News @ M-Media
Blog
  • နျူဗုံးကြဲချခံရမှု နှစ် ၇၀ ပြည့်အခမ်းအနားကို ဟီရိုရှီးမားတွင်ပြုလုပ်
    နျူဗုံးကြဲချခံရမှု နှစ် ၇၀ ပြည့်အခမ်းအနားကို ဟီရိုရှီးမားတွင်ပြုလုပ်
    သြဂုတ် ၆၊ ၂၀၁၅
    M-Media
    j
    – အမေရိကန်လေယာဉ်က ပထမဆုံး အနုမြူဗုံး ပထမဆုံးကြဲကျခဲ့သည့် နှစ် ၇၀ မြောက်အခမ်းအနားကို ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ရှိ ဒေသခံများက ယနေ့တွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
    အဆိုပါ အခမ်းအနားအား ဟီရိုရှီးမားရှိ အောက်မေ့ဖွယ် ပန်းခြံတွင် ပြုလုပ်ခဲ့ပြီး လူပေါင်း ၄၀၀၀၀ ခန့်ပါဝင်ခဲ့ကာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။ ထို့ပြင် ထောင်ပေါင်းများစွာသော ပြည်သူများမှာ မီးအိမ်များကို မိုတိုယာဆု မြစ်အတွင်းသို့ မျှောချခဲ့ကြသည်။
    အန်ဂိုလာဂေးဟုခေါ်သည့် B-29 အမေရိကန်ဗုံးကြဲလေယာဉ်မှာ အနုမြူဗုံးကို ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက် နံနက် ၈ နာရီ ၁၀ မိနစ်ဝန်းကျင်တွင် ဟီရိုရှီးမား မြို့လယ်ခေါင်သို့ ကြဲချခဲ့ပြီး အနည်းဆုံး လူပေါင်း ၁၄၀၀၀၀ ခန့် သေဆုံးခဲ့သည်။ ၇ သိန်းမှာ ချက်ခြင်းသေဆုံးခဲ့ကာ ရေဒီယိုအဆိပ်သင့်မှုမှ ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ် ဒဏ်ရာများကြောင့် နောက်ပိုင်း၊ ရက်များ၊ သီတင်းပတ်များ၊ လများတွင် တစ်ဖြည်းဖြည်း သေဆုံးခဲ့ကြသည်။
    ဟီရိုရှီးမား၌ ဗုံးကြဲချချိန် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ခေါင်းလောင်းတီးခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ ဂျပန်ပြည်သူများကလည်း တစ်မိနစ်ခန့် ငြိမ်သက်ခဲ့ကြသည်။
    အမေရိကန်မှာ ဟီရိုရှီးမားသို့ နျူကလီးယားဗုံးကြဲပြီး ၃ ရက်အကြာတွင် နာဂါဆာကီမြို့သို့လည်း အနုမြူဗုံး ထပ်မံကြဲချခဲ့သည်။
    Ref: BBC
  • ပက်ဒရိုအပြောင်းအရွှေ့အတွက် ဘာကာနှင့် မန်ယူ သဘောတူ
    ပက်ဒရိုအပြောင်းအရွှေ့အတွက် ဘာကာနှင့် မန်ယူ သဘောတူ
    သြဂုတ် ၆၊ ၂၀၁၅
    M-Media
    pedro
    – တိုက်စစ်မှူး ပက်ဒရို အပြောင်းအရွှေ့နှင့်ပတ်သက်၍ ဘာစီလိုနာနှင့် မန်ယူတို့မှာ သဘောတူညီချက် ရရှိခဲ့ပြီး လာမည့်တစ်ပတ် ယူအီးအက်ဖ်အေ စူပါဖလားပြီးနောက်ပိုင်းမှ မန်ယူသို့ ရောက်လာနိုင်ဖွယ်ရှိသည်ဟု သိရသည်။
    ပြောင်းရွှေ့ကြေး ကနဦး ပေါင် ၁၈.၁ သန်းနှင့် နောက်ထပ် ဘောနပ်စ် ပေါင် ၄.၂ သန်းတို့ဖြင့် ၎င်းတို့နှစ်သင်းမှာ သဘောတူညီချက် ရရှိထားသော်လည်း ပက်ဒရိုနှင့် မန်ယူတို့မှာ ပုဂ္ဂိုလ်ရေးအရ သဘောတူညီချက် မရသေးပေ။
    သို့သော်လည်း ဥရောပချန်ပီယံဖြစ်သော ဘာစီလိုနာမှာ ယူရိုပါလိဂ်ချန်ပီယံ ဆီးဗီးလားအသင်းနှင့် ဥရောပ စူပါဖလားကို လာမည့် အင်္ဂါနေ့တွင် ကစားရန်ရှိနေပြီး ပက်ဒရိုအား ထိုပြိုင်ပွဲတွင် ထည့်သွင်းအသုံးပြုရန် ဆန္ဒရှိနေသည်။
    ထို့ကြောင့် လာမည့်စနေနေ့တွင် ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်အဖြစ် စပါးအသင်းနှင့်ကစားမည့်ပွဲတွင် ပက်ဒရိုမှာ မန်ယူ၌ ပါဝင်ကစားနိုင်မည် မဟုတ်ချေ။
    ပက်ဒရိုမှာ ပြီးခဲ့သည့် ဇွန်လအတွင်းကပင် အသင်းနှင့် ၄ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပြီး ထိုစာချုပ်တွင် ပက်ဒရို အသင်းမှထွက်ခွာလိုပါက ထွက်ခွာနိုင်သည်ဟူသော ခွင့်ပြုချက်ကိုလည်း ထည့်သွင်းထားသည်။ ပက်ဒရိုကိုယ်တိုင်ကလည်း ကစားခွင့် ပိုမိုရရှိမည့်အသင်းတစ်သင်းသို့ ပြောင်းရွှေ့ချင်နေသည်။
    ဗန်ဂါးလ်က ပက်ဒရိုအား ခေါ်ယူချင်နေသည်ဟု မကြာသေးမီက ၀န်ခံပြောဆိုထားသည်။ ပက်ဒရိုမှာ ဘာစီလိုနာအသင်းအတွက် ၃၁၈ ပွဲကစာထားပြီး ၉၈ ဂိုး သွင်းယူပေးထားနိုင်သူဖြစ်သည်။
    Ref: Goal
  • အီရန်နျူသဘောတူညီချက်အား ပယ်ချပါက အရှေ့အလယ်ပိုင်းတွင် စစ်ပွဲဖြစ်လာမည်ဟု အိုဘားမားသတိပေး
    အီရန်နျူသဘောတူညီချက်အား ပယ်ချပါက အရှေ့အလယ်ပိုင်းတွင် စစ်ပွဲဖြစ်လာမည်ဟု အိုဘားမားသတိပေး
    သြဂုတ် ၆၊ ၂၀၁၅
    M-Media
    obama
    – အီရန်နျူသဘောတူညီချက်အား အထက်လွှတ်တော်က ပယ်ချယ်ပါက အရှေ့အလယ်ပိုင်းတွင် စစ်ပွဲတစ်ခု ဖြစ်လာနိုင်သည်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက သတိပေးပြောကြားလိုက်သည်။
    ရီပက်ဘလစ်ကန်ဦးဆောင်သည့် အထက်လွှတ်တော်အနေဖြင့် အဆိုပါ သမိုင်းဝင်သဘောတူညီချက်အား ပယ်ချရေး တိုက်တွန်းရန် အမေရိကန်ဂျူးများကို လှုံ့ဆော်သည့် လှုပ်ရှားမှုကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ယမန်နေ့တွင် စတင်ခဲ့ပြီးနောက် ၀ါရှင်တန်ရှိ တက္ကသိုလ်တစ်ခုတွင် ပြုလုပ်သော မိန့်ခွန်း၌ အိုဘားမားက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
    “ဒါဟာ အင်မတန်ကောင်းတဲ့ သဘောတူညီချက်ပါ။ အစ္စရေးအစိုးရကလွဲလို့ တစ်ကမ္ဘာလုံးက နိုင်ငံတိုင်းဟာ ဒါကို ထောက်ခံခဲ့ကြပါတယ်။ ၀န်ကြီးချုပ်နေတန်ယာဟုရဲ့ တော်တော်လေး သဘောမတူညီမှုကို ကျွန်တော် အသိအမှတ်ပြုပါတယ်။ သူ့ရဲ့ ရိုးသားမှုကို ကျွန်တော် သံသယမရှိပါဘူး။ ဒါပေမယ့် သူ မှားနေတယ်လို့တော့ ကျွန်တော်ယုံကြည်ပါတယ်” ဟု အိုဘားမားက ပြောကြားခဲ့သည်။
    အဆိုပါ သဘောတူညီချက်အရ အီရန်မှာ ၎င်းတို့၏ နျူကလီးယားအစီအစဉ်ကို ရပ်တန့်ပေးရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အီရန်အပေါ်ပြုလုပ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများကိုလည်း အနောက်နိုင်ငံများက ဖယ်ရှားပေးရမည်ဖြစ်သည်။
    အိုဘားမားကမူ ဇူလိုင် ၁၄ ရက်နေ့က ရရှိခဲ့သော ထိုသဘောတူညီချက်အား ပယ်ချပါက အီရန်၏ နျူဗုံးဆီသို့သွားရာလမ်းကြောင်းမှာ အရှိန်မြင့်လာမည်ဖြစ်ပြီး၊ အီရန်အပေါ် ပိတ်ဆို့မှုများ ဖယ်ရှားပေးမည်ဟုသည့် အချက်များကို လိုက်နာရန် ငြင်းဆိုပါကလည်း ကမ္ဘာတစ်ဝှမ်းတွင် အမေရိကန်အပေါ် ယုံကြည်မှုမှာ ဆိုးဆိုးရွားရွား ထိခိုက်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ထို့ပြင် ထိုသဘောတူညီချက်မှာ ခက်ခက်ခဲခဲဖြင့် ရရှိခဲ့သည့် သံတမန်ရေး ဖြေရှင်းချက်ဖြစ်ပြီး တစ်ကမ္ဘာလုံးနီးနီးက တစ်ညီတစ်ညွတ်တည်း ထောက်ခံထားသော အဆိုပါသဘောတူညီချက်ကို ပယ်ချပါက အခြားရွေးချယ်စရာ စစ်ရေးအရေးယူမှုမှာ နောက်ထပ် အထိနာစရာဖြစ်မည်ဟုလည်း အိုဘားမားက ဆိုသည်။
    “အီရတ်စစ်ပွဲကို လက်မခံကြတဲ့ လူတွေတော်တော်များများကပဲ အီရန် နျူသဘောတူညီချက်ကို ဆန့်ကျင်နေကြပါတယ်” ဟု အိုဘားမားကဆိုပြီး အီရန်၏ ကာကွယ်ရေး အသုံးစားရိတ်မှာ အမေရိကန်ပင်လယ်ကွေ့နိုင်ငံများ၏ ကာကွယ်ရေးအသုံးစာရိတ်များထက် ၈ ဆ နည်းပါးသည်ဟုလည်း ထောက်ပြခဲ့သည်။
    Ref: Aljazeera
  • ချယ်ဆီးအသင်း ကစားသမားသစ်များကို ခေါ်ယူမည်မဟုတ်တော့
    ချယ်ဆီးအသင်း ကစားသမားသစ်များကို ခေါ်ယူမည်မဟုတ်တော့
    သြဂုတ် ၆၊ ၂၀၁၅
    M-Media
    morinho
    – အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ နောက်ထပ်ကစားသမားအသစ်များကို ခေါ်ယူသွားမည်မဟုတ်တော့ဟုချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
    အသက်အရွယ်ရနေပြီဖြစ်သည့် ၀ါရင့်နောက်ခံလူ ဂျွန်တယ်ရီ၏နေရာကို ရေရှည်အစားထိုးရန် မော်ရင်ဟိုမှာ အဲဗာတန်နောက်ခံလူ ဂျွန်စတုန်းကို ခေါ်ယူလိုနေပြီး ၂ ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့သော်လည်း အဲဗာတန်အသင်းက ပယ်ချခဲ့သည်။
    “ရာသီတိုင်းမှာ ကျွန်တော်တို့ ဒီလိုမျိုး ထပ်လုပ်ပါတယ်။ ကျွန်တော့်အတွက်တော့ အပြောင်းရွှေ့ဟာ ပြီးဆုံးသွားခဲ့ပါပြီ။ ပြိုင်ပွဲစတဲ့အချိန် လူဝယ်တာမျိုးကို ကျွန်တော် မကြိုက်ပါဘူး။ ဈေးကွက်ဖွင့်ထားတယ်။ ကျွန်တော့်အသင်းကလည်း ၀ယ်လို့ရောင်းလို့ရတယ်။ ဒါပေမယ့် ကျွန်တော် ဒါကို စိတ်မ၀င်စားပါဘူး။ ဘောလုံးအသင်းနည်းပြတစ်ယောက်အနေနဲ့ အခုအချိန်မှာ ကျွန်တော့်ကစားသမားတွေအကြောင်း၊လူစာရင်းအကြောင်းပဲ စဉ်းစားနေပါတယ်။ အပြောင်းအရွှေ့ဈေးကွက်အကြောင်း မစဉ်းစားပါဘူး” ဟု မော်ရင်ဟိုက talkSPORT သို့ ပြောကြားခဲ့သည်။
    ချယ်ဆီးမှာ အော့ဂ်ဘာ့ဂ်အသင်း၏ နောက်ခံလူ ဘာဘာရဟ်မန်အား ခေါ်ယူရန် နီးစပ်နေပြီး နောက်ခံလူ ဖီးလစ်လူးဝစ်မှာ အက်သလက်တီကိုသို့ ပြောင်းရွှေ့ရန် ရှိနေကာ မော်ရင်ဟိုမှာ ဘယ်နောက်ခံလူ ပြဿနာရှိနေသည်။
    “ဘာဖြစ်ဖြစ်ပေါ့ဗျာ။ ကျွန်တော်ကတော့ အပြောင်းအရွှေ့အကြောင်း စဉ်းစားဖို့ တစ်မိနစ်လောက်တောင် အချိန်ကုန်မခံနိုင်ပါဘူး။ ရှိတဲ့ကစားသမားနဲ့ အကောင်းဆုံး ကြိုးစားသွားမှာပါ”
    Ref: Goal
  • ရီယူနီယံကျွန်းတွင် တွေ့ခဲ့သည့် အစိတ်အပိုင်းမှာ MH370 မှဖြစ်သည်ဟု မလေးရှား အတည်ပြု
    ရီယူနီယံကျွန်းတွင် တွေ့ခဲ့သည့် အစိတ်အပိုင်းမှာ MH370 မှဖြစ်သည်ဟု မလေးရှား အတည်ပြု
    သြဂုတ် ၆၊ ၂၀၁၅
    M-Media
    malay
    – ပြီးခဲ့သည့်တစ်ပတ်က အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ပြင်သစ်ပိုင် ရီယူနီယံကျွန်း၌ တွေ့ရှိခဲ့သော လေယာဉ်ပျက်အပိုင်းအစမှာ လွန်ခဲ့သည့် ၁၇ လက ပျောက်ဆုံးသွားသော MH370 လေယာဉ်မှ ဖြစ်သည်ဟု မလေးရှားဝန်ကြီးချုပ် နာဂျစ်ဘ် ရာဇတ်က ယမန်နေ့တွင် အတည်ပြု ပြောကြားလိုက်သည်။
    အဆိုပါ အပိုင်းအစမှာ လေယာဉ်တောင်ပံမှ ဖလာပီရွန်ဟုခေါ်သည့် အပိုင်းအစဖြစ်ပြီး ရီယူနီယံကျွန်း၌ တွေ့ရှိခဲ့ပြီးနောက် ပြင်သစ်နိုင်ငံ တူးလော့စ်မြို့သို့ ယူဆောင်ကာ ပြင်သစ်နှင့် မလေးရှားမှ ပညာရှင်များနှင့် ဘိုးအင်းကုမ္ပဏီမှ ကိုယ်စားလှယ်များက ယမန်နေ့တွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
    “လေယာဉ်ပျောက်ဆုံးသွားပြီး ၅၁၅ ရက်ကြာတဲ့ ဒီနေ့မှာ စိတ်မကောင်းခြင်းများစွာနဲ့ ကျွန်တော်ပြောရမှာကတော့ ရီယူနီယံကျွန်းမှာ တွေ့ခဲ့တဲ့ လေယာဉ်ပျက်အစိတ်အပိုင်းဟာ MH370 က တကယ်ဖြစ်တယ်လို့ နိုင်ငံတကာကျွမ်းကျင်သူတွေက အပြည့်အ၀ အတည်ပြုခဲ့တယ် ဆိုတာပါပဲ။ MH370 လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာရဲ့ တောင်ဘက်ပိုင်းမှာ ဆိုးဆိုးဝါးဝါး အဆုံးသတ်သွားတယ်လို့ ပြီးခဲ့တဲ့နှစ် မတ်လ ၂၄ ရက်နေ့မှာ ကျွန်တော်ကြေညာခဲ့တာရဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်စရာ အထောက်အထား ကျွန်တော်တို့မှာ အခု ရှိနေပါပြီ” ဟု နာဂျစ်ဘ်က ပြောကြားခဲ့သည်။
    ထိုသို့ ကြေညာပြီးနောက်ပိုင်းတွင် ပြင်သစ်တရားသူကြီး တစ်ဦးကလည်း အဆိုပါ လေယာဉ်ပျက်အစိတ်အပိုင်းမှာ MH370 မှ ဖြစ်သည်ဆိုသည်ကို ရှင်းလင်းထားသည့် ကြေညာချက်တစ်စောင် ထုတ်ြပန်ခဲ့သည်။
    ၂၁၀၄ ခုနှစ် မတ်လ ၈ ရက်နေ့က ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းသွားခဲ့သည့် အဆိုပါလေယာဉ်မှာ ၎င်း၏ ဆက်သွယ်ရေးနှင့် ခြေရာခံစနစ်များကို ပိတ်ပြီးနောက် အိန္ဒိယသမုဒ္ဒရာပေါ်တွင် နာရီများစွာ ပျံသန်းခဲ့ကာ နောက်ဆုံးတွင် ပျက်ကျသွားသည်ဟု ယူဆခဲ့ကြသည်။
    မလေးရှားမှ ထိုကဲ့သို့ ကြေညာခဲ့ပြီးနောက် သြစတေးလျက မိမိတို့မှာ ထိုလေယာဉ်ရှာဖွေရေးအတွက် ယုံကြည်ချက်ရှိလာခဲ့ပြီး ရှာဖွေတွေ့လိမ့်မည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။
    Ref: Aljazeera