News @ M-Media

Blog

  • နေးမာကို အသင်း၌ပင် အနားယူစေချင်သည်ဟု ဘာကာဥက္ကဌဆို

    နေးမာကို အသင်း၌ပင် အနားယူစေချင်သည်ဟု ဘာကာဥက္ကဌဆို

    သြဂုတ် ၂၅၊ ၂၀၁၅
    M-Media

    naymar

    – မန်ယူက ခေါ်ယူရန် အလွန်အမင်း စိတ်ဝင်စားနေသည့် နေးမာအား အသင်းတွင်ပင် ကစားသမားဘ၀ကို အဆုံးသတ်စေချင်သည်ဟု ဘာစီလိုနာဥက္ကဌ ဂျိုးဆက်ပ် မာရီယာ ဘာတိုမြူက ပြောကြားလိုက်သည်။

    နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် မန်ယူမှာ နေးမာအား စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် စဉ်းစားနေပြီး နေးမာကလည်း အိုးထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေသည်ဟု သတင်းများက ဖော်ပြကြသည်။

    သို့သော်လည်း ဘာတိုမြူကမူ မိမိတို့မှာ ပြီးခဲ့သည့်နှစ် ဖလားသုံးလုံးရခဲ့မှုအတွင်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သော နေးမာအား ရောင်းချရန် စိတ်ကူးမရှိဘဲ မကြာမီ နေးမာအား ကာလရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွားမည်ဟု ဆိုသည်။

    “နေးမာ အသင်းကထွက်ခွာသွားတာကို ကျွန်တော်တို့ မလိုချင်ပါဘူး။ သူက ငယ်သေးပြီး အသင်းမှာပဲ ကစားသမားဘ၀ အဆုံးသတ်စေချင်ပါတယ်။ လာမယ့်လပိုင်းအချိန်လောက်မှာ ကျွန်တော်တို့ဟာ နေးမာကို စာချုပ်သက်တမ်းတိုးဖို့အတွက် ဆွေးနွေးသွားမှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ သူ ဒီမှာ ရှိကိုရှိနေရမှာပါ။ နောက်ထပ် ၃ နှစ်မဟုတ်ပါဘူး၊ လေးငါးဆယ်နှစ်လောက်ပါ” ဟု ဘာတိုမြူက Radio Catalunya သို့ ပြောကြားခဲ့သည်။

    နေးမာမှာ ဘာစီလိုနာသို့ ၂၀၁၃ ခုနှစ်က ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းမှ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာပြဿနာနှင့် အပြောင်းအရွှေ့အရှုပ်အထွေး ပြဿနာများကို ရင်ဆိုင်ခဲ့ရသည့် နေးမာမှာ ပထမဆုံးရာသီတွင် အကောင်းဆုံးပုံစံပြသရန် ရုန်းကန်ခဲ့ရသည်။

    သို့သော်လည်း ၂၀၁၄-၁၅ ဘောလုံးရာသီတွင် ထင်ရှားသည့်ကစားသမား ဖြစ်လာခဲ့ပြီး ပြိုင်ပွဲအားလုံးတွင် ဘာစီလိုနာအတွက် ၅၁ ပွဲကစားကာ ၃၉ ဂိုး သွင်းယူနိုင်ခဲ့သည်။

    Ref: Goal

  • ရွေးကောက်ပွဲကာလ သတင်းအမှားများကို တားဆီးရန် Facebook နှင့် မြန်မာအစိုးရ ပူးပေါင်းဆောင်ရွက်မည်

    ရွေးကောက်ပွဲကာလ သတင်းအမှားများကို တားဆီးရန် Facebook နှင့် မြန်မာအစိုးရ ပူးပေါင်းဆောင်ရွက်မည်

    သြဂုတ် ၂၅၊ ၂၀၁၅
    M-Media

    1_Wira_Thu_-_2014-07-02_02.37.562
    ၂၀၁၄ ခုနှစ် ဇူလိုင်လမှာ မန္တလေးမြို့တွင် အကြမ်းဖက်မှုများ ဖြစ်ပွားစေခဲ့သည့် ဦးဝီရသူရဲ့ လုပ်ကြံဝါဒဖြန့်ချိမှု

    – လာမည့်ရွေး ကောက်ပွဲကျင်းပမည့်ကာလအတွင်း အကြမ်းဖက်မှုကို လှုံ့ဆော်သော မည်သည့်ပို့စ်ကိုမဆို ဖယ်ရှားရန်အတွက် မြန်မာအစိုးရမှာ Facebook နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။

    နိုင်ငံတစ်ဝှမ်းနှင့် Facebook နှင့် မိုဘိုင်းဖုန်းအသုံးပြုသူ မြင့်တက်လာသည့်အတွက်ကြောင့် လာမည့်လတွင် မဲဆွယ်မှုစတင်ပြီး ရွေးကောက်ပွဲနောက်ဆုံးကာလများ၌ အဆိုပါကြားခံကို အသုံးပြုကာ နိုင်ငံသားအချို့မှာ တိကျမှုမရှိသော သတင်းအချက်အလက်များကို ပြန့်နှံ့စေရန် ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်သည်ဟု မြန်မာအာဏာပိုင်များက ပြောကြားခဲ့သည်။

    “၂၀၁၂ နဲ့ ၂၀၁၃ မှာ ကျွန်တော်တို့ဆီမှာ လူမျိုးရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်တို့ Facebook နဲ့ ပထမဆုံး ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ရွေးကောက်ပွဲကာလမှာ ဒီလို ပူးပေါင်းမှုကို ဆောင်ရွက်ဖို့ ကျွန်တော်တို့ ကြိုးစားတာပါ။ သတင်းအချက်အလက် လွတ်လပ်မှုကို ထိန်းချုပ်တာမျိုးမဟုတ်ဘဲ အမုန်းစကားတွေနဲ့ အကြမ်းဖက်မှု ဒါမှမဟုတ် လူမျိုးရေးအကြမ်းဖက်မှုကို လှုံ့ဆော်တာမျိုးတွေကို တားဆီးဖို့ပါပဲ” ဟုန် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။

    သို့သော်လည်း ထိုသို့ပူးပေါင်းဆောင်ရွက်မှုအတွက် လူမှုအဖွဲ့အစည်းများက စိုးရိမ်မှုများရှိနေသည်။

    “ပထမဆုံး စိုးရိမ်မိတာက အစိုးရနဲ့ Facebook ဟာ ဘယ်လိုပူးပေါင်းဆောင်ရွက်မှု ပြုလုပ်မလဲ၊ ဘယ်သူက (အမုန်းစကားကို) အဓိပ္ပါယ်သတ်မှတ်မှာလဲ၊ ဘာတွေကို ဘယ်သူက တာဝန်ယူ ဖြုတ်ချမှာလဲ၊ Facebook မှာ ဘာတွေကိုခွင့်ပြုပြီး ဘာတွေကိုခွင့်မပြုမှာလဲ ဆိုတာတွေပါပဲ” ဟု မြန်မာ အိုစီတီဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ပရိုဂရမ်မန်နေဂျာဖြစ်သူ ထိုက်ထိုက်အောင်က ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းသုံးစွဲမှုမှာ ၂၀၁၄ ခုနှစ် မတ်လမှ ၂၀၁၅ ခုနှစ် မတ်လအတွင်း ၂ ဆနီးပါး တိုးလာခဲ့သည်ဟု အစိုးရနှင့် ပုဂ္ဂလိက အော်ပရေတာများ၏ စာရင်းအရ သိရသည်။

    သုံးစွဲသူများ မြင့်တက်လာခြင်းနှင့်အတူ သတင်းအချက်အလက်များ လျှင်မြန်စွာ ပြန့်နှံလာနိုင်ကာ မဲဆွယ်မှုကာလအတွင်း ကောလဟာလများ တိုးလာခြင်းကို သတိပြုရမည်ဟု အစိုးရက ပြောကြားခဲ့သည်။

    ထို့ကြောင့် မဲဆွယ်မှုကာလအတွင်း ပြန့်နှံကောင်းပြန့်နှံလာနိုင်သည့် သတင်းအချက်အလက်အမှားကို ပြန်လည်ဖြေရှင်းနိုင်ရန်အတွက် မြန်မာ့လူ့အဖွဲ့အစည်းက ရွေးကောက်ပွဲ စောင့်ကြည့်ရေး အစီအစဉ်ကို အကောင်အထည်ဖော်နေကြသည်။

    “ဥပမာအားဖြင့် Facebook မှာ ကောလဟာလတစ်ခုခု ထွက်ပေါ်လာပြီဆိုရင် ဒါကိုကြည့်ပြီး တကယ့် သတင်းအချက်အလက်က ဘာလဲဆိုတာ ဆန်းစစ်သွားမှာပါ” ဟု ထိုက်ထိုက်အောင်က ဆိုပြီး ထိုစောင့်ကြည့်အဖွဲ့မှာ သတင်းအချက်အလက်အမှန်ကို ပြည်သူများသိအောင် ချပြသွားမည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း လက်ရှိ မြန်မာနိုင်ငံတွင် Facebook အသုံးပြုမှာ ၅ သန်းခန့်ရှိနေမှုနှင့်အတူ အကြောင်းအရာများကို စေ့စေ့စပ်စပ် နောက်ကြောင်းလိုက်ရန်မှာ မဖြစ်နိုင်ပေ။

    Ref: Channelnewsasia

  • သီတဂူဆရာတော် ရခိုင်ပြည်နယ်အတွက် ကျပ်ငွေသိန်း ငါးထောင်ကျော်လှူဒါန်း

    သီတဂူဆရာတော် ရခိုင်ပြည်နယ်အတွက် ကျပ်ငွေသိန်း ငါးထောင်ကျော်လှူဒါန်း

    သြဂုတ်လ ၂၅ ၊ ၂၀၁၅
    11949351_866877840064556_1296842342790065361_n
    (၂၃-၈-၂၀၁၅)နေ့မှာ ရခိုင်ပြည်နယ်ရောက်ရှိနေသော သီတဂူဆရာတော်ကြီးနှင့်အဖွဲ့သည် ရေဘေးသင့်နေရာများသို့ ကိုယ်တိုင်ကြွရောက်၊ ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သည်။

    ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်း ငါးထောင် (၅၀၀၀)ကျော်လှူဒါန်းမည်။

    (က) ရခိုင်ပြည်နယ် မောင်တောရေဘေးသင့်အတွက် ကျပ်သိန်း(၃၀၀)သုံးရာ
    (ခ) မောင်တောပြည်သူ့ဆေးရုံအတွက် – ကျပ်ငွေသိန်း (၁၀၀၀) တစ်ထောင်
    (ဂ) ဘူးသီးတောင် – ကျပ်၂၅၀သိန်း
    (ဃ) ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေး (ကျန်းမာရေး-ပညာရေး) အတွက် ကျပ်ငွေသိန်း-၃၀၀၀ ကျော်လှူဒါန်းသွားမည်ဖြစ်ပါသည်။

    ရသေ့တောင်၊ မင်းပြား၊ ပုဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် ဘူးသီးတောင်မြို့များရှိ ဘုန်းတော်ကြီးကျောင်း ၈၆ကျောင်းအတွက် တစ်ကျောင်းလျှင် အလှူတော်ငွေကျပ် – ၁၀သိန်းနှင့် ဆန်တစ်အိတ်စီ လှူဒါန်းသွားမည်ဖြစ်ပါသည်။

    ရခိုင်ဒေသပြန်လည်ထူထောင်ရေးအတွက် စုစုပေါင်း ကျပ်ငွေစုစုပေါင်း – သိန်း(၅၄၁၀) သုံးစွဲလှူဒါန်းမည်ဖြစ်ပါသည်။
    11885129_866877876731219_483074291412494134_n 11895986_866877756731231_6981015702287124320_n 11902327_866877693397904_5499207786868852145_n 11960068_866877786731228_8343697067079987814_n
    သီတဂူစတား FB စာမျက်နှာမှ ကူးယူဖော်ပြသည်။
    https://www.facebook.com/thitagustar/posts/866877943397879

     

     

  • ဦးရွှေမောင်အား အမတ်လောင်းအဖြစ် လက်မခံမှု အာဆီယံပါလီမန် အဖွဲ့(APHR)  ဝေဖန်

    ဦးရွှေမောင်အား အမတ်လောင်းအဖြစ် လက်မခံမှု အာဆီယံပါလီမန် အဖွဲ့(APHR) ဝေဖန်

    သြဂုတ် ၂၅ ၊ ၂၀၁၅
    M-Media
    MP-Shwe-Maung
    လတ်တစ်လောတွင် လက်ရှိလွှတ်တော် အမတ် ဦးရွှေမောင်အား မြန်မာအာဏာပိုင်များက လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း အဖြစ် ဟန့်တားသည့်ဆုံးဖြတ်ချက်ကို  လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အဖွဲ့(APHR) မှ ဝေဖန်ပြောဆိုလိုက်သည်။

    လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အဖွဲ့(APHR)  က ယင်းလုပ်ရပ် ဆင်ခြင်တုံ တရားကင်းမဲ့ကြောင်း၊ ရိုဟင်ဂျာတို့အား မဲပေးခွင့် ရှေ့ဆက် ရုပ်သိမ်းနေခြင်းမှာ အန္တရာယ်ကြီးမားသည့် သာဓကဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲ၏ ခိုင်မာမှုကို တိုက်ရိုက် အမြစ်လှန်ခြင်း ပင်ဖြစ်ကြောင်း ယမန်နေ့က ပြောဆိုကာ အဆိုပါဆုံးဖြတ်ချက်ကို ပြန်လည်ဖျက်သိမ်းပြောင်းလဲရန် တိုက်တွန်းလိုက်သည်။

    အာဆီယံ ပါလီမန်အဖွဲ့(APHR) ၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သော ဦးရွှေမောင်သည် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရွေးကောက်ပွဲကော်ရှင်ထံမှ လာမည့်ရွေးကောက်ပွဲတွင် သူ့အား တစ်သီးပုဂ္ဂလ အောက်လွှတ်တော် အမတ်အဖြစ် ၀င်ရောက်အရွေးခံရန်လျှောက်ထားခြင်းကို ငြင်းပယ်သော အကြောင်းကြားချက် ရရှိခဲ့သည်။ လွှတ်တော် အမတ်လေးနှစ် သက်တမ်းနှင့် အထောက်အထားများ မှန်ကန်နေလင့်ကစား ဦးရွှေမောင်မှာ ယခု ရွေးကောက်ပွဲ ဝင်ရန် လျောက်ထားမှုကို ငြင်းပယ် ခံခဲ့ရခြင်းဖြစ်သည်။

    “ရွေးကောက်ပွဲကော်မရှင်ရဲ့အဆိုများဟာ အတိုင်းထက်အလွန် အဓိပ္ပာယ်မဲ့ လှပါတယ်။ ဒီဆုံးဖြတ်ချက်က ဒီမိုကရက်တစ်နည်းစဉ်ကို အမြစ်လှန်ဖြို လှဲလိုက်ခြင်းပါပဲ။ ရွေးကောက်ပွဲ ၀င်ရောက် အရွေးခံပိုင်ခွင့်ဟာ မဲပေးခွင့်လိုပဲ အခြေခံအခွင့်အရေး တစ်ရပ်ဖြစ်တယ်။ ဒါတွေကို ကိုးကွယ်ရာဘာသာ၊ လူမျိုးကို အခြေခံပြီး ငြင်းပယ်ခွင့်မရှိပါဘူး။ ဦးရွှေမောင်ဟာ လက်ရှိ ရွေးချယ်ခံ ပြည်သူ့ကိုယ်စားလှယ်ဖြစ်နေခြင်း တစ်ချက်ထဲနဲ့ပင်လျှင် ဆက်လက်ယှဉ်ပြိုင်သွားဖို့ ခိုင်မာ တရားဝင်နေပါပြီ။ သူ့ရဲ့ယှဉ်ပြိုင်ခွင့်ကို ပယ်ချတာဟာ ရိုဟင်ဂျာတွေကို မဲပေးခွင့်ရုပ်သိမ်းရေး၊ (သူတို့ကို နိုင်ငံတွင်းကနေ အပြီးမောင်းထုတ်ဖို့ အစိုးရကျောထောက်နောက်ခံပြု ကမ်ပိန်းတစ်စိတ်တစ်ဒေသဖြစ်တဲ့) ညှင်းပန်းနှိပ်စက်ရေး ရှေ့ဆက်လုပ်ဆောင်သွားမယ့် အာဏာပိုင်တွေရဲ့နောက်ထပ်ခြေလှမ်းတစ်ရပ်မှအပ အခြားမဟုတ်ကြောင်း ရှင်းလင်းထင်ရှားစေပါတယ်။ ဒီလုပ်ဆောင်ချက်များက လာမည့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမယ်ဆိုတဲ့ အမြင်ကို လုံးဝ ဖျက်ဆီးပစ်လိုက်တာပါပဲ။ လူတစ်သန်းလောက်ကို မဲပေးခွင့်ပိတ်ပင်တာ – လူမျိုးရေးအကြောင်းပြ ယှဉ်ပြိုင်ခွင်မပေးတာဖြစ်တဲ့အတွက် ခိုင်မာတရားဝင်တဲ့ရွေးကောက် ပွဲပါလို့ မြန်မာအစိုးရအနေနဲ့ ကြွေးကြော်လို့ မရတော့ပါဘူး။ ဒီကိစ္စအပေါ် ကျွန်တော်တို့ဒေသတွင်းရဲ့အသံ ထုတ်ကိုထုတ်ရပါမယ်။ ဒီလိုဆုံးဖြတ်ချက်နဲ့ လုပ်ရပ်မျိုးက လူနည်းစုဝင်တွေရဲ့ အခွင့်အရေး အတွက်ရော အနာဂတ်မြန်မာ့ ဒီမိုကရေစီအတွက်ပါ စိုးရိမ်စရာကောင်းတဲ့ ခြိမ်းခြောက်မှု ဖြစ်နေတာကြောင့် လုံးဝ ဖျက်သိမ်းပြောင်းလဲရပါမယ်” ဟု APHR သဘာပတိ Charles Santiago က ပြောကြားသည်။

    ဦးရွှေမောင်ကမူ အဆိုပါဆုံးဖြတ်ချက်ကို အယူခံဝင်သွားရန် စီစဉ်နေသည်ဟု ဆိုသည်။

    Ref : Asean MP Official Website

  • တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ တင်းမာမှုများ အဆုံးသတ်

    တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ တင်းမာမှုများ အဆုံးသတ်

    သြဂုတ် ၂၅၊ ၂၀၁၅
    M-Media

    south

    – အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဖြစ်ပေါ်လာသော နှစ်နိုင်ငံအကြား တင်းမာမှုများကို အဆုံးသတ်ရေးအတွက် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့မှာ သဘောတူညီချက် ရရှိခဲ့သည်ဟု တောင်ကိုရီးယားသတင်းဌာန YTN က ယနေ့တွင် ဖော်ပြခဲ့သည်။

    နှစ်နိုင်ငံကိုယ်စားလှယ်များ ဆွေးနွေးမှုကို နယ်စပ်ရှိ ငြိမ်းချမ်းရေးရွာဖြစ်သော ပန်မွန်ဂျွန်းတွင် စနေနေ့ညပိုင်းမှ စတင်ကာ ပြုလုပ်ခဲ့ခြင်းသည်။

    နှစ်ဖက်ကိုယ်စားလှယ်များ ပူးပေါင်းထုတ်ပြန်သော ကြေညာချက်တွင် မြောက်ကိုရီးယားက ယခုလအစောပိုင်းတွင် တောင်ကိုရီးနယ်စပ်၌ ဖြစ်ပွားခဲ့သော မိုင်းကွဲမှုအပေါ် နောင်တရသည်ဟု ဖော်ပြခဲ့သည်။ ထိုမိုင်းကွဲမှုကြောင့် တောင်ကိုရီးယား နယ်ခြားစောင့် တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုမိုင်းကို မြောက်ကိုရီးယားက ၀င်ရောက်ထောင်ထားခြင်းဖြစ်သည်ဟု တောင်ကိုရီးယားက စွပ်စွဲခဲ့သည်။

    အပြန်အလှန်အားဖြင့် တောင်ကိုရီးယားကလည်း နယ်စပ်တွင် အသံချဲ့စက်များဖြင့် ကွန်မြူနစ်ဆန့်ကျင်ရေး ၀ါဒဖြန့်မှုများ ပြုလုပ်မှုကို ဗုဒ္ဓဟူးနေ့ မွန်းတည့်တွင် ရပ်တန့်မည်ဖြစ်သည်။

    ထို့ပြင် ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲတွင် ကွဲကွာသွားသော မိသားစုများ ပေါင်းစည်းရေးကို လာမည့်လတွင် ပြန်လည်ပြုလုပ်သွားရန် နှစ်နိုင်ငံ သဘောတူညီခဲ့ကြသည်ဟု တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အမျိုးသားလုံခြုံရေးအကြံပေး ကင်ကွမ်ဂျင်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    နယ်စပ်တွင် မိုင်းကွဲမှုဖြစ်ပွားခဲ့ပြီးနောက် တောင်ကိုရီးယားက အသံချဲ့စက်များဖြင့် ကွန်မြူနစ်ဆန့်ကျင်ရေး ၀ါဒဖြန့်မှုများကို ပြုလုပ်ခဲ့ပြီး မြောက်ကိုရီးယားက ထိုအသံချဲ့စက်များအား ပြီးခဲ့သည့်တစ်ပတ်က ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ကာ တောင်ကိုရီးယားကလည်း အမြှောက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။

    ထို့နောက် နှစ်နိုင်ငံ စစ်ရေးတင်းမာမှုများ မြင့်တက်လာခဲ့ပြီး မြောက်ကိုရီးယားက နယ်စပ်တွင် တပ်များ တိုးချဲ့ချထား၍ စစ်ပြင်လာခဲ့ကာ တောင်ကိုရီးယားဘက်ကလည်း စစ်တပ်ကို တပ်လှန့်ထားခဲ့သည်။

    Ref: Aljazeera