News @ M-Media

Blog

  • သြစတြီးယားတွင် ဒုက္ခသည်များတင်ဆောင်လာသော ထရပ်ကားတစ်စီး ထပ်မံတွေ့ရှိ

    သြစတြီးယားတွင် ဒုက္ခသည်များတင်ဆောင်လာသော ထရပ်ကားတစ်စီး ထပ်မံတွေ့ရှိ

    သြဂုတ် ၃၀၊ ၂၀၁၅
    M-Media

    turck

    – သြစတြီးယား ရဲတပ်ဖွဲ့မှာ ယနေ့တွင် ထရပ်ကားတစ်စီးအား တားဆီးစစ်ဆေးခဲ့ရာ ဒုက္ခသည် ၂၆ ဦးကို တွေ့ခဲ့ရပြီး ကလေးငယ် ၃ ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိသောကြောင့် ဆေးရုံသို့ တင်ပို့ခဲ့ရသည်ဟု သိရသည်။

    “ကလေး သေးသေးလေးတွေကို ဆေးရုံးပို့လိုက်ရပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဆိုးရွားတဲ့ ကျန်းမာရေးအခြေအနေကြောင့်ပါ။ ဆိုးဆိုးရွားရွား ရေဓာတ်ဆုံးရှုံးမှုအတွက် ကုသနေတယ်လို့ ဆရာဝန်တွေကတော့ ပြောပါတယ်” ဟု ရဲတပ်ဖွဲ့က ယနေ့တွင်ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။

    “တကယ်လို့ ဒီခရီးကို ဆက်သွားမယ်ဆိုရင် အခြေအနေက ပိုပြီး ဆိုးရွားလာနိုင်ပါတယ်” ဟု သြစတြီးယားအထက်ပိုင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    အဆိုပါထရပ်ကားတွင် ဆီးရီးယား၊ ဘင်္ဂလားဒေ့ရှ်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့မှ ဒုက္ခသည် ၂၆ ဦး ပါဝင်ပြီး ၎င်းတို့မှာ ဂျာမနီသို့ သွားချင်သည်ဟု ပြောကြားကြောင်း ရဲတပ်ဖွဲ့၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    ဂျာမနီနယ်စပ်နှင့်နီးသည့် သြစတေးလျအနောက်ပိုင်းအတွင် အဆိုပါ ထရပ်ကားအား ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်ပြီး၊ ကားအား လမ်းဘေးတွင်းရပ်ရန် ငြင်းဆိုခဲ့သည့် ရိုမေးနီးယား ယာဉ်မောင်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

    ပြီးခဲ့သည့်ကြာသာပတေးနေ့ကလည်း ကလေးငယ် ၄ ဦးအပါအ၀င် ဒုက္ခသည် ၇၁ ဦး၏ အလောင်းများပါဝင်သော ထရပ်ကားတစ်စီးကို ဟန်ဂေရီနယ်စပ်အနီး သြစတြီးယားအရှေ့ပိုင်းရှိ အဝေးပြေးလမ်းမတွင် တွေ့ရှိခဲ့သည်။

    အလောင်းများကို စစ်ဆေးနေဆဲဖြစ်ပြီး ဆီးရီးယားမှ ဒုက္ခသည်များဟု ယုံကြည်ရသည့် အဆိုပါသေဆုံးသူများမှာ၊ လေမရှိသောကြောင့် အသက်ရှုကြပ်ကာ ထရပ်ကားအား သတိမပြုမိခင် ၂ ရက်အရင်ကတည်းက သေဆုံးခဲ့ခြင်းဖြစ်မည်ဟု ယုံကြည်ရသည်။

    Ref: Aljazeera

  • ဘင်္ဂလားဒေ့ရှ်ရှိ သမိုင်းဝင် ဗလီဝတ်ကျောင်းတော်တစ်လုံး ချက်ခြင်းပြုပြင်ရန် လိုအပ်နေ

    ဘင်္ဂလားဒေ့ရှ်ရှိ သမိုင်းဝင် ဗလီဝတ်ကျောင်းတော်တစ်လုံး ချက်ခြင်းပြုပြင်ရန် လိုအပ်နေ

    သြဂုတ် ၃၀၊ ၂၀၁၅
    M-Media

    bang

    – အာဏာပိုင်းများ၏ လစ်လျူရှုမှုကြောင့် ဘင်္ဂလားဒေ့ရှ်ရှိ နှစ်ပေါင်း ၄၀၆ နှစ် သက်တမ်းရှိသော ရှေးဟောင်းသမိုင်းဝင် ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ ပြိုကျပျက်ဆီးမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

    အတီယာဟု အမည်ရသည့် ဗလီဝတ်ကျောင်းတော်ဖြစ်ပြီး နိုင်ငံအလယ်ပိုင်း တန်ဂါအီလ်ပြည်နယ်၊ ဒါလ်ဒူအာမြို့ရှိ လူဟာဂျန်မြစ်ကမ်းနံဘေးတွင် ၁၆၀၉ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဗလီဝတ်ကျောင်းတော်ကို မဂိုဘုရင် ဂျဟန်ဂီရ်းက လက်ဆောင်အဖြစ် တည်ဆောက်ပေးခြင်းဖြစ်သည်။

    “ဒါဟာ ကျွန်တော်တို့ရဲ့ သမိုင်းအမွေအနှစ်ပါ။ ဒေသတွင်းပြည်သူတွေဟာ၊ ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့နဲ့အတူ ဒီနေရာကို ကာကွယ်ဖို့အတွက် လှုပ်ရှားမှုတွေလုပ်ဖို့ စနေပါပြီ။ ဒါပေမယ့် ရှေးဟောင်းသမိုင်းဌာနက ကျွန်တော်တို့ကို စိတ်ပျက်စေပါတယ်” ဟု
    ဗလီဝတ်ကျောင်းတော်အရေး ဆောင်ရွက်နေသူ မိုဟာမက် ဘာဘူလူဇာမန်က ပြောကြားခဲ့သည်။

    ထိုဗလီဝတ်ကျောင်းတော်၏ ဘေး၌ ၁၅၀၈ ခုနှစ်က အစ္စလာမ်သာသနာ ဟောကြားဖြန့်ချီရန် တပည့်ပေါင်း ၄၉ ဦးနှင့် ကက်ရှ်မီးယားမှ လာရောက်ခဲ့သည့် ဟာဇရသ် ရှာဟန်ရှား၏ ဂူဗိမာန်လည်း တည်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထင်ကရ သမိုင်းဝင်နေရာလည်းဖြစ်သည်။

    အဆိုပါဗလီဝတ်ကျောင်းတော်တွင် ဘင်္ဂါလီ အနုပညာလက်ရာများ ထင်ဟပ်နေပြီး ၉ ပေခန့်ရှိသည့် ဗလီဝတ်ကျောင်းတော်နံရံကို နီညိုရောင် အပြောက်အမွှမ်းများဖြင့် ချယ်သထားသည်။ သို့သော်လည်း ယခုအချိန်တွင် အဆိုပါလက်ရာများမှာ မှေးမှိန်လာခဲ့ပြီး၊ ဆေးရောင်များမှာလည်း ပျက်ပြယ်လာခဲ့ကာ အချို့မှာ ပျက်စီးယိုယွင်းနေပြီဖြစ်သည်။

    “အပြောက်အမွှမ်းတွေက ပေါက်ပြဲနေပါပြီ။ ဆင်ယင်ချသထားမှုတွေဟာလည်း ပြိုကျနေပြီး ခေါင်မိုးက မိုးမလုံတော့ပါဘူး” ဟု အတီယာဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်အီမာမ်ဖြစ်သူ ဖာရစ် အဟ်မဒ်က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် ရာစုနှစ်များအတွင်း အဆိုပါ ဗလီဝတ်ကျောင်းတော်ကို အကြိမ်များစွာ ပြန်လည်ပြင်ဆင်ခဲ့သည်။ ၁၈၀၀ ခုနှစ် မြေငလျင်တွင် ဆိုးဆိုးဝါးဝါး ပျက်ဆီးခဲ့သော ထိုဗလီဝတ်ကျောင်းတော်ကို ၁၈၃၇ ခုနှစ်တွင် ဒေလီမြို့ရှိ မွတ်စလင်ကုန်သည်အမျိုးသမီး ရိုရှန် ခါတွန်က ပြန်လည်ပြုပြင်ခဲ့သည်။

    ၁၉၇၈ ခုနှစ်တွင် ဗလီဝတ်ကျောင်းတော်မှာ ဘင်္ဂလားဒေ့ရှ် ရှေးဟောင်းသမိုင်းဆိုင်ရာဌာန၏ တာဝန်ယူမှု လက်အောက်သို့ ရောက်ရှိခဲ့ပြီး ၂၀၀၀ပြည့်နှစ်နှင့် ၂၀၀၉ ခုနှစ်များတွင် အမြန်ပြင်ဆင်ရန် လိုအပ်နေသော တစ်စိတ်တစ်ပိုင်းကို ပြင်ဆင်ခဲ့ဟု ဗလီဝတ်ကျောင်းတော်အား ထိန်းသိမ်းစောင့်ရှောက်နေသည့် မိုနီရူလ် ဟက်က ပြောကြားခဲ့သည်။

    “အစီရင်ခံစာ ပို့ပြီးတဲ့နောက်မှာ ရှေးဟောင်းသမိုင်းဌာနက အကြီးတန်းတာဝန်ရှိသူတွေ ပြီးခဲ့တဲ့ ၆ လလောက်က လာရောက်ခဲ့ပြီး အဆောက်အဦးကို စစ်ဆေးခဲ့ပါတယ်။ ပြီးတော့ ဒီနှစ်အတွင်းမှာ ပြင်ဆင်ရေးလုပ်ငန်းစမယ်လို့ အသေအချာ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဘာလှုပ်ရှားမှုမှ မရှိသေးပါဘူး” ဟု ဟက်က ထပ်လောင်းပြောကြားခဲ့သည်။

    လူဦးရေ ၁၄၄ သန်းရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကမ္ဘာပေါ်တွင် တတိယမြောက် အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ နိုင်ငံလည်းဖြစ်သည်။

    Ref: Onislam

  • ဘေရွတ်မှ ပါလက်စတိုင်းဒုက္ခသည် သားအဖအတွက် အလှူငွေ ၂ ရက်အတွင်း ဒေါ်လာ ၁ သိန်းကျော်ရ

    ဘေရွတ်မှ ပါလက်စတိုင်းဒုက္ခသည် သားအဖအတွက် အလှူငွေ ၂ ရက်အတွင်း ဒေါ်လာ ၁ သိန်းကျော်ရ

    သြဂုတ် ၃၀၊ ၂၀၁၅
    M-Media

    ples

    – အိပ်နေတဲ့သမီးငယ်လေးကို ကျောပိုးလို့ ဘေရွတ်မြို့လမ်းမတွေပေါ်မှာ တစ်ဝမ်းတစ်ခါးအတွက် ဘောပင်လိုက်ရောင်းနေရတဲ့ ပါလက်စတိုင်းဒုက္ခသည် သားအဖနှစ်ဦးရဲ့ ဂရုဏာသက်ဖွယ် ဓာတ်ပုံတစ်ခု အွန်လိုင်းစာမျက်နှာတွေမှာ ပြန့်နှံ့ခဲ့ပြီးတဲ့နောက် သူတို့ ဘ၀သစ်စတင်ဖို့အတွက် စေတနာရှင်တွေရဲ့ လှူဒါန်းငွေဟာ ၂ ရက်အတွင်း ကန်ဒေါ်လာ ၁ သိန်း ၃ သောင်းကျော် ရှိခဲ့ပါတယ်။

    Help Abdul and Reem start a new life (အဘ်ဒူလ်နဲ့ ရီမ်တို့ ဘ၀အသစ်စဖို့အတွက် ကူညီပါ) ဆိုတဲ့ ခေါင်းစဉ်နဲ့ အလှူငွေရရှိရေး လှုပ်ရှားမှုကို အိုက်စလန် ဂျာနယ်လစ်နဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ ဂီဆော် ဆီမိုနာဆန်က ကြာသာပတေးနေ့မှာ ဆိုရှယ်မီဒီယာကနေတစ်ဆင့် စတင်ခဲ့တာဖြစ်ပါတယ်။

    ဆီမိုနာဆန်ဟာ Conflict လို့ခေါ်တဲ့ သတင်းဝဘ်ဆိုက်ကို တည်ထောင်သူတစ်ဦးဖြစ်ပြီး အဘ်ဒူလ် ဟာလင်အတ္တာရ်တို့ သားအဖနှစ်ဦးကို လက်ဘနွန်မြို့တော် ဘေရွတ်မြို့ရဲ့ လမ်းတွေပေါ်မှာ ဘောပင်လိုက်ရောင်းနေတာကို တွေ့ခဲ့ပြီး ဂရုဏာသက်ခဲ့တာ ဖြစ်ပါတယ်။

    အဘ်ဒူလ်ဟာ ကလေးနှစ်ယောက် ဖခင်ဖြစ်ပြီး ဆီးရီးယားနိုင်ငံ ဒမတ်စကတ်က ယာရ်မွတ် ဒုက္ခသည်စခန်းမှာ အရင်က နေခဲ့ရပေမယ့် အဲဒီနေရာမှာ မတည်မငြိမ် ဖြစ်လာတာကြောင့် လက်ဘနွန်ကို ပြောင်းရွှေ့ခဲ့ရသူပါ။

    သူတို့သားအဖ ဘယ်မှာနေလဲဆိုတာကိုသိဖို့ ဆီမိုနာဆန်ဟာ ၂ ရက်လောက် လိုက်ရှာခဲ့ရပြီး အတ္တာရ်ရဲ့ တစ်လမ်းဝင်တစ်လမ်းထွက် ဘောပင်ရောင်းနေရတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးပြီး Twitter စာမျက်နှာမှာ လွှင့်တင်ခဲ့တာဖြစ်ပါတယ်။

    pal

    အဲဒီရန်ပုံငွေရရှိရေး လှုပ်ရှားမှုကို ကန်ဒေါ်လာ ၅၀၀၀ လောက်ရဖို့ စတင်ခဲ့တာဖြစ်ပေမယ့် သူတို့သားအဖရဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး ကမ္ဘာတစ်ဝှမ်းက အလှူရှင်တွေက ဆက်သွယ်လှူဒါန်းခဲ့တာကြောင့် ၂ ရက်အတွင်းမှာပဲ ကန်ဒေါ်လာ ၁ သိန်း ၃ သောင်းလောက် ရခဲ့ပါတယ်။

    မမျှော်လင့်ဘဲ ဘ၀သစ်စတင်ဖို့ အခွင့်အရေးရခဲ့တဲ့ အတ္တာရ်တစ်ယောက် ၀မ်းသာလုံးဆို့နေပြီး သူရရှိတဲ့ အလှူငွေတွေနဲ့ ဘ၀တူ ဒုက္ခသည်တွေအတွက် ကူညီချင်သလို ကလေးနှစ်ယောက်ကိုလည်း ကျောင်းပို့ချင်တယ်လို့ ပြောခဲ့ကြောင်း ဆီမိုနာဆန်က Twitter စာမျက်နှာမှာ ထပ်မံ ရေးသားဖော်ပြခဲ့ပါတယ်။

    အတ္တာရ်တို့ သားအဖတွေဟာ ယာရ်မွတ်ဒုက္ခသည်စခန်းက ထောင်ပေါင်းများစွာသော ပါလက်စတိုင်း ဒုက္ခသည်တွေထဲက မိသားစုတစ်စုသာ ဖြစ်ပါတယ်။ ဆီးရီးယားမတည်ငြိမ်မှုကြောင့် လက်ဘနွန်ကို ပြောင်းရွှေ့လာရတဲ့ အဲဒီဒုက္ခသည်တွေဟာ လက်ဘနွန်အစိုးရရဲ့ ထောက်ပံ့မှုအနည်းငယ်သာ ရရှိပြီး အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်နေကြရပါတယ်။

    Ref: Aljazeera

  • ခြေစွမ်းပြနိုင်သည့် တိုက်စစ်မှူးသစ် ဆာခိုအား ပါဂျူး ချီးကျူး

    ခြေစွမ်းပြနိုင်သည့် တိုက်စစ်မှူးသစ် ဆာခိုအား ပါဂျူး ချီးကျူး

    သြဂုတ် ၃၀၊ ၂၀၁၅
    M-Media

    dako

    – ယခုနှစ်မှ ရောက်ရှိလာခဲ့သည့် တောင်ပံကစားသမားသစ် ဘေကရီ ဆာခိုအား ခရစ္စတယ်ပဲလေ့စ်နည်းပြ အလန်ပါဂျူးက ချီးကျူးလိုက်ပြီး ၎င်းမှာ အသင်းအား အသွင်တစ်မျိုးဖြစ်စေခဲ့သည်ဟု ပြောကြားခဲ့သည်။

    မာလီကစားသမား ဆာခိုမှာ ချန်ပီယံရှစ်အသင်းဖြစ်သော ၀ုလ်ဗ်မှ ခရစ္စတယ်ပဲလေ့စ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အသင်းနှင့် အလျင်အမြန် အထိုင်ကျခဲ့ကာ ပြီးခဲ့သည့်တစ်ပတ် အက်စတွန်ဗီလာပွဲနှင့် ယခုတစ်ပတ် ချယ်ဆီးအပေါ် သမိုင်းဝင်နိုင်ပွဲတို့တွင် ခြေစွမ်းပြကာ တစ်ဂိုးစီ သွင်းယူပေးခဲ့သည်။

    ပါဂျူးကမူ ဆာခိုအား ချီးကျူးခဲ့ပြီး ၎င်းမှာ ဂိုးပေါက်ခြိမ်းခြောက်မှုနှင့် ဂိုးကန်သွင်းမှုများတွင် အသင်းရှိ အခြားသောတိုက်စစ်မှူးများထက်ပို၍ ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်နေသည်။

    “သူက ကျွန်တော်တို့အတွက် တကယ့် အင်အားတစ်ခုပါ။ (ပြီးခဲ့တဲ့တစ်ပတ်) အက်စတွန်ဗီလာပွဲနဲ့ ချယ်ဆီးပွဲတွေမှာ သူမပါဘဲ ကျွန်တော်တို့ အနိုင်မရနိုင်ပါဘူး။ သူကစားတဲ့ပုံစံကို ကြည့်တာနဲ့ သူဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ အံကိုက်ပဲလို့ ကျွန်တော်တို့ ခံစားရပါတယ်။ ဒါပေမယ့် သူက ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ပြီး ကျွန်တော်တို့ အမြဲတမ်း အဲဒီလို မလုပ်နိုင်ခဲ့ပါဘူး။ ဇာဟာနဲ့ ဘိုလာစီတို့ဟာ
    ဂိုးလုံလုံလောက်လောက် ရကြပါဘူး။ ဒါပေမယ့် သူ(ဆာခိုက)ကတော့ ရပါလိမ့်မယ်” ဟု ပါဂျူးက ပွဲအပြီးတွင် ချီးကျူးခဲ့သည်။

    ဆာခိုမှာ ချယ်ဆီးအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ယမန်နေ့ပွဲတွင် ဒုတိယပိုင်း မိနစ် ၆၀ ကျော်၌ အသင်းအတွက် အဖွင့်ဂိုးသွင်းပေးခဲ့ပြီး ပွဲပြီးကာနီး ဂျိုးလ် ၀ါ့ဒ် ခေါင်းတိုက်သွင်းယူသည့် အနိုင်ဂိုးကိုလည်း ဖန်တီးပေးခဲ့သည်။

    “ကျွန်တ်ာတို့ အရမ်းကောင်းခဲ့ပါတယ်။ ဒီပွဲဟာ သိပ်ကောင်းတဲ့ ပရီးမီးယားလိဂ်ပွဲပါပဲ။ ချယ်ဆီးကလည်း သူတို့ဟာသူတို့ ကစားပါတယ်။ ကျွန်တော်ကတော့ သူတို့ကောင်းတယ်လို့ထင်ပါတယ်” ဟု ပါဂျူးက နိုင်ပွဲ ရရှိမှုနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

    Ref: Goal

  • ကမ္ဘာတဝှမ်းမှ ပြည်တွင်းစစ်မီး ပဋိပက္ခအား လေပင့်ပေးသူ(သို့) အစ္စရေး

    ကမ္ဘာတဝှမ်းမှ ပြည်တွင်းစစ်မီး ပဋိပက္ခအား လေပင့်ပေးသူ(သို့) အစ္စရေး

    သြဂုတ် ၃၀ ၊ ၂၀၁၅
    M-Media
    pg-19-israel-south-sudan-2-getty
    – ဆိုးရွားသော လူ့အခွင့်ချိုးဖောက်မှု မှတ်တမ်းများရှိသည့် အာဏာရှင်များကို အစ္စရေးက လက်နက်များ ရောင်းချနေသည်ဆိုသည့် သတင်းများကို နှစ်ပေါင်းများစွာ ထပ်တလဲလဲ  ကြားလာရသည်။ ထိုကိစ္စကို အစ္စရေးနိုင်ငံအတွင်း ဆွေးနွေးခြင်း သို့မဟုတ် မေးမြန်းခြင်း မရှိခဲ့။ သို့သော်လည်း ယခုတွင်မူ ပြောင်းလဲလာခဲ့လေပြီ။

    လူငယ်ရှေ့နေတစ်ဦးဖြစ်သူ အီတေး မာ့က်က အစ္စရေး၏ လက်နက် တင်ပို့ရောင်းချမှု ၀န်းကျင်တွင် ရှိနေသည့် လျှို့ဝှက်တံတိုင်းကြီးကို ဖြိုချရန် ကြိုစားနေကာ ထိုရောင်းချမှု အဆုံးသတ်ရေး ဖိအားပေးနေသည်။ ထို့ပြင် အဆိုပါ လက်နက်ရောင်းချမှုများက လက်ရှိ တောင်ဆူဒန် စစ်ပွဲနှင့် အခြားသော ပဋိပက္ခများကို မည်သို့ မီးလောင်ရာ လေပင့်ပေးနေသည် ကိုလည်း သူက သိသည်။ လူပေါင်း ထောင်နှင့် ချီ၍ သေဆုံးသည်ဟု ပြောကြားမှုများရှိနေသည့် တောင်ဆူဒန်ပြဿနာကို အစ္စရေးက ပိုမို ရှည်ကြာစေသည်ဟု သူက အခိုင်အမာပြောလေသည်။

    မစ္စတာမာ့က်က ၎င်း၏ ဆောင်ရွက်မှုမှာ လူ့အသက်များကို ကယ်တင်ပေးမည့် မစ်ရှစ်တစ်ခုဖြစ်သည်ဟု ယုံကြည်နေသည်။ တစ်ခါတစ်ရံတွင် ၎င်း၏ အချိန် များစွာကို ပေးလိုက်ရသော်လည်း ထိုကိစ္စအား သူက ကိုယ့်ထမင်း ကိုယ်စား လုပ်ပေးခြင်းဖြစ်သည်။

    “တောင်ဆူဒန်က ပြည်သူတွေရဲ့ အကျိုးအတွက် စစ်ရာဇ၀တ်မှုတွေ၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ရပ်တန့်ဖို့ ကျွန်တော် တတ်နိုင်တာအားလုံးကို လုပ်ချင်တာပါ” ဟု မက်က ဂျေရုစလင် အနောက်ပိုင်းရှိ ၎င်း၏ ရုံးခန်းတွင် The Independent သို့ ပြောကြားခဲ့သည်။

    “ကျွန်တော်က ကမ္ဘာ့ပြည်သူတစ်ဦးပါ။ ကျွန်တော့်မှာ ကမ္ဘာလုံးဆိုင်ရာ တာဝန်ဝတ္တရား ရှိပါတယ်”

    ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပြီး ပြည်သူ ၂ သန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီးနောက် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ဥရောပ သမဂ္ဂက တောင်ဆူဒန် အပေါ် လက်နက်ရောင်းချမှုကို ပိတ်ပင်လိုက်သည်။ ထိုပိတ်ပင်မှု အစိတ်အပိုင်းအဖြစ် အမေရိကန်ကလည်း တောင်ဆူဒန် အစိုးရအား စစ်ရေးအကူအညီပေးနေမှုကို ရပ်တန့်ခဲ့သည်။

    သို့သော်လည်း အစ္စရေးက ဂါလီလ် ရိုင်ဖယ်နှင့် တာဗိုရ်ရိုင်ဖယ်များကို တောင်ဆူဒန် အစိုးရတပ်များအား ထောက်ပံ့နေပြီး၊ ပြည်တွင်း လုံခြုံရေး နည်းလမ်းများကိုလည်း လေ့ကျင့် သင်ကြားပေးနေသည်ဟု အစီရင်ခံစာများ၊ အကူအညီပေးရေးဝန်ထမ်းများကို အင်တာဗျူးမှုများ၊ လူသိရှင်ကြားပြော၍ မရသည့် သတင်းရင်းမြစ်များက သိရသည်ဟု မစ္စတာမာ့က်က ဆိုသည်။

    ဥရောပ၏ လက်နက်ရောင်းချရေး ပိတ်ပင်မှု သက်ရောက်နေချိန် ဇွန်လက တဲလ်အဗီးမြို့ လက်နက် ပွဲတော်တစ်ခုတွင် တောင်ဆူဒန် အကြီးတန်း ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို အစ္စရေးက လက်ခံတွေ့ဆုံခဲ့သည်။ ကုလသမဂ္ဂ၏ တောင်ဆူဒန်ရေးရာအဖွဲ့က အပြင်ဘက်တွင် ဆန္ဒပြမှုများ ရှိခဲ့သည့် အဆိုပါ လက်နက်ပွဲတော်သို့ ရောက်ရှိလာသော ကိုယ်စားလှယ်အဖွဲ့ကို တောင်ဆူဒန် သယ်ယူ ပို့ဆောင်ရေးဝန်ကြီး အန်သိုနီ လီနို မာကာနာ ဦးဆောင်သည်ဟု ထင်ရကြောင်း ပြောကြားခဲ့သည်။

    အဆိုပါကိုယ်စားလှယ်များကို အစ္စရေးက ကြိုဆိုနေသည့်အချိန်တွင် တောင်ဆူဒန်၌ အစိုးရတပ်များနှင့် ၎င်းတို့၏ မဟာမိတ်များက ထိုးစစ်ဆင်မှုများကို တစ်ရှိန်ထိုး ပြုလုပ်ခဲ့ပြီး ထိုစစ်ဆင်ရေးများတွင် ရွာတစ်ခုလုံးကို ပြာကျအောင် မီးရှို့ခြင်း၊ အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ပြောကြားခဲ့သည်။

    “အစ္စရေးဟာ တောင်ဆူဒန်က တိုက်ခိုက်မှုကို ရှည်ကြာစေပါတယ်” ဟု မာ့က်က ပြောကြားခဲ့သည်။

    တောင်ဆူဒန်အား အစ္စရေးက လက်နက်တပ်ဆင်ပေးလားဆိုသည်နှင့် ပတ်သက်၍ မေးမြန်းမှုကို ပြန်လည်ဖြေကြားရန် အစ္စရေး ကာကွယ်ရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ယာကော့ဗ် ဟာဗာကွတ်က ငြင်းဆိုခဲ့သည်။ မစ္စတာမာ့က်၏ အခိုင်အမာပြောကြားမှုများအား တုန့်ပြန်ပြောဆိုရန်နှင့် အစ္စရေး-တောင်ဆူဒန်တို့၏ ဆက်ဆံရေးကို ရှင်းပြန်ရန် မေးမြန်းခဲ့ရာတွင် ဟာဗာကွတ်က

    “ကျွန်တော်တို့ရဲ့ ပေါ်လစီက လက်နက်ရောင်းချမှုတွေနဲ့ပတ်သက်ပြီး ပြောလို့မရတဲ့ ပေါ်လစီပါ။ နိုင်ငံတစ်နိုင်ငံစီ ကျွန်တော်တို့ ရည်ညွှန်းလေ့မရှိပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    မိမိတို့မှာ စစ်ရေး အကျပ်အတည်းဖြစ်မှုကို ဖြေရှင်းနိုင်ပြီး၊ စစ်ပွဲအား အနိုင်ရမည့်အတွက်ကြောင့် သံတမန်ရေးအရ ဖြေရှင်းမှု မလိုဟု တောင်ဆူဒန် သမ္မတ ဆာလ်ဗာကီရ် မာယာဒစ်နှင့် အခြားသောခေါင်းဆောင်များဘက်မှ ထင်မြင်ယူဆမှုကို ဆက်လက် တည်တံ့ရေးအတွက် အစ္စရေး၏ လက်နက်များ ဆက်လက်ထောက်ပံ့မှုက အကူအညီဖြစ်စေသည်ဟု မာ့က်က ရှုမြင်နေသည်။

    မာ့က်မှာ အစ္စရေး လစ်ဘရယ်နိုင်ငံရေးသမားဖြစ်သော တမာရ် ဇန်ဒ်ဘာ့ဂ်နှင့် မဟာမိတ်ဖွဲ့ထားပြီး ကာကွယ်ရေး ၀န်ကြီးဌာန အနေဖြင့် တောင်ဆူဒန်အား စစ်ရေးအကူအညီပေးမှုကို ဖြတ်တောက်ပစ်ရန် တောင်းဆိုခဲ့သည်။ ဇန်ဒ်ဘာ့ဂ်က ဆန္ဒပြမှု အသေးစားများကို ကူညီစီစဉ်ပေးခဲ့သည်။

    အီရစ်ထရီယာ၊ အဇာဘိုင်ဂျန်၊ ဘာကီနာဖာဆို၊ အီကွေတိုရီယဲလ်ဂီနီ၊ အန်ဂိုလာ၊ ကင်မရွန်း၊ ဂါဘွန်၊ ချဒ်နှင့် အခြားသောနိုင်ငံများသို့ အစ္စရေးက လက်နက်များရောင်းချခြင်း၊ စစ်ဘက်ဆိုင်ရာကျွမ်းကျင်သူများအား ထောက်ပံ့ပေးအပ်မှုများကိုလည်း မိမိက စောင့်ကြည့်နေသည်ဟု မာ့က်က ပြောကြားခဲ့သည်။

    ကာကွယ်ရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဟာဗာကွတ်ကတော့ ထိုနိုင်ငံများကို အစ္စရေးက လက်နက်များ တပ်ဆင်ပေးလား ဆိုသည်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အားပေးကူညီနေသည်ဟု ဝေဖန်မှုများအတွက် The Independent ၏ မေးမြန်းမှုကို မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

    “သူတို့ လူသိရှင်ကြား မဆွေးနွေးချင်ပါဘူး။ သူတို့ကို အခြိမ်းခြောက်ဆုံးအရာက သူတို့လုပ်နေတာတွေကို ပြည်သူလူထုက ၀င်စွက်လာမှာကိုပါပဲ” ဟု မာ့က်က ပြောကြားခဲ့သည်။

    အစ္စရေးအာဏာပိုင်များမှာ ယခင်က လက်နက်ပို့ဆောင်မှုများကို ခွင့်ပြုခြင်းဖြင့် စစ်ရာဇ၀တ်မှုနှင့် လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ အတွက် အပြစ်ရှိသည်ဟု သူက ယုံကြည်နေသည်။ သူ၏ အမြင်တွင် ယခင်ကျူးလွန်ခဲ့သည်ဟု ယိုးစွပ်ကြသော ရာဇ၀တ်မှုများကို ၎င်းတို့အား တာဝန်ယူခိုင်းခြင်းက အနာဂတ်တွင် ကျူးလွန်မှုများ မဖြစ်ပွားရေး သေချာစေရန် အဓိကကျသည်ဟု ခံယူထားသည်။

    ၁၉၉၄ ဧပြီမှ ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော လူမျိုးတုန်းသတ်ဖြတ်မှုတွင် ရ၀မ်ဒါနှင့် ၁၉၉၁ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ဘော့စနီးယား လူမျိုးတုန်း သတ်ဖြတ်မှုတွင် ဆာ့ဘ်တို့အား အစ္စရေးက လက်နက်ထောက်ပံ့ပေးမှုများနှင့် ဆက်စပ်သည့် စာရွက်စာတမ်းများအားလုံးကို ရရှိရန် မာ့က်နှင့် အစ္စရေး ပညာတတ်တစ်ဦးဖြစ်သူ ယာအီရ် အိုရွန်တို့မှာ လက်ရှိတွင် တရားရုံးတိုက်ပွဲ ဆင်နွှဲနေသည်။ ထိုသို့ လက်နက်ထောက်ပံ့မှုမှာ သေချာသည်ဟုလည်း မာ့က်ကဆိုသည်။

    အစ္စရေးကာကွယ်ရေး ၀န်ကြီးဌာနမူ စာရွက်စာတမ်းများ ထုတ်ပေးခြင်းမှာ နိုင်ငံခြားရေး ဆက်ဆံမှုများနှင့် နိုင်ငံလုံခြုံရေးတို့ ထိခိုက်စေမည်ဟုဆိုကာ မာ့က်၏ ဆောင်ရွက်မှုကို တုန့်ပြန်ခဲ့သည်။ အောက်ခြေတရားရုံးက ၀န်ကြီးဌာန၏ ပြောဆိုမှုကို ထောက်ခံခဲ့ပြီး မာ့က်နှင့် အိုရွန်တို့ကမူ ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်၍ တရားရုံးချုပ်သို့ အယူခံဝင်ထားလေသည်။

    အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်သည့် မာ့က်မှာ ငယ်ရွယ်စဉ်ကပင် ကမ္ဘာကြီးအတွက် စတင် အလုပ်လုပ်ပေးခဲ့သည်။ bar mitzvah (ဂျူးအမျိုးသားများ အသက် ၁၃ နှစ်ရောက်သည့်အချိန်တွင် ပြုလုပ်ရသည့် ဘာသာရေးပွဲ) အတွက် ပါတီလုပ်ရန်အစား မာ့က်မှာ တရုတ်နိုင်ငံသို့ အလည်အပတ်ခေါ်သွားရန် မိဘများအား စည်းရုံးခဲ့သည်။ ၂၀၀၄ ခုနှစ် တောင်အမေရိကသို့ သွားရောက်သည့် အခါတွင်လည်း ကမ္ဘာပေါ်တွင် အစ္စရေးစစ်တပ်၏ အခန်းကဏ္ဍကို သူက သိသိသာသာ စတင်တွေးလာခဲ့သည်။

    သူ၏ ထိုခရီးစဉ်အတွင်း အစ္စရေးထုတ် ခြေညှပ်ဖိနပ်ဝတ်ထားသော အိုင်းရစ် အမျိုးသမီးခရီးသွားတစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။ “အဘယ့်ကြောင့် အစ္စရေးထုတ် ဖိနပ်စီးထားသလဲ”ဟု မေးမြန်းရာတွင် အဆိုပါအမျိုးသမီးက တပ်ဖွဲ့များကို အစ္စရေးက လေ့ကျင့်ပေးနေသော ကိုလံဘီယာရှိ တောထဲသို့ သွားမည်ဖြစ်ကြောင်း၊ အစ္စရေးထုတ်ဖိနပ်ကို စီးသွားပါက ကာကွယ်မှု ရမည်ဖြစ်ကြောင်း ပြောကြားခဲ့လေသည်။

    “တကယ်လို့ ကျွန်တော်က အစ္စရေးတစ်ယောက်ဖြစ်ရင် ကျွန်တော် ကာကွယ်ခံရမယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ သူတို့ ကျွန်တော့်ကို ပစ်သတ်လိမ့်မယ်ဆိုတဲ့ အတွေး ၀င်ခဲ့ပါတယ်။ “ဘာ့ကြောင့် ငါတို့က သူတို့ဘက်မှာ ရပ်တည်နေရတာလဲ” လို့ ကျွန်တော်တွေးခဲ့ပါတယ်” ဟု မာ့က်က ပြောကြားခဲ့သည်။

    “ကျွန်တော် သုတေသနစလုပ်ခဲ့ပြီး အချို့ ကိစ္စတွေမှာ အစ္စရေးဟာ အစိုးရကိုရော၊ သူပုန်တွေကိုရော သင်တန်းတွေပေး၊ လက်နေက်တွေထောက်ပံ့နေတာကို တွေ့ခဲ့ရပါတယ်။ ပြီးတော့ ကျွန်တော်တို့ တိုင်းပြည်ဟာ အာဏာရှင်တော်တော်များများကို ကူညီထောက်ပံ့နေပြီး ကမ္ဘာတစ်ဝှမ်းက ဆိုးရွားတဲ့ ပဋိပက္ခတွေမှာ ပါဝင်တယ်ဆိုတာလည်း တွေ့ခဲ့ရပါတယ်”

    ref: Independent
    မိုးဝေတင်ဆက်သည်။