News @ M-Media

Blog

  • ငြိမ်းချမ်းရေးသဘောတူညီချက်ကို တောင်ဆူဒန်သမ္မတ လက်မှတ်ထိုး

    ငြိမ်းချမ်းရေးသဘောတူညီချက်ကို တောင်ဆူဒန်သမ္မတ လက်မှတ်ထိုး

    သြဂုတ် ၂၇၊ ၂၀၁၅
    M-Media

    sudan

    – တောင်ဆူဒန်သမ္မတ ဆာလ်ဗာ ကီရ်မှာ သူပုန်များနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ယမန်နေ့က မြို့တော် ဂျူဘာတွင် လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါအခမ်းအနားသို့ အာဖရိက ဒေသတွင်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

    သူပုန်ခေါင်းဆောင် ရီက် မာချာမှာ အဆိုပါ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အီသီယိုပီးယားတွင် ပြီးခဲ့သည့်တစ်ပတ်က လက်မှတ်ရေးထိုးခဲ့သော်လည်း ဆာလ်ဗာ ကီရ်ကမူ ထိုသဘောတူညီချက်အား လေ့လာရန် အချိန်ယူရမည်ဟု ပြောဆိုခဲ့ကာ လက်မှတ်ရေးထိုးရန် ငြင်းဆိုခဲ့သည်။

    သို့သော်လည်း ကင်ညာနှင့် ယူဂန်ဒါ သမ္မတများ၊ အီသီယိုးပီးယားမှ ၀န်ကြီးချုပ်တို့က ကြားဝင် ညှိနှိုင်းပေးခဲ့သောကြောင့် ယမန်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ကီရ်အနေဖြင့် ယမန်နေ့တွင် လက်မှတ်ရေးထိုးခြင်း မပြုခဲ့ပါက အရေးယူရန် အဆင်သင့်ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    တောင်ဆူဒန်တွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ သမ္မတ ဆာလ်ဗာ ကီရ်နှင့် ယခင်ဒုတိယ သမ္မတဖြစ်ခဲ့သူ ရီက်မက်ချာတို့အား သစ္စာခံသူများအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် တိုင်းပြည်မငြိမ်မသက်ဖြစ်လာကာ လူမျိုးစုနှစ်ခုအကြား တိုက်ခိုက်သည့် ပြည်တွင်းစစ်အသွင်သို့ ပြောင်းသွားခဲ့သည်။

    ကုလသမ္မဂ၏ ကျွမ်းကျင်သူများအဖွဲ့မှ အင်္ဂါနေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် နှစ်ဖက်စလုံးမှာ အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ကလည်း ၎င်းတို့၏ အဖွဲ့ဝင်နှစ်ဦးမှာ ပြီးခဲ့သည့် သီတင်းပတ်က အသတ်ခံခဲ့ရသည်ဟု ဆိုသည်။

    တောင်ဆူဒန်၏ အဆိုပါပြည်တွင်းစစ်အတွင်း လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး ၁.၆ သန်းခန့်မှာလည်း အိမ်အိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    Ref: Aljazeera

  • ဂိုးမိုးခေါင်မှု အဆုံးသတ်နိုင်ခြင်းအတွက် ရူနီကျေနပ်

    ဂိုးမိုးခေါင်မှု အဆုံးသတ်နိုင်ခြင်းအတွက် ရူနီကျေနပ်

    သြဂုတ် ၂၈၊ ၂၀၁၅
    M-Media

    mu

    – ဘရုဂျက်နှင့်ပွဲတွင် ဟက်ထရစ်သွင်းနိုင်ခဲ့ပြီး ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်သည့်အတွက် ပျော်ရွှင်မိသည်ဟု မန်ချက်စတာ ယူနိုက်တက်အသင်း၏ တိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် ချန်ပီယံလိဂ် ခြေစစ်ပွဲဒုတိယအကျော့တွင် မန်ယူမှာ ဘရုဂျက်အား ရူနီ၏ ဟက်ထရစ်နှင့်အတူ ၄ ဂိုးပြတ်ဖြင့်အနိုင်ရရှိခဲ့ကာ နှစ်ကျော့ပေါင်းရလဒ်က ၇ ဂိုး ၁ ဂိုးဖြင့် အုပ်စုအဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။

    ထိုဂိုးများမှာ ရူနီ၏ ၁၀ ပွဲဆက်တိုက် ဂိုးမိုးခေါင်မှုကို အဆုံးသတ်လိုက်ခြင်းလည်းဖြစ်ပြီး ၎င်းကမူ ထိုအတွက် ပျော်ရွှင်ကျေနပ်မိသည်ဟု ပြောကြားခဲ့သည်။

    “ဂိုးတွေရတာ ကျွန်တော်ဝမ်းသာပါတယ်။ ပြီးတော့ ပိုပြီးအရေးကြီးတာက အုပ်စုအဆင့်ကို ကောင်းကောင်းမွန်မွန် တက်သွားတာပါပဲ။ တစ်ကယ်လို့ ကျွန်တော့်မှာ ပုံစံကောင်းမရှိဘူးဆိုရင် ကျွန်တော့်ကိုပဲ ထိခိုက်မှာပါ။ ဒါပေမယ့် ကျွန်တော့် အရည်အချင်းနဲ့ အသင်းကို ဘာပေးဆပ်ခဲ့လည်းဆိုတာ ကျွန်တော်သိပါတယ်။ ဂိုးမ၀င်လည်း အသင်းဖော်တွေအတွက် ဆက်လက် လုပ်ပေးသွားမှာပါ” ဟု BT Sport သို့ ရူနီက ပြောကြားခဲ့သည်။

    ထို့ပြင် ဂိုးမသွင်းနိုင်မှုအတွက် မိမိမှာ သောကမရောက်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ဂိုးသွင်းချင်တာ ဓမ္မတာပါပဲ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီကို လူတိုင်းက ပြန်ကြည့်ပြီး “ခင်ဗျား ပွဲတော်တော်များများ ဂိုးမသွင်းနိုင်ခဲ့ဘူးနော်” လို့ပြောပြီး အကြီးကြီး လုပ်ပစ်လိုက်ကြပါတယ်။ ဒါပေမယ့် ကျွန်တော့်လိုလူမျိုးကို ပိုပြီး လူပြောသူပြောများတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ကျွန်တော့်အလုပ်ရဲ့ အစိတ်အပိုင်းဖြစ်ပြီး ဒါကိုလက်ခံရပါမယ်”

    နည်းပြဗန်ဂါးလ်ကမူ ရူနီမှာ ၎င်း၏ စွမ်းရည်ကို သက်သေပြခဲ့သည်ဟု ပြောကြားခဲ့သော်လည်း ရူနီနှင့် မိမိတို့အသင်း၏ ရှေ့ဆက်သွားရမည့်ခရီးမှာ ရှည်လျားသည်ဟု ဆိုသည်။

    Ref: Goal

  • အမေရိကန်ရုပ်သံတစ်ခုမှ တိုက်ရိုက်ထုတ်လွှင့်နေစဉ် ပစ်ခတ်ခံရမှုကြောင့် ၀န်ထမ်း ၂ ဦးသေဆုံး

    အမေရိကန်ရုပ်သံတစ်ခုမှ တိုက်ရိုက်ထုတ်လွှင့်နေစဉ် ပစ်ခတ်ခံရမှုကြောင့် ၀န်ထမ်း ၂ ဦးသေဆုံး

    သြဂုတ် ၂၇၊ ၂၀၁၅
    M-Media

    us
    သေဆုံးသွားသူနှစ်ဦး

    – အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်ရှိ WDBJ7 ရုပ်သံသတင်းဌာနမှ အင်တာဗျူးအစီအစဉ်တစ်ခု တိုက်ရိုက်ထုတ်လွှင့်နေစဉ် အမျိုးသားတစ်ဦးက သေနတ်ဖြင့် ၀င်ရောက်ပစ်ခတ်ခဲ့သောကြောင့် လူနှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    အဆိုပါသတင်းဌာနမှာ CBS သတင်းဌာန၏ လက်ခွဲတစ်ခုလည်းဖြစ်ပြီး သေဆုံးသွားသူများမှာ အသက် ၂၇ နှစ်အရွယ် ကင်မရာမန်း အဒမ်ဝါ့ဒ်နှင့် အသက် ၂၄ နှစ်အရွယ် သတင်းတင်ဆက်သူ အမျိုးသမီး အလီဆန် ပါကားတို့ဖြစ်ကြသည်။

    ၎င်းတို့နှစ်ဦးမှာ ဖရန်ကလင်းကောင်တီတွင် ခရီးသွားလာရေးနှင့် ပတ်သက်၍ အင်တာဗျူးကို ယမန်နေ့ မနက်ပိုင်းက တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး ပစ်သတ်သူမှာ အဆိုပါ သတင်းဌာမှ လွန်ခဲ့သည့် ၂ နှစ်အရင်က အလုပ်ထုတ်ပစ်ခဲ့သူ ဗက်စ်တာ လီ ဖလာနီဂန်ဆိုသူဖြစ်ကာ ဘရီစီ ၀ီလီယံဟုလည်း သိကြသည်။

    အနည်းဆုံး သေနတ်ဖြင့် ၈ ချက်ခန့် ပစ်ခဲ့ခြင်းဖြစ်ပြီး အလီဆန်ပါကား အင်တာဗျူးနေသည့် အမျိုးသမီးမှာလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။

    သေနတ်သမား ဖလာနီဂန်မှာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကားဖြင့်ထွက်ပြေးစဉ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကာ ၎င်းကိုယ်တိုင် ပစ်ခတ်မှုမှ ရရှိခဲ့သည့် သေနတ်ဒဏ်ရာဖြင့် ဗာဂျီးနီးယားမြောက်ပိုင်း ဆေးရုံ၌ သေဆုံးခဲ့သည်ဟု ဖရန့်ကလင်းကောင်တီ အကြီးအကဲ ဘီလ်အိုဗာတန်က ပြောကြားခဲ့သည်။ သို့သော်လည်း တိုက်ခိုက်မှုနောက်ကွယ်မှ အကြောင်းအရင်းကို သိရှိရခြင်းမရှိသေးဘဲ စုံစမ်းစစ်ဆေးမှုများမှာ ကြာဦးမည်ဟု ၎င်းက ဆိုသည်။

    အာဖရိကန်-အမေရိကန်တစ်ဦးဖြစ်သည့် ဖလာနီဂန် ရိုက်ကူးထားသည်ဟု ယုံကြည်ရသော ပစ်ခတ်မှုဖြစ်ပွားသည့် ဗီဒီယိုကိုလည်း ၎င်း၏ အမည်များဖြင့် အသုံးပြုသော Twitter နှင့် Facebook စာမျက်နှာများတွင် လွှင့်တင်ခဲ့ပြီး သေဆုံးသွားသူများထဲမှ တစ်ဦးမှာ ၎င်းအား လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့သည်ဟု ရေးသားခဲ့သည်။ ထို့နောက် ထိုဗီဒီယိုကို နောက်ပိုင်းတွင် ပြန်လည်ဖယ်ရှားခဲ့သည်။

    ဖလာနီဂန်မှာ ဖလော်ရီဒါရှိ ရုပ်သံဌာနတစ်ခုကိုလည်း ၎င်းအလုပ်လုပ်ခဲ့စဉ်က လူမည်းဖြစ်သည့်အတွက် လူမျိုးရေးခွဲခြားမှု လုပ်ခဲ့သည်ဟုဆိုကာ တရားစွဲဆိုထားသည်။

    ABC သတင်းဌာနကမူ ၎င်းတို့မှာ ဘရီစီဝီလီယံဆိုသူထံမှ ၂၃ မျက်နှာရှိသော ဖက်စ်တစ်ခုကို အင်္ဂါနေ့ညနှင့် ဗုဒ္ဓဟူးနေ့မနက်ပိုင်း ကြားအချိန်တွင် ရရှိခဲ့သည်ဟု ပြောကြားခဲ့ပြီး အသေးစိတ်ကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။

    Ref: Aljazeera

  • နိုင်ငံတကာသတင်းတို (သြဂုတ် ၂၆၊ ၂၀၁၅)

    သြဂုတ် ၂၆၊ ၂၀၁၅
    M-Media

    ဘေးအန္တရာယ်ကင်းရှင်းရေးအဖွဲ့ အကြီးအကဲကို တရုတ်ထုတ်ပယ်
    ………………………………….
    ယခုလအတွင်း လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည့် တီယန်ဂျင်းမြို့ ဓာတုဗေဒ ပစ္စည်းများ သိုလှောင်ရုံ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံ၏ ဘေးအန္တရာယ်ကင်းရှင်းရေးအဖွဲ့အကြီအကဲ ယန်ဒေါင်လီယန်းကို ချစားမှုဖြင့် ထုတ်ပယ်လိုက်သည်ဟု တရုတ်နိုင်ငံပိုင် စင်ဟွာသတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါ သိုလှောင်ရုံအတွက် ခွင့်ပြုမိန့်များကို မသမာသည့်နည်းလမ်းများဖြင့် ရယူသည်ဟု သတင်းများလည်း စောစောပိုင်းက ထွက်ပေါ်ခဲ့ပြီး ယန်ဒေါင်လီယန်ကို တရုတ်ကွန်မြူနစ်ပါတီ၏ ချစားမှုစောင့်ကြည့်ရေးအဖွဲ့က စစ်ဆေးခဲ့ကာ ယခုကဲ့သို့ ထုတ်ပယ်လိုက်ခြင်းလည်း ဖြစ်သည်။

    ဥရောပတွင် စစ်မဖြစ်ရန် ရုရှားနှင့်နေတိုးအဖွဲ့တို့ ဘုံသဘောတူညီချက် ယူရမည်
    ………………………………………
    ရုရှားနှင့် အနောက်နိုင်ငံများအကြားတွင် မထင်မှတ်ဘဲ စစ်ဖြစ်ပွားနိုင်သည့် အန္တရာယ်ကို လျော့ချရန်အတွက် နေတိုးအဖွဲ့နှင့် ရုရှားတို့မှာ သဘောတူညီချက်တစ်ခု ယူရမည်ဟု နိုင်ငံတကာမှ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးဟောင်းများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့က ပြောကြားလိုက်သည်။ ယူကရိန်းပြဿနာကြောင့် ဥရောပတွင် နေတိုးအဖွဲ့နှင့် ရုရှားတို့မှာ စစ်ရေးလေ့ကျင့်မှုများကို တိုးမြှင့်ပြုလုပ်လာခဲ့ကြပြီး၊ ပြိုင်ဘက် တိုက်လေယာဉ်များအကြား လေပေါ်၌ ထိပ်တိုက်တွေ့ဆုံမှုများမှာလည်း မြင့်တက်လာခဲ့သည်။

    ၁၉၉၆ ဆော်ဒီဗုံးဖောက်ခွဲမှု အဓိကသံသယရှိသူကို ဖမ်းဆီးရမိ
    …………………………………
    ဆော်ဒီအာရေဗျနိုင်ငံ ဒါရန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းမှ ခိုဘာတာဝါကို ၁၉၉၆ ခုနှစ်တွင် ဗုံးဖောက်ခွဲမှုမှ အဓိကသံသယရှိသူ ဟစ်ဇ်ဘိုလာ အလ်-ဟေဂျက်ဇ်အဖွဲ့ခေါင်းဆောင် အဟ်မဒ် အလ်-မူဂက်စ်စီလ်ကို နှစ် ၂၀ နီးပါး ကြာပြီးမှ ဖမ်းဆီးရမိခဲ့သည်ဟု ဆော်ဒီသတင်းစာတစ်ခုက ယနေ့တွင် ဖော်ပြခဲ့သည်။ အလ်- မူဂက်စ်စီလ်ကို လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဆော်ဒီသို့ လွှဲပြောင်းပေးခဲ့ပြီဟု ဆိုသည်။ သို့သော်လည်း မည်သည့်အချိန်တွင် မည်သူက ဖမ်းဆီးခဲ့သည်ကို ဖော်ပြခဲ့ခြင်းမရှိချေ။
    ထိုပေါက်ကွဲမှုအတွင်း အမေရိကန်စစ်သား ၁၉ ဦးသေဆုံးခဲ့ကာ လူ ၅၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။

    Ref: News Agencies

  • မလေးရှားမှ အမျိုးသမီး ပေါ့အဆိုတော်တစ်ဦး အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်

    မလေးရှားမှ အမျိုးသမီး ပေါ့အဆိုတော်တစ်ဦး အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်

    သြဂုတ် ၂၆၊ ၂၀၁၅
    M-Media

    malay

    – မလေးရှားမှ အမျိုးသမီး ပေါ့အဆိုတော်တစ်ဦးမှာ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ပြီး ကွာလာလမ်ပူရှိ ASTRO All Asia Broadcast Centre တွင် သြဂုတ်လ ၂၅ ရက် အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ တရားဝင်ကြေညာခဲ့သည်။

    “ဟုတ်ပါတယ်။ ကျွန်မ အစ္စလာမ်ကို မနေ့က တရားဝင် ပြောင်းလဲသက်ဝင်ခဲ့ပါတယ်။ အဲဒီနေ့ဟာ ကျွန်မဘ၀ရဲ့ အပျော်ဆုံးနေ့ပါပဲ” ဟု စတေစီ အေအက်ဖ်ဟု အမည်တွင်သည့် ပေါ့အဆိုတော် စထရာစီ အန်ဂီ အေနမ်က ပြောကြားခဲ့သည်။

    ဟိဂျဘ်ဝတ်ဆင်ထားသည့် စထရာစီ ရှာဟာဒါ (အစ္စလာမ်သို့ သက်ဝင်ကြောင်း သက်သေခံချက်) ထွက်ဆိုနေသော ဗီဒီယိုမှာ ဆိုရှယ်မီဒီယာတွင် ပြန့်နှံ့ခဲ့ပြီးနောက် ၎င်း၏သတင်းနှင့်ပတ်သက်၍ ကောလဟာလများ ထွက်ပေါ်လာခဲ့သည်။

    စထရာစီမှာ နိုင်ငံတောင်ပိုင်း ဂျိုဟိုးမြို့ရှိ ဂျိုဟိုးဘာရူးပြည်နယ် အစ္စလာမ့်ရေးရာ ရုံးခန်းတွင် အစ္စလာမ်သို့ တရားဝင် ပြောင်းလဲသက်ဝင်ခဲ့ခြင်းဖြစ်ကာ ၎င်း၏ သာသနာ့ဘွဲ့အမည်ကို အွမ်မူ ဆိုင်ယေခါ ဘင်တီ အေနမ်ဟု မှည့်ခေါ်ခဲ့သည်။

    သတင်းစာရှင်းလင်းပွဲတွင် ၎င်း၏ မိဘနှစ်ပါးစလုံးမှာ ဘေးနားတွင် ရှိနေခဲ့သည်။ အသက် ၂၅ နှစ်အရွယ် ရှိပြီဖြစ်သည့် ထရာစီမှာ သီချင်းအလ်ဘမ် ၄ ခု ထွက်ရှိထားပြီး ၎င်း၏ အယူဝါဒ ပြောင်းလဲသက်ဝင်မှုနှင့်ပတ်သက်၍ ပရိတ်သတ်များက မေးခွန်းမထုတ်ရန် မျှော်လင့်နေသည်။

    “အရင်က ကျွန်မဟာ ခရစ်ယာန်တစ်ဦးပါ။ အဲဒီအတွက်လည်း ကျွန်မ ဂုဏ်ယူခဲ့ပါတယ်။ ဒါပေမယ့် ဒါက စိတ်နှလုံးသား ကိစ္စပါ။ ပြီးတော့ ကျွန်မဟာ အစ္စလာမ်ကို မြတ်နိုးတွယ်တာမိခဲ့ပါပြီ။ အစ္စလာမ်ကိုလက်ခံဖို့ ကျွန်မရဲ့ နှလုံးသည်းပွတ်ကိုက အဆင်သင့်ဖြစ်နေပါပြီ။ လူတိုင်းက ဒါကို လေးစားမယ်လို့လည်း ကျွန်မ မျှော်လင့်ပါတယ်”

    ကောလဟာလ

    ထရာစီမှာ ကျော်ကြားသည့် အစ္စလာမ်ဘာသာဝင် မင်းသား အကင်မ် အဟ်မဒ်နှင့် ချစ်ကျွမ်းဝင်နေပြီး အဟ်မဒ်နှင့်လက်ထပ်ရန်အတွက် ထိုကဲ့သို့ ဘာသာပြောင်းခြင်းဖြစ်သည်ဟု ကောလဟာလများ ထွက်ပေါ်နေခြင်းအပေါ် ၎င်းက ငြင်းဆိုခဲ့သည်။

    “ရိုးရိုးသားသားပြောရရင် ဒါဟာ မမှန်ပါဘူး။ ကျွန်မ အကင်မ်နဲ့ လက်ထပ်ဖို့ အစီအစဉ်မရှိသေးပါဘူး။ လက်ထပ်ချင်လို့ ဘာသာပြောင်းတယ်ဆိုရင် မင်္ဂလာဆောင်ရက် သတ်မှတ်ပြီးမှ လုပ်မှာပေါ့။ မွတ်စလင်တစ်ယောက်ဖြစ်ရတာ တော်တော်တာဝန်ကြီးပါတယ်။ သင်ဖို့လိုတာတွေ အများကြီးရှိတယ်။ ဒါ့ကြောင့် အခု ကျွန်မရဲ့အာရုံစိုက်မှုက မွတ်စလင်အမျိုးသမီးကောင်းတစ်ယောက်ဖြစ်ဖို့အတွက် လေ့လာသင်ယူဖို့ပါပဲ” ဟု စထရာစီက ထည့်သွင်းပြောကြားခဲ့သည်။

    သို့သော်လည်း သူမ ရှဟာဒါထွက်ဆိုနေသည်ကို ခွင့်ပြုချက်မရှိဘဲ ဗီဒီယိုရိုက်ကူးခဲ့ပြီး ဆိုရှယ်မီဒီယာတွင် ဖြန့်ဝေခဲ့မှုအတွက် စိတ်ကသိကအောက်ဖြစ်ရသည်ဟု စထရာစီက ဆိုသည်။

    “သတင်းကောင်းကို ဖုံးကွယ်ချင်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါက ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်ပြီး ကျွန်မ အစ္စလာမ်ကိုပြောင်းလဲသက်ဝင်တာကို ကျွန်မရဲ့မိသားစုဝင်အချို့က မသိသေးပါဘူး။ ဒီဓာတ်ပုံနဲ့၊ ဗီဒီယိုတွေကို မြင်တဲ့အခါ သူတို့ ဘယ်လိုခံစားရမလဲဆိုတာ စဉ်းစားကြည့်ပါ။ ဒီခဏတာဟာ မြင့်မြတ်တဲ့ အချိန်အခါဖြစ်ပြီး ကျွန်မနဲ့ ဘုရားသခင်ကြားက အထူးကာလလေးပါ။ ဒါ့ကြောင့် တစ်ယောက်ယောက်က ဒါကို ရိုက်ကူးပြီး ကျွန်မရဲ့ သဘောတူညီချက်မရဘဲ ဖြန့်ဝေတာဟာ စိတ်ပျက်စရာပါပဲ။ သစ်လွင်မွတ်စလင်ဖြစ်တဲ့ ကျွန်မ သူ့ကို ခွင့်လွှတ်လိုက်ပါတယ်”

    Ref: Onislam