News @ M-Media

Blog

  • Cincinnati Masters တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဂျိုကိုဗစ်နှင့် ဖက်ဒါရာတို့ တွေ့မည်

    Cincinnati Masters တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဂျိုကိုဗစ်နှင့် ဖက်ဒါရာတို့ တွေ့မည်

    သြဂုတ် ၂၂၊ ၂၀၁၅
    M-Media

    jokovic

    – အမေရိကန်ပြည်ထောင်စုတွင် ကျင်းပပြုလုပ်နေသည့် Cincinnati Masters အမျိုးသား တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ ဆွီဒင်ထိပ်သီး ရော်ဂျဖက်ဒါရာနှင့် ဆားဘီးယားမှ ကမ္ဘာ့နံပါတ် ၁ တင်းနစ်သမား နိုဗက်ဂျိုကိုဗစ်တို့ တက်ရောက်သွားခဲ့သည်ဟု သိရသည်။

    ဖက်ဒါရာမှာ ယမန်နေ့က ကစားခဲ့သည့် ဆီးမီးဖိုင်နယ်တွင် ကမ္ဘာ့အဆင့် ၂ ဗြိတိန်တင်းနစ်သမား အန်ဒီမာရေးအား ၆-၄၊ ၇-၆ ဖြင့် နှစ်ပွဲပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ကွာတားဖိုင်နယ်တွင် ရစ်ချက် ဂက်စ်ကက်အား အကြိတ်အနယ်ဖြင့် နောက်မှလိုက်ကစားကာ အနိုင်ရခဲ့သည့် မာရေးမှာ ဆီးမီးဖိုင်နယ်တွင် ဖက်ဒါရာအား မယှဉ်နိုင်ခဲ့ဘဲ ပထမပွဲငယ်၌ ၃၈ မိနစ်အကြာတွင်ပင် ပွဲပြတ်ခဲ့သည်။

    မာရေးမှာ ၂၀၁၃ ခုနှစ် သြစတေးလျအိုးပင်းနောက်ပိုင်းတွင် ဖက်ဒါရာအား အနိုင်ရခြင်း မရှိတော့ဘဲ ယခုပွဲအရှုံးကြောင့် ၇ ကြိမ်မြောက် Cincinnati ချန်ပီယံဖြစ်ရေး မျှော်လင့်ချက်မှာလည်း အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။

    အခြား ဆီမီးဖိုင်နယ်ပွဲဖြစ်သည့် ဂျိုကိုဗစ်နှင့် ယူကရိန်း တင်းနစ်သမား အလက်ဇန်းဒါ ဒိုလ်ဂိုပိုလော့ဗ်တို့၏ ပွဲတွင် ပြိုင်ပွဲ၌ ဆီဒင် ၁ အဖြစ် သတ်မှတ်ခံရသူ ဂျိုကိုဗစ်မှာ ပထမပွဲငယ်တွင် ၄-၆ ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယနှင့် တတိယပွဲငယ်များတွင် ၇-၆၊ ၆-၂ တို့ဖြင့် အနိုင်ရကာ ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

    ဂျိုကိုဗစ်နှင့် ဖက်ဒါရားတို့၏ ဗိုလ်လုပွဲကို ယနေ့တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

    Ref: Dailymail

  • ဗြိတိန်နှင့် အီရန်တို့၏ သံရုံများ နှစ်နိုင်ငံစလုံးတွင် ပြန်လည်ဖွင့်လှစ်တော့မည်

    ဗြိတိန်နှင့် အီရန်တို့၏ သံရုံများ နှစ်နိုင်ငံစလုံးတွင် ပြန်လည်ဖွင့်လှစ်တော့မည်

    သြဂုတ် ၂၃၊ ၂၀၁၅
    M-Media

    uk

    – အီရန်နိုင်ငံ မြို့တော်တီဟီရန်ရှိ ယူကေသံရုံးကို သြဂုတ်လ ၂၃ ရက် (ယနေ့တွင်) ပြန်လည်ဖွင့်လှစ်တော့မည်ဟု ယူကေနိုင်ငံခြားရေးဝန်ကြီး ဖိလစ်ပ် ဟမ်မွန်က ပြောကြားလိုက်သည်။

    လန်ဒန်မြို့ရှိ အီရန်သံရုံးကိုလည်း ယနေ့တွင်ပင် ဖွင့်လှစ်မည်ဖြစ်ကာ ကနဦးပိုင်းတွင် ကိုယ်စားလှယ်အဆင့် ဆက်ဆံရေးမျိုး ထားရှိမည်ဖြစ်ပြီး လာမည့်လများတွင် နှစ်နိုင်ငံ သက်ဆိုင်ရာသံအမတ်များကို ခန့်ထားရန် ဆောင်ရွက်သွားမည်ဟု ဟမ်မွန်က ဆိုသည်။

    အင်အားကြီးနိုင်ငံ ၆ နိုင်ငံနှင့် နျူအရေးသဘောတူညီချက် ရရှိခဲ့သည့် ဇူလိုင် ၁၄ ရက်နေ့နောက်ပိုင်းတွင် ဥရောပတာဝန်ရှိသူများမှာ အီရန်သို့ အလျင်အမြန်ပင် သွားရောက်ခဲ့သည်။ သဘောတူညီချက်အရ အီရန်နိုင်ငံပေါ် ပြုလုပ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားပေးရမည့် အစီအစဉ်လည်း ပါဝင်သောကြောင့် ဥရောပနိုင်ငံများအနေဖြင့် ရေနံကြွယ်ဝသော အီရန်နှင့် ပြန်လန်ဆက်သွယ်ရန်
    စိတ်ဝင်စားလာခြင်းဖြစ်သည်။

    ယူကေသံရုံးမှာ လွန်ခဲ့သည့် ၄ နှစ်ခန့်က လူအုပ်ကြီး၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ယနေ့တွင်ပြုလုပ်မည့် သံရုံးဖွင့်ပွဲတွင် နိုင်ငံခြားရေးဝန်ကြီး ဟမ်မွန်ကိုယ်တိုင် တက်ရောက်မည်ဖြစ်ကာ ၂၀၀၃ ခုနှစ်နောက်ပိုင်း အီရန်သို့ရောက်ရှိသည့် ပထမဆုံး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်လာမည်ဖြစ်သည်။

    “ဗြိတိန်သံရုံး တိုက်ခိုက်ခံရပြီးတဲ့ လေးနှစ်အကြာ ဒီနေ့တော့ ကျွန်တော်ဟာ ပြန်ဖွင့်တော့မှာပါ။ အီရန်တွေလည်း အလားတူပဲ လန်ဒန်က သူတို့သံရုံးကို ပြန်ဖွင့်ပါလိ့မ်မယ်။ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ ၂၀၁၁ ခုနှစ်ကလည်း တိုးတက်လာခဲ့ပါတယ်” ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွက် ဟမ်မွန်က ပြောကြားခဲ့သည်။

    ထို့ပြင် ၂၀၁၃ ခုနှစ်က သမ္မတရူဟာနီ ရွေးကောက်ခံရခြင်းနှင့် ပြီးခဲ့သည့်လက နျူအရေး သဘောတူညီချက်တို့မှာ အရေးပါသည့် သမိုင်းမှတ်တိုင်များဖြစ်ပြီး ရှေ့ဆက်သွားရန် အလားအလာများရှိမည်ဟု ယုံကြည်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ၂၀၁၁ ခုနှစ်က ဗြိတိန်သံရုံး တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဗြိတိန်ကလည်း အီရန် သံအမတ်များကို နှင်ထုတ်ခဲ့ကာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးမှာ အနိမ့်ဆုံးအဆင့်အထိ ရောက်ရှိသွားခဲ့သည်။

    Ref: Channelnewsasia

  • တရုတ်နိုင်ငံအရှေ့ပိုင်းတွင် ဓာတုပစ္စည်းသိုလှောင်ရုံတစ်ခု ပေါက်ကွဲမှု ထပ်ဖြစ်ပြန်

    တရုတ်နိုင်ငံအရှေ့ပိုင်းတွင် ဓာတုပစ္စည်းသိုလှောင်ရုံတစ်ခု ပေါက်ကွဲမှု ထပ်ဖြစ်ပြန်

    သြဂုတ် ၂၃၊ ၂၀၁၅
    M-Media

    china

    – တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒုံးပြည်နယ် ဇီဘိုမြို့တွင် အန္တရာယ်ရှိသော ဓာတုဗေဒပစ္စည်းများထားရှိရာ သိုလှောင်ရုံ၌ ယမန်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကနဦးသတင်းအရ အနည်းဆုံး လူ ၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    လူနေဧရိယာနှင့် ၁ ကီလိုမီတာအကွာတွင်ရှိပြီး Runxing Chemical ကုမ္ပဏီလီမိတက်မှ ပိုင်ဆိုင်သော စက်ရုံရှိ အဆိုပါ သိုလှောင်ရုံမှာ ဒေသစံတော်ချိန် ယမန်နေ့ည ၈ နာရီ မိနစ်၄၀ ခန့်က ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု People’s Daily သတင်းစာမှ တာဝန်ရှိသူများ၏ ပြောကြားမှုကို ကိုးကား၍ စင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

    ပေါက်ကွဲမှုအတွင်း အနည်းဆုံး လူ ၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တရုတ်မီဒီယာများက ဖော်ပြကြပြီး စာရင်းအတိအကျမှာ ထွက်မလာသေးပေ။

    ကနဦးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါသိုလှောင်ရုံမှာ မီးလောင်သွားခဲ့ပြီး မီးသတ်သမား ၁၅၀ ခန့်မှာ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိကာ မီးငြှိမ်းသက်မှုများကို ပြုလုပ်ခဲ့ကြသည်။ People’s Daily သတင်းစာကမူ စနေနေ့ညနှောင်းပိုင်းတွင် အဆိုပါ မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ သို့သော်လည်း အခင်းဖြစ်ပွားရာပတ်ဝန်းကျင်ရှိ နေအိမ်များ ပျက်ဆီးဆုံးရှုံးခဲ့လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    ပေါက်ကွဲမှုဖြစ်ပွားရာ သိုလှောင်ရုံရှိသော အဆိုပါစက်ရုံမှာ ဓာတုအရည်တစ်မျိုးကို ထုတ်လုပ်သည့် စက်ရုံဖြစ်ပြီး အဆိုပါဓာတုအရည်မှာ မီးနှင့်ဓာတ်ပြုပါက အဆိပ်အတောက်ရှိသည့် ဓာတ်ငွေ့ကို ထုတ်ပေးသောကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်စေမည်ဟူသော စိုးရိမ်မှုများလည်း ရှိနေသည်။

    တရုတ်နိုင်ငံ မြောက်ပိုင်းရှိ တီယန်ဂျင်းမြို့တွင်လည်း ပြီးခဲ့သည့်တစ်ပတ်က ဓာတုပစ္စည်း တန် ၇၀၀ ကျော် သိုလှောင်ထားသော သိုလှောင်ရုံတစ်ခု ပေါက်ကွဲခဲ့သောကြောင့် လူပေါင်း ၁၂၁ ဦး သေဆုံးခဲ့ကာ ၅၀ ကျော်မှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ ထို့ပြင် အခင်းဖြစ်ပွားရာတစ်ဝိုက်တွင် ကြီးကြီးမားမား ပျက်ဆီးဆုံးရှုံးခဲ့သည်။

    Ref: RT,BBC

  • ဂျိုဟိုးတွင် မြန်မာတစ်ဦး မွေးနေ့ပွဲကျင်းပစဉ် ရန်ဖြစ်ပြီး ဓားထိုးခံရ၍ သေဆုံး

    ဂျိုဟိုးတွင် မြန်မာတစ်ဦး မွေးနေ့ပွဲကျင်းပစဉ် ရန်ဖြစ်ပြီး ဓားထိုးခံရ၍ သေဆုံး

    သြဂုတ် ၂၂၊ ၂၀၁၅
    M-Media

    malay 1

    – မလေးရှားနိုင်ငံ ဂျိုဟိုဘာရူးပြည်နယ် သမန် ဆရီဘဟာဂီယာတွင် မွေးနေ့ပွဲကျင်းပစဉ် အရက်မူးပြီး ရန်ဖြစ်ရာမှ မြန်မာနိုင်ငံသား မွေးနေ့ရှင်မှာ ဓားထိုးခံရပြီး သေဆုံးသွားသည်ဟု သိရသည်။

    ယနေ့နံနက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသူမှာ ၀င်းကိုဟု အမည်ရကာ ကားပစ္စည်းအရောင်းဆိုင်တွင် လုပ်လုပ်နေသူဖြစ်သည်။ ၎င်းအား ဆိုင်၏ မြေညီထပ်တွင် ၀ဲဘက်ရင်အုံ ဓားဒဏ်ရာဖြင့် သွေးအိုင်ထဲ၌ လဲနေသည်ကို ယနေ့မနက် ၂ နာရီခွဲခန့်က တွေ့ခဲ့ရခြင်းဖြစ်သည်။

    ရဲတပ်ဖွဲ့မှာ စစ်ဆေးမှုများ ပြုလုပ်ရန်အတွက် အသက် ၂၀ ကျော်အရွယ် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း မြန်မာနိုင်ငံသား ၁၂ ဦးကို ဖမ်းဆီးခဲ့ပြီး သွေးများပေကြံနေသော ဓားမြှောင်ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

    သေဆုံးသူမှာ စောစောပိုင်းတွင် ၎င်း၏လုပ်ဖော်ကိုင်ဖက်များ၊ တစ်နိုင်ငံတည်းသားများနှင့်အတူ ဆိုင်၏ မြေညီထပ်တွင် မွေးနေ့ပွဲကျင်းပခဲ့ပြီး အရက်မူးလာသည့်အခါ ၎င်းနှင့် မြန်မာနိုင်ငံသား လုပ်ဖော်ကိုင်ဖက်တစ်ဦးမှာ စကားများကြသည်ဟုဆိုသည်။

    ထို့နောက် သူငယ်ချင်းများက ဖြန်ဖြေပေးခဲ့သော်လည်း မိနစ် ၃၀ ခန့် ကြာသည့်အခါတွင် အဆိုပါ လုပ်ဖော်ကိုင်ဖက်မှာ ဓားယူလာကာ ဒေါသဖြင့် ၀င်းကိုအား ထိုးသတ်ခဲ့ခြင်းဖြစ်သည်။ ၀င်းကိုကမူ ဓားထိုးခံရပြီးနောက် သွေးရူးသွေးတန်းဖြင့် ၎င်း၏ အခန်းသို့ ပြေးတက်သွားပြီး အောက်ထပ်သို့ ပြန်ဆင်းလာစဉ် လဲကျသေဆုံးခဲ့ခြင်း ဖြစ်သည်။

    ဂျိုဟိုဘာရူတောင်ပိုင်းရဲတပ်ဖွဲ့ လက်ထောက်ကော်မရှင်နာမင်းကြီး ဆူလိုင်မန်ဆာလေကမူ ပတ်ဝန်းကျင်ရှိပြည်သူများက အကြောင်းကြားသောကြောင့် အခင်းဖြစ်ရာနေရာသို့ မိမိတို့က အလျင်အမြန် သွားရောက်ကြည့်ရှုခဲ့သည်ဟု ဆိုသည်။

    “စုံစမ်းစစ်ဆေးဖို့အတွက် သံသယရှိသူ မြန်မာနိုင်ငံသား ၁၂ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းထားပါတယ်။ အဲဒီအထဲမှာ အမျိုးသမီးနှစ်ဦး ပါဝင်ပြီး သူတို့အားလုံးက အခင်းဖြစ်တဲ့အချိန်မှာ မူးနေကြပါတယ်။ ပြီးတော့ ၂၃ စင်တီမီတာရှိတဲ့ ဓား၊ အခြားပစ္စည်းတွေနဲ့အတူ အဲဒီဓားထိုးမှုမှာ ပါဝင်တဲ့ အဓိကသံသယရှိသူလို့ ယုံကြည်ရသူကိုလည်း ကျွန်တော်တို့ ဖမ်းထားပါတယ်” ဟု ဆာလေကဆိုပြီး ထိုအဖြစ်အပျက်မှာ အရက်သေစာမှဖြစ်လာသည့် ဒေါသကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: The Rakyatpost

  • ဗလီဝတ်ကျောင်းတော်များမှာ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရမည့်နေရာဟု အီရန်သမ္မတပြော

    ဗလီဝတ်ကျောင်းတော်များမှာ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရမည့်နေရာဟု အီရန်သမ္မတပြော

    သြဂုတ် ၂၂၊ ၂၀၁၅
    M-Media

    mosque

    – ဗလီဝတ်ကျောင်းတော်များမှာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာနေရာ ဖြစ်သင့်ပြီး နိုင်ငံရေးပါတီများ ကြီးစိုးသည့် နေရာမဖြစ်သင့်ဟု အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်သည်။

    ယမန်နေ့က အီရန်နိုင်ငံ မြို့တော်တီဟီရန်တွင် ပြုလုပ်ခဲ့သည့် “ကမ္ဘာ့ဗလီဝတ်ကျောင်းတော်များနေ့” အဖွင့်မိန့်ခွန်းတွင် ရူဟာနီက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဗလီဝတ်ကျောင်းတော်များမှာ တိုင်းပြည်၏ အဓိက လူမှုရေးနှင့် နိုင်ငံရေးပြဿနာများ၊ ဒေသတွင်းနှင့် နိုင်ငံတကာဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အစ္စလာမ်ကမ္ဘာတွင်ရင်ဆိုင်နေရသော ပြဿနာများနှင့် မွတ်စလင်များပေါ် ခြိမ်းခြောက်နေသည့် အသိဥာဏ်ကင်းမဲ့မှု အန္တရာယ်များကို ဆွေးနွေးရာနေရာများလည်း ဖြစ်သင့်သည်ဟု ၎င်းက
    ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ ဗလီဝတ်ကျောင်းတော်များနေ့ကို ပါလက်စတိုင်းရှိ အလ်အက်ဆွာ ဗလီဝတ်ကျောင်းတော် မီးရှို့ခံရသည့် ၁၉၆၉ ခုနှစ် သြဂုတ် ၂၁ ရက်နေ့ကို အစွဲပြု၍ ကျင်းပခဲ့ခြင်းဖြစ်သည်။ ရူဟာနီကလည်း ၎င်း၏ မိန့်ခွန်းတွင် အလ်အက်ဆွာ ဗလီဝတ်ကျောင်းတော် မီးရှို့ခံရမှုကို မေ့ပစ်၍မရဟု ပြောကြားခဲ့သည်။

    ထို့ပြင် ထိုကဲ့သို့မီးရှို့မှုမှာ ဇီယွန်အာဏာရှင်များ၏ အတင်းအဓမ္မ သိမ်းပိုက်သည့် သရုပ်မှန်ကို ဖော်ပြခြင်းဖြစ်ပြီး မွတ်စလင်များအနေဖြင့် မိမိတို့၏ အမှတ်သညာကို ထိန်းသိမ်းရေး အသိ၊ သတိရှိကြရန်လည်း တိုက်တွန်းခဲ့သည်။

    “ဒီအဖြစ်အပျက်က ဇီယွန်အာဏာရှင်တွေဟာ အပြစ်မဲ့အမျိုးသမီးတွေနဲ့ ကလေးတွေကို သတ်ဖြတ် မုဒိမ်းကျင့်ရုံတင်မက၊ မွတ်စလင်တွေရဲ့ ပထမဆုံးမျက်နှာမူရာနဲ့ အခြားသော ဘာသာတရားတွေက အကြွင်းမဲ့အလေးထားရာ ဒီ ဗလီဝတ်ကျောင်းတော်ကို မလေးစားဘူးဆိုတာကိုလည်း ဖော်ပြနေပါတယ်” ဟု ရူဟာနီက ပြောကြားခဲ့သည်။

    အဆိုပါ “ကမ္ဘာ့ဗလီဝတ်ကျောင်းတော်များနေ့” ကို နိုင်ငံရပ်ခြားမှ သံတမန်များ၊ အီရန်လွှတ်တော်အမတ်များနှင့် ရှေ့ဆောင်အီမာမ်များ တက်ရောက်ခဲ့ကြသည်။

    Ref: Mehrnews