News @ M-Media
Blog
  • ရေဘေးသင့်မြန်မာပြည်သူများအတွက် ဘင်္ဂလားဒေ့ရှ်မှ ဆေးဝါးများလှူဒါန်း
    ရေဘေးသင့်မြန်မာပြည်သူများအတွက် ဘင်္ဂလားဒေ့ရှ်မှ ဆေးဝါးများလှူဒါန်း
    သြဂုတ် ၇၊ ၂၀၁၅
    M-Media
    bd 2
    – မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဘင်္ဂလားဒေ့ရှ်တာကာငွေ ၁၀ သန်း တန်ဖိုးရှိသည့် ဆေးဝါးများကို တင်ဆောင်လာသော လော်ရီကားတစ်စီးမှာ ယနေ့တွင် ဒါကာမြို့မှ ထွက်ခွာသွားပြီးဟု ဘင်္ဂလားဒေ့ရှ်သတင်းဌာနတစ်ခုဖြစ်သော bdnews24 တွင် ဖော်ပြထားသည်။
    အဆိုပါအကူအညီမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာမှ မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့ရန် ကတိပြုထားမှုမှ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။
    မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးမှုအတွင်း လူပေါင်း ၂ သိန်းကျော် ထိခိုက်ခံစားခဲ့ရသည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့ပြီး သြဂုတ်လ ၄ ရက်နေ့တွင် နိုင်ငံတကာအကူအညီကို တောင်းခံခဲ့သည်။ ထို့နောက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက ချက်ခြင်းဆိုသလိုပင် အကူအညီများပေးအပ်ရန် ဆောင်ရွက်ပေးခဲ့သည်။
    မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများအတွက် အာရှနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယ၊ ဂျပန် စသည့်နိုင်ငံများကလည်း အကူအညီများ ပေးပို့ခဲ့သည်။
    Ref: BDnews
  • ချယ်ဆီးမှ ဆာလာဟ်နှင့် မန်စီးတီးမှ ဇက်ကိုတို့အား ရိုးမားခေါ်ယူ
    ချယ်ဆီးမှ ဆာလာဟ်နှင့် မန်စီးတီးမှ ဇက်ကိုတို့အား ရိုးမားခေါ်ယူ
    သြဂုတ် ၇၊ ၂၀၁၅
    M-Media
    roma 1
    – ယခုနှစ် စီးရီးအေချန်ပီယံဘွဲ့ကို စိန်ခေါ်ရန် ပြင်ဆင်နေသည့် ရိုးမားအသင်းမှာ ချယ်ဆီးတိုက်စစ်မှူး မိုဟာမက် ဆာလာဟ်နှင့် မန်စီးတီးတိုက်စစ်မှူး အက်ဒင် ဇက်ကိုတို့ကို ခေါ်ယူလိုက်ပြီဟု သိရသည်။
    ဘော့စနီးယား-ဟာဇိဂိုဗီနာတိုက်စစ်မှူး ဇက်ကိုမှာ အဂူရို၏နောက် ဒုတိယနေရာတွင်သာ ရှိနေသောကြောင့် မန်စီးတီးအသင်းမှ ထွက်ခွာတော့မည်ဟု သတင်းများ ထွက်ပေါ်နေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ ရိုးမားကမူ ပြီးခဲ့သည့် ဇူလိုင်လမှစ၍ ဇက်ကိုအား ခေါ်ယူရန် ဆက်သွယ်ခဲ့ခြင်းဖြစ်ပြီး လကုန်ပိုင်းတွင် သဘောတူညီချက် ရရှိခဲ့သည်။
    ထို့နောက် ဇက်ကိုမှာ ရောမသို့ ရောက်ရှိလာခဲ့ပြီဟု ရိုးမားအသင်းက ၎င်းတို့၏ Twitter စာမျက်နှာမှတစ်ဆင့် ယမန်နေ့က ကြေညာခဲ့သည်။
    ဇက်ကိုအပြင် ရိုးမားမှာ ချယ်ဆီးအသင်းတွင် နေရာမရသည့် အီဂျစ်တိုက်စစ်မှူး ဆာလာဟ်ကိုလည်း အငှားဖြင့် ခေါ်ယူခဲ့သည်။ ဆာလာဟ်မှာ ပြီးခဲ့သည့်နှစ် ဒုတိယရာသီဝက်ကို ဖီအိုရင်တီးနားအသင်းတွင် ကုန်ဆုံးခဲ့ပြီး ခြေစွမ်းကောင်းများကို ပြသခဲ့သည်။
    ယခု အငှားဖြင့် ခေါ်ယူမှုတွင် ၂၀၁၅-၁၆ ဘောလုံးရာသီကုန်လျှင် အပြီးသတ်ခေါ်ယူရန် ခြွင်းချက်တစ်ခုလည်း ပါဝင်ခဲ့သည်။ ဖီအိုရင်တီးနားကမူ ရိုးမား၏ ထိုခေါ်ယူမှုအတွက် ဥပဒေကြောင်းအရ ရင်ဆိုင်ရန် စီစဉ်နေပြီး ဆာလာဟ်၏ အေးဂျင့်ဖြစ်သူကမူ ၎င်း၏ ကစားသမားမှာ ချယ်ဆီးသို့ လွတ်လပ်စွာ ပြန်ခွင့်ရှိပြီး ၎င်း၏အနာဂတ်ကိုလည်း လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည်ဟု ပြောကြားခဲ့သည်။
    Ref: Goal
  • ဂရိ၏ ငွေကြေးအကူအညီ သဘောတူညီချက် သြဂုတ်လ နှောင်းပိုင်းတွင် ရရှိရန် လိုအပ်နေ
    ဂရိ၏ ငွေကြေးအကူအညီ သဘောတူညီချက် သြဂုတ်လ နှောင်းပိုင်းတွင် ရရှိရန် လိုအပ်နေ
    သြဂုတ် ၇၊ ၂၀၁၅
    M-Media
    gre
    – နိုင်ငံ၏ အကြွေးပြဿနာဖြေရှင်းရေး ယူရို ဘီလီယံပေါင်းများစွာ ရရှိရန်အတွက် နိုင်ငံတကာ အကြွေးရှင်များနှင့် သဘောတူညီချက်ကို သြဂုတ် ၁၅ ရက်နေ့ နောက်ပိုင်းတွင် မဖြစ်မနေ ရရှိရမည်ဖြစ်ပြီး ရရှိအောင်လည်း လုပ်ဆောင်သွားမည်ဟု ဂရိဝန်ကြီးချုပ် အလက်ဇစ် တီစီပရက်စ်က ပြောကြားခဲ့သည်။
    အီဂျစ်သို့ ရောက်ရှိနေသည့် ပြင်သစ်သမ္မတ ဟော်လန်ဒေးနှင့် တီစီပရက်စ်တို့မှာ ယမန်နေ့က တွေ့ဆုံဆွေးနွေးပြီးနောက် ၀န်ကြီးချုပ်ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ခေါင်းဆောင်နှစ်ဦးမှာ သြဂုတ် ၁၅ ရက် နောက်ပိုင်းတွင် အကြွေးပြဿနာအတွက် ကယ်တင်ရေး ဆွေးနွေးညှိနှိုင်းမှုများကို မဖြစ်မနေ အဆုံးသတ်ရန် သဘောတူညီခဲ့ကြသည်ဟုလည်း
    ဖော်ပြထားသည်။
    ဂရိမှာ ၎င်းတို့၏ အကြွေး ယူရို ၃ ဘီလီယံကို ပြန်ပေးနိုင်ရန်နှင့် နိုင်ငံ့စီးပွားရေး ပြန်ထူထောင်နိုင်ရန်အတွက် ယူရို ၈၅ ဘီလီယံတန်ဖိုးရှိ ရန်ပုံငွေ ရရှိရေး နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့များနှင့် သြဂုတ် ၂၀ ရက်မတိုင်ခင် သဘောတူညီချက် ရရှိရန် လိုအပ်နေသည်။
    ဥရောပကော်မရှင် ဥက္ကဌဖြစ်သူ ဂျီအန် ကလော့ဒေး ဂျန်ကာက အဆိုပါသဘောတူညီချက်မှာ သြဂုတ်လ ၂၀ ရက်နေ့ နောက်ပိုင်းတွင် ရရှိနိုင်ဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။ ဗုဒ္ဓဟူးနေ့ကလည်း ဂရိဝန်ကြီးချုပ်က မိမိတို့အစိုးရမှာ နိုင်ငံတကာ အကြွေးရှင်များနှင့် သဘောတူညီချက်ရရှိရန် နောက်ဆုံးအဆင့် ရောက်ရှိနေသည်ဟု ပြောကြားခဲ့သည်။
    ထိုသဘောတူညီချက်ရရှိခြင်းမှာ ဂရိနိုင်ငံအနေဖြင့် ယူရိုဇုန်တွင် ဆက်လက်ရှိနေစေရန် သေချာမည်ဖြစ်သည်။ ဂရိမှာ အကြွေးပြဿနာမှ လွတ်မြောက်ရေးအတွက် အခွန်နှင့် ပင်စင်တို့တွင် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် အပါအ၀င် အကြွေးရှင်နိုင်ငံများ၏ တင်းကြပ်သော အဆိုပြုချက်ကို ပြီးခဲ့သည်လက အလျင်အမြန် လက်ခံခဲ့သည်။
    ထိုကဲ့သို့ လက်ခံခဲ့ခြင်းကြောင့် လက်ရှိအချိန်တွင် ဂရိမှာ ဥရောပနိုင်ငံများမှ ယူရို ၇.၁၆ ဘီလီယံကို ရေတိုချေးငွေအဖြစ် ရရှိထားပြီး နိုင်ငံတကာငွေကြွေးရန်ပုံငွေအဖွဲ့သို့ ပေးအပ်ရမည့် ယူရို ၂ ဘီလီယံကို ပေးနိုင်ခဲ့သည်။
    ဂရိမှာ ဘဏ္ဍာရေးပြဿနာကြောင့် ပြီးခဲ့သည့် ၅ နှစ်အတွင်း ငွေကြေးအကူအညီ ယူရို ဘီလီယံ ၂၄၀ ကို ရရှိခဲ့သည်။
    Ref: PressTV
  • မန်ယူကရောင်းချင်၍ ထွက်ခဲ့ရသည်ဟု ဒီမာရီယာဆို
    မန်ယူကရောင်းချင်၍ ထွက်ခဲ့ရသည်ဟု ဒီမာရီယာဆို
    သြဂုတ် ၇၊ ၂၀၁၅
    M-Media
    mau
    – မန်ယူအသင်းက ရောင်းချင်နေ၍ မိမိမှာ အသင်းပြောင်းခဲ့ရသည်ဟု ပီအက်စ်ဂျီအသင်း၏ ကွင်းလယ်လူ အိန်ဂျယ်ဒီမာရီယာက ပြောကြားလိုက်သည်။
    ဒီမာရီယာမှာ ပြီးခဲ့သည့်နှစ်က ရီးယဲလ်မှ မန်ယူသို့ ပေါင် သန်း ၆၀ ဖြင့် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်တွင် ကြေးအကြီးဆုံး ကစားသမားတစ်ဦး ဖြစ်ခဲ့သည်။ စတင်ကစားခဲ့သည့် ၁၀ ပွဲတွင် ၃ ဂိုးသွင်းယူကာ ၆ ဂိုး ဖန်တီးပေးနိုင်သည်အထိ ခြေစွမ်းကောင်းများ ပြသခဲ့သော်လည်း နောက်ပိုင်းတွင် ဒဏ်ရာများကြောင့် ရုန်းကန်ခဲ့ရပြီး အသင်း၌ ပုံမှန်နေရာ ရရှိခြင်း မရှိတော့ပေ။
    ထို့ကြောင့် ယခုနှစ် နွေရာသီအပြောင်းအရွှေ့တွင် ပီအက်စ်ဂျီအသင်းသို့ ပေါင် ၄၄.၃ သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။ ၎င်းကမူ မန်ယူမှာ မိမိအား ရောင်းချင်နေသောကြောင့် အသင်းပြောင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
    “ပထမဆုံးပြောရရင် မန်ယူက ကျွန်တော့်ကို ရောင်းချင်နေတယ်ဆိုတာ ခင်ဗျားတို့ သိမှာပါ။ ဒါဟာ ၃ ဦး ၃ ဖက်ပေါင်းပြီး ချမှတ်တဲ့ ဆုံးဖြတ်ချက်ပါပဲ။ သူတို့က ကျွန်တော့်ကိုရောင်းချင်တယ်။ ကျွန်တော်ကလည်း အသင်းက ထွက်ချင်တယ်။ ပီအက်စ်ဂျီကလည်း လိုချင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီမှာ ကျွန်တော် တော်တော်ပျော်ပါတယ်။ မန်ယူကတော့ အတိတ်ဖြစ်သွားပါပြီ” ဟု ဒီမာရီယာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    ပီအက်စ်ဂျီအသင်းမှာ ပြီးခဲ့သည့်နှစ်တွင် ပြင်သစ်အမှတ်ပေးဖလားနှင့် ရှုံးထွက်ဖလား ၂ ခု စုစုပေါင်း ဖလား ၃ လုံးကို ရယူနိုင်ခဲ့သည်။ ယခုနှစ်တွင် ပီအက်စ်ဂျီအတွက် ချန်ပီယံလိဂ်မှာ အဓိကပစ်မှတ်ဖြစ်နေပြီး ဒီမာရီယာကမူ အသင်းအနေဖြင့် ဥရောပရှိ အသင်းကြီးဖြစ်လာအောင် ဆောင်ရွက်ရာတွင် အီဗရာဟီမိုဗစ်ကဲ့သို့ ကစားသမားမျိုးကို ကူညီပေးနိုင်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    “အသင်းက ကျွန်တော့်ကို နှစ်များစွာအရင်ကတည်းက ခေါ်ဖို့ ကြိုးစားနေတာပါ။ ဒီကိုလာရတာနဲ့ အီဗရာ (အီဗရာဟီမိုဗစ်)၊ (ဂျာဗီယာ) ပက်စ်တိုး၊ (မာကို) ဗာရက်တီနဲ့ ဒေးဗစ် လူးဝစ်တို့လို အရေးပါတဲ့ ကစားသမားတွေနဲ့ ကစားရတာ အရမ်းဂုဏ်ယူဖို့ကောင်းပါတယ်။ အားလုံးမှာ ချန်ပီယံလိဂ် ရရမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိပါတယ်။ ကျွန်တော့်ရည်ရွယ်ချက်ကလည်း ဒါပါပဲ”
    Ref: Goal
  • တောင်တရုတ်ပင်လယ်အတွင်း ကန့်သတ်မှုကို လက်ခံမည်မဟုတ်ဟု အမေရိကန်ပြော
    တောင်တရုတ်ပင်လယ်အတွင်း ကန့်သတ်မှုကို လက်ခံမည်မဟုတ်ဟု အမေရိကန်ပြော
    သြဂုတ် ၇၊ ၂၀၁၅
    M-Media
    us
    – ပိုင်နက်အငြင်းပွားမှုများ ရှိနေသည့် တောင်တရုတ်ပင်လယ်အတွင်း ကျွန်းတုများ ဖန်တီးနေမှုအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တရုတ်နိုင်ငံအား သတိပေးလိုက်ပြီး ထိုပင်လယ်အတွင်း မည်သည့်ကန့်သတ်မှုကိုမှ အမေရိကန်က လက်ခံမည်မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သော အရှေ့တောင်အာရှနိုင်ငံများ ဒေသတွင်း ဖိုရမ်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ကျွန်းတုများဆောက်လုပ်ခြင်းဖြင့် ဒေသတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာမှုနှင့် လေယာဉ်ပျံသန်းမှုတို့အား တရုတ်နိုင်ငံက နှောက်ယှက်လိမ့်မည်ဟု ဆိုသည်။
    “လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်နဲ့ လေကြောင်းပျံသန်းခွင့်တို့ဟာ နိုင်ငံတကာ ရေကြောင်းဥပဒေရဲ့ အရေးပါတဲ့ မဏ္ဍိုင်တွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ဒီလွတ်လပ်ခွင့်ကို လေးစားတယ်ဆိုတဲ့ အာမခံချက်တွေ ရှိနေပေမယ့် ပြီးခဲ့တဲ့လတွေအတွင်းမှာ သတိပေးခံရတာတွေ၊ ကန့်သတ်ဖို့ကြိုးစားတာတွေကို တွေ့ခဲ့ရပါတယ်။ ရှင်းရှင်းပြောရရင် ရေကြောင်းသွားလာမှုနဲ့ လေကြောင်းပျံသန်းခွင့်ကို ကန့်သတ်တာ၊ ပင်လယ်ပြင်ကို အခြားသော ဘောင်ဝင်တဲ့ပုံစံနဲ့ အသုံးပြုတာတွေကို ကန့်သတ်တာမျိုးတွေကို
    အမေရိကန်က လက်ခံမှာ မဟုတ်ပါဘူး” ဟု ကယ်ရီက ၎င်း၏ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
    တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်နက်များအား ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရုတ်၊ ဖိလစ်ပိုင်နှင့် အခြား လေးနိုင်ငံက ဆယ်စုနှစ်များစွာကြာ အငြင်းပွားနေကြပြီး၊ စပရက်တလေကျွန်းစုတွင် တရုတ်က ကျွန်းတုများ ဖန်တီးနေကာ စိုးမိုးရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်။
    အမေရိကန်ကမူ တရုတ်၏ ထိုလုပ်ရပ်မှာ နိုင်ငံတကာ ဥပဒေနှင့် စံနှုန်းများကို ချိုးဖောက်ခြင်းဖြစ်သည်ဟု စောစောပိုင်းက ပြောကြားခဲ့သည်။
    ကယ်ရီမှာ ဗုဒ္ဓဟူးနေ့ကလည်း အဆိုပါဖိုရမ်သို့ တက်ရောက်လာသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်၏ စိုးမိုးရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ၊ စစ်ရိပ်စစ်ငွေ့ပါသည့် လုပ်ဆောင်မှုများကြောင့် တင်းမာမှုများ မြင့်တက်လာသည်ကို အမေရိကန်က စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး ပြဿနာဖြစ်စေမည့် ကိစ္စရပ်များကို ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။
    Ref: PressTV