News @ M-Media
Blog
  • အဘူဒါဘီတွင် ဟိန္ဒူဘုရားကျောင်းဆောက်လုပ်ရန်အတွက် ယူအေအီးအစိုးရ မြေနေရာချပေး
    အဘူဒါဘီတွင် ဟိန္ဒူဘုရားကျောင်းဆောက်လုပ်ရန်အတွက် ယူအေအီးအစိုးရ မြေနေရာချပေး
    သြဂုတ် ၁၇၊ ၂၀၁၅
    M-Media
    ဒူဘိုင်းရှိ ဟိန္ဒိဘုရားကျောင်း အတွင်းပိုင်းမြင်ကွင်း
    – ယူအေအီးနိုင်ငံ အဘူဒါဘီမြို့တွင် ပထမဆုံး ဟိန္ဒူဘုရားကျောင်းဆောက်လုပ်ရန် မြေနေရာ သတ်မှတ်ပေးလိုက်ပြီဟု ယူအေအီးအစိုးရက ယမန်နေ့တွင် ကြေညာခဲ့သည်။
    လက်ရှိအချိန်တွင် ဒူဘိုင်း၌ ဟိန္ဒူဘုရားကျောင်း ၂ ခုနှင့် ဆစ်ခ်ဘုရားကျောင်း ၁ ခု ရှိနေပြီး အစိုးရက သတ်မှတ်ပေးခဲ့သည့် မြေနေရာမှာ အဘူဒါဘီတွင် ပထမဆုံး ဟိန္ဒူဘုရားကျောင်း ဖြစ်လာမည်ဖြစ်သည်။
    ယူအေအီးသို့ ၂ ရက်ကြာ အလည်အပတ်ရောက်ရှိနေသည့် အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီကမူ ယူအေအီးအစိုးရအား Twitter စာမျက်နှာမှတစ်ဆင့် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ကြီးကျယ်သည့် ခြေလှမ်းတစ်ခုဖြစ်သည်ဟုလည်း ဆိုသည်။
    မိုဒီမှာ ၃၄ နှစ်အတွင်း ယူအေအီးသို့ ပထဆုံးရောက်ရှိသည့် အိန္ဒိယ ၀န်ကြီးချုပ်လည်းဖြစ်ပြီး အဘူဒါဘီ အိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇယဒ် အလ် နဟ်ယန်၊ ဒူဘိုင်းအုပ်ချုပ်ရေးမှူး ရှိခ် မိုဟာမက် ဘင် ရရှစ်ဒ် အလ် မွခ်တွန်တို့နှင့် တွေ့ဆုံခဲ့သည်။
    ယူအေအီးတွင် အိန္ဒိယနိုင်ငံမှ ပြောင်းရွှေ့နေထိုင်သူ ၂.၆ သန်းရှိပြီး နိုင်ငံလူဦးရေ၏ ၃၀ ရာခိုင်နှုန်းလည်းဖြစ်သည်။ ထို့ပြင် ယူအေအီးမှ အိန္ဒိယနိုင်ငံသားများ အိန္ဒိယသို့ ပြန်ပို့ငွေမှာ တစ်နှစ်လျှင် ကန်ဒေါ်လာ ၁၄ ဘီလီယံခန့် ရှိနေသည်။
    ယူအေအီးမှာ အမေရိကန်နှင့် တရုတ်တို့ပြီးလျှင် အိန္ဒိ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး အိန္ဒိယမှာ ယူအေအီး၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သည်။ ၎င်းတို့နှစ်နိုင်ငံ၏ ကုန်သွယ်မှုတန်ဖိုးမှာ တစ်နှစ်လျှင် ဘီလီယံ ၆၀ ရှိနေသည်။
    Ref: Indiaexpress, Aljazeera
  • မန်စီးတီးနှင့်ပွဲ ၁၀ စက္ကန့်တွင်ပင် အသင်းမဟန်ကြောင်း သိခဲ့သည်ဟု မော်ရင်ဟိုဆို
    မန်စီးတီးနှင့်ပွဲ ၁၀ စက္ကန့်တွင်ပင် အသင်းမဟန်ကြောင်း သိခဲ့သည်ဟု မော်ရင်ဟိုဆို
    သြဂုတ် ၁၇၊ ၂၀၁၅
    M-Media
    chel
    – မန်စီးတီးနှင့်ပွဲ ပထမ ၁၀ စက္ကန့်အပြီးမှာပင် မိမိတို့အသင်းမှာ ပြဿနာရှိနေသည်ကို သိခဲ့သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
    အီတီဟတ်တွင် ယမန်နေ့က ကစားခဲ့သည့် ထိုပွဲ၌ ချယ်ဆီးမှာ ကစားကွက်အသာမရခဲ့ပဲ ၃ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ရပြီး ဂိုးသမား လက်စွမ်းပြနိုင်ခြင်းကြောင့်သာ ဂိုးမပြတ်ခဲ့ရခြင်းဖြစ်သည်။ မော်ရင်ဟိုကမူ အသင်း မဟန်ကြောင်း ပွဲအစမှာပင် သိခဲ့သည်ဟု ဆိုသည်။
    “ပွဲစပြီး ၁၀ စက္ကန့်နောက်ပိုင်းမှာ အဂူရို ခံစစ်လိုင်းကို ရောက်လာခဲ့ပြီး၊ (ဂိုးသမား) ဘီဂိုဗစ်က ရင်ဆိုင်ခဲ့ရတဲ့အခါ အစမကောင်းဘူဆိုတာ ချက်ချင်းပဲ ခင်ဗျားတို့ သိမှာပါ။ အဲဒီနောက်မှာ ခံစစ်ပျက်သွားတာကြောင့် သူ(ဘီဂိုဗစ်) ဟာ ၂ လုံး ၃ လုံးလောက် ကာကွယ်ခဲ့ရပါတယ်။ ကျွန်တော်ဟာ ပထမဆုံး စိတ်ပျက်ခဲ့ရသူပါ” ဟု မော်ရင်ဟိုက ပြောကြားခဲ့ပြီး ပထမပိုင်းတွင် ခံစစ်ပိုင်းမှာ ဆိုးရွားခဲ့သည်ဟုလည်း ၎င်းက ၀န်ခံခဲ့သည်။
    ဒုတိယပိုင်းတွင်မူ မော်ရင်ဟိုမှာ အဓိကခံစစ်မှူး ဂျွန်တယ်ရီကို ကာ့တ်ဇူးမားနှင့် လူစားလဲခဲ့ပြီး ဂျွန်တယ်ရီမှာ မော်ရင်ဟိုလက်ထက် ၁၇၇ ပွဲတွင် ပထမဆုံး လူစားလဲခံရခြင်းလည်း ဖြစ်သည်။
    “တကယ်က ဂျွန်(တယ်ရီ) ကိုထုတ်ပြီး ဇူးမားကို ထည့်တာမျိုး မဟုတ်ပါဘူး။ ကျွန်တော်ဟာ အလျင်မြန်ဆုံး ကစားသမားကို အရန်ခုံမှမဟုတ်ဘဲ ကွင်းထဲမှာ ရှိချင်တာပါ။ ဇူးမား ကစားရမယ်ဆိုတာ ကျွန်တော် ရှင်းရှင်းလင်း သိပါတယ်။ တစ်ယောက်ကို ထုတ်ရမယ်ဆိုတော့ အသင်းခေါင်းဆောင်ကို ထုတ်လိုက်တာပါ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
    ထိုကဲ့သို့ လူစားလဲခဲ့မှုကြောင့် အသက်အရွယ်ရလာပြီဖြစ်သည့် ဂျွန်တယ်ရီ၏ ချယ်ဆီး၌ ရေရှည်နေရာရရန်မှာ မသေချာတော့ဟု ပြောကြားမှုများလည်း ရှိနေသည်။
    Ref: Goal
  • သမ္မတရူးဆက်ဖ် နှုတ်ထွက်ရန် ဘရာဇီးလ်ပြည်သူများ ဆန္ဒပြတောင်းဆို
    သမ္မတရူးဆက်ဖ် နှုတ်ထွက်ရန် ဘရာဇီးလ်ပြည်သူများ ဆန္ဒပြတောင်းဆို
    သြဂုတ် ၁၇၊ ၂၀၁၅
    M-Media
    brazil
    – ဘရာဇီးလ်နိုင်ငံတစ်ဝှမ်းတွင် ထောင်ပေါင်းများစွာသော ပြည်သူများမှာ ယမန်နေ့က အစိုးရအား ဆန့်ကျင်သော ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး သမ္မတ ဒီလ်မာရူးဆက်ဖ် နှုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။
    အဆိုပါဆန္ဒပြမှုမှာ မြို့တော်ဘရာစီလီယာတွင် ယမန်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး လူပေါင်း ၄၅၀၀၀ ခန့် ပါဝင်ခဲ့ကြသည်။ ၂၀၁၆ ခုနှစ် အိုလံပစ်ပြိုင်ပွဲ ကျင်းပမည့် ရီယိုဒီဂျနေရိုးတွင် လူထောင်ပေါင်းများစွာမှာ ချီတက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သောကြောင့် အိုလံပစ် စက်ဘီးပြိုင်ပွဲ စမ်းသပ်မှုအတွက် လမ်းကြောင်းများကို ရွှေ့ပြောင်းခဲ့ရသည်။
    နိုင်ငံ၏ ဘဏ္ဍာရေးမြို့ဖြစ်သော ဆာပေါ်လိုတွင်လည်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ပြီး လူ ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်ဟု စီစဉ်သူများက ပြောကြားခဲ့သည်။ ထို့ပြင် ဘရာဇီးလ်ရှိ အခြားသော မြို့များတွင်လည်း ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ကြသည်။
    ဆန္ဒပြမှုအတွင်း ပြည်သူများမှာ အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများ၊ ပိုစတာများကို ကိုင်ဆောင်ကြွေးကြော်ခဲ့ကြပြီး သမ္မတရူးဆက်ဖ် နှုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။ ထို့ပြင် ရူးဆက်ဖ်မှာ ချစားမှုများရှိခဲ့ပြီး တိုင်းပြည်စီးပွားရေးကို မတည်မငြိမ်ဖြစ်အောင် လုပ်သည်ဟုလည်း ပြည်သူများက ပြစ်တင်ပြောဆိုခဲ့ကြသည်။
    နိုင်ငံတစ်ဝှမ်း သမ္မတရူးဆက်ဖ်အား ဆန့်ကျင်သော ဆန္ဒပြမှုမှာ ယခုအကြိမ်သည့် ယခုနှစ်အတွင်း တတိယအကြိမ်ဖြစ်ပြီး မတ်လနှင့် ဧပြီလများအတွင်းကလည်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။
    ရေနံကုမ္ပဏီ Petrobras ၏ ချစားမှုကိစ္စများတွင် သူမ၏ အလုပ်သမားပါတီမှ နိုင်ငံရေးသမားများ ပါဝင်ပတ်သက်မှု၊ စီးပွားရေး ဖရိုဖရဲဖြစ်မှု၊ ငွေကြေး တန်ဖိုးကျဆင်းမှုနှင့် ဖောင်းပွမှုများကြောင့် သမ္မတ ရူးဆက်ဖ်မှာ သူမ၏ နိုင်ငံရေးဘ၀အတွက် တိုက်ပွဲဝင်နေရသူဖြစ်သည်။
    Ref: Aljazeera
  • ပန်းတနော်တွင် ရေဘေးသင့်သူများကို ဗလီတွင် ကယ်ဆယ်ရေးစခန်းဖွင့်ပြီ ကူညီစောင့်ရှောက်ထား
    ပန်းတနော်တွင် ရေဘေးသင့်သူများကို ဗလီတွင် ကယ်ဆယ်ရေးစခန်းဖွင့်ပြီ ကူညီစောင့်ရှောက်ထား
    သြဂုတ် ၁၇၊ ၂၀၁၅
    M-Media
    မိုးစက်
    01
    ရန်ကုန်။    ။ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့ရှိ ကူဝသွလ် အစ္စလာမ်ဗလီဝတ် ကျောင်းတော်ကြီးတွင် ပန်းတနော်မြို့အနီးရှိ ရေဘေးသင့်ပြည်သူများ အိမ်ထောင် (၆၆) အိမ်စုကို ကူညီဆောင်ရွက်ထားလျက်ရှိကြောင်း သိရှိရသည်။
    ပန်းတနော်အနီးရှိ ရွာများသည် ငဝန်မြစ်ရေမြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုများကို လွန်ခဲ့သည့်ရက်ပိုင်းများအတွင်းက ဖြစ်ပေါ်နေခဲ့ကြသည်။
    “ကျွန်တော်တို့တွေ ရွာထိသွားကြပြီးတော့ ရေတက်လို့ နေမရတဲ့သူတွေကို ဒီမြို့ထဲထိခေါ်လာပြီးတော့ ကူဝသွလ်အစ္စလာမ်ဗလီရဲ့ မဒရ်ဆာ (ဘာသာရေး စာသင်ကျောင်း) မှာ နေရာပေးထားပါတယ်။ သူတို့အတွက်အလှူရှင်တွေ မလာသေးခင်မှာလည်း ကျွန်တော်တို့ဒီမြို့မှာရှိတဲ့ ရပ်မိရပ်ဖတွေကပဲ ဝိုင်းပြီးကြည့်ရှုပေးနေပါတယ်” ဟု ပန်းတနော်မြို့မှ ဒေသခံတစ်ဦးက M-Media ပြောပါသည်။
    03
    အဆိုပါဗလီတွင် အလှူခံလက်ခံရန်နေရာဖွင့်လှစ်ထားရှိပြီး လာရောက်လှူဒါန်းသည့် ပစ္စည်းများကိုလည်း အခြားရွာများသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများကို လက်ဝယ်ပေးရောက်ခဲ့သည်ဟုသိရသည်။
    ထိုရေဘေးသင့်ပြည်သူများကို ကူညီထားသော ကူဝသွလ်အစ္စလာမ်ဗလီ၏ မဒရ်ဆာ (ဘာသာရေး စာသင်ကျောင်း) မှာ လာရောက်နေထိုင်သူ ရေဘေးသင့်ပြည်သူတစ်ဦးကလည်း “ကျွန်မတို့ဒီမှာရောက်နေတာ တစ်ပတ်လောက်ရှိပြီ။ ဒီကလူတွေကလည်း အရမ်းကိုဂရုစိုက်တယ်။ ကလေးတွေဆို အိပ်တာကအစ သေချာလိုက်ကြည့်ရှုတယ်။ အလှူရှင်တွေလာပေးတာတွေကိုလည်း ကျွန်မတို့ကို တစ်ခုမကျန် ပြန်ပေးတယ်။ ထမင်းဆိုလည်း အချိန်နဲ့အမှန် ကျွေးနေပါတယ်”  ဟု နေထိုင်ရပုံနှင့် ပတ်သတ်ပြီး ပြောဆိုခဲ့သည်။
    ပန်းတနော်မြို့ရှိ ရေနစ်မြှပ်ခံထားရသော ရွာများသည် ရေများပြန်လည် ကျပြီဖြစ်သော်လည်း ရေလွှမ်းမိုးခြင်းဒဏ်ကို ခံထားရသောကြောင့် အချို့သောအိမ်များမှာ ပျက်ဆီးနေပြီး ပြန်လည်ပြင်ဆင် မှသာ နေထိုင်၍ရမည်ဖြစ်ကြောင်းကိုလည်း ဒေသခံတစ်ဦးက ဆိုခဲ့သည်။
    အဆိုပါဗလီမှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများမှလည်း အလှူရှင်များနှင့် ပူးပေါင်းပြီး ရေဘေးသင့်ခံထားရသော ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး ပြန်လည်ထူထောင်ရေးအတွက်လည်း အလှူရှင်များကိုလည်း လိုအပ်နေကြောင်း သိရသည်။
  • အီတီဟတ်မှာ ဒူးထောက်ခဲ့ရတဲ့ ချယ်ဆီး၊ အာဆင်နယ်၊ မန်ယူတို့ နိုင်ပွဲကိုယ်စီရခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂
    အီတီဟတ်မှာ ဒူးထောက်ခဲ့ရတဲ့ ချယ်ဆီး၊ အာဆင်နယ်၊ မန်ယူတို့ နိုင်ပွဲကိုယ်စီရခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂
    သြဂုတ် ၁၇၊ ၂၀၁၅
    M-Media
    epl 2
    – ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ အဖွင့်ပွဲမှာ ရှုံးခဲ့တဲ့ အာဆင်နယ် အနိုင်ရခဲ့သလို၊ မန်ယူကလည်း နိုင်ပွဲဆက်ခဲ့ပါတယ်။ လက်စတာစီးတီးကလည်း အံ့ဖွယ်ခြေစွမ်းနဲ့ ရာနှုန်းပြည့် အနိုင်ရခဲ့ပါတယ်။ လက်ရှိချန်ပီယံ ချယ်ဆီးကတော့ အဝေးကွင်းမှာ မန်စီးတီးကို လက်မြှောက်အရှုံးပေးခဲ့ရပါတယ်။
    Match of the week ဖြစ်တဲ့ လက်ရှိချန်ပီယံ ချယ်ဆီးနဲ့ မန်စီးတီးတို့ရဲ့ပွဲမှာတော့ မော်ရင်ဟိုရဲ့ ချယ်ဆီးက ဂိုးပြတ်နဲ့ အရှုံးပေးခဲ့ရပါတယ်။ ဒါတောင် ဂိုးသမား အက်စ်မီရ် ဘီဂိုဗစ်က မန်စီးတီးရဲ့ အပိုင် ၃ လုံးလောက်ကို ကာကွယ်သွားနိုင်တာကြောင့် ချယ်ဆီးဟာ ဒီထက် ရုပ်မပျက်ခဲ့တာပါ။ ပထမပိုင်းမှာ မန်စီးတီးပြုသမျှ နုခဲ့ရတဲ့ ချယ်ဆီး ဒုတိယပိုင်းမှာ အကောင်းဆုံး ပြန်လာနိုင်ခဲ့ပေမယ့် လိုအပ်နေတဲ့ ဂိုးတွေကိုတော့ ရရှိခဲ့ခြင်း မရှိပါဘူး။ မန်စီးတီးအတွက် ဂိုးတွေကို ၃၁ မိနစ်မှာ အဂူရို၊ ၇၉ မိနစ်မှာ ကွန်ပနီနဲ့၊ ၈၅ မိနစ်မှာ ဖာနန်ဒင်ဟိုတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    မန်ယူကတော့ အက်စတွန်ဗီလာကို အဝေးကွင်းမှာ လူငယ်ကစားသမား ယာနူဇေးရဲ့ သေသပ်တဲ့ ဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဗီလာကို အသာစီးကစားနိုင်ခဲ့တဲ့ မန်ယူတို့ ဒီပိုင်းရဲ့ အပိုင်ဂိုးသွင်းခွင့်တစ်ခု အပါအ၀င် ဒီထက်ပိုပြီး ဂိုးရနိုင်မယ့်အခွင့်အရေးတွေ ရခဲ့ပေမယ့် ဂိုးအဖြစ်တော့ မပြောင်းလဲနိုင်ခဲ့ပါဘူး။ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ယာနူဇေးက သူဟာ ယုံကြည်မှုနဲ့ ထိုက်တန်သူတစ်ဦးဖြစ်တယ်လို့ ပြခဲ့တာလည်းဖြစ်ပါတယ်။
    အဖွင့်ပွဲမှာ ၀က်စ်ဟမ်းကို ၂ ဂိုးပြတ်နဲ့ရှုံးခဲ့တဲ့အာဆင်နယ် ဒီတစ်ပတ် အဝေးကွင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လွယ်ကူတဲ့ အနိုင်မျိုးတော့ မဟုတ်ခဲ့ပါဘူး။ ၁၆ မိနစ်မှာ ဂျရူးက အဖွင့်ဂိုးကို လှလှပပ သွင်းနိုင်ခဲ့ပေမယ့် ၂၈ မိနစ်မှာ ခရစ္စတယ်ပဲလေ့စ်ကစားသမား ဂျိုးဝါ့ဒ်က ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အိမ်ရှင်တို့ ပိုကောင်းခဲ့တာကြောင့် အာဆင်နယ်အတွက် စိုးရိမ်စရာ ဖြစ်ခဲ့ပါသေးတယ်။ ၅၆ မိနစ်မှာတော့ အာဆင်နယ်က ဂိုးရဖို့ကြိုးစားရင်း ဒါမိန်း ဒီလန်နေးက ကိုယ့်ဂိုး ကိုယ်သွင်းမိခဲ့တာကြောင့် အာဆင်နယ်က ဒုတိယဂိုးရခဲ့ပြီး ဒီရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပါတယ်။ ၀င်းဂါးကတော့ အနိုင် ၃ မှတ်ရခဲ့တဲ့အတွက် ကျေနပ်တယ်လို့ ဆိုပါတယ်။
    ချယ်ဆီးနည်းပြဟောင်း ရာနီရေးရီ ကိုင်တွယ်နေတဲ့ လက်စတာအသင်းဟာ ဒီတစ်ပတ်မှာလည်း ၀က်စ်ဟမ်းကို အနိုင်ယူပြီး ရာနှုန်းပြည့်နိုင်ပွဲဆက်ကာ မန်စီးတီးအောက် ဒုတိယနေရာမှာ ရှိနေပါတယ်။ အဲဗာတန်ကတော့ တိုက်စစ်မှူး လူကာကူရဲ့ ဂိုး ၂ ဂိုးနဲ့အတူ ဆောက်သက်တမ်ကို ၃ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    အက်စတွန်ဗီလာ ၀-၁ မန်ယူ
    ဆောက်သက်တမ် ၀-၃ အဲဗာတန်
    ဆန်းဒါးလန်း ၁-၃ နော်ဝစ်ခ်ျ
    ဆွမ်ဆီး ၂-၀ နယူးကာဆယ်
    စပါး ၂-၂ စတုတ်
    ခရစ္စတယ်ပဲလေ့စ် ၁-၂ အာဆင်နယ်
    မန်စီးတီး ၃-၀ ချယ်ဆီး