News @ M-Media

Blog

  • ဒုက္ခရောက်နေသည့် အာဖဂန်ပြည်သူများအတွက် OIC က ရန်ပုံငွေထူထောင်ကာ ကူညီမည်

    ဒုက္ခရောက်နေသည့် အာဖဂန်ပြည်သူများအတွက် OIC က ရန်ပုံငွေထူထောင်ကာ ကူညီမည်

    ဒီဇင်ဘာ ၂၀၊ ၂၀၂၁
    M-Media

    -အာဖဂန်နစ္စတန် ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ရေး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေတစ်ရပ် ထူထောင်ကာ ကူညီပေးဖို့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ​က ကတိပြုလိုက်ပါတယ်။

    ဩဂုတ်လက တာလီဘန်တွေ သိမ်းပိုက်အုပ်စိုးပြီးနောက်ပိုင်း အာဖဂန်စီးပွားရေး သိသိသာသာ ကျဆင်းသွားပြီး၊ ဘဏ်လုပ်ငန်း ပြိုလုမတတ်ဖြစ်လာတာ၊ ကုန်စျေးနှုန်းတက်တာ၊ ငွေတန်ဖိုးကျဆင်းတာတွေ ဖြစ်နေတာပါ။ တာလီဘန်ရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေအတွက် အာဖဂန်ပိုင်ငွေတွေကို နိုင်ငံတကာဘဏ်တွေက တာလီဘန်ထံ ပြန်လွှဲမပေးသေးဘဲ အစိုးရဝန်ထမ်းတွေ လခမရတဲ့ အနေအထားမျိုးလည်း ဖြစ်နေပါတယ်။

    ဒီပြဿနာတွေနဲ့ မိုးခေါင်ရေရှားမှုလို သဘာ၀ဘေး အန္တရာယ်ကြောင့် အာဖဂန်ပြည်သူတွေဟာ ငတ်မွတ်ခေါင်းပါးမှုအန္တရာယ်၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေကို အကြီးအကျယ် ကြုံတွေ့နေရပါတယ်။

    OIC အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက အာဖဂန်က အခြေအနေတွေကို ချက်ခြင်းမဖြေရှင်းနိုင်ရင် ၀ရုန်းသုန်းကားဖြစ်လိမ့်မယ်လို့ မနေ့က OIC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ကြေငြာချက်မှာ အစ္စလာမ့်ဖွံ့ဖြိုးရေးဘဏ်က ဦးဆောင်ကာ အာဖဂန်နစ္စတန်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး ၂၀၂၀ ခုနှစ် ပထမ ၃ လအတွင်း ကူညီထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်လို့ ဖော်ပြထားပါတယ်။

    အာဖဂန်ကိုအုပ်စိုးတဲ့ တာလီဘန်အနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး သတ်မှတ်ချက်တွေ၊ အထူးသဖြင့် အမျိုးသမီး၊ ကလေးသူငယ်၊ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးတွေကို အပြည့်အ၀ လေးစားလိုက်လာဖို့လည်း OIC ရဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

    အစည်းအဝေးကို တာလီဘန်က ခန့်ထားတဲ့ အာဖဂန်နိုင်ငံခြားရေးဝန်ကြီး အမီရ်ခန်း မွတ်သကီ တက်ရောက်ခဲ့ပေမယ့် တရားဝင်ထုတ်ပြန်တဲ့ အစည်းအဝေးဓာတ်ပုံမှာ မွတ်သကီ ပါဝင်ခြင်း မရှိပါဘူး။ ဒါဟာ တာလီဘန်အစိုးရကို OIC က တရားဝင်အသိအမှတ်မပြုသေးကြောင်း ဖော်ပြမှုလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • ကနီ​မြို့နယ်တွင် မြန်မာစစ်တပ်၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို BBC ဖော်ထုတ်

    ကနီ​မြို့နယ်တွင် မြန်မာစစ်တပ်၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို BBC ဖော်ထုတ်

    ဒီဇင်ဘာ ၂၀၊ ၂၀၂၁
    M-Media

    -စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်မှာ ဇူလိုင်လက စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းမှုအပြီး အနည်းဆုံး လူ ၄၀ လောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာကို ဘီဘီစီသတင်းဌာနက တနင်္ဂနွေနေ့မှာ ဖော်ထုတ်တင်ပြလိုက်ပါတယ်။

    အဖြစ်အပျက်ကို မျက်မြင်ကြုံတွေ့ရသူတွေ၊ စစ်သားတွေရဲ့ ဖမ်းဆီးခံရပြီးတဲ့နောက် အသက်ရှင်လျက် ပြန်လည်လွတ်မြောက်လာသူတွေ၊ ဗီဒီယိုမှတ်တမ်းတွေ၊ ဓာတ်ပုံတွေ၊ ယူကေအခြေစိုက် မြန်မာ့အရေးတက်လှုပ်ရှားနေတဲ့အဖွဲ့ Myanmar Witness က စုဆောင်းထားတဲ့ သက်သေအထောက်အထားတွေကို ကိုးကားပြီး ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

    စစ်သားတွေ ကနီမြို့နယ်က ကျေးရွာတွေကို ဝင်စီးမှုအတွင်း အသက် ၁၇ နှစ်လောက်သာရှိသေးတဲ့ လူငယ်လေးတွေအပါအဝင် လူ ၄၀ လောက်ကို ဖမ်းဆီးသွားပြီး အနည်းဆုံး ၄ နေရာခွဲကာ သတ်ဖြတ်မြှုပ်နှံခဲ့တာပါ။

    အလောင်းတွေကို ပြန်လည်တူးဖော်မှုအရ အများစုဟာ အသတ်မခံရခင်မှာ ညှင်းပမ်းနှိပ်စက်ခံခဲ့ရတယ်ဆိုတဲ့ အထောက်အထားတွေကိုလည်း တွေ့ရပါတယ်။

    အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံမှု အဓိကဖြစ်ပွားတဲ့နေရာက ကနီမြို့နယ် ယင်းရွာမှာဖြစ်ပြီး အနည်းဆုံး အမျိုးသား ၁၄ ဦး နှိပ်စက်သတ်ဖြတ်ခံခဲ့ရကာ အလောင်းတွေကို တောထဲကချောက်ထဲမှာ စစ်သားတွေက ပစ်ထားခဲ့ကြပါတယ်။

    ယင်းရွာက မျက်မြင်ကြုံခဲ့ရသူတွေက စစ်သားတွေက ကြိုးတွေနဲ့တုပ်ပြီး ရိုက်နှက်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

    “ကျွန်မတို့ မကြည့်ရက်တော့လို့ ငိုပြီးခေါင်းငုံ့နေရတယ်။ မလုပ်ဖို့ ကျွန်မတို့တောင်းပန်တယ်။ သူတို့ ဂရုမစိုက်ဘူး။ ‘နင်တို့ယောကျ်ားတွေ ဒီအထဲမှာပါလား။ ပါရင် သရဏဂုံသာတင်ထားလိုက်တော့’ လို့ စစ်သားတွေက ပြောတယ်” လို့ အစ်ကိုတစ်ယောက်၊ တူတစ်ယောက်နဲ့ ခဲအိုအသတ်ခံလိုက်ရတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

    အသတ်မခံရဘဲ လွတ်မြောက်လာတဲ့ အမျိုးသားတစ်ဦးကလည်း စစ်သားတွေဟာ ဖမ်းသွားသူတွေကို မသတ်ခင် နာရီတော်တော်ကြာ ဆိုးဆိုးရွားရွား နှိပ်စက်ခဲ့တယ်လို့ ပြောပါတယ်။

    “ကြိုးတွေတုပ်ပြီး ကျောက်ခဲတွေနဲ့ပေါက်တယ်။ ဒေနတ်ဒင်နဲ့ရိုက်တယ်။ တစ်နေ့လုံး ညှင်းသတ်တာ။ တစ်ချို့စစ်သားတွေက ၁၇၊ ၁၈ လောက်ပဲရှိအုံးမယ်။ တစ်ချို့တွေက တော်တော် အသက်ကြီးနေပြီ။ သူတို့အထဲမှာ စစ်သမီးတစ်ဦးလည်း ပါတယ်”

    ဇီးပင်တွင်း

    ဇီးပင်တွင်းကျေးရွာမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ အလောင်း ၁၂ လောင်းကျင်းတိမ်တိမ်လေးထဲ​ မြှုပ်နှံထားတာကို တွေ့ရပါတယ်။ က​လေးလို့ထင်ရတဲ့ အလောင်းသေးသေးတစ်လောင်း၊ မသန်စွမ်းတစ်ဦးရဲ့အလောင်းတို့ ပါဝင်ပြီး တစ်ချို့အလောင်းတွေဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဖြတ်တောက်ခံထားရပါတယ်။

    မလှမ်းမကမ်းက သစ်ပင်တစ်ပစ်မှာ အသက် ၆၀ ကျော်အရွယ် အဖိုးအိုတစ်ဦးကို ကြိုးတုပ်သတ်ထားတာကိုလည်း တွေ့ရပါတယ်။ အဘိုးအို အလောင်းတွေကို ဘီဘီစီက လေ့လာမှုအရ နှိပ်စက်ညှင်းပမ်းခံရတဲ့ လက္ခဏာတွေကို ထင်ထင်ရှားရှားတွေ့ရပါတယ်။

    ရွာထဲကို စစ်သားတွေဝင်လာချိန် သားနဲ့ မြေးတွေက ဘေးလွတ်ရာကို ထွက်ပြေးသွားပြီး၊ အသက်ကြီးနေတဲ့ မိမိကို စစ်သားတွေက ဘာမှလုပ်မှာမဟုတ်ဘူးလို့ ယုံကြည်တာကြောင့် အဖိုးအိုက အိမ်မှာ နေခဲ့တယ်လို့ မိသားစု၀င်တွေက ပြောပါတယ်။

    ကျန်ရစ်တဲ့ မိသားစုဝင်တွေက အသတ်ခံလိုက်ရသူတွေဟာ စစ်ကောင်စီကို တိုက်ခိုက်မှုမှာ ပါဝင်သူတွေမဟုတ်ဘူးလို့ ပြောပါတယ်။ ယင်းရွာအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှာ မောင်ဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ အမျိုးသမီးတစ်ဦးက သူ့မောင်ဟာ လေးခွတောင် ကောင်းကောင်းမပစ်တတ်ဘူးလို့ စစ်သားတွေကို ပြောဆိုတောင်းပန်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

    “ဘာမှလာမပြောတဲ့။ ငါတို့မောနေပြီ။ သတ်ပစ်လိုက်ရမလား၊ အကုန်သတ်မှာပဲ” လို့ စစ်သားတစ်ဦးက သူမကို ပြန်ပြောခဲ့ပါတယ်။

    ကနီမြို့နယ်က ဒီသတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဘီဘီစီသတင်းဌာနရဲ့ အရင်မေးမြန်းမှုမှာ စစ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုလုပ်တယ်ဆိုတာကို သူက မငြင်းပါဘူး။

    “ဒါမျိုးကဖြစ်နိုင်ပါတယ်။ သူတို့က ကျွန်တော်တို့ကို ရန်သူလို ဆက်ဆံတဲ့အခါမှာ ကျွန်တော်တို့ကလည်း ကိုယ့်ကိုကိုယ် ကာကွယ်ပိုင်ခွင့်ရှိပါတယ်”

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို တုန့်ပြန်တဲ့ လက်နက်ကိုင်တော်လှန်မှု ဖြစ်ပွားရာဒေသတွေမှာ မြန်မာစစ်တပ်ဟာ မဆိုင်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ရွာလုံးကျွတ် မီးရှို့တာတွေ လုပ်ဆောင်တယ်လို့ မြန်မာ့အရေး ​လေ့လာစောင့်ကြည့်တဲ့အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

    Ref: BBC

  • ဥရောပတွင် ပုံပြောင်းကိုဗစ် အိုမီခရွန်ကူးစက်မှု သိသိသာသာ မြင့်တက်

    ဥရောပတွင် ပုံပြောင်းကိုဗစ် အိုမီခရွန်ကူးစက်မှု သိသိသာသာ မြင့်တက်

    ဒီဇင်ဘာ ၁၉၊ ၂၀၂၁
    M-Media

    -ဥရောပနိုင်ငံတွေမှာ ပုံပြောင်းကိုဗစ် အိုမီခရွန် (Omicron) ကူးစက်မှု သိသိသာသာ မြင့်တက်လာပြီး နယ်သာလန်နိုင်ငံမှာ နိုင်ငံတစ်ဝှမ်း လော့ဒေါင်းပြန်ချခဲ့သလို၊ ဗြိတိန်ကလည်း အနီးကပ်စောင့်ကြည်ရမယ့် အခြေအနေအဖြစ် ကြေငြာခဲ့ပါတယ်။

    နယ်သာလန်မှာ တနင်္ဂနွေနေ့ကစလို့ လာမယ့်နှစ် ဇန်နဝါရီ အလယ်ပိုင်းအထိ လော့ဒေါင်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။ ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော် လုံး၀ လုပ်လို့ရတော့မှာမဟုတ်သလို၊ စျေးဆိုင်တွေ၊ ဘားတွေ၊ ဖျော်ဖြေရေးစင်တာတွေ၊ အများပြည်သူသုံး အဆောက်အဦးတွေအားလုံးကိုလည်း ပိတ်မှာ ဖြစ်ပါတယ်။

    အသုဘကလွဲပြီး အခြားလူစုလူဝေတွေလည်း လုပ်လို့ရမှာ မဟုတ်ပါဘူး။ ဒီကာလအတွင်း ကျောင်းတွေကိုလည်း ပိတ်ထားမှာပါ။

    တစ်အိမ်ကို ဧည့်သည်နှစ်ဦးသာ လာရောက်ခွင့်ရှိမှာဖြစ်ပြီး ပွဲတော်ကာလအတွင်း ၄ ဦးထက် မပိုရဘူးလို့ လော့ဒေါင်းစည်းမျဉ်းသစ်မှာ ဖော်ပြထားပါတယ်။ နယ်သာလန်ဝန်ကြီးချုပ် မာ့က်ရက်တီက ဒီလော့​ဒေါင်းဟာ လိုအပ်တဲ့အတွက် လုပ်ဆောင်ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ယူကေမြို့တော် လန်ဒန်မှာ ကိုဗစ်အိုမီခရွန် ကူးစက်ပြန့်နှံ့မှုဟာ စောင့်ကြည့်ရမယ့် စိုးရိမ်စရာပြဿနာဖြစ်တယ်လို့ မနေ့က ကြေငြာခဲ့ပါတယ်။

    လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းက ကိုဗစ်ကူးစက်မှုကြောင့် ဆေးရုံတွေ၊ မီးသတ်နဲ့ ရဲဌာနလို အများပြည်သူ ဝန်ဆောင်မှုကဏ္ဍတွေမှာ ဝန်ထမ်းနည်းပါးကုန်တာဟာ အလွန်အမင်း စိုးရိမ်ဖွယ်ရာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကာကွယ်ဆေး ၂ ကြိမ်ထိုးထားပြီးသူတွေ တတိယအကြိမ် Booster ထိုးကြဖို့၊ လုံး၀မထိုးရသေးတွေကလည်း မြန်မြန်လာထိုးကြဖို့ ဆာဒစ်ခန်းက တိုက်တွန်းခဲ့ပါတယ်။ ယူကေမှာ အိုမီခရွန်ကူးစက်မှုဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သိသိသာသာ မြင့်တက်လာတာ ဖြစ်ပါတယ်။

    ပြင်သစ်၊ အိုင်ယာလန်နဲ့ ဂျာမနီတို့မှာ အိုမီခရွန်ကူးစက်မှု ကာကွယ်ရေး ကိုဗစ်စည်းကမ်းတွေကို ပိုမိုတင်းကြပ်ထားပြီး ပြင်သစ်ဝန်ကြီးချုပ်က လာမယ့်နှစ် ပြင်သစ်မှာ အိုမီခရွန်ကူးစက်မှု အကြီးအကျယ် ဖြစ်ပွားနိုင်ချေရှိတယ်လို့ သတိပေးထားပါတယ်။

    ဥရောပမှာ ကိုဗစ်ကူးစက်သူ စုစုပေါင်း ၈၉ သန်းရှိကာ သေဆုံးသူ ၁.၅ သန်း ရှိပါတယ်။

    Ref: BBC

  • မလေးရှားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်

    မလေးရှားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်

    ဒီဇင်ဘာ ၁၉၊ ၂၀၂၁
    M-Media


    -မလေးရှားနိုင်ငံမှာ အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး ပြည်နယ် ၆ ခုမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားပြီး လူသောင်းချီ အိုးအိမ်စွန့်ခွာကာ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရပါတယ်။

    သောကြာနေ့ကနေ စနေနေ့ညပိုင်းအထိ မိုးဆက်တိုက် ရွာနေတာကြောင့် လူဦးရေသိပ်သည်းတဲ့ ဆီလန်ဂေါပြည်နယ်၊ ကလန်တန်း၊ သရန်ဂါနူး၊ ပါဟန်း၊ နီဂရီ ဆမ်ဘီလန်နဲ့ မလာကာ ပြည်နယ်တွေမှာ နေအိမ်ထဲအထိ ရေတွေဝင်တာ၊ ကားလမ်းတွေ၊ အဝေးပြေးလမ်း ရေလျှံတာတွေ ဖြစ်ခဲ့ပြီး လူတွေ၊ ကားတွေ ပိတ်မိနေတာတွေလည်း ရှိနေပါတယ်။

    ရေကြီးမှုဒဏ်ကို အဆိုးဆုံးခံစားရတဲ့ဒေသက ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကလန်းဗာလီဖြစ်ပါတယ်။ နိုင်ငံတစ်ဝှမ်း လူပေါင်း ၁၁၀၀၀ ကျော်လောက် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရပါတယ်။

    မလေးရှား ဇလဗေဒဌာနက လာမယ့်ရက်ပိုင်းအတွင်း ပြည်နယ်တစ်ချို့မှာ တနင်္ဂနွေနေ့အထိ မိုးဆက်လက်ရွာသွန်းဖို့ရှိနေပြီး သတိနဲ့နေကြဖို့ ထုတ်ပြန်ထားပါတယ်။

    မလေးရှားမှာ အောက်တိုဘာလကနေ မတ်လအထိကြာမြင့်တဲ့ မိုးရာသီအတွင်း အထူးသဖြင့် နိုင်ငံအရှေ့ပိုင်းမှာ ရေကြီးရေလျှံမှု ပုံမှန်လိုဖြစ်ပွားလေ့ရှိပေမယ့် အခုရက်ပိုင်း နိုင်ငံအလယ်ပိုင်းက ပြည်နယ်တွေမှာ မိုးရွာသွန်းမှုက စံချိန်တင်ရွာသွန်းမှု ဖြစ်ပါတယ်။

    Ref: CNA

  • ၂၀၂၁ အာရပ်ဖလားပြိုင်ပွဲတွင် အလ်ဂျီးရီးယားအသင်း ဗိုလ်စွဲ

    ၂၀၂၁ အာရပ်ဖလားပြိုင်ပွဲတွင် အလ်ဂျီးရီးယားအသင်း ဗိုလ်စွဲ

    ဒီဇင်ဘာ ၁၉၊ ၂၀၂၁
    M-Media

    -ကာတာနိုင်ငံမှာ မနေ့က ကျင်းပခဲ့တဲ့ အာရပ်ဖလား ဗိုလ်လုပွဲမှာ အလ်ဂျီးရီးယားအသင်းက တူနီးရှားအသင်းကို ၂ ဂိုးပြတ်နဲ့အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။

    ပွဲချိန်မိနစ် ၉၀ အတွင်း ဂိုးမရှိသရေကျနေတာကြောင့် အချိန်ပိုကစားရာ ၉၉ မိနစ်မှာ အမီရ်ဆာယွဒ်၊ အချိန်ပို နောက်ဆုံးမိနစ်မှာ ယာစီနီ ဘရာဟီမီတို့က အနိုင်ဂိုးတွေ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

    အလ်ဂျီးရီးယားဟာ အာရပ်ဖလားပြိုင်ပွဲမှာ လူငယ်ကစားသမားအများစုနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ပထမဆုံးအနိုင်ဂိုးသွင်းခဲ့တဲ့ အမီရ်ဆာယွဒ်ဟာ အသက် ၃၁ နှစ်ရှိပြီဖြစ်ပြီး ပြိုင်ပွဲတစ်ခုလုံးမှာ ဝင်မကစားခဲ့ရပဲ ဗိုလ်လုပွဲမှာလည်း မိနစ် ၆၀ ကျော်မှ လူစားဝင်ကစားရတာပါ။

    အလ်ဂျီးရီးယားဟာ ၂၀၁၉ ခုနှစ် အာဖရိကဖလားချန်ပီယံဖြစ်ပြီး လာမယ့်လ ကင်မရွန်းမှာ ကျင်းပမယ့် ၂၀၂၂ အာဖရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဘွဲ့ကို ကာကွယ်ရမှာဖြစ်ပါတယ်။

    တတိယနေရာလုပွဲမှာ ကာတာက အီဂျစ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပါတယ်။

    အာရပ်ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပတာ ၁၀ ကြိမ်ရှိပြီဖြစ်ပြီး အခုအကြိမ်ဟာ ဖီဖာရဲ့ စီမံမှုအောက်မှာ ပထမဆုံး ကျင်းပတဲ့ပြိုင်ပွဲ ဖြစ်ပါတယ်။

    တူနီးရှားတိုက်စစ်မှူး ဆိုက်ဖူဒင် ဂျာဇီရီက စုစုပေါင်း သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပြီး၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုကို အလ်ဂျီးရီးယားကစားမသား ယာစီနီ ဘရာဟီမီ၊ အကောင်းဆုံးဂိုးသမားဆုကို အလ်ဂျီးရီးယား ဂိုးသမား ရာအီစ် အလ်ဘိုလ်ဟီတို့က ရရှိခဲ့ပါတယ်။

    အခုပြိုင်ပွဲမှာ စုစုပေါင်း ၂၃ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးအဆင့်မှာ ၁၆ သင်း အုပ်စု ၄ ခုခွဲကာ ကစားခဲ့တာ ဖြစ်ပါတယ်။

    Ref: Aljazeera