတော့ တစ်ပူပေါ်ဆင့်နေမဲ့  အပူတွေကအများကြီးပါ။

    နေ့စဉ်လှုပ်ရှား ရုန်းကန်နေကြရတဲ့ဘဝမှာ အလိုမပြည့်တာတွေ၊ စိုးရိမ်သောကတွေနှင့် အခက်အခဲတွေ ဆိုတာ ကိုယ့်ဆန္ဒပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လုံးထွေးရင်းနှီးနေကြစမြဲပါ။ ဒါပေမယ့် ဒါတွေဟာ ဖြစ်ရိုးဖြစ်စဉ်တွေပဲဆိုတဲ့အတွေးကို မြင်လာမယ်ဆိုရင်တော့ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လွယ်သွားပြီ။ အဓိကကတော့ အလုပ်မှာနှစ်မြှပ်ထားခြင်း၊ ဇွဲလုံ့လနှင့် ဘာသာတရားအပေါ် အလေးထားမှုဆိုတာတွေဟာ ကိုယ့်ဘဝအတွက် ထွက်ပေါက်တွေဆိုတာ မေ့မထားသင့်ဘူးလို့ ဆိုပါတယ်။

    အခက်အခဲတစ်ခုခုကြုံရင် သူများအတွက် ဘာမှမဟုတ်ပေမယ့် ကိုယ့်အတွက်တော့ အကြီးကြီးမှ တကယ့်ကိုအကြီးကြီး။ ဒီတော့ လူတကာကို ဖွင့်ပြောနေတာထက် ကိုယ်တိုင်ကြိုးစားပြီး ရုန်းကန်နိုင်ဖို့က မရှိမဖြစ်လိုအပ်တဲ့အရည်အသွေးပါပဲ။

    ကိုယ့်အပေါ် စာနာနားလည်ပေးတာ၊ ကိုယ်ချင်းစာ စိတ်ထားစေချင်တာက ကိုယ့်ရဲ့အတ္တ၊ ဒါပေမယ့် အရာခပ်သိမ်းဟာ ကိုယ်မျှော်လင့်ထားတဲ့အတိုင်း ဖြစ်ချင်မှဖြစ်သလို မှန်းသလောက်လည်းရချင်မှရတာလေ။ ဒီတော့ ကိုယ်ကြုံလာသမျှ လောကဗျာပါဒတွေ အတွက် ပညာရှင်တွေညွှန်ပြထားသလို ဆင်ခြင်ဥာဏ်သုံးပြီး ဖြေရှင်းမယ်ဆိုရင် သေချာတယ်။ ကိုယ့်ဘဝကိုနေပျော်စရာလေးဖြစ်အောင် ဖန်တီးယူနိုင်မှာပါ။

    မနာလိုဝန်တိုစိတ်တွေကင်းကင်းထားပြီး သူများအပေါ်စိတ်ကောင်းထားကြည့်မယ်ဆိုရင်ပေါ့။ ကိုယ့်ရဲ့သောကတွေပြေလျှော့ပြီး ကိုယ်တိုင်အကောင်းဆုံးသူတစ်ဦးဖြစ်လာနိုင်ပါတယ်လို့လည်း ဆန်းစစ်ဖော်ပြထားပါတယ်။ ကောင်းစိတ်ထားတတ်ခြင်းဟာစိတ်ကို (လုံးဝမဟုတ်သည့်တိုင်) အတန်အသင့်အေးချမ်းစေမှာမို့ စိတ်ကြည်လင်လန်းဆန်းမှု အပြည့်နှင့် နေ့သစ်တွေကို ဖြတ်ကျော်နိုင် ပါမယ်ဆိုတဲ့အကြောင်း။

    နှင်းဆီခင်

  • ဂျူဗင်တပ်စ်အား နိုင်ခဲ့သည့် အသင်း၏စိတ်ဓာတ်ကို ရိုးမားနည်းပြ ချီးကျူး

    ဂျူဗင်တပ်စ်အား နိုင်ခဲ့သည့် အသင်း၏စိတ်ဓာတ်ကို ရိုးမားနည်းပြ ချီးကျူး

    သြဂုတ် ၃၁၊ ၂၀၁၅
    M-Media

    roma

    – ဂျူဗင်တပ်စ်အား အနိုင်ရရှိခဲ့သည့်ပွဲမှ အသင်း၏ စိတ်ဓာတ်ကို ရိုးမားနည်းပြ ရူဒီဂါစီယာက ချီးကျူးလိုက်ပြီး အသင်းမှာ အကောင်းဆုံးပုံစံကို ရရှိရန် နီးစပ်နေသည်ဟု ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ်က ဒုတိယရာသီဝက် ခြေချော်မှုများကြောင့် ချန်ပီယံပြေးလမ်းမှ ထွက်ခဲ့ရသည့် ရိုးမားမှာ ယမန်နေ့က ကစားခဲ့သည့် စီးရီးအေ ဒုတိယမြောက်ပွဲတွင် ပဂျာနစ်နှင့် တိုက်စစ်မှူးသစ် ဇက်ကိုတို့၏ ဂိုးများဖြင့် လက်ရှိချန်ပီယံ ဂျူဗင်တပ်စ်အသင်းအား အနိုင်ရရှိခဲ့သည်။

    နည်းပြ ဂါစီယာကမူ အသင်းအား ချီးကျူးခဲ့ပြီး အကောင်းဆုံးမှာ စိတ်ဓာတ်ဖြစ်သည်ဟု ဆိုသည်။

    “ကျွန်တော်တို့ရဲ့ စွမ်းအားတွေထဲကတစ်ခုက အသင်းရဲ့ စိတ်ဓာတ်ပါပဲ။ ပြီးတော့ ဒါက လူတိုင်းအတွက် ထိရောက်ပါတယ်။ ပွဲထွက်ကစားသမားတွေပဲဖြစ်ဖြစ်၊ အရန်ခုံကထလာတဲ့ ကစားသမားတွေပဲ ဖြစ်ဖြစ်ပေါ့။ ကျွန်တော်တို့မှာ အရည်အသွေးရှိ ကစားသမားတွေရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်” ဟု ဂါစီယာ၏ ပြောကြားမှုကို ရိုးမားအသင်း၏ ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

    ထို့ပြင် ဂါဇီယာမှာ အသင်း အနိုင်ရရှိအောင် ကြိုးစားကစားခဲ့သည့် အသင်းသားများကို ချီးကျူးခဲ့ပြီး ၂ ဂိုး ပြတ်ဖြင့် အနိုင်ရနေချိန် ၁၀ ယောက်သာကျန်သည့် ဂျူဗင်တပ်စ်အသင်းပေါ် ကစားပုံ မကောင်းခဲ့ဟုလည်း ၀န်ခံခဲ့ကာ၊ ဂျူဗင်တပ်စ်အား အနိုင်ရရှိခဲ့ခြင်းမှာ ရှေ့ဆက်သွားမည့်လမ်းကို ပြသလိုက်ခြင်းဟု ထည့်သွင်း ပြောကြားခဲ့သည်။

    မန်စီးတီးမှ ပြောင်းရွှေ့လာခဲ့သည့် တိုက်စစ်မှူး ဇက်ကိုမှာ ပွဲအစ ၁၁ မိနစ်တွင် အသင်းအတွက် ဦးဆောင်ဂိုးကို လှလှပပ ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး ရိုးမားအတွက် ၎င်း၏ ပထမဆုံးဂိုးလည်း ဖြစ်ခဲ့သည်။ ၎င်းကမူ ထူးခြားသည့်ခံစားမှုကို ရခဲ့သည်ဟု ဆိုသည်။

    “စီးရီးအေမှာ ပထမဆုံးဂိုးကို ကျွန်တော် စောင့်နေခဲ့တာပါ။ ဒီနေ့တော့ ရသွားပါပြီ။ ဒါ့ကြောင့် ကျွန်တော်အတွက်၊ အသင်းအတွက်၊ ပရိတ်သတ်တွေအတွက် ပျော်ရွှင်မိပြီး၊ ကျွန်တော်တို့အားလုံးဟာ အနိုင်နဲ့ထိုက်တန်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ဇက်ကိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • ဂျာမနီ၏ အမုန်တရားဖြန့်ဖြူးမှု ပိတ်ပင်သည့် ဥပဒေကို Facebook က လိုက်နာရမည်ဟု တရားရေးဝန်ကြီး ပြော

    ဂျာမနီ၏ အမုန်တရားဖြန့်ဖြူးမှု ပိတ်ပင်သည့် ဥပဒေကို Facebook က လိုက်နာရမည်ဟု တရားရေးဝန်ကြီး ပြော

    သြဂုတ် ၃၀၊ ၂၀၁၅
    M-Media

    – အမေရိကန်တွင် လွတ်လပ်စွာပြောဆိုမှုခေါင်းစဉ်အောက်၌ လူမျိုးရေးခွဲခြားမှု သဘောထားများကို ခွင့်ပြုထားသော်လည်း ထိုသဘောထားများ ဖော်ပြမှုကို ပိတ်ပင်ထားသော ဂျာမနီ၏ ဥပေဒများကို Fabebook က လိုက်နာရလိမ့်မည်ဟု ဂျာမနီတရားရေးဝန်ကြီး ဟေကို မာ့စ်က ပြောကြားလိုက်သည်။

    Reuters သတင်းဌာနနှင့် အင်တာဗျူးတွင် မာ့စ်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး လူမျိုးရေးခွဲခြားမှု ပို့စ်များနှင့် အမုန်းတရားပို့စ်များအား ရပ်တန့်ရန် ထိထိရောက်ရောက် မလုပ်ဆောင်မှုအတွက်လည်း Facebook တာဝန်ရှိသူများကို အပြစ်တင်ခဲ့သည်။ ထို့ပြင် ဂျာမနီအနေဖြင့် ထိုကဲ့သို့သော ဖော်ပြမှုများအတွက် လုံးဝ သည်းခံမည်မဟုတ်ဘဲ Facebook ကလည်း ပို၍ သတိရှိရန် မျှော်လင့်သည်ဟု ဆိုသည်။

    “ခပ်ရှင်းရှင်းပြောချင်တာက – တကယ်လို့ Facebook ဟာ ဂျာမနီမှာအလုပ်လုပ်ချင်ရင် ဂျာမနီဥပဒေတွေကို လိုက်ကိုလိုက်နာရပါမယ်။ သမိုင်းကြောင်းဆိုင်ရာ အကြောင်းအရင်းတွေကြောင့် ကျွန်တော်တို့ဟာ အမေရိကန်ထက်ပိုပြီး လွတ်လပ်စွာပြောဆိုမှုကို တင်းတင်းကျပ်ကျပ် သတ်မှတ်ထားတာ အထူးတလည်ကိစ္စ မဟုတ်ပါဘူး။ ဟိုလိုကော့စ် (နာဇီများက ဂျူးများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု) ကို ငြင်းပယ်တာနဲ့ လူမျိုးရေး အမုန်းတွေ လှုံ့ဆော်တာဟာ ဂျာမနီမှာ ရာဇ၀တ်မှုမြောက်ပါတယ်။ Facebook မှာ ပို့စ်တင်တာမျိုး၊ ဈေးကတစ်နေရာမှာသွားပြီး ကျွေးကြော်တာမျိုး ဘယ်လိုပဲဖြစ်ဖြစ်ပေါ့” ဟု မာ့စ်က ထည့်သွင်းပြောကြားခဲ့သည်။

    မာ့စ်မှာ Facebook ၏ ပြည်သူ့ရေးရာပေါ်လစီ ဒါရိုက်တာဖြစ်သူ ရစ်ချက် အလန်ထံသို့လည်း စာတစ်စောင် ပေးပို့ခဲ့ပြီး လူမျိုးရေးခွဲခြားမှု ပို့စ်များနှင့်ပတ်သက်၍ Facebook အား သတင်းပို့မှုများကို လစ်လျူရှုခံရသည်ဟု အသုံးပြုသူများ၏ တိုင်ကြားမှုများ မိမိရရှိနေကြောင်း ရေးသားဖော်ပြခဲ့သည်။

    ဂျာမနီနိုင်ငံတွင် ယခုနောက်ပိုင်း၌ လက်ယာစွန်းရောက်များ ခေါင်းထောင်ထလာပြီး လူမျိုးရေးခွဲခြားမှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာကြတာ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုများပင် ဖြစ်လာခဲ့သည်။

    မာ့စ်ခေါင်းဆောင်သည့် ဗဟိုလက်ဝဲယိမ်း ဆိုရှယ်ဒီမိုကရက်ပါတီ SPD မှာ လက်ယာစွန်းရောက်များအား ဆန့်ကျင်မှုကြောင့် လူမျိုးရေးခွဲခြားသည့် အီးမေးလ်များ၊ ဖုန်းခေါ်ဆိုမှုများနှင့် ဗုံးဖောက်ခွဲမည်ဟု ခြိမ်းခြောက်မှုများပင် ရရှိခဲ့သည်။

    “အင်တာနက်ဆိုတာ တရားစွဲလို့ရတဲ့ မှတ်ချက်တွေကို အကြောက်အလန့်မရှိ ဖြန့်ဖြူးလို့ရတဲ့ ဥပဒေပနေရာ မဟုတ်ပါဘူး” ဟု မာ့စ်က ဆိုပြီး အချို့မှာ Facebook ကို ဒုက္ခသည်များ၊ ၎င်းတို့အား ကူညီနေသည့် ဂျာမန်များနှင့်ပတ်သက်၍ အမုန်းတရားဖြန့်ဖြူးရန် အသုံးပြုနေကြသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    Facebook မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ မိမိတို့ကုမ္ပဏီအနေဖြင့် အသေအချာ ဂရုတစ်စိုက် ဆောင်ရွက်နေပြီး၊ တရားရေးဝန်ကြီး မာ့စ်နှင့် တွေ့ဆုံရန်လည်း စိတ်ဝင်စားသည်ဟု ပြောကြားခဲ့သည်။ မာ့စ်ကလည်း မိမိအနေဖြင့် တွေ့ဆုံရန် မျှော်လင့်သည်ဟုဆိုသည်။

    Ref: Reuters