News @ M-Media
Blog
  • ၂၀၁၅ခုနှစ် ခွဲတမ်း ဟဂ်ျ (၂၈၀) ဦးအတွက်  လျှောက်လွှာခေါ်ယူ
    ၂၀၁၅ခုနှစ် ခွဲတမ်း ဟဂ်ျ (၂၈၀) ဦးအတွက် လျှောက်လွှာခေါ်ယူ
    ဇူလိုင် ၂၉ ၊ ၂၀၁၅
    M-Media
    သီဟ
    .
    အစိုးရ မဲဟာဂျီလို့ လူသိများတဲ့ ခွဲတမ်းဟဂ်ျ (၂၈၀)ဦးအတွက် လျှောက်လွှာများ သြဂုတ်လ ၁၂ ရက်နေ့ နောက်ဆုံး ထားပြီး လျောက်ထားနိုင်ကြောင်း (၂၀၁၅)ခုနှစ် ဟဂ်ျစေလွှတ်ရေး ကြီးကြပ်မှုကော်မတီက ကြေညာချက် တစောင် ထုတ်ပြန်လိုက်ပါတယ်။
    လျှောက်လွှာများကို (၃-၈-၂၀၁၅)မှ (၁၂-၈-၂၀၁၅)ရက် အတွင်း တင်ရမှာဖြစ်ပါတယ်။ မဲပေါက်သူ ဟာဂျီလောင်း တစ်ဦးကို U$2,175.(အမေရိကန်ဒေါ်လာ-၂၁၇၅) ဒါမှမဟုတ် အဲဒီ တန်ဖိုးနဲ့ညီမျှတဲ့ မြန်မာကျပ်ငွေ ကာလပေါက်ဈေးနဲ့ ပေးသွင်း ရမှာဖြစ်ပါကြောင်း ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
    မနှစ်က တော့ ခွဲတမ်းဟဂ်ျနှင့် သွားရောက်သူများပေးသွင်းရသည့် ကုန်ကျစရိတ်မှာ ၂၂ သိန်း ၅ သောင်းဖြစ်ခဲ့ပြီး ယခုနှစ်မှာတော့ အမေရိကန်ဒေါ်လာဈေး မြင့်တက်နေတာဖြစ်လို့ ယခုလို အမေရိကန် ဒေါ်လာနှုန်းထားဖြင့် သတ်မှတ် လိုက်တာဖြစ်တယ်လို့ သုံးသပ်ရပါတယ်။
    ၂၀၁၄ ခုနှစ်က ခွဲတမ်းဖြင့် မဟုတ်ဘဲ ပြင်ပမှာ ကုမ္ပဏီများဖြင့် ဟဂ်ျ သွားရောက်ခွင့်ရှိသည့် လူအရေအတွက်မှာ ၃၃၀၀ ခန့် ဖြစ်ပြီး ကုန်ကျစရိတ်မှာ သိန်း ၅၀ မှ ၆၀ အကြား ပေါက်ဈေး ရှိခဲ့ပါတယ်။
    ယခုနှစ်မှာတော့ ဒေါ်လာဈေးမြင့်တက်နေတာကြောင့် ဒီထပ်ပိုပြီး များလာဖွယ်ရာရှိပါတယ်။
    ခွဲတမ်းဟဂ်ျ ကို ယခင်က သာသနာရေးဝန်ကြီးဌာနမှာ တိုက်ရိုက်ကိုင်တွယ်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှစတင်ပြီး အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးကို လုပ်ပိုင်ခွင့် လွှဲအပ်ခဲ့ပဲဖြစ်ပါတယ်။
    အစ္စလာမ်ဘာသာဝင်တွေမှာ မဖြစ်မနေ လိုက်နာကျင့်သုံးရတဲ့ မဏ္ဍိုင်ကြီး (၅) ရပ်အနက် “ဟဂ်ျ” လို့ခေါ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာရွှေမြို့တော်သို့ သွားရောက်ပြီး သာသနာ့ကျင့်စဉ် ကိစ္စရပ်များကို ပြုမူ ဆောင်ရွက်ခြင်းဟာ တစ်ခုအပါအ၀င် ဖြစ် ပါတယ်။ ငွေကြေးတတ် စွမ်းနိုင်သူတို့အဖို့ မဖြစ်မနေ လုပ်ရမဲ့ တာဝန်တစ်ရပ်သာ ဖြစ်ပါတယ်။
    ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး
    အမှတ်(၁၈၄)၊(၃)လွှာ၊ ဗိုလ်ဆွန်ပက်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
    ဖုန်း – ၂၄၁၈၈၇၊၂၅၃၆၈၃၊ ၂၅၂၆၀၈၊ ၂၄၁၇၁၇၊ ၂၄၁၂၁၂၊ ၂၉၆၁၃၄
    (၂၀၁၅)ခုနှစ် မြန်မာ ဟာဂျီလောင်းများအတွက် လျှောက်လွှာ ခေါ်ယူခြင်း
    ရက်စွဲ – ၂၀၁၅ခုနှစ် ၊ ဇူလိုင်လ (၂၈)ရက်
    (၂၀၁၅)ခုနှစ် မြန်မာ ဟာဂျီလောင်းများအတွက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ သက်သာသော နှုန်းထားဖြင့် အမှန်တကယ် ဟဂ်ျပြုလိုကြသည့် အစ္စလာမ်ဘာသာဝင် များသည် (၃-၈-၂၀၁၅)ရက်နေ့မှ (၁၂-၈-၂၀၁၅)ရက်နေ့အတွင်း ဟဂ်ျလျှောက်လွှာများကို  မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးရုံးများတွင် ရယူ လျှောက်ထားနိုင်ကြပါသည်။
    ဟဂ်ျလျှောက်လွှာ လျှောက်ထားသူများသည်-
    (၁) လျှောက်ထားချိန်တွင် အသက်(၁၆)နှစ်ပြည့်ပြီးသူဖြစ်ပြီး အသက်(၆၅)နှစ်ထက်မကြီးသူဖြစ်ရမည်။
    (၂)  တရားတော်က သတ်မှတ်ထားချက်နှင့်အညီ ဟဂ်ျပြုရန် တာဝန်ထိုက်သူဖြစ်ရမည်။
    (၃)  (အဆုတ်၊ အနာကြီး) စသည့် ကူးစက်တတ်သော ရောဂါကင်းရှင်းသူဖြစ်ရမည်။
    (၄)  ရာဇဝတ်ပြစ်မှု ကင်းရှင်းသူဖြစ်ရမည်။
    (၅)  ဟဂ်ျ တကြိမ်တခါမျှ သွားရောက်ခဲ့ခြင်း မရှိသူဖြစ်ရမည်။ (မြန်မာ ဟာဂျီလောင်း (၂၈၀)ဦး အစီအစဉ်သည် တစ်ကြိမ်တစ်ခါမှ ဟဂ်ျမပြုရသေးသူများအတွက် သက်သာသော နှုန်းထားဖြင့် သွားရောက်နိုင်သည့် အခွင့်အရေးဖြစ်သဖြင့် ဟဂ်ျပြုပြီးသူများ (လုံးဝ) လျှောက်ထားခြင်း မပြုရပါ။ အကယ်၍ ဟဂ်ျ သွားခဲ့ပြီးကြောင်း စိစစ်တွေ့ရှိပါက ဟာဂျီလောင်းစားရင်းမှ ပယ်ဖျက်ခြင်း ခံရမည့်အပြင် မိမိပေးသွင်းထားသော ငွေဆုံးရှုံးနိုင်သည်ဖြစ်ကြောင်း သတိချပ်စေလိုပါသည်။)
    (၆)  မဲဟရ်ရမ်အတွဲများအနေဖြင့် တရားတော်နှင့်ညီညွတ်သော (မဲဟရ်ရမ်) အတွဲဖြစ်ရမည်။ နှစ်ဦးထက်ပိုတွဲထားသော မဲဟရ်ရမ် အတွဲများကို လက်ခံမည် မဟုတ်ပါ။ မဲဟရ်ရမ် အတွဲ နှစ်ဦးစလုံး ဟဂ်ျ မပြုဖူးသူများဖြစ်ရမည်။
    (၇) ဓာတ်ပုံနှင့် စာသား ထင်ရှားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့်) ပြု/ဧည့် နိုင်ငံသားကတ်ပြား (သို့) အမျိုးသားမှတ်ပုံတင် မိတ္တူနှင့် အိမ်ထောင်စုလူဦးရေစာရင်း (သန်းခေါင်းစာရင်း) မိတ္တူတို့ကို ပူးတွဲတင်ပြရမည်။
    (၉)  ဗလီ/သာသနာ့စာသင်ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော သာသနာ့ပညာရှင်ဖြစ်ပါက သက်ဆိုင်ရာ ဗလီဝတ်ကျောင်း ဂေါပကအဖွဲ့/ သာသနာ့စာသင်ကျောင်း ကျောင်းအုပ်ကြီး၏ ထောက်ခံချက်ကို ပူးတွဲ တင်ပြရမည်။
    (၁၀)  ဟဂ်ျလျှောက်လွှာများကို လျှောက်ထားသူကိုယ်တိုင် (၁၂-၈-၂၀၁၅)ရက်နေ့ နောက်ဆုံးထားပြီး တင်သွင်းရမည်။
    (၁၁)  လျှောက်ထားသည့်ဦးရေသည် ခွဲတမ်းသတ်မှတ်ထားသည့် (၂၈၀)ဦးထက်ကျော်လွန်ပါက အများရှေ့မှောက်တွင် မဲစနစ်ဖြင့် မဲဖောက်ရွေးချယ်သွားမည်။
    (၁၂)  ဟဂ်ျမဲပေါက်သူ ကိုယ်တိုင် သွားရောက်ရမည်။ (အစားထိုး၍ ကိုယ်စား သွားရောက်ခြင်း လုံးဝ ခွင့်မပြုပါ။)
    (၁၃)  ဟဂ်ျလျှောက်လွှာပုံစံများကို တစ်ဦးချင်းအတွက် ငွေကျပ် (၁၀ဝ၀ိ/-)နှုန်း၊ မဲဟရ်ရမ် အတွဲအတွက် ငွေကျပ်(၂၀ဝ၀ိ/)နှုန်းဖြင့် ရယူနိုင်ကြပါသည်။
    (၁၄)  မဲပေါက်သူ ဟာဂျီလောင်း တစ်ဦးလျှင် အမေရိကန်ဒေါ်လာ(၂၁၇၅) သို့မဟုတ် ယင်းတန်ဖိုးနှင့်ညီမျှသော မြန်မာကျပ်ငွေအား ကာလပေါက်ဈေးနှင့်အညီ ပေးသွင်းရမည်။
    (၁၅)  ဟဂ်ျနှင့်ပတ်သက်၍ မည်သည့်အပိုကြေးမှ ပေးရန် မလိုပါ။ အကယ်၍ တောင်းခံလာပါက မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးသို့ တိုင်ကြားနိုင်ပါသည်။
    (၂၀၁၅)ခုနှစ် ဟဂ်ျစေလွှတ်ရေးကြီးကြပ်မှုကော်မတီ
    Form
  • IS နှင့် အကြမ်းဖက်မှုအား ဆန့်ကျင်ဆန္ဒပြပွဲတစ်ခု အိုင်းရစ်မွတ်စလင်များ ပြုလုပ်
    IS နှင့် အကြမ်းဖက်မှုအား ဆန့်ကျင်ဆန္ဒပြပွဲတစ်ခု အိုင်းရစ်မွတ်စလင်များ ပြုလုပ်
    ဇူလိုင် ၂၉၊ ၂၀၁၅
    M-Media
    irish
    – ပြီးခဲ့သည့်လအတွင်း တူနီးရှားနိုင်ငံ၌ အိုင်ယာလန်နိုင်ငံသားများ အသတ်ခံရမှုကို ဆန့်ကျင်ရန်နှင့် အစ္စလာမ်၏ အမည်နာမအား အလွဲသုံးစားလုပ်နေသော IS အဖွဲ့အား ရှုတ်ချရန်တို့အတွက် အိုင်းရစ်မွတ်စလင်များက ချီတက်ဆန္ဒပြမှု တစ်ခုကို ပြီးခဲ့သည့် တနင်္ဂနွေက ပြုလုပ်ခဲ့သည်ဟု သိရသည်။
    အဆိုပါ ချီတက်ဆန္ဒပြမှုကို Not In Our Name အမည်ဖြင့် မြို့တော် ဒက်ဗလင်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး IS ၏ တူနီးရှားတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၃၈ ဦးသေဆုံးခဲ့ပြီး တစ်လအကြာ၌ ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။ သေဆုံးသူများတွင် အိုင်ယာလန်နိုင်ငံသား ၃ ဦး ပါဝင်ခဲ့သည်။
    “IS လက်ဝေခံ အိုင်းရစ်မွတ်စလင်တွေက နည်းနည်းလေးပါ။ ဒါပေမယ့် ကျွန်တော်တို့ သူတို့ရဲ့ မုသာဝါဒတွေကို တားဆီးဖို့ လိုအပ်ပါတယ်” ဟု အဘန့်ချဒ်တောင်းရှိ အလ်-မွတ်စ်တာဖာ ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်အီမာမ်ဖြစ်ပြီး ဆန္ဒပြပွဲကို စီစဉ်ရာတွင် ကူညီပေးခဲ့သူ ဒေါက်တာ ရှိခ် အူမာရ် အလ်-ကွာဒရီက ပြောကြားခဲ့သည်။
    Not In Our Name ချီတက်ဆန္ဒပြမှုကို မွတ်စလင်ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းရေးကောင်စီက ဦးဆောင်စီစဉ်ခြင်းဖြစ်ပြီး IS အကြမ်းဖက်အုပ်စု၏ လူသတ်လှုပ်ရှားမှုမှာ အစ္စလာမ်၏ သွန်သင်မှုများနှင့် လုံးဝဆန့်ကျင်နေသည်ကို ပြသလိုသည့် ရည်ရွယ်ချက်လည်း ပါဝင်သည်။
    ထို့ပြင် ကောင်စီမှာ နိုင်ငံတစ်ဝှမ်းလုံးတွင် ထိုကဲ့သို့ ဆန္ဒပြမှုများပြုလုပ်ရန်လည်း ဖိတ်ခေါ်ခဲ့သည်။
    “လွန်ခဲ့တဲ့နှစ်တွေက တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) ကို ရုပ်ပြောင်ရေးဆွဲမှုနဲ့ပတ်သက်ပြီး မွတ်စလင်တွေဟာ ဒက်ဗလင်မှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ အခုတော့ အကြမ်းဖက်သမားတွေက အစ္စလာမ်နဲ့ မွတ်စလင်တွေကို ဒီရုပ်ပြောင်တွေထက် ပိုပြီးတော့တောင် ထိခိုက်ပျက်ဆီးစေပါတယ်။ အစ္စလာမ်ကြောက်ရောဂါတွေကလည်း ဒီ အကြမ်းဖက်သမားတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် အရှိန်အဟုန်နဲ့ကို မြင့်တက်လာခဲ့ပါတယ်” ဟု အလ်-ကွာဒရီက ပြောကြားခဲ့သည်။
    ထို့ပြင် အစ္စလာမ်အား မပျက်စီးစေသော ရုပ်ပြောင်များအတွက် မွတ်စလင်များအနေဖြင့် ချီတက်ဆန္ဒပြနိုင်လျှင် အစ္စလာမ်၏ သွန်သင်ဆုံးမမှုများကို ဖျက်ဆီးနေသော IS နှင့်ပတ်သက်၍ ဆန္ဒပြနိုင်ရမည်ဖြစ်ကြောင်း၊ မွတ်စလင်များ တိတ်ဆိတ်နေခြင်းက IS အား လက်ခံသူများအဖြစ် အခြားသူများ၏ အထင်မှားအမြင်မှားဖြစ်မှုကို ခံရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    IS အဖွဲ့အား ကမ္ဘာတစ်ဝှမ်းလုံးက၊ အထူးသဖြင့် ငြိမ်းချမ်းမှုကို မြတ်နိုးသော မွတ်စလင်အများစုကြီးက မဖြစ်မနေ ရှုတ်ချရမည်ဟုလည်း ဒေါက်တာ အလ်-ကွာဒရီက ဆိုသည်။
    “အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်မှုအတွက် အစ္စလာမ်မှာ နေရာမရှိပါဘူး။ ဒါတွေနဲ့လည်း သာသနာကို လုံးဝ တန်းညှိလို့ မရပါဘူး။ ကျွန်တော်တို့ရဲ့ တမန်တော်မြတ်ကြီးက အကြမ်းဖက်မှုနဲ့ အစွန်းရောက်ဝါဒကို ဆန့်ကျင်ဖို့ ကျွန်တော်တို့ကို သတိပေးခဲ့ပါတယ်”
    အိုင်ယာလန်နိုင်ငံ၏ ၄.၅ သန်းသော လူဦးရေတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူ အရေအတွက်မှ ၁.၁ ရာခိုင်နှုန်းရှိပြီး၊ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်သူများနှင့် ပြောင်းရွှေ့အခြေချလာသူများကြောင့် မြင့်တက်လျက်ရှိနေသည်။
    Ref: Onislam
  • နိုင်ငံတကာသတင်းတို (ဇူလိုင် ၂၈၊ ၂၀၁၅)
    ဇူလိုင် ၂၈၊ ၂၀၁၅
    M-Media
    ဥရောပနိုင်ငံများမှာ ပို၍ လွတ်လပ်ပြီး အကျိုးစီးပွားကို ကာကွင်သင့်သည်ဟု ပူတင်ပြော
    ………………………………….
    ဥရောပ တိုင်းပြည်များအနေဖြင့် ပို၍ လွတ်လပ်ပြီး အချုပ်အခြာအဏာပိုရှိသည်ကို တွေ့ရပါက ကောင်းမွန်မည်ဖြစ်ပြီး ၎င်းတို့၏ အမျိုးသားအကျိုးစီးပွား၊ ပြည်သူများနှင့် နိုင်ငံများ၏ အကျိုးစီးပွားတို့ကို ကိုယ်တိုင် ကာကွယ်နိုင်သည့် စွမ်းရည်လည်း ရှိသင့်သည်ဟု ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်က ပြောကြားလိုက်သည်။ ထို့ပြင် မည်သည့် စစ်နိုင်ငံရေးအဖွဲ့အစည်းနှင့် ဆက်သွယ်သည်ဖြစ်စေ မိမိတို့၏ အချုပ်အခြာအာဏာမှာ မုချ ဆုံးရှုံးသွားပြီး ၁၉၆၀ ပြည့်နှစ်များတွင် နေတိုးအဖွဲ့မှ ပြင်သစ်နှုတ်ထွက်မှုမှာ အချုပ်အခြာအာဏာကို ပို၍ တောင့်တင်းစေသည်ဟု ထောက်ပြခဲ့သည်။
    ကဒါဖီ၏သားနှင့် ပါတနာဟောင်းများ သေဒဏ်ချမှတ်ခံရ
    ……………………………
    လစ်ဗျားအာဏာရှင်ဟောင်း ကဒါဖီ၏ အသက်ရှင်ကျန်ရစ်သည့် သားဖြစ်သူ ဆအစ်ဖ် အလ်- အစ္စလာမ်မှာ ကာဒါဖီအစိုးရအဖွဲ့ဝင်ဟောင်းများနှင့်အတူ ယနေ့တွင် သေဒဏ် ချမှတ်ခံခဲ့ရသည်။ ထိုအထဲတွင် ကဒါဖီလက်ထက်က ထောက်လှမ်းရေးအကြီးအကဲ၊ ၀န်ကြီးချုပ်ဟောင်း ၂ ဦးတို့ ပါဝင်ပြီး လက်ဖြောင့်တပ်ဖွဲ့ဖြင့် အဆုံးစီရင်ခြင်း ခံရမည်ဖြစ်သည်။ ထို့ပြင် အခြား ၂၃ ဦးကိုလည်း လစ်ဗျားတရားရုံးက ထောင်ဒဏ်နှင့် ငွေဒဏ်များ အသီးသီး ချမှတ်ခဲ့သည်။
    အမေရိကန်အကျဉ်းထောင်တွင် လူမည်းအမျိုးသမီးတစ်ဦး သေဆုံးနေမှု တွေ့ရပြန်
    ……………………………………..
    အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ် ကလိဗ်လန်းမြို့အနီးရှိ အကျဉ်းထောင်တစ်ခုတွင် အသက် ၃၇ နှစ်အရွယ် လူမည်းအမျိုးသမီး ရာလ်ကီနာ ဂျုန်းစ်အား သေဆုံးလျက် တွေ့ခဲ့ရပြီးနောက် မိသားစုဝင်များက စောဒကတက်ခဲ့ကြသည်။ ခင်ပွန်းဟောင်းနှင့် ပြဿနာဖြစ်မှုအတွက် သောကြာနေ့က အဖမ်းခံခဲ့ရသည့် ဂျုန်းစ်မှာ တနင်္လာနေ့တွင် သေဆုံးနေသည်ကို
    တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး အလောင်းစစ်ဆေးမှုများအရ မည်သည့်ဒဏ်ရာမှ မတွေ့ဟု ဆိုသည်။ သို့သော်လည်း မိသားစုဝင်များကမူ ဂျုန်းစ်မှာ မသေဆုံးခင် တစ်ရက်အရင်ကပင် ၎င်းတို့နှင့် ကျန်းကျန်းမာမာ စကားပြောခဲ့သည်ဟု ပြောကြားခဲ့သည်။
    ဆီးရီးယားမြို့တစ်မြို့မှ IS တပ်ဖွဲ့ကို မောင်းထုတ်နိုင်
    ………………………….
    ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဟာဆာကာမြို့တွင် ဆီးရီးယားအစိုးရတပ်များနှင့် ကာ့ဒ်ပြည်သူစစ်များမှာ IS တိုက်ခိုက်ရေးသမားများကို မောင်းထုတ်နိုင်ခဲ့သည်ဟု ဆီးရီးယားအရေး စောင့်ကြည့်အဖွဲ့က ယနေ့တွင် ပြောကြားလိုက်သည်။ အဆိုပါမြို့မှာ မဟာဗျူဟာအရ အချက်အချာကျသည့်မြို့ဖြစ်ပြီး IS အဖွဲ့က လွန်ခဲ့သည့် တစ်လက သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
    Ref: News Agencies
  • လူမျိုး၊ဘာသာမရွေး တက်ရောက်နိုင်သည့် ပညာဒါန သင်တန်းများ သြဂုတ်လ ၃ ရက်နေ့တွင် ထပ်မံဖွင့်လှစ်မည်။
    လူမျိုး၊ဘာသာမရွေး တက်ရောက်နိုင်သည့် ပညာဒါန သင်တန်းများ သြဂုတ်လ ၃ ရက်နေ့တွင် ထပ်မံဖွင့်လှစ်မည်။
    ဇူလိုင် ၂၈၊ ၂၀၁၅
    M-Media
    မိုးစက်
    03-08-2013
    ရန်ကုန်။    ။ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်တွင် ကျူလီယာ မွတ်စလင်သာသနာ့ ရန်ပုံငွေအဖွဲ့ မှ လူမျိုးဘာသာ မရွေး သင်ကြားနိုင်ရန် ဖွင့်လှစ်ထားသော ပညာဒါန သင်တန်းကျောင်းတွင်  (၁၂) ကြိမ်မြောက် ပညာဒါန အခမဲ့ သင်တန်းများအား သြဂုတ်လ (၃) ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
    အဆိုပါသင်တန်းတွင် ကွန်ပျူတာနှင့် ပတ်သက်သည့် ဘာသာရပ်များဖြစ်သော Windows, Microsoft Office, PageMaker, CorelDraw, E-mail, Internet, Adobe Photoshop, Abdoe Illustrator,Abdoe Indesign, A+Hardware ၊ အင်္ဂလိပ်စာ သင်တန်းများဖြစ်သော Basic English Level 1,2, English 4 Skiills, IELTS(Prepartion Course) Grammar Foundation, English for Business နှင့် စက်ချုပ်-မော်တာသင်တန်းများကို အခမဲ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။
    ယင်းသင်တန်းအား ကျိုလီယာမွတ်စလင်မ် သာသနာ့ ရန်ပုံငွေအဖွဲ့မှ ဦးစီးသော အဖွားများ သုခရိပ်သာ အမှတ်(၁) သုခလမ်း၊ ခ ရပ်ကွက် သင်္ဃကျွန်းမြို့နယ် ရန်ကုန်မြို့တွင် လူမျိုးဘာသာ မရွေးတက်ရောက် သင်ကြားနိုင်ကြောင်းသိရှိရသည်။
    ကျူလီယာ မွတ်စလင် သာသနာ့ ရန်ပုံငွေအဖွဲ့မှ ထိုသင်တန်းများအား သုံးလတစ်ကြိမ် ဖွင့်လှစ်လျှက်ရှိပြီး တစ်ကြိမ်တွင် သင်တန်းသူ သင်တန်းသားများ ၃၀၀ နီးပါး တက်ရောက်၍ ပညာများကို ဆည်းပူးလေ့ရှိကြောင်း သိရပါသည်။
    အဆိုပါ ပညာဒါန သင်တန်းကျောင်းမှ သင်တန်းသူ သင်တန်းသား ၃၀၀၀ နီးပါးကို မွေးထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
  • စင်ကာပူတွင် အခမဲ့ ဖုန်းအားသွင်းသည့်နေရာ ၂၀၀ ဖန်တီးပေးသွားမည်
    စင်ကာပူတွင် အခမဲ့ ဖုန်းအားသွင်းသည့်နေရာ ၂၀၀ ဖန်တီးပေးသွားမည်
    ဇူလိုင် ၂၈၊ ၂၀၁၅
    M-Media
    sig
    – စင်ကာပူနိုင်ငံ နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးတွင် မိုဘိုင်းဖုန်း အခမဲ့အားသွင်းနိုင်မည့်နေရာ ၂၀၀ ကို ဖန်တီးပေးသွားမည်ဟု စင်ကာပူစွမ်းအင်ဌာန SP က ယမန်နေ့တွင် ပြောကြားခဲ့သည်။
    အဆိုပါနေရာများကို ဆေးရုံများ၊ တက္ကသိုလ်နှင့် ကောလိပ်များ၊ စာကြည့်တိုက်များနှင့် စူပါမားကတ်တို့ အပါအ၀င် နိုင်ငံအတစ်ဝှမ်းရှိ လူသွားလူလာများသော နေရာများတွင် ထားရှိပေးသွားမည်ဖြစ်သည်။
    အခမဲ့ အားသွင်းနိုင်သည့်နေရာ အနည်းဆုံး ၂၀ ကို လာမည့်လလယ်မတိုင်ခင် ဖန်တီးပေးရန် မျှော်လင့်ထားပြီး နောက်ပိုင်းတွင် လစဉ် နေရာ ၄၀ ကို ဖန်တီးပေးသွားမည်ဖြစ်သည်။ သတ်မှတ်ထားသည့် နေရာ ၂၀၀ စလုံးကို ဒီဇင်ဘာမတိုင်ခင် အပြီးသတ်နိုင်ရန် မျှော်မှန်းထားသည်။
    အဆိုပါ မိုဘိုင်းဖုန်း အားသွင်းနိုင်မည့် ရောတစ်ခုစီတွင် မိုဘိုင်းဖုန်းနှင့် တက်ဘလက်အများစုအတွက် အဆင်ပြေစေရန် မီနီနှင့် မိုက်ခရို USB ခေါင်းများကဲ့သို့ အားသွင်းနိုင်မည့် ခေါင်းပေါင်းစုံပါဝင်သော Slot ၁၀ ခုစီ ပါဝင်မည်ဖြစ်ပြီး မိမိတို့၏ ကိုယ်ပိုင် အားသွင်းကြိုးများကို တပ်ဆင်နိုင်ရန်အတွက် USB port အလွတ်များလည်း ပါဝင်မည်ဖြစ်သည်။
    အဆိုပါ အားသွင်းသည့်နေရာများကို အသုံးပြုရန် ပြည်သူများမှာ အင်္ဂလိပ်၊ တရုတ်၊ မလေးနှင့် တမီလ်ဘာသာစကားများဖြင့် ကွန်ပျူတာစခရင်တွင် ဖော်ပြထားသည့် ညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်သည်။
    ထို့ပြင် မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်၊ Studen pass သို့မဟုတ် ပင်စင်ယူထားသူများအတွက် ထုတ်ပေးထားသော concession card များမှ ဘားကုဒ်များကို စကန်ဖတ်ရန် လိုအပ်ပြီး ၎င်းတို့၏ ဖုန်းများကို အားသွင်းခြင်းမပြုမီ ဂဏန်း ၄ လုံးပါသည့် PIN ကုဒ်တစ်ခုကို ရယူရမည်ဖြစ်သည်။ ဖုန်းအား ပြန်လည်ဖြုတ်လျှင်လည်း ထိုလုပ်ငန်းစဉ်ကို လုပ်ဆောင်ရမည်ဖြစ်သည်။
    စင်ကာပူဆေးရုံကြီး SGH တွင် ယမန်နေ့က ပြုလုပ်ခဲ့သော အဆိုပါအစီအစဉ် မိတ်ဆက်ပွဲအခမ်းအနားတွင် SP အဖွဲ့၏ အမှုဆောင်အကြီးအကဲဖြစ်သော ၀မ် ကင်မ်ယင်က Gift of Power ဟု အမည်ပေးထားသည့် ထိုအစီအစဉ်မှာ စင်ကာပူနိုင်ငံသားများအား ကမ္ဘာကြီးနှင့် အဆက်အသွယ်မပျက်စေရန် ကူညီခြင်းအားဖြင့် ခေတ်သစ်ဘ၀၏ စိတ်ဖိစီးမှုတစ်ခုကို လျှော့ချရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    “ကျွန်တော်တို့အားလုံးနီးပါဟာ မိုဘိုင်းဖုန်းတွေကို အတူ သယ်သွားကြပါတယ်။ ပြီးတော့ အားကုန်သွားမှာကလည်း ပူပင်သောကရောက်စရာ ဖြစ်ပါတယ်။ ဒီအစီအစဉ်က နေစဉ်ဆောင်ရွက်မှုတွေကို လုပ်ဆောင်နေတဲ့အချိန်မှာ စွမ်းအင်တွေ တိုးမြှင့်ရရှိဖို့ ခွင့်ပြုပါလိမ့်မယ်” ဟု ကင်မ်ယင်က ဆိုသည်။
    ယခုလက်ရှိတွင် အဆိုပါအားသွင်းသည့်နေရာ ၈ ခု တပ်ဆပ်ပြီးဖြစ်ကာ အသုံးပြုလျက်ရှိနေသည်။ ထိုအထဲမှ ၃ ခုကို ဆေးရုံကြီးတွင်လည်းကောင်း၊ ၂ ခုကို Academia အဆောက်အဦးတွင်လည်းကောင်း၊ ၁ ခုကို စင်ကာပူအမျိုးသား မျက်စိစင်တာတွင်လည်းကောင်း ထားရှိထားပြီး အခြား ၅ ခုကို စူပါမားကတ်များတွင် တပ်ဆင်ထားရှိသည်။
    Ref: Asiaone