သြဂုတ် ၇၊ ၂၀၁၅
M-Media
– ယခုနှစ် စီးရီးအေချန်ပီယံဘွဲ့ကို စိန်ခေါ်ရန် ပြင်ဆင်နေသည့် ရိုးမားအသင်းမှာ ချယ်ဆီးတိုက်စစ်မှူး မိုဟာမက် ဆာလာဟ်နှင့် မန်စီးတီးတိုက်စစ်မှူး အက်ဒင် ဇက်ကိုတို့ကို ခေါ်ယူလိုက်ပြီဟု သိရသည်။
ဘော့စနီးယား-ဟာဇိဂိုဗီနာတိုက်စစ်မှူး ဇက်ကိုမှာ အဂူရို၏နောက် ဒုတိယနေရာတွင်သာ ရှိနေသောကြောင့် မန်စီးတီးအသင်းမှ ထွက်ခွာတော့မည်ဟု သတင်းများ ထွက်ပေါ်နေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ ရိုးမားကမူ ပြီးခဲ့သည့် ဇူလိုင်လမှစ၍ ဇက်ကိုအား ခေါ်ယူရန် ဆက်သွယ်ခဲ့ခြင်းဖြစ်ပြီး လကုန်ပိုင်းတွင် သဘောတူညီချက် ရရှိခဲ့သည်။
ထို့နောက် ဇက်ကိုမှာ ရောမသို့ ရောက်ရှိလာခဲ့ပြီဟု ရိုးမားအသင်းက ၎င်းတို့၏ Twitter စာမျက်နှာမှတစ်ဆင့် ယမန်နေ့က ကြေညာခဲ့သည်။
ဇက်ကိုအပြင် ရိုးမားမှာ ချယ်ဆီးအသင်းတွင် နေရာမရသည့် အီဂျစ်တိုက်စစ်မှူး ဆာလာဟ်ကိုလည်း အငှားဖြင့် ခေါ်ယူခဲ့သည်။ ဆာလာဟ်မှာ ပြီးခဲ့သည့်နှစ် ဒုတိယရာသီဝက်ကို ဖီအိုရင်တီးနားအသင်းတွင် ကုန်ဆုံးခဲ့ပြီး ခြေစွမ်းကောင်းများကို ပြသခဲ့သည်။
ယခု အငှားဖြင့် ခေါ်ယူမှုတွင် ၂၀၁၅-၁၆ ဘောလုံးရာသီကုန်လျှင် အပြီးသတ်ခေါ်ယူရန် ခြွင်းချက်တစ်ခုလည်း ပါဝင်ခဲ့သည်။ ဖီအိုရင်တီးနားကမူ ရိုးမား၏ ထိုခေါ်ယူမှုအတွက် ဥပဒေကြောင်းအရ ရင်ဆိုင်ရန် စီစဉ်နေပြီး ဆာလာဟ်၏ အေးဂျင့်ဖြစ်သူကမူ ၎င်း၏ ကစားသမားမှာ ချယ်ဆီးသို့ လွတ်လပ်စွာ ပြန်ခွင့်ရှိပြီး ၎င်း၏အနာဂတ်ကိုလည်း လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည်ဟု ပြောကြားခဲ့သည်။
Ref: Goal









