News @ M-Media

Blog

  • တရုတ် သို့မဟုတ် ကိုယ်ခန္ဓာ အစိတ်အပိုင်း မှောင်ခို ရနေသည့် နေရာ

    တရုတ် သို့မဟုတ် ကိုယ်ခန္ဓာ အစိတ်အပိုင်း မှောင်ခို ရနေသည့် နေရာ

    သြဂုတ် ၁၈ ၊ ၂၀၁၅
    M-Media
    လေးမောင် ဘာသာပြန်သည်။
    cefbabce48de4214b19258ac81ca-grande
    – သားနှစ်ဦးထဲတွက် မည်သူက အသက်ရှင်ရမည်၊ မည်သူက သေရမည်ဟု ရွေးချယ်ရမည်ဆိုခြင်းမှာ မည်သည့်မိခင်ကမှ စဉ်းစား၍ပင် မရသော ဆုံးဖြတ်ချက်မျိုး ဖြစ်သည်။

    ထိုရွေးချယ်မှုကို အသက် ၅၁ နှစ်အရွယ် လီယန် ရွန်ဟွာတစ်ယောက် ယခုနှစ်အစောပိုင်းတွင် ကြုံတွေခဲ့ရသည်။

    သူမ၏ သားနှစ်ဦးစလုံးက ယူရေးမီးယား ရောဂါကို ခံစားနေရသည်။ ကျောက်ကပ်ပျက်ဆီးစေသည့် ရောဂါမျိုးဖြစ်သည်။ သို့သော်လည်း ၎င်းတို့ထဲမှ တစ်ဦးကသာ မိခင်၏ ကျောက်ကပ်တစ်ခြမ်းကို ရရှိနိုင်မည်ဖြစ်သည်။ ဖခင်က သွေးတိုးရောဂါရှိသည့်အတွက် ကျောက်ကပ်ကို မလှူနိုင်။

    ၎င်းတို့ မိသားစုနေထိုင်သည့် တိုက်ခန်းငယ်လေးတွင် မစ္စစ် လီယန်တစ်ယောက် ထိုအချိန်နှင့်ပတ်သက်၍ ပြောပြရန် အားတင်းနေရသည်။

    “ဘာ့ကြောင့် ကျွန်မသား နှစ်ယောက်စလုံးက နေမကောင်းဖြစ်နေလဲဆိုတာ ကျွန်မ မသိပါဘူး” ဟု သူမက ပြောကြားခဲ့ပြီး မျက်နှာပေါ်တွင်တော့ မျက်ရည်များ စီးတွေကြလာသည်။

    အဆုံးမှာတော့ သူမအတွက် ဆုံးဖြတ်ချက်က ရောက်လာသည်။ အသက် ၂၆ နှစ်အရွယ် သားကြီး လီဟိုင်ကွင်းက အသက် ၂၄ နှစ်အရွယ် သားငယ် ဟိုင်စွန်းကသာ မိခင်၏ ကျောက်ကပ်ကို ရသင့်သည်ဟု ဆုံးဖြတ်ခဲ့သည်။

    “သူက ပိုငယ်တယ်၊ ပြီးတော့ ပြန်ကောင်းလာဖို့ အခွင့်အလမ်း ပိုရှိတာကြောင့် ညီလေးကို ကျွန်တော် ကျောက်ကပ်ပေးချင်တာပါ။ တကယ်တော့ သိပ်နောက်မကျခင် ကျွန်တော် ကျောက်ကပ်ရဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်မရခဲ့ရင် ကျောက်ကပ် ဆက်ဆေးနေဖို့ လိုအပ်ပါလိမ့်မယ်” ဟု ဟိုင်ကွင်းက ပြောကြားခဲ့သည်။ ဟိုင်းကွင်းမှာ ထိုရောဂါကြောင့် ဆေးကျောင်းတက်နေမှုကိုလည်း စွန့်လွှတ်ခဲ့ရသည်။

    သို့သော်လည်း တရုတ်နိုင်ငံတွင် ခန္ဓာကိုယ် အစိတ်ပိုင်းလှူဒါန်းမှု ပြတ်တောက်မှုကြောင့် ဟိုင်ကွင်းအတွက် အစားထိုးကုမှု အခွင့်အရေးများမှာလည်း မှေးမှိန်နေသည်။

    တရုတ်နိုင်ငံမှာ ခန္ဓာကိုယ်အစိတ်အပိုင်း လိုအပ်ချက်ကို ပြည့်မီစေရန်အတွက် သေဒဏ်ကျခံနေရသော အကျဉ်းသားများ၏ အစိတ်အပိုင်းများကို နှစ်များစွာကြာ ထုတ်ယူသုံးစွဲခဲ့သည်။

    ထိုလုပ်ရပ်အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ရှုတ်ချခဲ့ပြီးနောက် တရုတ်နိုင်ငံက ထိုလုပ်ရပ်ကို ယခုနှစ်အစပိုင်းမှစ၍ အဆုံးသတ်တော့မည်ဟု ကြေညာခဲ့သည်။ သို့သော်လည်း ထိုကြေညာမှုကိုလိုက်နာရန်မှာ ခက်ခဲလိမ့်မည်ဟု တာဝန်ရှိသူများက ၀န်ခံခဲ့သည်။

    ယခုအချိန်တွင်တော့ ပြည်သူများ၏ လှူဒါန်းမှုကိုသာ မှီခိုနေရသည်ဟု အစိုးရက ပြောကြားခဲ့သည်။ ထို့ပြင် ခန္ဓာကိုယ်အစိတ်အပိုင်း ဘဏ်တစ်ခုကို တည်ထောင်ခဲ့ပြီး သီအိုရီအရ လိုက်ဖက်မှုအရှိဆုံးလူနှင့် အလိုအပ်ဆုံးလူကို ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖြန့်ဖြူးရန်အတွက် ဖြစ်သည်။

    သို့သော်လည်း ဝေဖန်သူများကမူ ထိုစနစ်မှာ အမြတ်ထုတ်ရန် လမ်းဖွင့်ပေးခြင်းသာဖြစ်ပြီး အဆက်သွယ်ရှိသူများက တန်းစီထားမှုကို ကျော်လွှားရယူနိုင်ကြသည်ဟု ဆိုသည်။

    အစိုးရ ရင်ဆိုင်နေရသည့် အကြီးမားဆုံးပြဿနာက ပြည်သူများအား ခန္ဓာကိုယ်အစိတ်အပိုင်းများလှူဒါန်းရန် ဆွဲဆောင်၍မရခြင်း ဖြစ်သည်။

    တရုတ်လူမျိုးအများစုက ခန္ဓာကိုယ်မှာ မြင့်မြတ်ပြီး ဘိုးဘေးဘီဘင်များအား လေးစားမှုကို ပြသသည့်အနေဖြင့် ပကတိအတိုင်းမြှုပ်ရမည်ဟု ဆိုသည်။

    ထိုအကြောင်းအရင်းကြောင့်ပင် တရုတ်နိုင်ငံမှာ ခန္ဓာကိုယ်အစိတ်အပိုင်းလှူဒါန်းမှုတွင် ကမ္ဘာ့အနိမ့်ဆုံးနိုင်ငံဖြစ်ပြီး လူတစ်သန်းတွင် ၀.၆ ဦးသာ ရှိနေသည်။ စပိန်နိုင်ငံမှာ လူတစ်သန်းလျှင် ၃၇ ဦး လှူဒါန်းကြသည်။

    ကျောက်ကပ်ကြီး ပျောက်သွားပြီ

    ယခုနှစ်အတွင်း အစားထိုးကုသမှု ၁၂၀၀၀ ကျော်ရှိသည်ဟု တရုတ်အစိုးရက ဆိုသည်။ အကျဉ်းသားများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ထုတ်ယူ၍ အစားထိုးကုသသည့် အချိန်ကထက် အရေအတွက် မြင့်တက်လာခြင်းလည်း ဖြစ်သည်။

ုသို့သော်လည်း ခန္ဓာကိုယ်အစိတ်အပိုင်း လိုအပ်နေသူမှာ ၃ သိန်းနီးပါးရှိသည်ဟု ခန့်မှန်းရသည်။ ထို ၀ယ်လိုအား များပြားမှုက မှောင်ခိုးဈေးကွက်ကြီးတစ်ခုကို ဖြစ်စေခဲ့လေသည်။

    သီတင်းပတ်ပေါင်းများစွာ စုံစမ်းမှုများ ပြုလုပ်ခဲ့ပြီးနောက် မိမိ၏ ကျောက်ကပ်ကို ရောင်းစားခဲ့သည့် လူငယ်တစ်ဦးက ၎င်းမှာ မည်သူမည်ဝါဖြစ်ကြောင်း မဖေါ်ပြလျှင် ထိုကိစ္စနှင့်ပတ်သက်၍ ပြောပြမည်ဟု သဘောတူညီခဲ့သည်။

    တီရှပ်ကိုမ၍ လျှို့ဝှက်ချက်ဖြစ်သော ချုပ်ရိုးအရာကို သူကပြသည်။ သူ၏ ကျောက်ကပ် ထုတ်ခဲ့သော ချုပ်ရိုးဖြစ်သည်။

    အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်သည့် ၎င်းမှာ လောင်းကစားအကြွေးဆပ်ရန်အတွက် သူ၏ ကျောက်ကပ်ကို ကန်ဒေါ်လာ ၇ ထောင်ဖြင့် ရောင်းခဲ့ခြင်းဖြစ်သည်။

    ကျောက်ကပ်ရောင်းချရန် အွန်လိုင်းမှ စီစဉ်ခဲ့ပြီးနောက် မှောင်ခိုသမားများ ကျင်လည်နေသည့် လျှို့ဝှက်ကမ္ဘာကို သူက ပြောပြသည်။

    “ပထမဆုံး ကျွန်တော့်ကို့ ဆေးရုံခေါ်သွားပြီး သွေးနမူနာယူတယ်။ ဆေးစစ်ပါတယ်။ အဲဒီနောက် ကျွန်တော့်ကျောက်ကပ်နဲ့ ကိုက်ညီတဲ့သူကို တွေ့တဲ့အထိ ဟိုတယ်တစ်လုံးမှာ ကျွန်တော် သီတင်းပတ်အတော်ကြာ စောင့်ခဲ့ရပါတယ်။ တစ်နေ့မှာ ကျွန်တော့်ကို ကားတစ်စီးက လာခေါ်တယ်။ မျက်လုံးကို အ၀တ်စည်းထားဖို့ ဒရိုင်ဘာက ပြောပါတယ်။ ကြမ်းတမ်းတဲ့ လမ်းတစ်လျှောက်မှာ နာရီဝက်လောက် မောင်းခဲ့ပါတယ်”

    “အ၀တ်စည်းထားတာကို ချွတ်လိုက်တဲ့အခါ လယ်တောအိမ်တစ်လုံးမှာ ကျွန်တော်ရောက်နေတာကို သတိပြုမိခဲ့ပါတယ်။ အဲဒီအထဲမှာ ပစ္စည်းကိရိယာအပြည့်အစုံနဲ့ ခွဲစိတ်ခန်းရှိနေပြီး ယူနီဖောင်းဝတ် ဆရာဝန်တွေနဲ့ သူနာပြုတွေလည်း ရှိနေပါတယ်။ ကျွန်တော့် ကျောက်ကပ်ကိုယူမယ့် အမျိုးသမီးကလည်း မိသားစုနဲ့အတူ အဲဒီမှာ ရှိနေပါတယ်။ ကျွန်တော်တို့ စကားတော့ မပြောခဲ့ပါဘူး”

    “ကျွန်တော်ကြောက်နေပေမယ့် ဆရာဝန်တွေက ကျွန်တော့်ကို မေ့ဆေးထိုးပေးလိုက်တယ်။ ကျွန်တော်နိုးလာတော့ အခြား လယ်တောအိမ်တစ်ခုကို ရောက်နေပြီး ကျောက်ကပ်ကတော့ ပါသွားပါပြီ။ ၀ယ်တဲ့သူက အသက်လိုချင်တယ်။ ကျွန်တော်က ပိုက်ဆံလိုချင်တယ်လေ”

    ထိုကိစ္စမှာ တစ်မူထူးခြားပြီး လွတ်လွတ်လပ်လပ် အတည်မပြုနိုင်သည့် ကိစ္စမျိုးဖြစ်သည်။

    သို့သော်လည်း ယခုပြောကြားမှုက လျှို့ဝှက်စွာဖြင့် စစ်ဘက်ပုံစံ ဗျူဟာများကို အသုံးပြုသော မှောင်ခိုကုန်ကူးသူများ၏ ငွေရလွယ်သည့် တရားမ၀င်ကုန်သွယ်မှုအား လှစ်ဟလိုက်ခြင်းပင် ဖြစ်လေသည်။

    တရားမ၀င် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ၀ယ်ယူမည့်သူမဟုတ်သူများတွင် လီဟိုင်ကွင်းလည်း တစ်ဦးအပါအ၀င်ဖြစ်သည်။ ညီဖြစ်သူကတော့ မိခင်၏ ကျောက်ကပ်ကို ရရှိခဲ့သည်။

    ကျောက်ကပ်အစားထိုးကုသရန်အတွက်မူ လီဟိုင်းကွင်းတစ်ယောက် မျှော်လင့်ချက်မဲ့နေသည်။ သို့သော်လည်း တရားဝင် ရရှိသည့် ကျောက်ကပ်ကိုမှ လက်ခံမည်ဟု သူက ဆိုသည်။

    ဘ၀ ဆက်လက်ရှင်သန်ခွင့်ရရေး ခွဲစိတ်မှုအတွက် စောင့်ဆိုင်းနေစဉ် ကျောက်ကပ်ဆေးရန် ဆေးရုံသို့ ၎င်းမှာ တစ်ပတ်လျှင် ၃ ကြိမ် သွားရောက်နေရသည်။

    သူ၏ဘ၀က စောင့်စားနေရသည့် ဘ၀မျိုးဖြစ်သည်။ အောင်မြင်သော စီးပွားရေးလုပ်ငန်းတစ်ခုကို တစ်နေ့တွင် တည်ထောင်ရန် သူက မျှော်လင့်ထားသော်လည်း ဘယ်တော့မှ ဖြစ်လာတော့မည်မဟုတ်။ အခြားသူများကဲ့သို့ပင် လီဟိုင်ကွင်းမှာလည်း အစားထိုးကုသခြင်း မပြုရသေးခင် သေဆုံးသွားမည်ကို ကြောက်ရွံ့နေလေသည်။

    Ref: BBC

  • နျူသဘောတူညီချက်ကြောင့် အမေရိကန်၏လွှမ်းမိုးမှုကို အီရန်က လက်ခံသွားမည်မဟုတ်

    နျူသဘောတူညီချက်ကြောင့် အမေရိကန်၏လွှမ်းမိုးမှုကို အီရန်က လက်ခံသွားမည်မဟုတ်

    သြဂုတ် ၁၇၊ ၂၀၁၅
    M-Media

    – အင်အားကြီးနိုင်ငံများနှင့် နျူအရေး သဘောတူညီချက် ရယူခဲ့သော်လည်း အဆိုပါ သဘောတူညီချက်က အီရန်နိုင်ငံအပေါ်သို့ အမေရိကန်၏ နိုင်ငံရေး သို့မဟုတ် စီးပွားရေး သြဇာလွှမ်းမိုးမှုကို ဖွင့်ပေးခြင်း ဖြစ်မည်မဟုတ်ဟု အီရန်အဓိပတိ အယာတိုလာ ခါမေနီက ယနေ့တွင် ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်လက ရရှိခဲ့သည့် အဆိုပါ နျူးကလီးယား သဘောတူညီချက်မှာ လက်ရှိအချိန်တွင် အမေရိကန် အထက်လွှတ်တော်မှ အတည်ပြုရန် လိုအပ်နေပြီး အတည်ပြုပြီးမှသာ အကျုံးဝင်မည်ဖြစ်သည်။ ခိုမေနီမှာ ထိုသဘောတူညီချက်နှင့်ပတ်သက်၍ အရေးပါသော ပြောကြားမှုများကို မပြုလုပ်ခဲ့ပေ။

    “အီရန် ဒါမှမဟုတ် အမေရိကန်တို့က လက်ခံမလားဆိုတာကို ရှင်းရှင်းလင်းမသိရသေးတဲ့ ဒီသဘောတူညီချက်ဟာ အီရန်အပေါ် အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှုကို လမ်းဖွင့်ပေးမယ်လို့ သူတို့က ထင်ကြပါတယ်။ အရင်ကလည်း ဒီလမ်းကြောင်းကို ပိတ်ခဲ့ပြီး အနာဂတ်မှာလည်း ဆက်လက် ပိတ်ဆို့သွားမှာပါပဲ။ အီရန်အပေါ် အမေရိကန်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုတွေ လွှမ်းမိုးခံမှာ မဟုတ်ပါဘူး” ဟု အစ္စလာမ့်မစ် ရေဒီယိုနှင့် တယ်လီဗီးရှင်းသမဂ္ဂ အဖွဲ့အ၀င်များနှင့် တွေ့ဆုံစဉ်အတွင်း ပြောကြားခဲ့သည်ဟု ခါမေနီက ၎င်း၏ ၀ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

    သဘောတူညီချက်ရရေး ဆွေးနွေးမှုအတွက် သမ္မတရူဟာနီအား နိုင်ငံအရေးအအရ ကာကွယ်ပေးခဲ့သည့် ရူဟာနီမှာ သဘောတူညီချက်ကို ပယ်ချရန် ဖြစ်နိုင်ချေနည်းသည်ဟု လေ့လာဆန်းစစ်သူ အများစုက ရှုမြင်ကြသည်။ သို့သော်လည်း ၎င်းကိုယ်တိုင်က “စာတန်ဆိုးကြီး” ဟု ရည်ညွှန်းထားသည့် အမေရိကန်အပေါ် မယုံသင်္ကာဖြစ်မှုမှာ နက်နက်ရှိုင်းရှိုင်း ဆက်ရှိမည်ဟု ဆိုသည်။

    အဆိုပါ နျူသဘောတူညီချက်ကို အကောင်အထည်ဖော်ပါက အီရန်အပေါ် ပြုလုပ်ထားသည့် နိုင်ငံတကာမှ ပိတ်ဆို့မှုများကို ဖယ်ရှားပေးမည်ဖြစ်ပြီး ဈေးကွက်လူဦးရေ သန်း ၈၀ နီးပါးအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံလမ်းလည်း ပွင့်သွားမည်ဖြစ်သည်။

    Ref: PressTV

  • ကနေဒါ Rodgers Cup တင်းနစ်ပြိုင်ပွဲတွင် အန်ဒီမာရေး ဗိုလ်စွဲ

    ကနေဒါ Rodgers Cup တင်းနစ်ပြိုင်ပွဲတွင် အန်ဒီမာရေး ဗိုလ်စွဲ

    သြဂုတ် ၁၇၊ ၂၀၁၅
    M-Media

    tennis

    – ကနေဒါနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် Rodgers Cup အမျိုးသားတင်းနစ်ပြိုင်ပွဲတွင် ဗြိတိန်တင်းနစ်အကျော်အမော် အန်ဒီမာရေးက အနိုင်ရဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    မန်နေ့က ကစားခဲ့သည့် ဗိုလ်လုပွဲတွင် မာရေးမှာ ကမ္ဘာ့နံပါတ်တစ် ဆားဘီးယား နာမည်ကြီး တင်းနစ်ကစားသမား နိုဗက်ဂျိုကိုဗစ်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး အကြိတ်အနယ်ရှိခဲ့သည်။ ပထမပွဲငယ်တွင် မာရေးက ၆-၄ ဖြင့် အနိုင်ရခဲ့သော်လည်း ဒုတိယပွဲငယ်တွင် ၆-၄ ဖြင့် ပြန်လည်ရှုံးနိမ့်ခဲ့သည်။

    အဆုံးအဖြတ်ပွဲဖြစ်သည့် တတိယပွဲငယ်တွင်မူ ကမ္ဘာ့နံပါတ် ၂ ကစားသမား မာရေးက ၆-၃ ဖြင့် အနိုင်ရရှိခဲ့သောကြောင့် Rodgers Cup ကို ရရှိခဲ့သည်။

    ယခုအနိုင်မှာ ၂၀၁၃ ခုနှစ် ၀င်ဘယ်လ်ဒန် ဖိုင်နယ်နောက်ပိုင်း ဂျိုကိုဗစ်အား မာရေးက ပထမဆုံးအကြိမ် အနိုင်ရခဲ့ခြင်းလည်း ဖြစ်သည်။မာရေး၏ နည်းပြ အီမီလီ မူရက်စ်မိုမှာ ယမန်နေ့ကပင် ကလေးမီးဖွားခဲ့ပြီး မာရေးမူ ၎င်း၏ ဆုဖလားမှာ အီမီလီအတွက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဒီနေ့မနက်မှာပဲ သူဟာ ယောင်္ကျားလေး မွေးခဲ့ပါတယ်။ သူ ဒီပွဲကြည့်နေမလားဆိုတာတော့ မသေချာပါဘူး။ အီမီလီရေ ဒီဆုဖလားအား ခင်ဗျားအတွက်ပါပဲ” ဟု မာရေးက ချန်ပီယံဖြစ်ပြီးနောက် ပြောကြားခဲ့သည်။

    Ref: Dailymail

  • အဘူဒါဘီတွင် ဟိန္ဒူဘုရားကျောင်းဆောက်လုပ်ရန်အတွက် ယူအေအီးအစိုးရ မြေနေရာချပေး

    အဘူဒါဘီတွင် ဟိန္ဒူဘုရားကျောင်းဆောက်လုပ်ရန်အတွက် ယူအေအီးအစိုးရ မြေနေရာချပေး

    သြဂုတ် ၁၇၊ ၂၀၁၅
    M-Media

    ဒူဘိုင်းရှိ ဟိန္ဒိဘုရားကျောင်း အတွင်းပိုင်းမြင်ကွင်း

    – ယူအေအီးနိုင်ငံ အဘူဒါဘီမြို့တွင် ပထမဆုံး ဟိန္ဒူဘုရားကျောင်းဆောက်လုပ်ရန် မြေနေရာ သတ်မှတ်ပေးလိုက်ပြီဟု ယူအေအီးအစိုးရက ယမန်နေ့တွင် ကြေညာခဲ့သည်။

    လက်ရှိအချိန်တွင် ဒူဘိုင်း၌ ဟိန္ဒူဘုရားကျောင်း ၂ ခုနှင့် ဆစ်ခ်ဘုရားကျောင်း ၁ ခု ရှိနေပြီး အစိုးရက သတ်မှတ်ပေးခဲ့သည့် မြေနေရာမှာ အဘူဒါဘီတွင် ပထမဆုံး ဟိန္ဒူဘုရားကျောင်း ဖြစ်လာမည်ဖြစ်သည်။

    ယူအေအီးသို့ ၂ ရက်ကြာ အလည်အပတ်ရောက်ရှိနေသည့် အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီကမူ ယူအေအီးအစိုးရအား Twitter စာမျက်နှာမှတစ်ဆင့် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ကြီးကျယ်သည့် ခြေလှမ်းတစ်ခုဖြစ်သည်ဟုလည်း ဆိုသည်။

    မိုဒီမှာ ၃၄ နှစ်အတွင်း ယူအေအီးသို့ ပထဆုံးရောက်ရှိသည့် အိန္ဒိယ ၀န်ကြီးချုပ်လည်းဖြစ်ပြီး အဘူဒါဘီ အိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇယဒ် အလ် နဟ်ယန်၊ ဒူဘိုင်းအုပ်ချုပ်ရေးမှူး ရှိခ် မိုဟာမက် ဘင် ရရှစ်ဒ် အလ် မွခ်တွန်တို့နှင့် တွေ့ဆုံခဲ့သည်။

    ယူအေအီးတွင် အိန္ဒိယနိုင်ငံမှ ပြောင်းရွှေ့နေထိုင်သူ ၂.၆ သန်းရှိပြီး နိုင်ငံလူဦးရေ၏ ၃၀ ရာခိုင်နှုန်းလည်းဖြစ်သည်။ ထို့ပြင် ယူအေအီးမှ အိန္ဒိယနိုင်ငံသားများ အိန္ဒိယသို့ ပြန်ပို့ငွေမှာ တစ်နှစ်လျှင် ကန်ဒေါ်လာ ၁၄ ဘီလီယံခန့် ရှိနေသည်။

    ယူအေအီးမှာ အမေရိကန်နှင့် တရုတ်တို့ပြီးလျှင် အိန္ဒိ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး အိန္ဒိယမှာ ယူအေအီး၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သည်။ ၎င်းတို့နှစ်နိုင်ငံ၏ ကုန်သွယ်မှုတန်ဖိုးမှာ တစ်နှစ်လျှင် ဘီလီယံ ၆၀ ရှိနေသည်။

    Ref: Indiaexpress, Aljazeera

  • မန်စီးတီးနှင့်ပွဲ ၁၀ စက္ကန့်တွင်ပင် အသင်းမဟန်ကြောင်း သိခဲ့သည်ဟု မော်ရင်ဟိုဆို

    မန်စီးတီးနှင့်ပွဲ ၁၀ စက္ကန့်တွင်ပင် အသင်းမဟန်ကြောင်း သိခဲ့သည်ဟု မော်ရင်ဟိုဆို

    သြဂုတ် ၁၇၊ ၂၀၁၅
    M-Media

    chel

    – မန်စီးတီးနှင့်ပွဲ ပထမ ၁၀ စက္ကန့်အပြီးမှာပင် မိမိတို့အသင်းမှာ ပြဿနာရှိနေသည်ကို သိခဲ့သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    အီတီဟတ်တွင် ယမန်နေ့က ကစားခဲ့သည့် ထိုပွဲ၌ ချယ်ဆီးမှာ ကစားကွက်အသာမရခဲ့ပဲ ၃ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ရပြီး ဂိုးသမား လက်စွမ်းပြနိုင်ခြင်းကြောင့်သာ ဂိုးမပြတ်ခဲ့ရခြင်းဖြစ်သည်။ မော်ရင်ဟိုကမူ အသင်း မဟန်ကြောင်း ပွဲအစမှာပင် သိခဲ့သည်ဟု ဆိုသည်။

    “ပွဲစပြီး ၁၀ စက္ကန့်နောက်ပိုင်းမှာ အဂူရို ခံစစ်လိုင်းကို ရောက်လာခဲ့ပြီး၊ (ဂိုးသမား) ဘီဂိုဗစ်က ရင်ဆိုင်ခဲ့ရတဲ့အခါ အစမကောင်းဘူဆိုတာ ချက်ချင်းပဲ ခင်ဗျားတို့ သိမှာပါ။ အဲဒီနောက်မှာ ခံစစ်ပျက်သွားတာကြောင့် သူ(ဘီဂိုဗစ်) ဟာ ၂ လုံး ၃ လုံးလောက် ကာကွယ်ခဲ့ရပါတယ်။ ကျွန်တော်ဟာ ပထမဆုံး စိတ်ပျက်ခဲ့ရသူပါ” ဟု မော်ရင်ဟိုက ပြောကြားခဲ့ပြီး ပထမပိုင်းတွင် ခံစစ်ပိုင်းမှာ ဆိုးရွားခဲ့သည်ဟုလည်း ၎င်းက ၀န်ခံခဲ့သည်။

    ဒုတိယပိုင်းတွင်မူ မော်ရင်ဟိုမှာ အဓိကခံစစ်မှူး ဂျွန်တယ်ရီကို ကာ့တ်ဇူးမားနှင့် လူစားလဲခဲ့ပြီး ဂျွန်တယ်ရီမှာ မော်ရင်ဟိုလက်ထက် ၁၇၇ ပွဲတွင် ပထမဆုံး လူစားလဲခံရခြင်းလည်း ဖြစ်သည်။

    “တကယ်က ဂျွန်(တယ်ရီ) ကိုထုတ်ပြီး ဇူးမားကို ထည့်တာမျိုး မဟုတ်ပါဘူး။ ကျွန်တော်ဟာ အလျင်မြန်ဆုံး ကစားသမားကို အရန်ခုံမှမဟုတ်ဘဲ ကွင်းထဲမှာ ရှိချင်တာပါ။ ဇူးမား ကစားရမယ်ဆိုတာ ကျွန်တော် ရှင်းရှင်းလင်း သိပါတယ်။ တစ်ယောက်ကို ထုတ်ရမယ်ဆိုတော့ အသင်းခေါင်းဆောင်ကို ထုတ်လိုက်တာပါ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    ထိုကဲ့သို့ လူစားလဲခဲ့မှုကြောင့် အသက်အရွယ်ရလာပြီဖြစ်သည့် ဂျွန်တယ်ရီ၏ ချယ်ဆီး၌ ရေရှည်နေရာရရန်မှာ မသေချာတော့ဟု ပြောကြားမှုများလည်း ရှိနေသည်။

    Ref: Goal