သြဂုတ် ၁၁၊ ၂၀၁၅
M-Media
– မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးမှုများကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအား ကူညီရေး ရန်ပုံငွေရရှိရန်အတွက် စင်ကာပူကြက်ခြေနီအဖွဲ့ SRC မှာ ပြည်သူများထံမှ တစ်လကြာ အလှူငွေကောက်ခံမှုကို ယနေ့တွင် စတင်ခဲ့သည်ဟု သိရသည်။
ထိုရေဘေးကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၄ ခုကို မြန်မာအစိုးရက ဘေးအန္တရာယ်ကျရောက်သည့် ဒေသများအဖြစ် ကြေညာခဲ့ပြီး၊ သေဆုံးသူ ၁၀၀ ကျော်နှင့် ရေဘးသင့်ပြည်သူ ၁ သန်းနီးပါးရှိသည်ဟု နိုင်ငံပိုင် မီဒီယာတွင် ယမန်နေ့က ဖော်ပြခဲ့သည်။
SRC ကို အဆိုပါအလှူငွေကောက်ခံရေး စတင်မှုအဖြစ် စင်ကာပူအစိုးရက ကန်ဒေါ်လာ ၁ သိန်း လှူဒါန်းရန် ကတိပြုခဲ့သည်။
SRC မှာ မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများအတွက် ကန်ဒေါ်လာ ၁ သိန်းကို ပြီးခဲ့သည့်တစ်ပတ်က ပေးပို့လှူဒါန်းခဲ့ပြီး အဆင့်မြင့်အဖွဲ့တစ်ဖွဲ့မှာလည်း ဧရာဝတီတိုင်းဒေသကြီးရှိ ညောင်တုန်းမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ တိုက်ကြီးမြို့နယ်များကဲ့သို့ ရေလွှမ်းမိုးသည့် ဒေသများသို့ ၃ ရက်ကြာ သွားရောက်ခဲ့ကြသည်။
အဆိုပါအဖွဲ့မှာ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ကြပြီး ရေလွှမ်းမိုးသည့် ဒေသများတွင် သောင်းတင်နေသည့် ပြည်သူများကို လှေများဖြင့် ကယ်ဆယ်ခဲ့သည်။
ထို့ပြင် သဲအိတ်များ၊ ဆန်များ၊ စားသုံးဆီနှင့် ရေသန့်များအပါအ၀င် ကယ်ဆယ်ရေးပစ္စည်းများကိုလည်း ရေဘေးသင့်ပြည်သူများအတွက် ဝေငှခဲ့ကြသည်။ တိုက်ကြီးမြို့ရှိ ယာယီ ကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ ၂၀၀ ခန့်သာ ဆန့်သော်လည်း လူ ၆၀၀ ခန့် ခိုလှုံနေကြရသည်။
အဆိုပါ စခန်းများရှိ တစ်ကိုယ်ရေသုံးပစ္စည်းများ၊ ရေနှင့် အစားသောက်များ ပြတ်လပ်နေသည်ကိုလည်း ထိုအဖွဲ့က တွေ့ခဲ့ရသည်။
“ရေးဘေးသင့်ပြည်သူတွေရဲ့ အရေအတွက်အတိအကျကို ချက်ချင်းလက်ငင်း သေသေချာချာသိရဖို့ ခက်ခဲပါတယ်။ အထူးသဖြင့် ရေဘေးသင့်ပြည်သူတွေဟာ ရေလွှမ်းမိုးမှုကြောင့် သွားရလာရ ခက်ခဲတဲ့ ဒေသတွေမှာ ရှိနေကြတဲ့ အချိန်တွေမှာပါ။ ရေလွှမ်းမိုးမှုအခြေအနေ ဆိုးရွားလာတာကနေ ကျွန်တော်တို့ မျှော်လင့်ရတာကတော့ ရေဘေးသင့်ပြည်သူတွေ တစ်မဟုတ်ချင်း တိုးလာမယ်ဆိုတာပါပဲ” ဟု SRC ၏ စီအီးအိုနှင့် အထွေထွေအတွင်းရေးမှူးဖြစ်သူ ဘင်ဂျမင် ၀ီလီယံက ပြောကြားခဲ့သည်။
SRC မှာ မြန်မာပြည်ရှိ ရေဘေးသင့် လူ့အဖွဲ့အစည်းအတွက် လိုအပ်လာမည့် ဆေးဝါးလိုအပ်ချက်အား ကူညီထောက်ပံ့ပေးရန်လည်း စီစဉ်ထားသည်။
“ရေကနေတစ်ဆင့် ဖြစ်လာတတ်တဲ့ ရောဂါတွေနဲ့ ၀မ်းလျှောမှု၊ အဖျားတို့လို ကျန်းမာရေးအခြေအနေမျိုးတွေ မြင့်တက်လာမယ်လို့ မျှော်လင့်ရတာကြောင့် ရေကြီးမှုမှ ရွာတွေ ရေလွှမ်းတာနဲ့အတူ ဆေးဘက်ဆိုင်ရာမှာ အာရုံစိုက်ဖို့ လိုအပ်ချက်ကို ကျွန်တော်တို့ ကြိုမြင်နေပါတယ်” ဟု ၀ီလီယံက ထပ်လောင်းပြောကြားခဲ့သည်။
Ref: Channelnewsasia









