News @ M-Media

Blog

  • MH17 ပျက်ကျသည့်နေရာမှ ရုရှားလုပ် ဒုံးကျည်ဟု ယူဆရနိုင်သော အစိတ်အပိုင်းများ တွေ့ရှိ

    MH17 ပျက်ကျသည့်နေရာမှ ရုရှားလုပ် ဒုံးကျည်ဟု ယူဆရနိုင်သော အစိတ်အပိုင်းများ တွေ့ရှိ

    သြဂုတ် ၁၂၊ ၂၀၁၅
    M-Media

    malay

    – မလေးရှားလေကြောင်းလိုင်းမှ MH17 လေယာဉ် ပျက်ကျခဲ့သော ယူကရိန်းအရှေ့ပိုင်းရှိ နေရာတွင် ရုရှားလုပ် BUK ဒုံးကျည်မှ ဖြစ်နိုင်သည့် အပိုင်းအစများကို တွေ့ရှိခဲ့သည်ဟု ထိုကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေသူများက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ဟော်လန်နှင့် နိုင်ငံတကာမှ စုံစမ်းစစ်ဆေးသူများမှာ မြေပြင်မှ ဝေဟင်ပြစ် BUK ဒုံးကျည်မှ ဖြစ်နိုင်သော အရေးပါသည့် အစိတ်အပိုင်း ၇ ခုကို စစ်ဆေးနေသည်ဟု ဟော်လန်ပြည်သူ့ တရားသူကြီး ဖရဒ် ၀က်စတာဘီကီက ဆိုသည်။

    တရားသူကြီးများနှင့် ဟော်လန်ဘေးအန္တရာယ်ကင်းရှင်းရေးဘုတ်အဖွဲ့ OVV မှ ပူးပေါင်းထုတ်ပြန်သော ကြေညာချက်တွင် အဆိုပါအပိုင်းအစများမှာ ယူကရိန်းအရှေ့ပိုင်းရှိ အခင်းဖြစ်ပွားရာနေရာ၌ ပြုလုပ်ခဲ့သည့် ယခင်ရှာဖွေရေး လုပ်ငန်းများအတွင်း ရရှိခဲ့ခြင်းဖြစ်ပြီး၊ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် OVV တို့က သိမ်းဆည်းထားသည်ဟု ဖော်ပြခဲ့သည်။

    MH17 ခရီးသည်တင်လေယာဉ်မှာ ယူကရိန်းအစိုးရတပ်များနှင့် ရုရှားလိုလားသည့် ခွဲထွက်ရေးသမားများအကြား တိုက်ပွဲများ ပြင်းထန်နေသည့်အချိန် ပြီးခဲ့သည့်နှစ် ဇူလိုင် ၁၇ ရက်နေ့က ပစ်ချခံလိုက်ရခြင်းဖြစ်ပြီး လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ခရီးသည် ၂၉၈ ဦစလုံး သေဆုံးသွားခဲ့သည်။

    ယူကရိန်းနှင့် အနောက်နိုင်ငံများကမူ ရုရှားလိုလားသူ ခွဲထွက်ရေးသမားများက ရုရှားမှ ထောက်ပံ့ပေးထားသော BUK ဒုံးကျည်ဖြင့် အဆိုပါလေယာဉ်အား ပစ်ချခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့ကြသည်။ သို့သော်လည်း ရုရှားနှင့် ခွဲထွက်ရေးသမားများက ထိုစွပ်စွဲမှုကို ငြင်းဆိုခဲ့ကြပြီး ယူကရိန်းစစ်တပ်အား လက်ညှိုးထိုးခဲ့သည်။

    စုံစမ်းစစ်ဆေးသူများကမူ BUK ဒုံးကျည်မှ ဖြစ်နိုင်သည့် အပိုင်းအစများမှာ တိုက်ခိုက်မှုနှင့် ဆက်စပ်မှုရှိလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးဟု ပြောကြားခဲ့သည်။

    “အဲဒီမှာတွေ့ခဲ့တဲ့ အစိတ်အပိုင်းတွေက ဥပမာအားဖြင့် MH17 ကို ပစ်ချခဲ့တဲ့ BUK ဒုံးကျည်ကလားဆိုတာကို ပြောဖို့ တော်တော်စောနေပါသေးတယ်” ဟု ၀က်စတာ ဘီကီက နိုင်ငံပိုင် NOS သတင်းဌာနသို့ ပြောကြားခဲ့သည်။ သို့သော်လည်း ထိုတိုက်ခိုက်မှုနောက်ကွယ်တွင် မည်သူပါဝင်ခဲ့သည်ဆိုသည်ကို ရှာဖွေတွေ့ရှိရန် အမှန်တစ်ကယ် နီးစပ်နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • အသင်းဆရာဝန်အား ပွဲများတွင် တာဝန်ထမ်းဆောင်ခြင်းမပြုရန် မော်ရင်ဟိုတားမြစ်

    အသင်းဆရာဝန်အား ပွဲများတွင် တာဝန်ထမ်းဆောင်ခြင်းမပြုရန် မော်ရင်ဟိုတားမြစ်

    သြဂုတ် ၁၂၊ ၂၀၁၅
    M-Media

    doc

    – ဆွမ်ဆီးနှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် မော်ရင်ဟိုနှင့် မကျေမလည်ဖြစ်ခဲ့သည့် ချယ်ဆီးအသင်း၏ ဆရာဝန်အမျိုးသမီး အီဗာ ကာနီရိုမှာ အသင်း၏ ပွဲစဉ်များတွင် ပါဝင်ခွင့်ရတော့မည်မဟုတ်ဟု သိရသည်။

    ၂ ဂိုးစီသရေကျခဲ့သည့် အဆိုပါပွဲတွင် ပွဲပြီးကာနီး၌ ကွင်းလယ်လူ အေဒင် ဟဇာ့ဒ် ဒဏ်ရာရရှိသွားချိန်တွင် ကာနီရိုနှင့် ဆေးအဖွဲ့မှာ ကွင်းထဲသို့ အလျင်အမြန် ၀င်ရောက်သွားခဲ့ပြီး ဟာဇာ့ဒ်အား အပြင်ခေါ်ထုတ်ကာ ဆေးကုသမှုများ ပြုလုပ်ပေးခဲ့သည်။

    ထိုအချိန်တွင် ချယ်ဆီးမှာ ၁၀ ယောက်တည်းဖြင့် ၂ ဂိုးစီ သရေရလဒ်ကို ထိန်းကစားနေရချိန် ဖြစ်ပြီး ဟဇာ့ဒ်အား ကွင်းပြင်ထုတ်သွားမှုကြောင့် ၉ ယောက်ဖြစ်သွားသည့်အတွက် မော်ရင်ဟိုက ကာနီရို၏ လုပ်ရပ်ကို သဘောမတွေ့ခဲ့ဘဲ အပြန်အလှန် စကားများခဲ့ကြသည်။

    “ကျွန်တော့်ရဲ့ ဆေးဘက်ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော် သဘောမတွေ့ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ တကယ်လို့ ခင်ဗျားဟာ ကွင်းဘေးအရန်ခုံမှာနေရတဲ့ ဒေါက်တာ ဒါမှမဟုတ် အတွင်းရေးမှူးဖြစ်ရင် ပွဲရဲ့အနေအထားကို နားလည်ရမှာပါ။ ကစားသမားတစ်ယောက်လျော့နေတဲ့ နောက်ဆုံးမိနစ်မှာ ကစားသမားတစ်ယောက်ကို ကူညီဖို့ ကွင်းထဲဝင်သွားပြီဆိုရင် အဲဒီ ကစားသမားဟာ ဆိုးရွားတဲ့ ပြဿနာရှိနေတာ သေချာလားဆိုတာ ခင်ဗျား သိရမှာပါ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    ထို့ပြင် ဟဇာ့ဒ်မှာ ဒဏ်ရာရခဲ့ခြင်းမဟုတ်ဘဲ မောပမ်းနွမ်းနယ်နေခြင်းသာ ဖြစ်ကြောင်း၊ မိမိ၏ ဆေးအဖွဲ့မှာ ကစားသမား ၈ ယောက်ဖြင့် မိမိအား သောကရောက်စေခဲ့ကြောင်း မော်ရင်ဟိုက ထပ်လောင်းပြောကြားခဲ့သည်။

    ကာနီရိုမှာ အသင်း၏ ဆရာဝန်အဖြစ် ဆက်ရှိနေမည်ဖြစ်သော်လည်း မော်ရင်ဟိုက အသင်း၏ လေကျင့်ရေးကွင်း၊ အသင်းတည်းခိုမည့်ဟိုတယ်နှင့် အသင်းကစားသည့်ပွဲများတွင် ကာနီရို လာရောက်ခြင်းမပြုရန် တားမြစ်ခဲ့သည်။

    မော်ရင်ဟိုနှင့် မကျေမလည်ဖြစ်ခဲ့သော်လည်း ချယ်ဆီးပရိတ်သတ်များက ဆိုရှယ်မီဒီယာများမှတစ်ဆင့် ကာနီရိုအား အားပေးခဲ့ကြသည်။

    ကာနီရိုမှာ ၂၀၁၁ ခုနှစ် နည်းပြ ဗီလာဘိုအာ့စ်လက်ထက်တွင် ချယ်ဆီးအသင်းကြီး၏ ဆရာဝန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး ဒီမက်တီယို၊ ရာဖာဘင်နီတက်ဇ်နှင့် ယခု မော်ရင်ဟိုလက်ထက်အထိပါ ဆက်လက်တည်မြဲနေခဲ့သည်။

    Ref: Dailymail

  • ရာထူးမှ နှုတ်ထွက်မည်ဟု လစ်ဗျားဝန်ကြီးချုပ် ကြေညာ

    ရာထူးမှ နှုတ်ထွက်မည်ဟု လစ်ဗျားဝန်ကြီးချုပ် ကြေညာ

    သြဂုတ် ၁၂၊ ၂၀၁၅
    M-Media

    libya

    – နိုင်ငံတကာအသိုင်းအ၀ိုင်းက အသိအမှတ်ပြုထားသော လစ်ဗျားဝန်ကြီးချုပ် အဘ်ဒူလာ အလ်-သင်နီက မိမိအနေဖြင့် ရာထူးမှ နှုတ်ထွက်တော့မည်ဟု ရုပ်သံအင်တာဗျူးတစ်ခုတွင် ပြောကြားလိုက်သည်။

    ပုဂ္ဂလိကပိုင် ရုပ်သံဌာနတစ်ခုဖြစ်သော Libya Channel နှင့် အင်တာဗျူးတွင် ကက်ဘိနတ်မှာ ထိရောက်မှုမရှိဟု ဝေဖန်ကြသော ဒေါသထွက်နေသည့် နိုင်ငံသားများအကြောင်းကို မေးမြန်းရာတွင် သင်နီက ထိုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

    အလ်-သင်နီအစိုးရမှာ မြို့တော် ထရီပိုလီသို့ လက်နက်ကိုင်များက သိမ်းပိုက်ကာ စင်ပြိုင်အစိုးရ တည်ထောင်ခဲ့ပြီးနောက်ပိုင်း ပြီးခဲ့သည့်တစ်နှစ်က နိုင်ငံအရှေ့ပိုင်း တွဘ်ရက်မြို့သို့ ပြောင်းရွှေ့အခြေစိုက်ခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော်ဟာ တရားဝင်နှုတ်ထွက်ပြီး ကျွန်တော့်ရဲ့နှုတ်ထွက်မှုကို လာမယ့် တနင်္ဂနွေနေ့မှာ အောက်လွှတ်တော်ကို တင်သွင်းသွားမှာပါ” ဟု အလ်-သင်နီက ပြောကြားခဲ့သည်။ ထရီပိုလီကို ဆုံးရှုံးခဲ့ပြီးကတည်းက နိုင်ငံအရှေ့ပိုင်းတွင် ထိရောက်မှုမရှိသည့် အစိုးရကို ကိုင်တွယ်နေမှုအတွက် သင်နီမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

    လစ်ဗျား၏ အာဏာရှင် ကဒါဖီကို ဖြုတ်ချခဲ့ပြီး လေးနှစ်အကြာ ထရီပိုလီတွင် လက်နက်ကိုင်များမှာ ၀န်ကြီးဌာနများနှင့် တိုင်းပြည်၏ အဓိကအဖွဲ့များအား ထိန်းချုပ်ထားပြီး စင်ပြိုင်အစိုးရကို တည်ထောင်ထားသော်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းက အသိအမှတ်ပြုခြင်း မရှိချေ။ ထို့ပြင် နိုင်ငံတစ်ဝှမ်းတွင်လည်း မငြိမ်သက်မှုများ ဖြစ်ပွားနေသည်။

    ဟိုတယ်များမှတစ်ဆင့် အုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသော်လည်း အရှေ့ပိုင်း ဝေလံခေါင်ဖျားသည့် ဘေဒါမြို့အထိ ရောက်ရှိရန် ရုန်းကန်နေရပြီး ၀ရုန်းသုန်းကားဖြစ်မှု၊ လောင်စာဆီနှင့် ဆေးဝါးများ ပြတ်လပ်မှု၊ လုံခြုံရေးအခြေအနေ ဆိုးရွားမှုများကြောင့် နိုင်ငံသားများကလည်း အလ်-သင်နီအစိုးရကို ဝေဖန်နေကြသည်။

    အဆိုပါရုပ်သံနှင့် အင်တာဗျူးတွင် မေးမြန်းသူက မိမိမှာ ရုပ်သံကြည့်ရှုသူများ၏ သင်နီအား ဝေဖန်မှုများကို စုဆောင်းထားသည်ဟု ပြောကြားပြီး မေးခွန်းများ မေးမြန်းရာတွင် သင်နီမှာ ဒေါသထွက်ခဲ့ပြီး မိမိမှာ တရားဝင် နှုတ်ထွက်မည်ဖြစ်သောကြောင့် ပြည်သူများမှ ဆန္ဒပြရန် မလိုအပ်ဟု တုံ့ပြန်ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဘာကာတိုက်စစ်မှူး ပက်ဒရိုအား အသင်းဖော်များ ချီးကျူး

    ဘာကာတိုက်စစ်မှူး ပက်ဒရိုအား အသင်းဖော်များ ချီးကျူး

    သြဂုတ် ၁၂၊ ၂၁၀၅
    M-Media

    bac 1

    – ယနေ့မနက်က ကစားခဲ့သည့် ယူအီးအက်ဖ်အေ စူပါဖလားပွဲစဉ်တွင် အသင်းအတွက် အရေးပါသည့် အနိုင်ဂိုးကို သွင်းပေးခဲ့သော တိုက်စစ်မှူး ပက်ဒရိုအား အသင်းဖော်များက ချီးကျူးခဲ့ကြသည်။

    ဆီးဗီးလားအသင်းနှင့် ကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် ဘာစီလိုနာမှာ ဦးဆောင်ဂိုး ပေးလိုက်ရသော်လည်း နောက်မှလိုက်၍ ၄ ဂိုးသွင်းယူနိုင်ခဲ့သည်။ သို့သော် ထိုအနိုင်ကို ထိန်းထားနိုင်ခြင်းမရှိဘဲ ၃ ဂိုးပြန်ပေးခဲ့ရကာ အချိန်ပိုအထိ ရောက်ရှိသွားခဲ့သည်။

    အချိန်ပိုတွင် လူစားဝင်လားသည့် တိုက်စစ်မှူး ပက်ဒရိုက မက်ဆီ၏ ဖရီးကစ်မှ ပြန်ထွက်လာသည့်ဘောလုံးကို အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့ကာ ဘာစီလိုနာအား ယူအီးအက်ဖ်အေ စူပါဖလားကို ဆွတ်ခူးနိုင်စေခဲ့သည်။ ပက်ဒရိုမှာ နွေရာသီ အပြောင်းအရွှေ့ကာလ တစ်လျှောက်လုံးတွင် မန်ယူသို့ ရောက်ရှိမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး စူပါဖလား မကစားခင်ကပင် ၎င်းမှာ အသင်းမှ ထက်ခွာတော့မည်ဟု ဘာကာ၏ နည်းစနစ်ပိုင်းဆိုင်ရာ အတွင်းရေးမှူး ရောဘတ် ဖာနန်ဒက်ဇ်က အတည်ပြုခဲ့သည်။

    ထိုပွဲတွင် ဖရီးကစ်မှတစ်ဆင့် လှပစွာ ၂ ဂိုးသွင်းယူပေးခဲ့သည့် မက်ဆီက ပက်ဒရိုအား ချီးကျူးခဲ့သည်။

    “အသင်းကို ပေးဆပ်ခဲ့တဲ့၊ ဆက်လက်ပေးဆပ်အုံးမယ့် အရာအားလုံးအတွက် သူဟာ ထိုက်တန်ပါတယ်။ သူနဲ့ ပတ်သက်ပြီး ဘာဖြစ်မလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒါက သူချရမယ့် ဆုံးဖြတ်ချက်ပါ။ ဘာဆုံးဖြတ်ချက်ပဲချချ သူ့အတွက် ထိုက်တန်ပါတယ်” ဟု မက်ဆီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ကွင်းလယ်လူ မာရှေရာနိုကလည်း ပက်ဒရိုအား ချီးကျူးခဲ့ကာ အသင်း၌ ဆက်ရှိနေမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

    “သူ ဒီမှာ ဆက်ရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။ သူဟာ ပွဲကြီးတွေမှာ ကောင်းမွန်တဲ့ ကစားသမားတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းကို စပြီး ပြောင်းကတည်းက သူဟာ မှော်ဆရာတစ်ယောက် ဖြစ်ခဲ့တာပါ” ဟု ပြောကြားခဲ့သည်။

    မန်ယူမှာ ဘာစီလိုနာပေးရမည့် လျော်ကြေးကိုပါပေး၍ ပက်ဒရိုအား ခေါ်ယူရန် သဘောတူညီချက်ရထားပြီဟု ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။

    Ref: Goal

  • ထိုင်းတော်ဝင်အသိုင်းအ၀ိုင်းအား ကာကွယ်ပေးသည့် ဥပဒေကို ကုလ ရှုတ်ချ

    ထိုင်းတော်ဝင်အသိုင်းအ၀ိုင်းအား ကာကွယ်ပေးသည့် ဥပဒေကို ကုလ ရှုတ်ချ

    သြဂုတ် ၁၁၊ ၂၀၁၅
    M-Media

    aa

    – ဘုရင်စနစ်အား စော်ကားသူများအတွက် ထိုင်းအစိုးရက သတ်မှတ်ပြဌာန်းထားသော ကာလရှည်ထောင်ဒဏ်များမှာ တုန်လှုပ်ဖွယ်ရာဖြစ်သည်ဟု ကုလသမဂ္ဂက ယမန်နေ့တွင် ရှုတ်ချခဲ့ပြီး ထိုဥပဒေအား ပြင်ဆင်ရန်နှင့် အပြစ်ပေးထားသူများအား လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

    ထိုင်းစစ်ခုံရုံများမှာ သောကြာနေ့က လူ ၂ ဦးကို ဘုရင်စနစ်အား စော်ကားမှုဖြင့် ထောင်ဒဏ် နှစ် ၃၀ နှင့် ၂၈ နှစ်စီ ချမှတ်ခဲ့ပြီး ထိုင်းနိုင်ငံသမိုင်းတွင် ထိုပြစ်မှုအတွက် အကြီးလေးဆုံးပြစ်ဒဏ်လည်း ဖြစ်ခဲ့သည်ဟု ရှေ့နေများနှင့် စောင့်ကြည့်အဖွဲ့များက ပြောကြားခဲ့ကြသည်။

    ပွန်ဆက် ဆရီဘွန်ပန်ဆိုသူမှာ ၂၀၁၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ၎င်း၏ Facebook ပို့စ် ၆ ခုကြောင့် ထောင်ဒဏ် နှစ် ၆၀ ချမှတ်ခြင်း ခံခဲ့ရသော်လည်း အပြစ်ရှိကြောင်း ၀န်ခံခဲ့သည့်အတွက် ထောင်ဒဏ်နှစ် ၃၀ သို့ လျှော့ချခံခဲ့ရခြင်းဖြစ်ပြီး၊ ဆာဆီဗီမိုလ် ပါတမ်ဝွန်ဖာမှာလည်း Facebook ပို့စ် ၇ ခုအတွက် ထောင်ဒဏ် ၅၆ နှစ် ချမှတ်ခံခဲ့ရကာ အပြစ်ရှိကြောင်း လျှောက်လဲခဲ့သည့်အတွက် တစ်ဝက်သာ ကျခံရခြင်းဖြစ်သည်။

    “လွတ်လပ်စွာ ဖော်ပြမှုအခွင့်အရေးကို ကျင့်သုံးတဲ့အတွက် တော်ဝင်အသိုင်းအ၀ိုင်းကို စော်ကားတယ်ဆိုတဲ့ ပြစ်မှုနဲ့ တရားစွဲဆိုခံရတဲ့ ကိစ္စတွေကို ၂၀၀၆ ခုနှစ်ကတည်းက ကျွန်မတို့ စုဆောင်းခဲ့ပြီး အဲဒီအထဲမှာ ဒီပြစ်ဒဏ်တွေဟာ အကြီးလေးဆုံးတွေပါပဲ” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ရာဗီနာ ရှမ်ဒါဆာနီက ပြောကြားခဲ့သည်။

    ထို့ပြင် ထိုင်းစစ်ခုံရုံးများမှာ မျှတသော တရားစွဲဆိုမှုအပါအ၀င် လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီရန် ဆောင်ရွက်နိုင်ခြင်းမရှိဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။ ကြားနာမှုများမှာ များသောအားဖြင့် အသေအချာ စုံစမ်းစီစစ်မှု မရှိသလောက်ဖြင့် ပိတ်သွားခဲ့သည်။

    တော်ဝင်အသိုင်းအ၀ိုင်းအား စော်ကားသည်ဟူသော စွပ်စွဲမှုဖြင့် တရားစွဲဆိုမှုများမှာ သိသိသာသာ မြင့်တက်လာခဲ့ပြီး ၂၀၁၄ ခုနှစ် မေလက စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ထိုအမှုများမှာ ၄၀ ကျော်လာခဲ့သည်ဟု ရှမ်ဒါဆာနီက ပြောကြားခဲ့သည်။

    “အမှုအများစုမှာ သူတို့က အာမခံမပေးဘူး။ ဒါ့ကြောင့် အချိန်အကြာကြီး သူတို့ကို ချုပ်ထားကြပြီး အပြစ်ရှိကြောင်းလျှောက်လဲဖို့ သူတို့ပေါ်မှာ ဖိအားအများကြီး ပေးတယ်ဆိုတာကတော့ သေချာပါတယ်။ အဲဒီနောက် သူတို့ အပြစ်ရှိကြောင်း လျှောက်လဲတယ်။ ဒါက အယူခံဝင်ခွင့်မရတဲ့အထိ ဦးတည်သွားခဲ့ပါတယ်။ တကယ်လို့ အပြစ်ရှိကြောင်း လျှောက်လဲရင် တရားစွဲဆိုခံရပြီး ပြစ်ဒဏ်ချမှတ်ခံရမှာပါပဲ။ အဲဒီအမှုအတွက် အယူခံဝင်လို့ မရတော့ပါဘူး”

    ထိုအပြစ်မှ လွတ်မြောက်ရန်အတွက် တစ်ခုတည်းသော ရွေးချယ်စရာမှာ ဘုရင်ကြီးမှ လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်းသာဖြစ်ပြီး ပြစ်ဒဏ်ချမှတ်ခံရသူများအား ထိုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် မိမိတို့မှ တောင်းဆိုပါကြောင်း၊ အစိုးရအနေဖြင့်လည်း တော်ဝင်အသိုင်းအ၀ိုင်းအား စော်ကားမှုအတွက် ပြဌာန်းထားသည့် ဥပဒေအား နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများဖြင့် ကိုက်ညီရန် ပြင်ဆင်သင့်ကြောင်း ရှမ်ဒါဆာနီက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Reuters