သြဂုတ် ၂၅၊ ၂၀၁၅
M-Media
– Rogers Cup တင်းနစ်ပြိုင်ပွဲတွင် ပြိုင်ဘက်ကစားသမား၏ ချစ်သူအကြောင်း ထိခိုက်နစ်နာအောင် ပြောဆိုခဲ့သည့် သြစတေးလျ တင်းနစ်သမား နစ်က် ကီရ်ဂီယော့စ်ကို ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမားများအဖွဲ့ ATP က ဆိုင်းငံ တစ်လပွဲပယ်ပြစ်ဒဏ်နှင့် ထပ်ဆောင်း ဒဏ်ငွေ ချမှတ်လိုက်သည်ဟု သိရသည်။
ကနေဒါတွင် ယခုလအစောပိုင်းမှ စတင်ပြုလုပ်ခဲ့သည့် အဆိုပါပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ်တွင် ကမ္ဘာ့အဆင့် ၃၇ ရှိ ကီရ်ဂီယော့စ်မှာ ပြင်သစ်အိုးပင်းချန်ပီယံ စတာ ၀ါဝရင်ကာနှင့် တွေ့ဆုံခဲ့ပြီး ထိုပွဲတွင် ပိုက်နားသို့သွား၍
“ခင်ဗျားချစ်သူကို ကိုကီနာကစ်က အုပ်နေတယ်…. ပြောရတာစိတ်မကောင်းဘူးဗျာ” ဟု ၀ါဝရင်ကာ၏ ချစ်သူ ဗီကစ်မှာ သြစတေးလျမှ အသက် ၁၉ နှစ်အရွယ် တင်းနစ်သမား ကိုကီနာကစ်နှင့် ညိစွန်းနေကြောင်း စော်ကားသည့် သဘောမျိုးဖြင့် ပြောကြားခဲ့သည်။ ထိုသို့ပြောကြားမှုမှာ တင်းနစ်ပွဲအား အသံဖမ်းသည့်စနစ်အတွင်းသို့ ၀င်ရောက်သွားခဲ့သည်။
ကီရ်ဂီယာ့စ်၏ ထိုအပြုအမူအတွက် ATP အဖွဲ့က ကနဦးတွင် ဒေါ်လာ ၁၀၀၀၀ ဒဏ်ငွေရိုက်ခဲ့သည်။ သို့သော်လည်း ထပ်မံစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ကီရ်ဂီယာ့စ်မှာ ပြိုင်ဘက်အား အနှောက်အယှက်ဖြစ်စေသာ အပြုအမူကို ကျူးလွန်သည်ဟု တွေ့ရှိခဲ့သည်။
ထို့ကြောင့် တင်းနစ်ကစားခွင့် ၂၈ ရက်တာ ပိတ်ပင်မှုနှင့် ထပ်ဆောင်းဒဏ်ငွေ ဒေါ်လာ ၂၅၀၀၀ ထပ်မံချမှတ်ခဲ့သည်။ သို့သော်လည်း အဆိုပါ ပြစ်ဒဏ်များကို နောက်ထပ် ၆ လအတွင်း ATP မှ ကျင်းပပြုလုပ်သော ပြိုင်ပွဲများ၌ “နှုတ်ဖြင့် သို့မဟုတ် ကိုယ်ဖြင့် စော်ကားမှုကြောင့် ဒဏ်ငွေပေးဆောင်ရခြင်း၊ သို့မဟုတ် စုစုပေါင်း ဒဏ်ငွေ ဒေါ်လာ ၅၀၀၀ ထပ်ကျော်၍ ပေးဆောင်ရသည့် အခြားပြစ်မှုများကို ကျူးလွန်ခြင်း စသည့် အခြေအနေနှစ်ခုထဲမှ တစ်ခုခုကို ပြုလုပ်မှသာလျှင် ကျခံရမည်ဖြစ်သည်။
ဝါ၀ရင်ကာ၏ ချစ်သူ ဗီကစ်ကမူ ကီရ်ဂီယာ့စ်၏ ထိုပြောဆိုမှုအတွက် အလွန်အမင်းစိတ်ပျက်ရသည်ဟု ပြောကြားခဲ့ပြီး၊ ၀ါဝရင်ကာကလည်း ထိုပြောဆိုမှုအတွက် တာဝန်ရှိအဖွဲ့အစည်းက အရေးယူရန် ဆိုရှယ်မီဒီယာမှတစ်ဆင့် တောင်းဆိုခဲ့သည်။
ထိုလုပ်ရပ်အတွက် ဝေဖန်မှုများ မြင့်တက်လာပြီးနောက် ကီရ်ဂီယာ့စ်ကလည်း ဆိုရှယ်မီဒီယာမှတစ်ဆင့် လူသိရှင်ကြား ပြန်လည်တောင်းပန်ခဲ့သည်။
Ref: Dailymail