News @ M-Media

Blog

  • ကော်တိုအစ်အတွက် ချယ်ဆီး အယူခံဝင်မည်

    ကော်တိုအစ်အတွက် ချယ်ဆီး အယူခံဝင်မည်

    သြဂုတ် ၁၁၊ ၂၀၁၅
    M-Media

    chel

    – ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ဆွမ်ဆီးနှင့်ပွဲတွင် အနီကဒ်ဖြင့် အထုတ်ခံခဲ့ရသည့် ဂိုးသမား ကော်တိုအစ်အတွက် အယူခံဝင်သွားမည်ဟု ချယ်ဆီးအသင်းက ပြောကြားခဲ့သည်။

    ၂ ဂိုးစီ သရေကျခဲ့သည့် အဆိုပါပွဲတွင် ချယ်ဆီးအသင်းက ၂ ဂိုး ၁ ဂိုးဖြင့် ဦးဆောင်နေသည့်အချိန် ၅၂ မိနစ်တွင် ကော်တိုအစ်မှာ ဆွမ်ဆီးတိုက်စစ်မှူး ဘာဖီတင်မ်ဘီ ဂိုမစ်၏ ဂိုးရနိုင်သည့် ကြိုးပမ်းမှုကို ရှင်းလင်းရာမှ တိုက်ရိုက်အနီကဒ်ဖြင့် အထုတ်ခံခဲ့ရပြီး ပင်နယ်တီပါ ပေးခဲ့ရသည်။

    ထိုအနီကဒ်ကြောင့် တစ်ပွဲပယ်ခံရမည့် ကော်တိုအစ်မှာ လာမည့် တနင်္ဂနွေနေ့တွင်ကစားမည့် မန်စီးတီးအသင်းနှင့်ပွဲတွင် ပါဝင်နိုင်မည်ဟုတ်ချေ။ သို့သော်လည်း ချယ်ဆီးက ဘောလုံးအဖွဲ့ချုပ်သို့ ယနေ့တွင် အယူခံဝင်သွားမည်ဖြစ်သည်။

    ချယ်ဆီးအသင်း၏ တာဝန်ရှိသူဟောင်းဖြစ်သည့် မာ့က်ဟာလ်ဆေးကမူ မော်ရင်ဟိုမှာ ထိုကိစ္စအတွက် အယူခံဝင်သင့်သည်ဟု ပြောကြားခဲ့သည်။

    “ပင်နယ်တီပေးရတာကတော့ ရှင်းပါတယ်။ ဒါပေမယ့် အနီကဒ် ပြရမလား၊ မပြရဘူးလားဆိုတာကတော့ ပါရမီရှိတဲ့ လူငယ်ဒိုင်လူကြီး မိုကယ်အိုလီဗာအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်။ ဂိုးရနိုင်တဲ့ အခွင့်အရေးကို ပျက်ပြယ်စေခဲ့လားဆိုတာ သူ ဆုံးဖြတ်ရတယ်။ ဒါ့ကြောင့် ဒီလိုအဖြစ်အပျက် ဖြစ်တဲ့အခါ စက္ကန့်ပိုင်းအတွင်းမှာ သူဟာ အကြောင်းအချက် တော်တော်များများကို စဉ်းစားရပါတယ်။ ဂိုးနဲ့အကွာအဝေး၊ ဂိုမစ်က ဘောလုံးကို ထိန်းချုပ်ထားတဲ့ အနေအထား၊ တည်နေရာနဲ့ အနီးဆုံးမှာရှိနေတဲ့ နောက်ခံလူ အရေအတွက် စတာတွေပေါ့” ဟု ၎င်းက ပြောကြားခဲ့သည်။

    လာမည့်တစ်ပတ်တွင် ချယ်ဆီးနှင့် တွေ့ဆုံရမည့် မန်စီးတီးအသင်းမှာ ယနေ့မနက်က အကောင်းဆုံး ခြေစွမ်းပြ၍ ၀က်စ်ဘရွန်းအသင်းအား ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိကာ အဖွင့်ပွဲတွင် အနိုင် ၃ မှတ် ရယူနိုင်ခဲ့သည်။

    Ref: Goal

  • ပြောင်းရွှေ့အခြေချမှုပြဿနာကို ဖြေရှင်းရန် ဥရောပသမဂ္ဂ ရန်ပုံငွေထုတ်ပေးမည်

    ပြောင်းရွှေ့အခြေချမှုပြဿနာကို ဖြေရှင်းရန် ဥရောပသမဂ္ဂ ရန်ပုံငွေထုတ်ပေးမည်

    သြဂုတ် ၁၁၊ ၂၀၁၅
    M-Media

    – မြင့်တက်လာသည့် ပြောင်းရွှေ့အခြေချသူများ ပြဿနာကို ဖြေရှင်းရန်အတွက် ဥရောပနိုင်ငံများအား ၅ နှစ်အတွင်း ယူရို ၂.၄ ဘီလီယံ ငွေကြေးအကူအညီပေးရန် ဥရောပကော်မရှင်က ယမန်နေ့တွင် အတည်ပြုခဲ့သည်ဟု သိရသည်။

    ထိုအကူအညီရရှိမည့် နိုင်ငံများတွင် ပြောင်းရွှေ့အခြေချသူများအား စီမံခန့်ခွဲရန် ရုန်းကန်နေရသည့် အီတလီနှင့် ဂရိနိုင်ငံများ ပါဝင်မည်ဖြစ်ပြီး အီတလီမှာ အများဆုံးအဖြစ် ယူရို သန်း ၅၆၀ ရရှိမည်ဖြစ်ကာ ဂရိမှာ ၄၇၃ သန်း ရရှိမည်ဖြစ်သည်။

    ဥရောပသမဂ္ဂနိုင်ငံများတွင် ခိုလှုံခွင့်ရရန် အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ပြောင်းရွှေ့အခြေချသူ ထောင်ပေါင်းများစွာ ယခုနှစ်အတွင်း ၀င်ရောက်လာပြီးနောက်ပိုင်း ထိုပြဿနာနှင့်ပတ်သက်၍ တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    ထိုပြဿနာအတွက် အရေးပေါ်အကူအညီအဖြစ် ဗြိတိန်နိုင်ငံမှာ ဥရောပသမဂ္ဂမှ မတ်လတွင် ယူရို ၂၇ သန်း ရရှိခဲ့ပြီး ပြင်သစ်နိုင်ငံမှာ ယခုလနှောင်းပိုင်းတွင် ယူရို သန်း ၂၀ ရရှိမည်ဖြစ်သည်။ သို့သော်လည်း ယခု ရန်ပုံငွေနောက်ပိုင်းတွင် ထပ်တိုးရန်ပုံငွေ တောင်းခံမှုများအတွက် ဥရောပသမဂ္ဂမှ ထုတ်ပေးတော့မည် မဟုတ်ချေ။

    ဥရောပသမဂ္ဂမှာ ပြောင်းရွှေ့အခြေချသူ ပြဿနာအား ဖြေရှင်းရန်အတွက် အစီအစဉ် ၁၃ ခုကို ယခုနှစ်နှောင်းပိုင်းတွင် ထပ်မံအတည်ပြုသွားရန် စီစဉ်နေပြီး အဆိုပါအစီအစဉ်ကို အဖွဲ့ဝင်နိုင်ငံများက အကောင်အထည်ဖော်ရမည်ဖြစ်သည်။

    Ref: Reuters

  • သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန် ဆီနီဂေါမွတ်စလင်များ “အစိမ်းရောင် ဂျီဟတ်” လှုပ်ရှားမှုကို စတင်

    သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန် ဆီနီဂေါမွတ်စလင်များ “အစိမ်းရောင် ဂျီဟတ်” လှုပ်ရှားမှုကို စတင်

    သြဂုတ် ၁၁၊ ၂၀၁၅
    M-Media

    senegal

    – နိုင်ငံအတွင်း သဘာပတ်ဝန်းကျင် ညစ်ငြမ်းမှုများကို ဖြေရှင်းရန် ရည်ရွယ်၍ ဆီနီဂေါနိုင်ငံရှိ မွတ်စလင်များက “အစိမ်းရောင် ဂျီဟတ်” လှုပ်ရှားမှုတစ်ခုကို စတင်ခဲ့ပြီး ပတ်ဝန်းကျင်ညစ်ငြမ်းမှုကို တိုက်ဖျက်ရန်နှင့် ဂေဟဗေဒစနစ်ကို ထိန်းသိမ်းရန် အစ္စလာမ်ဘာသာဝင်များအား တိုက်တွန်းခဲ့သည်။

    “အစ္စလာမ်ကတော့ရှင်းပါတယ်။ ပတ်ဝန်းကျင် ညစ်ငြမ်းမှု ဘယ်လိုပုံစံမျိုးကိုမဆို၊ သဘာဝပတ်ဝန်းကျင်အပေါ် ဘယ်လို ကျူးကျော်မှုမျိုးကိုမဆို အပြစ်လို့ သတ်မှတ်ပြီး၊ ပြတ်ပြတ်သားသား တားမြစ်ထားပါတယ်။ လူတွေဟာ ဒီပညတ်ကို သတိရှိဖို့ လိုပါတယ်” ဟု အီမာမ် ယူဆူဖာ ဆားရ်က Al Jazeera သတင်းဌာနသို့ ပြောကြားခဲ့သည်။

    “အစိမ်းရောင် ဂျီဟတ်” လှုပ်ရှားမှုစတင်ရန် အစီအစဉ်ကို မြို့တော် ဒါကာရှိ ဗလီဝတ်ကျောင်းတော်တစ်ခုတွင် ပြုလုပ်ခဲ့ကာ အီမာမ် ဆားရ်က မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါလှုပ်ရှားမှုတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၏ အရေးပါပုံ၊ သဘာပတ်ဝန်းကျင်နှင့်ပတ်သက်၍ အစ္စလာမ်၏ သွန်သင်ဆုံးမမှုများ၊ သဘာဝပတ်ဝန်းကျင် ပျက်ဆီးဆုံးရှုံးမှု၏ ဆိုးကျိုးများနှင့်ပတ်သက်၍ အသိပညာပေးမှုများ ပါဝင်မည်ဖြစ်သည်။

    မိန့်ခွန်းတွင် နိုင်ငံအတွင်းရှိ လမ်းမများနှင် ကျေးလက်ဒေသများတွင် ပတ်ဝန်းကျင်ညစ်ငြမ်းမှုအခြေအနေ ဆိုးရွားနေမှုကို ထောက်ပြ၍ စွန့်ပစ်ပစ္စည်းပြဿနာ၊ လမ်းမများ၊ ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းတစ်လျှောက်တွင် အမှိုက်စွန့်ပစ်ခြင်းကဲ့သို့ ပြဿနာများကို ဖြေရှင်းရန် ဆားရ်က တိုက်တွန်းခဲ့သည်။

    “ဒါဟာ ဒေသတွင်းပြဿနာသာ မဟုတ်ပါဘူး။ ကမ္ဘာလုံးဆိုင်ရာ ပြဿနာပါ။ မွတ်စလင်ကမ္ဘာမှာ လစ်လျူရှုထားတာတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ ကုန်ကုန်ပြောရရင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းဟာ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ဆော်သြမှုဖြစ်ပြီး ပြန့်နှံ့ဖို့ထိုက်တန်တဲ့ သတင်းစကားတစ်ခုပါပဲ” ဟု ဆားရ်က ဆိုသည်။

    အစ္စတန်ဘူလ်၌ မကြာခင် ကျင်းပပြုလုပ်တော့မည့် ထိပ်သီးဆွေးနွေးပွဲတွင် ကြေညာချက်တစ်ခု တင်သွင်းရန် ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင်သိပ္ပံဆိုင်ရာ အစ္စလာမ့်မစ်ဖောင်ဒေးရှင်း RTCC က စီစဉ်နေစဉ် ဆီနီဂေါမွတ်စလင်များ၏ ထို “အစိမ်းရောင် ဂျီဟတ်” လှုပ်ရှားမှု ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

    “ကျွန်တော်တို့ဟာ သဘာဝလောကကြီးဆိုတဲ့ ချည်မျှင်တွေကို ရက်လုပ်သူဖြစ်တာကြောင့် ဒီလက်ဆောင်ကို ထိန်းသိမ်းစောင့်ရှောက်ရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့က ဒီလက်ဆောင်တွေကို ကျွန်တော်တို့အပေါ် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေ ဖြစ်လာအောင် တစ်လွဲသုံးနေကြပါတယ်” ဟု RTCC ၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    အာဖရိကရှိ ဆဟဲလ်ဒေသမှာ ကမ္ဘာကြီးပူနွေးလာမှုကို အပြင်းထန်ဆုံး ခံစားရသည့် ဒေသတစ်ခုဖြစ်ပြီး ပုံမှန်မဟုတ်သည့် မိုးရွားသွန်းမှုများကြောင့် ပျက်ဆီးဆုံးရှုံးမှုများလည်း ရှိနေကာ၊ သင့်လျော်သည့် ကျန်းမာရေး စောင့်ရှောက်မှုများလည်း မရှိချေ။

    အစ္စလာမ်သာသနာတွင် တွဟာရဟ် (ရုပ်ပိုင်းဆိုင်ရာနှင့် နာမ်ပိုင်းဆိုင်ရာ သန့်ရှင်းစင်ကြယ်မှု) မှာ ကောင်းမြတ်သော အကျင့်သီလများအတွက် အဓိကအခြေခံဖြစ်ပြီး၊ ဘာသာဝင်များအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ရန်လည်း အစ္စလာမ်က တိုက်တွန်းထားသည်။

    တမန်တော် မုဟမ္မဒ်သခင်(ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) ၏ သြ၀ါဒတော်တစ်ရပ်တွင် ဤကမ္ဘာကြီးနှင့် ကမ္ဘာပေါ်တွင် ရှိရှိသမျှသော သက်ရှိ၊ သက်မဲ့အားလုံးမှာ အလ္လာဟ်အရှင်မြတ်၏ အိမ်ထောင်စုဝင်များဖြစ်ကြောင်း၊ ထိုအိမ်ထာင်စုဝင်များအား ကာကွယ်စောင့်ရှောက်သူမှာ အလွန်ကောင်းမြတ်သောသူဖြစ်ကြောင်း မိန့်ကြားထားသည်။

    အာဖရိက နိုင်ငံဖြစ်သော ဆီနီဂေါနိုင်ငံ၏ ၁၃ သန်းသော လူဦးရေတွင် ၉၄ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်ကို သက်ဝင်ယုံကြည်ကြသူများဖြစ်ပြီး ၅ ရာခိုင်နှုန်းမှာ ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြကာ ကျန်လူဦးရေမှာ တိုင်းရင်းသား ယုံကြည်ကိုးကွယ်မှုများကို လက်ခံကျင့်သုံးကြသူများဖြစ်သည်။

    Ref: Onislam

  • ဟာသာဘာလင်အသင်း၏ ဘတ်စ်ကား သေနတ်ဖြင့် ပစ်ခံရ

    ဟာသာဘာလင်အသင်း၏ ဘတ်စ်ကား သေနတ်ဖြင့် ပစ်ခံရ

    သြဂုတ် ၁၀၊ ၂၀၁၅
    M-Media

    har

    – ဘွန်ဒစ်လီဂါ ကလပ်အသင်းဖြစ်သော ဟာသာဘာလင်အသင်း၏ ဘတ်စ်ကားမှာ ယမန်နေ့က သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကို ခံခဲ့ရသည်ဟု သိရသည်။

    ဒုတိယတန်းမှ အာမီနီယာ ဘီလီဖဲလ်အသင်းနှင့် ရှုံးထွက်ပွဲကစားရန် သွားရောက်စဉ် မော်တော်ဆိုင်ကယ်ပေါ်မှ အမျိုးသားတစ်ဦးက သေနတ်ဖြင့် လှမ်းပစ်ခဲ့ခြင်းဖြစ်သည်။ တနင်္လာနေ့တွင် ကစားမည့်ပွဲအတွက် ဟာသာဘာလင် အသင်းသားများမှာ ဘီလီဖဲလ်မြို့သို့ ရထားဖြင့် သွားရောက်ခဲ့ပြီး အဆိုပါဘတ်စ်ကားမှာ ဘူတာရုံမှ ကစားသမားများကို ကြိုရန် သွားရောက်ခြင်းဖြစ်သည်။

    ပစ်ခတ်မှုဖြစ်ပွားစဉ် ကားပေါ်၌ ကစားသမားများ ရှိနေခြင်းမရှိဘဲ မည်သူတစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရခြင်းလည်း မရှိပေ။ ကျည်ဆံမှာ ကား၏ ရှေ့မှန်အတွင်း စိုက်ဝင်သွားခဲ့သည်။

    အသင်းကမူ သေနတ်မှန်ထားသည့် ဘတ်စ်ကား၏ဓာတ်ပုံကို Twitter စာမျက်နှာတွင် လွှင့်တင်ထားပြီး မျက်မြင်သက်သေများအနေဖြင့် ထွက်လာ သတင်းပေးကြရန်လည်း တိုက်တွန်းခဲ့သည်။

    “မယုံနိုင်စရာပါပဲ။ ကျွန်တော်တို့အသင်းဟာ ဖလားပွဲအတွက် သွားနေတဲ့လမ်းမှာ အပစ်ခံခဲ့ရပါတယ်။ ဘယ်သူမှ မထိခိုက်ခဲ့ပါဘူး” ဟု အသင်း၏ Twitter စာမျက်နှာတွင် ရေးသားထားသည်။ ရဲတပ်ဖွဲ့ကမူ ပြစ်မှုကျူးလွန်သူကို ရှာဖွေမှုများ ပြုလုပ်နေသည်။

    Ref: Goal

  • နိုင်ငံတကာသတင်းတို (သြဂုတ် ၁၀၊ ၂၀၁၅)

    သြဂုတ် ၁၀၊ ၂၀၁၅
    M-Media

    ဗိုလ်ချုပ်တစ်ဦးအား လာဘ်စားမှုဖြင့် တရုတ် သေဒဏ်ချမှတ်
    ……………………………..
    လာဘ်ပေးလာဘ်ယူမှု၊ အာဏာအလွဲသုံးစားလုပ်မှုနှင့် ပြည်သူ့ဘဏ္ဍာများ အလွဲသုံးစားလုပ်မှုတို့ဖြင့် ဗိုလ်ချုပ်ဟောင်း ဂူဂျန်ရှန်းအား တရုတ်စစ်ခုံရုံးက ယနေ့တွင် ၂ နှစ်ဆိုင်းငံ့ဖြင့် သေဒဏ်ချမှတ်ခဲ့သည်။ တရုတ်နိုင်ငံတွင် ထိုကဲ့သို့ ဆိုင်းငံ့ချွင်းချက်ဖြင့် သေဒဏ်ချမှတ်ခြင်းမှာ တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်ခြင်းဟု သတ်မှတ်ကြသည်။ ဂူဂျန်ရှန်းမှာ တရုတ်စစ်တပ်၏ သြဇာရှိသော လော့ဂျစ်ဌာနတွင် လက်ထောက် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

    ယူကရိန်းတွင် ပြင်းထန်သောတိုက်ပွဲများ ပြန်လည်ဖြစ်ပွား
    ………………………………..
    မငြိမ်သက်မှုများ ဖြစ်ပွားနေသော နိုင်ငံအရှေ့ပိုင်းရှိ ယူကရိန်းအစိုးရ စစ်တပ်များ ထိန်းချုပ်ထားရာ မာရီပူးလ်မြို့ စထရိုနာတစ်ဗ်ကာရွာတွင် ခွဲထွက်ရေးသမားများ ၄၀၀ ခန့်မှာ တင့်ကားများနှင့်အတူ ယနေ့မနက်ပိုင်းက အပြင်းအထန်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ယူကရိန်းစစ်တပ်က ကြေညာခဲ့သည်။ ထိုတိုက်ခိုက်မှုမှာ ၆ လအတွင်း အပြင်းထန်ဆုံးလည်းဖြစ်ပြီး တင်းမာမှုများ ဆက်လက်မြင့်တက်လာမည့် အလားအလာလည်း ရှိနေသည်။

    ဂျပန်တွင် နျူဓာတ်အားပေးစက်ရုံတစ်ခု ပြန်လည်ပတ်မည်
    ………………………………..
    ဂျပန်နိုင်ငံမှာ နိုင်ငံအနောက်တောင်ပိုင်းရှိ ဆန်ဒိုင်း နျူကလီးယား လျှပ်စစ်ဓာတ်အာပေးစက်ရုံမှ ဓာတ်ပေါင်းဖို နံပါတ် ၁ ကို မနက်ဖြန်တွင် ပြန်လည်ပတ်တော့မည်ဖြစ်သည်။ ထိုသို့ ပြန်လည် လည်ပတ်ခြင်းမှာ ဖူကူရှီမား နျူကလီးယားပြဿနာ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၂ နှစ်အကြာတွင် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။ အဆိုပါ ပြဿနာ ဖြစ်ပွားပြီးနောက် ဂျပန်မှာ နျူကလီးယားစက်ရုံးများနှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းရေး ဥပဒေများကို ထပ်မံ တင်းကျပ်ခဲ့ပြီး၊ အရန်ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ ဆူနာမီဒဏ်ခံ နံရံများ
    တည်ဆောက်ခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့သည်။

    Ref: News Agencies