News @ M-Media

Blog

  • အရပ်ဘက် အဖွဲ့အစည်းများ၏ ရေဘေး အလှူခံ နှိုးဆော်လွှာ

    အရပ်ဘက် အဖွဲ့အစည်းများ၏ ရေဘေး အလှူခံ နှိုးဆော်လွှာ

    သြဂုတ် ၁၊ ၂၀၁၅
    M-Media

    IMG_63971704559309IMG_63979982025129

    – မြန်မာနိုင်ငံတစ်ဝှမ်းမှာ ရေးဘေးဒဏ်ခံ ပြည်သူများအတွက် အရေးပေါ်ကူညီထောက်ပံ့ပေးမှုများ ပြုလုပ်နိုင်ရေး ရန်ကုန်မြို့အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေက စုပေါင်းပြီး “ရေဘေးအလှူခံ နှိုးဆော်လွှာ” တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။

    ဇူလိုင် ၃၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီနှိုးဆော်လွှာမှာ ရေဘေးသင့်ပြည်သူများအတွက် ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ ပစ္စည်းများ၊ ရိက္ခာ၊ အ၀တ်အထည်၊ သောက်ရေသန့်နဲ့ အခြား လိုအပ်နေသည်များကို ထောက်ပံ့သွားဖို့အတွက် အရပ်ဘက်အဖွဲ့အစည်းတွေက စီစဉ်နေပြီး စေတနာရှင်တွေအနေနဲ့ ပါဝင်လှူဒါန်းကြဖို့ ဖိတ်ခေါ်ထားပါတယ်။

    အဲဒီအစီအစဉ်ကို ဘာသာပေါင်းစုံက အရပ်ဘက်အဖွဲ့အစည်း ၁၆ ဖွဲ့က ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သင်္ကန်းကျွန်း၊ ဗိုလ်တစ်ထောင်၊ ဒေါပုံနဲ့ ပုဇွန်တောင်မြို့နယ်တွေမှာ အလှူခံဌာန ၇ ခုဖွင့်ပြီး ကောက်ခံလျက် ရှိနေပါတယ်။

    ရေဘေးသင့်ဒေသများကို ၆.၈.၂၀၁၅ ရက်နေ့မှာ စတင်ပြီး သွားရောက်ကူညီပေးသွားမယ်လို့ အဲဒီနှိုးဆော်လွှာမှာ ဖော်ပြထားပါတယ်။

  • ယခုနှစ်တွင် မန်ယူအသင်း ၄-၃-၃ ဖြင့် ကစားသွားမည်

    ယခုနှစ်တွင် မန်ယူအသင်း ၄-၃-၃ ဖြင့် ကစားသွားမည်

    သြဂုတ် ၁၊ ၂၀၁၅
    M-Media

    mu

    – ရာသီကြို စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် လာမည့်ရာသီတွင် မိမိတို့မှာ ၄-၃-၃ ကစားကွက်ဖြင့် ကစားသွားမည်ဟု မန်ချက်စတာယူနိုက်တက်အသင်း၏ နည်းပြဖြစ်သူ လူးဝစ် ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ် ပထမရာသီဝက်တွင် ဗန်ဂါးလ်မှာ ၃-၅-၂ ပုံစံဖြင့် အသင်းအား အထိုင်ချခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပေ။ ချန်ပီယံလိဂ်တွင် တစ်နှစ်ကြာ လစ်လပ်ခဲ့ပြီးနောက် ပြန်လည်ရှင်ပြိုင်ခွင့်ရခဲ့သည့် ယခုနှစ်တွင် ခြေစစ်ပွဲအောင်မြင်ရေးအတွက် ဆိုးရွားသော ရာသီအစကို ဖြတ်ကျော်ရန် ဗန်ဂါးလ်မှာ ရာသီကြိုခြေစမ်းပွဲများတွင် ၎င်း၏ လူစာရင်းအား ပြောင်းလဲအသုံးပြုမှုများ ပြုလုပ်ခဲ့သည်။

    အဆိုပါ ခြေစွမ်းပွဲများတွင် မန်ယူမှာ ကလပ်အမေရိကကို ၁ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း ဘာစီလိုနာအသင်းအား ၃ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သော်လည်း ပီအက်စ်ဂျီအသင်းအား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ထို့နောက် ဗန်ဂါးလ်မှာ ၎င်း၏ နည်းစနစ်ဆိုင်ရာ အစီအစဉ်ကို ဆုံးဖြတ်ခဲ့သည်။

    “ဘာပဲဖြစ်ဖြစ် ၄-၃-၃ ပါပဲ။ ပြီးခဲ့တဲ့နှစ်က ဒုတိယရာသီဝက်မှာ ကျွန်တော်တို့ ဒီပုံစံ ကစားခဲ့ပါတယ်။ ဒါဟာ ကျွန်တော်အသုံးပြုချင်တဲ့စနစ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။ (ခြေစမ်းပွဲတွေမှာ) ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပုံစံနဲ့ ကစားခဲ့သလို၊ ကျွန်တော်တို့ ကစားရမယ့် ပုံစံမျိုနဲ့လည်း ကစားခဲ့ပါတယ်။ အဲဒီအတွက်လည်း ကျွန်တော် ကျေနပ်ခဲ့ပါတယ်” ဟု ဗန်ဂါးလ်က မန်ယူအသင်း၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

    ထို့ပြင် တစ်ခါတစ်ရံတွင် ကွယ်းလယ်ကစားသမားက တိုက်စစ်မှူး၏ အရှေ့ရောက်နေသည်မှာ မကောင်းကြောင်း၊ မိမိတို့၏ တိုက်စစ်မှာ ပြိုက်ဘက်များအပေါ် မူတည်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • အခိုးခံခဲ့ရသော အီရန်၏ အဖိုးတန် အနုပညာလက်ရာများကို အီတလီ လွှဲပြောင်းပေး

    အခိုးခံခဲ့ရသော အီရန်၏ အဖိုးတန် အနုပညာလက်ရာများကို အီတလီ လွှဲပြောင်းပေး

    သြဂုတ် ၁၊ ၂၀၁၅
    M-Media

    iran 3

    – လွန်ခဲ့သည့် ၁၀ နှစ်ခန့်က အခိုးခံရပြီး အီတလီနိုင်ငံသို့ မှောင်ခိုလမ်းကြောင်းမှ ရောက်ရှိခဲ့သည့် အီရန်တို့၏ အနုပညာလက်ရာ ၃၀ ခန့်ကို အီတလီက ပြန်လည်ပေးအပ်ခဲ့သည်ဟု သိရသည်။

    အဆိုပါ အနုပညာလက်ရာများ ပြန်လည်ရရှိရေးအတွက် အီတလီ အနုပညာဆိုင်ရာ တာဝန်ရှိသူများနှင့် အီရန်က နှစ်များစွာ တရားဥပဒေအရ တိုက်ပွဲဝင်ခဲ့ရပြီး အီတလီနိုင်ငံမြောက်ပိုင်း မီလန်မြို့ တရားရုံးမှ အီရန်အား အနိုင်ပေးခဲ့ခြင်းဖြစ်သည်ဟု အီရန်နိုင်ငံပိုင် သတင်းဌာနဖြစ်သော IRNA က ယမန်နေ့တွင် ကြေညာခဲ့သည်။

    အဆိုပါ အနုပညာလက်ရာများတွင် အီရန်နိုင်ငံ၏ အစ္စလာမ့်ခေတ်မတိုင်ခင်နှင့် အစ္စလာမ့်ခေတ်လွန် ပစ္စည်းများ ပါဝင်ပြီး ရောမရှိ အရှေ့တိုင်းအနုပညာဆိုင်ရာ အမျိုးသားပြတိုက်တွင် ပြုလုပ်သည့် အခမ်းအနား၌ အီတလီ အနုပညာဆိုင်ရာ ရဲတပ်ဖွဲ့က အီရန်သံရုံးမှ
    ကိုယ်စားလှယ်များသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။

    အဆိုပါ အခမ်းအနားသို့ ပြတိုက်၏ စီမံခန့်ခွဲရေးရုံးမှ ပါအိုလာ ပီယာဆန်တီနီနှင့် အီရန် ယဉ်ကျေးမှုအမွေအနှစ်အဖွဲ့၏ ဒုတိယအကြီးအကဲဖြစ်သူ မိုဟာမက် ဟာဆန် တာလီဘီယန်တို့လည်း တက်ရောက်ခဲ့ကြသည်။

    ယဉ်ကျေးမှုပစ္စည်းများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်အဖြစ် ၁၉၉၅ ခုနှစ်တွင် ရောမ၌ လက်မှတ်ရေးထိုးခဲ့ကြသော ကုလ၏ “ခိုးယူခံရသော သို့မဟုတ် တရားမ၀င်တင်ပို့ရောင်းချသော ယဉ်ကျေးမှုပစ္စည်းများဆိုင်ရာ သဘောတူညီချက်” ကြောင့် ၎င်းတို့၏ အနုပညာလက်ရာပစ္စည်းများကို အီရန်နိုင်ငံက ယခုကဲ့သို့ ပြန်လည် ရရှိခဲ့ခြင်းဖြစ်သည်ဟု
    တာလီဘီယန်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အဆိုပါ အနုပညာလက်ရာများအား အီရန်အမျိုးသားပြတိုက်သို့ လွှဲပြောင်းပို့ဆောင်ပေးရေး လုပ်ငန်းစဉ်ကို စက်တင်ဘာလ၌ ရောမရှိ အီရန်သံရုံးတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသော တရားဝင်အခမ်းအနားတွင် စတင်မည်ဖြစ်သည်။

    အီရန်သံရုံးအတွက် ဆောင်ရွက်ပေးခဲ့သည့် ရှေ့နေဖြစ်သူ ဒူအီလီယို ကော်တက်ဆာကမူ အဆိုပါ အနုပညာလက်ရာများကို ၂၀၀၇ ခုနှစ်က အီတလီမြောက်ပိုင်း မွန်ဇာမြို့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    Ref: PressTV

  • မိမိအား မနိုင်မှုအတွက် အာဆင်ဝင်းဂါးအား မော်ရင်ဟို ပြက်ရယ်ပြု

    မိမိအား မနိုင်မှုအတွက် အာဆင်ဝင်းဂါးအား မော်ရင်ဟို ပြက်ရယ်ပြု

    သြဂုတ် ၁၊ ၂၀၁၅
    M-Media

    mrn

    – ၎င်းနှင့်တွေ့ဆုံသည့်ပွဲများအတွင်း အနိုင်မရမှုနှင့်ပတ်သက်၍ ချယ်ဆီးနည်းပြ မော်ရင်ဟိုက အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးအား ပျက်ရယ်ပြု ပြောဆိုလိုက်ပြီး၊ တိုနီပူးလစ်မှာ မိမိ ပြိုင်ဘက်ဖြစ်သည်ဟု ဆိုသည်။

    အာဆင်ဝင်ဂါးမှာ မော်ရင်ဟိုနှင့် ယခင်တွေ့ဆုံခဲ့သည့် ၁၃ ကြိမ်တွင် နိုင်ပွဲမရရှိခဲ့ဘဲ မနက်ဖြန်တွင်လည်း ၎င်းတို့ ၂ သင်းမှာ ကွန်မြူနီဒိုင်းအဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

    သို့သော်လည်း မော်ရင်ဟိုကမူ ၀င်းဂါး၏ ထိုမှတ်တမ်းအား ပြက်ရယ်ပြုလိုက်ပြီး အာဆင်နယ်၏ အနိုင်မရခဲ့မှုကို အဆုံးသတ်ရန် အဖြေလည်း ရှာတွေ့လိမ့်မည်ဟု ခနဲ့ခဲ့သည်။ ထို့ပြင် တိုနီပူးလစ်ကသာ မိမိအား အန္တရာယ်အပေးနိုင်ဆုံးဟုလည်း ဆိုသည်။

    “တိုနီပူးလစ်ကို ၂ ကြိမ်ရှုံးခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့တစ်ကြိမ် ၀က်စ်ဘရွန်းနဲ့ တစ်ကြိမ်ပါ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    အာဆင်ဝင်းဂါးအား ထိုကဲ့သို့ ခနဲ့ခဲ့သော်လည်း အာဆင်နယ်မှာ ယခုနှစ်တွင် ချန်ပီယံဆုအတွက် စိန်ခေါ်သူဖြစ်သည်ဟုလည်း မော်ရင်ဟိုက ၀န်ခံခဲ့ကာ မနက်ဖြန်တွင်ကစားမည့် ကွန်မြူနတီဒိုင်းမှာ ချစ်ကျည်ရေးပွဲထက် ပိုလိမ့်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “အာဆင်နယ်ဟာ ချန်ပီယံဆုဖလားအတွက် စိန်ခေါ်သူလို့ ကျွန်တော် အမြဲတမ်း တွေးထားခဲ့ပါတယ်။ ကျွန်တော် လွန်ခဲ့တဲ့ ၂ နှစ်က အင်္ဂလန်ကို ဒုတိယံမိ ပြန်ရောက်လာတဲ့အခါ သူတို့မှာ ကောင်းမွန်တဲ့ လူစာရင်း ရှိလာပါတယ်”

    Ref: Goal

  • ဂျူးများ၏ မီးရှို့တိုက်ခိုက်မှုကြောင့် ၁၈ လအရွယ် ကလေးသေဆုံးမှု ICC သို့ ပါလက်စတိုင်း တိုင်ကြားမည်

    ဂျူးများ၏ မီးရှို့တိုက်ခိုက်မှုကြောင့် ၁၈ လအရွယ် ကလေးသေဆုံးမှု ICC သို့ ပါလက်စတိုင်း တိုင်ကြားမည်

    သြဂုတ် ၁၊ ၂၀၁၅
    M-Media

    pla

    – အစ္စရေးက သိမ်းပိုက်ပိတ်ဆို့ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းတွင် တရားမ၀င် အခြေချနေထိုင်သူဂျူးများက ပါလက်စတိုင်းနေအိမ်ကို မီးရှို့တိုက်ခိုက်မှုအတွင်း ၁၈ လအရွယ် ကလေးငယ် သေဆုံးမှုအတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC သို့ တိုင်ကြားသွားမည်ဟု ပါလက်စတိုင်းအစိုးရက ပြောကြားလိုက်သည်။

    ထို့ပြင် ထိုအဖြစ်အပျက်အတွက် အစ္စရေးအစိုးရတွင် လုံးဝ တာဝန်ရှိသည်ဟု ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ PLO က ဆိုသည်။

    ယမန်နေ့မနက်က ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုကို အစ္စရေးခေါင်းဆောင်များအပါအ၀င် တစ်ကမ္ဘာလုံးက ရှုတ်ချခဲ့ကြသည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ ပါလက်စတိုင်းသမ္မတ မဟ်မူဒ်အဘတ်စ်သို့ ဖုန်းခေါ်ဆိုခဲ့ပြီး အကြမ်းဖက်ဝါဒကို အတူတကွ တိုက်ခိုက်ရမည်ဟု ပြောကြားခဲ့သည်။

    အဘတ်စ်ကမူ ထိုကိစ္စအတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးသို့ တိုင်ကြားရန် နိုင်ငံခြားရေးဝန်ကြီးအား အမိန့်ပေးခဲ့သည်။

    “ကျွန်တော်တို့ တရားမျှတမှုအစစ်အမှန်ကို လိုချင်ပါတယ်။ ဒါပေမယ့် အစ္စရေးက ပေးပါ့မလားဆိုတာကို ကျွန်တော်တို့ သံသယ ရှိပါတယ်” ဟု နာဘလုစ်မြို့ မြောက်ပိုင်းအနီး ဒူးမားရွာတွင် ဖြစ်ပွားခဲ့သည့် အဆိုပါအဖြစ်အပျက်နှင့်ပတ်သက်၍ အဘတ်စ်က ပြောကြားခဲ့သည်။

    ထို့ပြင် ပါလက်စတိုင်းပိုင်နက်များ၌ တရားမ၀င်အခြေချအိမ်ယာများ ဆောက်လုပ်ခြင်းကို အစ္စရေးအစိုးရက အားပေးနေသမျှ ကာလပတ်လုံး ထိုကဲ့သို့ တိုက်ခိုက်မှုများကို လူရမ်းကားများက ဆက်လက်လုပ်ဆောင်နေဦးမည်ဖြစ်ကြောင်း၊ ထိုကိစ္စမှာ မိမိတို့အားလုံးအတွက် စစ်ရာဇ၀တ်မှုနှင့် ဖြစ်ရပ်ဆိုးကြီးဖြစ်ကြောင်း အဘတ်စ်က စောစောပိုင်းတွင် ပြောကြားခဲ့သည်။

    အမေရိကန်အစိုးရကလည်း ထိုတိုက်ခိုက်မှုမှာ ဆိုးရွားသည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း ရှုတ်ချခဲ့ပြီး၊ လူသတ်သမားများအား ဖမ်းဆီးရန် အစ္စရေးကို တိုက်တွန်းခဲ့ကာ နှစ်ဖက် တင်းမာမှုများကိုလည်း ရှောင်ရှားရန် ဆော်သြခဲ့သည်။

    ဂျူးများ၏ မီးရှို့မှုအတွင်း သေဆုံးသွားသူ အသက် ၁၈ လအရွယ် ကလေးငယ်မှာ အလီ စအဒ် ဒါဝါဘက်ရှ်ဆိုသူဖြစ်ပြီး ယမန်နေ့ နေ့လည်ပိုင်းက မိသားစုများမှ မြှုပ်နှံသင်္ဂြိုဟ်ခဲ့သည်။ မိဘနှစ်ပါးနှင့် အသက် ၄ နှစ်အရွယ် အကိုဖြစ်သူတို့မှာလည်း မီးလောင်မှုဒဏ်ရာကို ဆိုးရွားစွာ ခံနေရကာ အစ္စရေးဆေးရုံတစ်ရုံတွင် ဆေးကုသမှု ခံယူလျက်ရှိနေသည်။

    ထိုအဖြစ်အပျက်ကြောင့် ယမန်နေ့က ပါလက်စတိုင်းများမှာ အနောက်ဘက်ကမ်းတွင် ဆန္ဒပြခဲ့ကြပြီး အဆိုပါဆန္ဒပြမှုအတွင်း အစ္စရေးစစ်တပ်က သေနတ်ဖြင့်ပစ်ခတ်ခဲ့ကာ အသက် ၁၄ နှစ်အရွယ် လာအစ် ခါလ်ဒီဆိုသည့် လူငယ်တစ်ဦး ထပ်မံသေဆုံးခဲ့ရသည်။

    Ref: Aljazeera