News @ M-Media

Blog

  • ရမ်ဇာန်ဥပုသ်လတွင် မက္ကာဟ်သို့ ဘုရားဖူးလာသူ ၂၆ သန်းကျော်ရှိ

    သြဂုတ် ၃၊ ၂၀၁၅
    M-Media

    maka

    – ပြီးခဲ့သည့် ရမ်ဇာန်ဥပုသ်လနှင့် အီဒွလ်ဖိသီရ် အီးဒ်ပွဲတော်ကာလအတွင်း ဆော်ဒီအာရေဗျနိုင်ငံသို့ ဘုရားဖူးလာရောက်ကြသူ အရေအတွက်မှာ ၂၆ သန်း ကျော်ခဲ့သည်ဟု မက္ကာမြို့ အုပ်ချုပ်ရေးမှူးက ကြေညာခဲ့သည်။

    “စုစုပေါင်း ရောက်ရှိလာသူ အရေအတွက်ဟာ ၂၆၇၂၉၇၀၉ ဦးရှိပြီး ပြီးခဲ့တဲ့နှစ်ကထက်စာရင် ၄.၆ ရာခိုင်နှုန်း တိုးလာတာဖြစ်ပါတယ်” ဟု မက္ကာဟ်မြို့ အုပ်ချုပ်ရေးမှူး၏ အကြံပေးဖြစ်ပြီး၊ ဆင်ခြေဖုံးဒေသ တိုးတက်ဖွံ့ဖြိုးရေး ကြီးကြပ်ဆောင်ရွက်သူ ဟီရှမ် အလ်-ဖာလေဟ်က ဒေသတွင်း မီဒီယာတစ်ခုသို့ ပြောကြားခဲ့သည်။

    သွားရေးလာရေး ကောင်းမွန်စေရန် ဆော်ဒီအစိုးရမှ စီစဉ်ပေးထားခြင်းက ထိုကဲ့သို့ လူအမြောက်အများ တိုးမြှင့်ရောက်ရှိလာရခြင်း၏ အဓိကအချက်လည်း ဖြစ်သည်။

    အလ်-ဖာလေဟ်ကမူ မက္ကာဟ်မြို့သို့ ၀င်ပေါက်များနှင့် အတွင်းထဲတွင် သယ်ယူပို့ဆောင်ရေးအတွက် ယာဉ်အစီးရေ ၁.၇ သန်းကို အသုံးပြုထားပြီး ဘုရားဖူးများ သွားလိုသည့်နေရာကို ပို့ဆောင်ပေးနိုင်ရန်အတွက် အခြား ယာဉ်အစီးရေ ၆.၆ သန်းကလည်း ၀န်ဆောင်မှုပေးနေသည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ ယာဉ်အရေအတွက်မှာ ပြီးခဲ့သည့်နှစ်ကထက် ၁၅ ရာခိုင်နှုန်း မြင့်တက်လာခြင်းလည်း ဖြစ်သည်။

    ထို့ပြင် စက်တင်ဘာလကုန်တွင် ကျရောက်မည့် ဟဂ်ျဘုရားဖူးကာလတွင်လည်း ဘုရားဖူးခရီးသွားများ ပိုမိုဝင်ရောက်လာနိုင်ရန် မျှော်လင့်ထားသည်။ မြင့်တက်လာသော ဘုရားဖူးများအား နေရာထိုင်ခင်း ပေးနိုင်ရန်အတွက် ဆော်ဒီအစိုးရမှာ ကန်ဒေါ်လာ ၂၀ ဘီလီယံကျော် အသုံးပြုကာ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်အား တိုးချဲ့ အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားသည်။

    Ref: Onislam

  • ရေဘေးသင့်ပြည်သူများအတွက် “MM ရောင်နက်” ဗလီတွင် လှူဒါန်းနိုင်

    ရေဘေးသင့်ပြည်သူများအတွက် “MM ရောင်နက်” ဗလီတွင် လှူဒါန်းနိုင်

    သြဂုတ် ၃၊ ၂၀၁၅
    M-Media

    rn

    မြန်မာနိုင်ငံတစ်ဝှမ်းမှာ ရှိကြတဲ့ ရေဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့ပေးနိုင်ရေး အလှူငွေများ၊ လှူဖွယ်ပစ္စည်းများ လှူဒါန်းကြဖို့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ “MM ရောင်နက်” ဗလီဝတ်ကျောင်းတော်မှာ အစ္စလာမ်ဘာသာဝင်များကို တိုက်တွန်းနှိုးဆော်ထားပါတယ်။

    အဓိကအားဖြင့် အလှူငွေ၊ အစားအသောက်နဲ့ ဆေးဝါးတွေကို လှူဒါန်းကြဖို့ ဗလီရဲ့ ကြော်ငြာသင်ပုန်းမှာ ရေးသားနှိုးဆော်ထားတာဖြစ်ပြီး၊ အလှူလက်ခံဌာနကိုလည်း အဲဒီဗလီဝတ်ကျောင်းတော်မှာပဲ ဖွင့်လှစ်ထားပါတယ်။

    ဗလီဝတ်ကျောင်းတော်ရဲ့ တည်နေရာကတော့ မြယာကုန်းလမ်းနှင့် လမ်း ၁၃၀ ထောင့်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

    နိုင်ငံတစ်ဝှမ်းက ရေဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက “ရေဘေးသင့်ပြည်သူများ ကူညီပံ့ပိုးရေးကော်မတီ” ကို ကျပ် သိန်းပေါင်း ၁၂၀၀ မတည်ကာ သြဂုတ်လ ၁ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး၊ ဆက်သွယ်လှူဒါန်းနိုင်မယ့် နေရာ ၂၀ ကို သတ်မှတ်ပေးထားပါတယ်။

    အနယ်အနယ်အရပ်ရပ်က ဗလီဝတ်ကျောင်းတော်တွေကနေတစ်ဆင့် တစ်နိုင်တစ်ပိုင် စုပေါင်းလှူဒါန်းနေကြတာမျိုးလည်း ရှိနေပြီး ရှေ့ဆောင်အီမ်မာတွေကလည်း အတိဒုက္ခရောက်နေသူတွေကို ကူညီကြဖို့ ပြီးခဲ့တဲ့ သောကြာဒေသနာမှာ ထည့်သွင်း တိုက်တွန်းခဲ့ပါတယ်။

  • နိုင်ငံတကာသတင်းတို (သြဂုတ် ၂၊ ၂၀၁၅)

    သြဂုတ် ၂၊ ၂၀၁၅
    M-Media

    အမေရိကန်တွင် ပြင်းထန်သည့် အဆုပ်ရောင်ရောဂါတစ်မျိုး ကူးစက်ပြန့်နှံ့
    ————————————
    အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ဆိုးရွားသည့် အဆုပ်ရောင်ရောဂါတစ်မျိုးဖြစ်သော Legionnaire ရောဂါ ပြန့်နှံ့ကူးစက်မှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီး ကူးစက်ခံရသူမှာ ဇူလိုင် ၁၀ ရက်နေ့မှစ၍ လက်ရှိအချိန်အထိ ၆၅ ဦး ရှိနေပြီဖြစ်သည်။ ထိုအထဲမှ ၅၅ ဦးကို ဆေးရုံတင်ထားရသည်ဟု ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါ ရောဂါမှာ ရေပူပိုက်များ၊ ရေအေးစက်များ၊ ရေပူကန်များနှင့် ရေငွေ့ပေးစက်များ အပါအ၀င် ရေပိုက်နှင့် စက်ဆပ်သည့် နေရာများတွင် ပေါက်ဖွားသော Legionella
    ဘက်တီးရီးယားကြောင့် ပြန့်နှံ့ဖြစ်ပွားခြင်းဖြစ်ပြီး ရေငွေ့များကို ရှုရှိုက်ခြင်းဖြင့် ကူးစက်နိုင်သည်။ သို့သော်လည်း လူတစ်ဦးမှတစ်ဦးကို ပြန့်နှံ့ကူးစက်နိုင်ခြင်း မရှိပေ။

    ရုရှားစစ်တပ် လေယာဉ်စွမ်းရည်ပြပွဲတွင် ရဟတ်ယာဉ်တစ်စီး ပျက်ကျ မီးလောင်
    ………………………………………
    ရုရှားနိုင်ငံတွင် ယနေ့ပြုလုပ်ခဲ့သော စစ်ဘက်လေယာဉ် စွမ်းရည်ပြသပွဲတွင် Mi-28N စစ်ဘက်ရဟတ်ယာဉ်တစ်စင်း ပျက်ကျကာ မီးလောင်ခဲ့သောကြောင့် လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ လေယာဉ်အုပ်တစ်ခုနှင့်အတူ စတန့် ပြသမှုများ ပြုလုပ်နေစဉ် ရုတ်တရက် အောက်သို့ ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး အခြားလေယာဉ်မှူးတစ်ဦးမှာ မီးလောင်နေသည့် လေယာဉ်မှ ရုန်းထွက်နိုင်ခဲ့သည်။

    ဗဟိုအာဖရိက ပစ်ခတ်မှုအတွင်း ငြိမ်းချမ်းရေးတပ်သားတစ်ဦး သေဆုံး
    ……………………………….
    ဗဟိုအာဖရိကနိုင်ငံ မြို့တော်ဘန်ဂွီမြောက်ဘက်တွင် လက်နက်ကိုင်များနှင့် ကုလ၏ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များအကြား ယနေ့တွင်ဖြစ်ပွားခဲ့သော အပြန်အလှန် ပစ်ခတ်မှုများအတွင်း အနည်းဆုံး ငြိမ်းချမ်းရေးတပ်သားတစ်ဦး သေဆုံးခဲ့သည်။ တရားခံတစ်ဦးအား သွားရောက်ဖမ်းဆီးစဉ် လက်နက်ကိုင်များ၏ ပစ်ခတ်တိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးတပ်သား အများအပြားလည်း ဒဏ်ရာရရှိခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: News Agencies

  • မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးမှုကြောင့် သေဆုံးသူ မြင့်တက်လာနိုင်သည်ဟု ကုလ သတိပေး

    မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးမှုကြောင့် သေဆုံးသူ မြင့်တက်လာနိုင်သည်ဟု ကုလ သတိပေး

    သြဂုတ် ၂၊ ၂၀၁၅
    M-Media

    mya

    – မြန်မာနိုင်ငံတစ်ဝှမ်း ရေဘေးသင့်မှုအတွင်း သေဆုံးသူအရေအတွက်မှာ လာမည့်ရက်များတွင် မြင့်တက်လာနိုင်သည်ဟု ကုလသမဂ္ဂက သတိပေး ပြောကြားလိုက်သည်။

    လက်ရှိအချိန်တွင် ရေလွှမ်းမိုးမှုများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၄ ခုကို သဘာဝဘေးအန္တရာယ် ကျရောက်သည့်ဒေသများအဖြစ် အစိုးရက ကြေညာထားပြီး ရေဘေးကြောင့် ၂၇ ဦး သေဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    သို့သော်လည်း ကယ်ဆယ်ရေးအဖွဲ့များမှာ ဒေသတော်တော်များများသို့ ရောက်ရှိခြင်း မရှိသေးဘဲ ရေလွှမ်းမိုးမှု အဆိုးရွားဆုံး ဒေသများမှ သတင်းများကို စောင့်ဆိုင်းနေရဆဲဖြစ်သည်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ မနီပူးရ်ဒေသတွင်လည်း မိုးသည်းထန်မှုကြောင့် ကျေးရွာတစ်ခုမှာ မြေပြိုမှုအတွင်း နစ်မြုပ်ခဲ့ရပြီး အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့သည်။

    မြန်မာနိုင်ငံတွင် မိုးရာသီ၌ မိုးများရွာသွန်းမှုမှာ ပုံမှန်ဖြစ်သော်လည်း မြန်မာနိုင်ငံသားများကမူ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မိုးကြီးခဲ့သည်ဟု ပြောကြားခဲ့သည်။ ဘင်္ဂလားပင်လယ်အော်တွင် တိုက်ခတ်ခဲ့သည့် ဆိုက်ကလုန်း ကိုမန်ကလည်း ပျက်ဆီးဆုံးရှုံးမှုကို ဆိုးဝါးစေခဲ့သည်။

    လူသားချင်း စာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကုလသမဂ္ဂရုံးကမူ ခရိုင် ၁၂ ခုတွင် ရေကြီးမှုကြောင့် လူပေါင်း ၁၅၆၀၀၀ မှာ ထိခိုက်ခံစားခဲ့ရပြီး ပျက်ဆီးဆုံးရှုံးမှုမှာ သိသိသာသာ မြင့်တက်လာနိုင်သည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။

    Ref: BBC

  • အစ္စလာမ်ဘာသာဝင်များ ရေဘေး ကူညီရေးကော်မတီမှ ဆက်သွယ် လှူဒါန်းနိုင်သည့် ဖုန်းနံပါတ်များ ကြေညာထား

    အစ္စလာမ်ဘာသာဝင်များ ရေဘေး ကူညီရေးကော်မတီမှ ဆက်သွယ် လှူဒါန်းနိုင်သည့် ဖုန်းနံပါတ်များ ကြေညာထား

    သြဂုတ် ၂ ၊ ၂၀၁၅
    M-Media
    သီဟ

    ရေဘေးသင့်ပြည်သူများကို ပံ့ပိုးကူညီနိုင်ဖို့   အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ ရေဘေးသင့်ပြည်သူများပံ့ပိုးကူညီရေး ကော်မတီမှ ဆက်သွယ်လှူဒါန်းနိုင်တဲ့ တာဝန်ခံနှင့် အဖွဲ့များရဲ့ ဖုန်း နံပါတ်များကို ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

    စေတနာရှင် အလှူရှင်များထံမှ ငွေကြေး၊ ဆေးဝါး၊ အဝတ်အထည်၊ ပစ္စည်းများကို လက်ခံရယူ၍ ရေဘေးသင့်ဒေသများသို့ သွားရောက်ဝေငှပေးနေကြောင်း  မိမိတို့ တတ်အားသမျှ နည်းများမဆို ကုသိုလ်ယူ ပါဝင်လှူဒါန်းကြဖို့ တိုက်တွန်းချက်ကိုလည်း အဆိုပါကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

    အစိုးရ အသိအမှတ်ပြု အစ္စလာမ်ဘာသာရေး(၅) ဖွဲ့၊၊ စီးပွားရေးလုပ်ငန်းရှင်များ၊လူငယ်ပရဟိတ အဖွဲ့များ၊ မွတ်စလင် တက္ကသိုလ် ကျောင်းသား၊ကျောင်းသူများပါဝင်တဲ့ အဆိုပါကော်မတီကို မတည်ငွေ သိန်း(၁၂၀၀) ဖြင့် ယမန့်နေ့ သြဂုတ်လ ၁ ရက်နေ့က ရန်ကုန်မြို့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

    ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်ကူညီမှုများ ပေးအပ်နိုင်ရေး ထောက်ပံ့ လှူဒါန်းကြဖို့ ပြည်တွင်းမှာရှိတဲ့ ဗလီဝတ်ကျောင်းတော် ရှေ့ဆောင် အီမာမ်တွေကလည်း ပြီးခဲ့တဲ့ သောကြာဒေသနာမှာ ထည့်သွင်း တိုက်တွန်းနှိုးဆော်ခဲ့ကြကြောင်း သိရှိရပါတယ်။

    မြန်မာနိုင်ငံအနှံအများ ရေကြီးမှုများဖြစ်ပေါ်နေပြီး ပြည်နယ်နှင့် တိုင်း (၄)ခု ကို သဘာဝဘေးအန္တရာယ်ကျရောက်ရာ ဒေသများအဖြစ် အစိုးရက ကြေညာထားပါတယ်။

    ဆက်သွယ်လှူဒါန်းရန် –

    ၁။ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ ၂၄၁၈၈၇
    ၂။ အိုလမာ-အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်၊ ၂၅၃၆၈၃
    ၃။ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်၊ ၂၅၂၆၀၈
    ၄။ မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ် (ဗဟို)၊ ၂၄၁၇၁၇
    ၅။ မြန်မာမွတ်စ်လင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့ မ-မ-လဌာနချုပ်၊ ၂၄၁၂၁၂
    ၆။ မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ် (မ-အ-ဖ)ဌာနချုပ်၊ ၂၉၆၁၃၄
    ၇။ တစ်ခြမ်းပဲ့ ဗလီဝတ်ကျောင်းတော်၊ ရန်ကုန်
    ၈။ အလ်ဟာဂ်ျ ဦးမြင့်လွင်(ငပလီ) ဝ၉၇၃၀၆၆၀ဝဝ
    ၉။ အလ်ဟာဂ်ျ ဦးအောင်နိုင်(မေယု) ဝ၉၅၀ဝ၇၇၃၄
    ၁၀။ အလ်ဟာဂ်ျ ဦးတင်မောင်သန်း (Lion King) ဝ၉၅၆၆၀၉၁၁
    ၁၁။ အလ်ဟာဂ်ျ ဦးအောင်မြင့်(ရတနာမြိုင်) ဝ၉၅၀၁၆၉၉၇
    ၁၂။ ဟာဂျီ ဝလီ (ရန်ကုန်-မက္ကဟ်) ဝ၉၅၀၆၆၆၆၀
    ၁၃။ ဟာဂျီ ဟူစိန်ဘိုင် (အနော်ရထာ) ဝ၉၈၆၂၈၁၂၁
    ၁၄။ အလ်ဟာဂ်ျ ဒေါက်တာ ကျော်သူသိန်း ဝ၉၅၅၀၁၈၁၁
    ၁၅။ အလ်ဟာဂ်ျ ဦးအောင်ထွေး(CAIRO) ဝ၉၅၁၉၂၅၂၈
    ၁၆။ အလ်ဟာဂ်ျ ဦးကျော်မြင့် (Standard Cable) ဝ၉၅၁၆၄၄၇၂
    ၁၇။ အလ်ဟာဂ်ျ ဦးကိုကိုလတ် (Gulf) ဝ၉၈၆၂၇၇၄၇ယ ဝ၉၅၁၇၃၀၂၈
    ၁၈။ အလ်ဟာဂ်ျ ဦးတင်နိုင် (AMT) ဝ၉၈၆၁၅၇၈၆ယ ဝ၉၅၁၀၅၇၃၃
    ၁၉။ အလ်ဟာဂ်ျ ဦးထွန်းမင်း (MTM) ဝ၉၈၅၀၁၄၄၀
    ၂၀။ အလ်ဟာဂ်ျ ဦးသိန်းထွန်း ဝ၉၅၀၁၆၃၇၃

    11825193_469635239867109_1111215045963687743_n