News @ M-Media

Blog

  • အာရပ်ကမ္ဘာ၏ လူဦးရေ ၃ ပုံ ၁ ပုံ အဟာရချို့တဲ့မှုဒဏ်ကို ခံစားနေရ

    အာရပ်ကမ္ဘာ၏ လူဦးရေ ၃ ပုံ ၁ ပုံ အဟာရချို့တဲ့မှုဒဏ်ကို ခံစားနေရ

    ဒီဇင်ဘာ ၁၇၊ ၂၀၂၁
    M-Media

    -အာရပ်ကမ္ဘာရဲ့ လူဦးရေ သုံးပုံတစ်ပုံလောက်ဟာ ဆာလောင်မွတ်သိပ်မှု၊ အဟာရချို့တဲ့မှုဒဏ် ခံစားနေရတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ (FAO) ရဲ့ နောက်ဆုံးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    အာရပ်ကမ္ဘာရဲ့လူဦးရေ သန်းပေါင်း ၄၂၀ ရှိရာမှာ ၂၀၁၉ ကနေ ၂၀၂၀ အတွင်း အဟာရချို့တဲ့သူအရေအတွက် ၁၆ ရာခိုင်နှုန်းရှိကာ ၆၉ သန်း ရှိလာတာပါ။ ဒါဟာ ပြီးခဲ့တဲ့တစ်နှစ်ကထက် ၄.၈ သန်း တိုးလာတာ ဖြစ်ပါတယ်။

    ပဋိပက္ခတွေ၊ မတည်ငြိမ်မှုတွေ ရှည်ကြာနေတာ၊ ဆင်းရဲမွဲတွေမှု၊ လူတန်းစားမညီမျှမှု၊ ရာသီဥတုပြောင်းလဲမှု၊ သဘာ၀သယံဇာတတွေ ရှားပါးလာတာ၊ ကိုဗစ်ကပ်ရောဂါနဲ့ နွယ်တဲ့ စီးပွားရေးကျဆင်းမှုတွေက ဒီပြဿနာရဲ့ အဓိကအကြောင်းအရင်းတွေ ဖြစ်ပါတယ်။

    “အဟာရချို့တဲ့မှု ပမာဏဟာ ပဋိပက္ခဖြစ်နေတဲ့နိုင်ငံတွေမှာရော၊ မဖြစ်တဲ့နိုင်ငံတွေက လူတန်းစားအားလုံးမှာ ဖြစ်ပွားနေတာပါ။ ၂၀၂၀ ခုနှစ်တွင်း ၁၄၁ သန်းနီးပါးလောက် အစားအစာ လုံလုံလောက်လောက် မရပါဘူး။ ဒါဟာ ၂၀၁၉ ခုနှစ်နဲ့ယှဉ်ရင် ၁၀ သန်းကျော် တိုးလာတာဖြစ်ပါတယ်” လို့ FAO ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ပဋိပက္ခဖြစ်ပွားရာနိုင်ငံတွေ၊ ဒေသတွေမှာ တွေ့ရတဲ့ အဟာရချို့တဲ့မှုပမာဏဟာ ငြိမ်ချမ်းတဲ့ဒေသမှာ တွေ့ရတဲ့ ပမာဏထက် ၆ ဆ မြင့်မားနေတယ်လို့ FAO က တာဝန်ရှိသူ အဘ်ဒူလ်ဟာကင် အလ်ဝေအာက ပြောပါတယ်။

    အာရပ်ကမ္ဘာမှာ ပြီးခဲ့တဲ့နှစ် အဟာရချို့တဲ့မှုဒဏ်ကို အခံရဆုံးနိုင်ငံတွေက ဆိုမာလီယာနဲ့ ယီမင်တို့ဖြစ်ပြီး ဆိုမာလီယာပြည်သူ ၆၀ ရာခိုင်နှုန်း၊ ယီမင်ပြည်သူ ၄၅ ရာခိုင်နှုန်းကျော် ဒီဒဏ်ကို ခံစားနေရတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း အာရပ်ကမ္ဘာမှာ အဟာရချို့တဲ့မှု၊ ဆာလောင်မွတ်သိပ်မှု အရေအတွက်ဟာ ၉၁.၁ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။

    Ref: Aljazeera

  • ဝီဂါဖိနှိပ်မှုတွင် ပါဝင်သည့် တရုတ်ဇီ၀နည်းပညာကုမ္ပဏီများ ပိတ်ဆို့အရေးယူမှုခံရ

    ဝီဂါဖိနှိပ်မှုတွင် ပါဝင်သည့် တရုတ်ဇီ၀နည်းပညာကုမ္ပဏီများ ပိတ်ဆို့အရေးယူမှုခံရ

    ဒီဇင်ဘာ ၁၇၊ ၂၀၂၁
    M-Media

    -နိုင်ငံအနောက်ပိုင်းက လူမျိုးစုငယ်တွေအပေါ် တရုတ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပူးပေါင်းပါဝင်မှုအတွက် တရုတ် ဇီ၀နည်းပညာကုမ္ပဏီတစ်ချို့ကို အမေရိကန်က ပိတ်ဆို့အရေးယူမှု​တွေလုပ်ဆောင်လိုက်ပါတယ်။

    ဇီ၀နည်းပညာကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ကြောင်း အမေရိကန်ကုန်သွယ်ရေးဌာနကနေ မနေ့က ကြေငြာချက်ထုတ်ပြန်ခဲ့သလို၊ တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းဒေသက ပို့ကုန်တွေကို ပိတ်ပင်ရေး ရည်ရွယ်တဲ့ ဥပဒေတစ်ခုကိုလည်း အမေရိကန်လွှတ်တော်က ပြဌာန်းခဲ့ပါတယ်။

    “ဇီ၀နည်းပညာနဲ့ ဆေးဘက်ဆိုင်ရာ တီထွင်ဖန်တီးမှုတွေမှာ လူ့အသက်တွေကို ကယ်တင်နိုင်ပါတယ်။ ကံဆိုးတာက တရုတ်နိုင်ငံဟာ ဒီနည်းပညာတွေကို ပြည်သူလူထုအပေါ် ကန့်သတ်ထိန်းချုပ်ဖို့၊ လူမျိုးစုငယ်တွေ၊ ဘာသာရေးလူနည်းစုတွေကို ဖိနှိပ်ဖို့ အသုံးပြုနေတာပါ” လို့ ကန် ကုန်သွယ်ရေးဝန်ကြီး ဂီနာရိုင်မွန်ဒိုက ပြောပါတယ်။

    ပိတ်ဆို့မှုစာရင်းထဲ ထည့်သွင်းခံလိုက်ရတဲ့ တရုတ် ဇီ၀နည်းပညာကုမ္ပဏီတွေက HMN Internationa၊ Jiangsu Hengtong Marine Cable Systems၊ Jiangsu Hengtong Optic Electric၊ Shanghai Aoshi Control Technology Co Ltd နဲ့ Zhongtian Technology Submarine Cable တို့ ဖြစ်ပါတယ်။

    တရုတ်စစ်တပ်ရဲ့ ဆေးဝါးသိပ္ပံဆိုင်ရာ အကယ်ဒမီနဲ့ လက်အောက်က သုတေသနအဖွဲ့အစည်း ၁၁ ခုကိုလည်း သွင်းကုန်ပိတ်ပင်တဲ့စာရင်းမှာ အမေရိကန် ကုန်သွယ်ရေးဌာနက ထည့်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကလည်း တရုတ်နည်းပညာကုမ္ပဏီ SenseTime ကို ပိတ်ဆို့ အရေးယူမှု ပြုလုပ်ခဲ့ပါတယ်။

    ပိတ်ဆို့အရေးယူမှု ခံရတဲ့ ကုမ္ပဏီတွေဟာ အမေရိကန်ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်လို့ရမှာ မဟုတ်သလို၊ ထုတ်ကုန်တွေကိုလည်း အမေရိကန်ကို တင်ပို့လို့ရမှာ မဟုတ်ပါဘူး။

    နည်းပညာအသုံးပြုပြီး နိုင်ငံအတွင်းက လူနည်းစုတွေအပေါ် ဖိနှိပ်ညှင်းပမ်းမှု တိုးမြှင့်ပြုလုပ်လာတဲ့ တရုတ်ကို တုန့်ပြန်ရေး သမ္မတဘိုင်ဒန်အစိုးရက ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာပါတယ်။ အမေရိကန်လွှတ်တော်ကလည်း ဝီဂါတွေ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ကိစ္စမှာ အမေရိကန်က တရုတ်အစိုးရကို ပြစ်ဒဏ်ပေးနိုင်မယ့် ဥပဒေတွေကို ပြဌာန်းပေးထားပါတယ်။

    Ref: Reuters

  • မြန်မာ့အရေးဖြေရှင်းရန် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး ကျင်းပမည်

    မြန်မာ့အရေးဖြေရှင်းရန် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး ကျင်းပမည်

    ဒီဇင်ဘာ ၁၅၊ ၂၀၂၁
    M-Media

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုက်ဖူဒင်

    -မြန်မာအရေးဆွေးနွေးဖို့နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူမှု ပိုလုပ်ရေး လာမယ့်နှစ်မှာ အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး ကျင်းပဖို့ ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားလိုက်ပါတယ်။

    အာဆီယံကို ၄ ရက်ကြာ အလည်အပတ်ခရီးရောက်ရှိနေတဲ့ ဘလင်ကန်ဟာ ဒီကနေ့ မလေးရှားနိုင်ငံကိုသွားရောက်ခဲ့ပါတယ်။ အင်ဒို-ပစိဖိတ်ဒေသမှာ အာဆီယံဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ ဘလင်ကန်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    သမ္မတဘိုင်ဒန်ဟာ မြန်မာ့အရေး ဖြေရှင်းဖို့ကိစ္စ ထိပ်သီးအစည်းအဝေးလုပ်ဖို့ အာဆီယံခေါင်းဆောင်တွေကို ဖိတ်ကြားထားတယ်လို့လည်း ဘလင်ကန်က ဆိုပါတယ်။

    “လာမယ့်နှစ်မှာ အာဆီယံနဲ့ ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ဖို့အတွက် ကျွန်တော်တို့ မျှော်မှန်းထားပါတယ်”

    အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်က အကြမ်းဖက်မှု၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုတွေကြောင့် မြန်မာနိုင်ငံကအခြေအနေ ပိုဆိုးလာတယ်လို့လည်း ဘလင်ကန်က ပြောပါတယ်။

    “မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး စစ်ခေါင်းဆောင်တွေကို ဖိအားပေးရာမှာ တစ်ဦးချင်းနဲ့ အစုအဖွဲ့အလိုက် ဘယ်လို ထပ်တိုးအရေးယူမှုတွေ လုပ်ရမလဲဆိုတာကို သုံးသပ်ဖို့ ရှေ့လာမယ့်သီတင်းပတ်တွေ၊ လတွေက အရေးပါလာမှာဖြစ်ပါတယ်”

    ထိပ်သီးအစည်းအဝေးလုပ်ရေး သမ္မတဘိုင်ဒန်ရဲ့ ဖိတ်ကြားမှုကို ဇန်နဝါရီ ၁၉ ရက်နေ့လုပ်မယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်သွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာက ပြောပါတယ်။

    မြန်မာ့အရေးဖြေရှင်းရာမှာ အာဆီယံက ထိရောက်တဲ့မူဝါဒ ချမှတ်လုပ်ဆောင်ဖို့ ဘလင်ကန်က တိုက်တွန်းခဲ့သလို မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်သတ်ဖြတ်မှုကို ‘လူမျိုးတုန်းသတ်ဖြတ်မှု’ အဖြစ် သတ်မှတ်ဖို့ မိမိတို့အစိုးရက ဆောင်ရွက်နေတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရေး၊ အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်တန့်ရေး၊ အတိဒုက္ခရောက်နေသူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးဖို့ ခွင့်ပြုရေး အာဏာသိမ်းစစ်ကောင်စီကို ဘလင်ကန်က တိုက်တွန်းခဲ့ပါတယ်။

    Ref: Reuters

  • ကမ္ဘောဒီးယားဝန်ကြီးချုပ်က တပည့်ဖြစ်သူကို မြန်မာ့နိုင်ငံဆိုင်ရာ အာဆီယံကိုယ်စားလှယ် ခန့်မည်

    ကမ္ဘောဒီးယားဝန်ကြီးချုပ်က တပည့်ဖြစ်သူကို မြန်မာ့နိုင်ငံဆိုင်ရာ အာဆီယံကိုယ်စားလှယ် ခန့်မည်

    ဒီဇင်ဘာ ၁၅၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဒုတိဝန်ကြီးချုပ်ကို ခန့်အပ်တာဝန်ပေးဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က စီစဉ်နေပါတယ်။

    ကမ္ဘောဒီးယားဟာ လာမယ့်နှစ် အာဆီယံဥက္ကဌအဖြစ် တာဝန်ယူရမှာပါ။

    မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို အထူးကိုယ်စားလှယ်တစ်ဦးခန့်ကာ ကြားဝင်ဖြေရှင်းပေးဖို့ အာဆီယံက စီစဉ်ထားတာပါ။ ဘရူနိုင်းနိုင်ငံရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးကို အထူးကိုယ်စားလှယ်အဖြစ် ဩဂုတ်လမှာ အာဆီယံက ရွေးချယ်ခဲ့ပေမယ့် အာဏာသိမ်းစစ်ကောင်စီက ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ပါဘူး။

    လာမယ့်နှစ် ကမ္ဘောဒီးယားက ဥက္ကဌအဖြစ် တာဝန်ယူတဲ့အချိန်မှာ ကိုယ်စားလှယ်အသစ် ထပ်ခန့်ဖို့ ရှိနေပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က တပည့်ဖြစ်သူ ပရက်ဆိုခွန်ကို ခန့်အပ်သွားမယ်လို့ ဒီကနေ့ ပနွမ်းပင်က ဟိုတယ်သစ်ဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။

    “ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပရက်ဆိုခွန်ကို အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်မယ်လို့ ကျွန်တော် ဒီကနေ့ အတည်ပြုပါတယ်”

    မြန်မာ့နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူတွေအားလုံးကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းရေးအပါအဝင် ဧပြီလ အာဆီယံထိပ်သီးအစည်းအဝေးမှာ ရထားတဲ့ သဘောတူညီချက်က တာဝန်တွေအတိုင်း အထူးကိုယ်စားလှယ်က ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

    အာဆီယံအဖွဲ့မှာ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ မလေးရှားတို့က အာဏာသိမ်းစစ်ကောင်စီကို ဖိအားပေးကာ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းလိုပေမယ့် ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့က စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ချက်နေတာ ဖြစ်ပါတယ်။

    စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်ကို ဟွန်ဆန်က ပြီးခဲ့တဲ့တစ်ပတ်မှာ ဖိတ်​ခေါ်တွေ့ဆုံခဲ့သလို၊ လာမယ့် ဇန်နဝါရီ လဆန်းပိုင်းမှာလည်း ဟွန်ဆန်ကိုတိုင် မြန်မာနိုင်ငံကိုလာကာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဖို့ရှိနေပါတယ်။

    ဟွန်ဆန်ဟာ ကမ္ဘောဒီးယားကို နှစ်ပေါင်း ၄၀ နီးပါး အုပ်စိုးထားတဲ့ အာဏာရှင်တစ်ယောက်ဖြစ်ပြီး သားဖြစ်သူကို ရာထူးလွှဲပေးဖို့လည်း စီစဉ်နေပါတယ်။

    Ref: The Star

  • မာသာထရီဇာ၏ ပရဟိတအဖွဲ့ကို အဓမ္မဘာသာပြောင်းမှုစွဲချက်ဖြင့် အိန္ဒိယရဲတပ်ဖွဲ့ စစ်ဆေးနေ

    မာသာထရီဇာ၏ ပရဟိတအဖွဲ့ကို အဓမ္မဘာသာပြောင်းမှုစွဲချက်ဖြင့် အိန္ဒိယရဲတပ်ဖွဲ့ စစ်ဆေးနေ

    ဒီဇင်ဘာ ၁၅၊ ၂၀၂၁
    M-Media

    -ခရစ်ယာန်ဘာသာ အဓမ္မကူးပြောင်းခိုင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မာသာထရီဇာ တည်ထောင်ခဲ့တဲ့ ပရဟိတအဖွဲ့ Missionaries of Charity ကို အိန္ဒိယရဲတပ်ဖွဲ့က စုံစမ်းစစ်​​ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    ဒါဟာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ရဲ့ လူနည်းစုခရစ်ယာန်ဘာသာဝင်တွေအပေါ် နှိပ်ကွပ်မှုတွေထဲက ပုံစံတစ်ခုလို့ လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။

    BJP ကြီးစိုးတဲ့ နိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ် ဗာဒိုဒါရာမြို့မှာ Missionaries of Charity ပရဟိတအဖွဲ့က သူတို့စောင့်ရှောက်ထားတဲ့ အမျိုးသမီးငယ်တွေကို လက်၀ါးကပ်တိုင်ဆွဲကြိုးတွေ အတင်းဝတ်ခိုင်းတာ၊ သမ္မာကျမ်းစာ အဓမ္မဖတ်ခိုင်းတာတွေ လုပ်တယ်ဆိုတဲ့ သတင်းကြောင့် စုံစမ်းစစ်​ဆေးမှုတွေ လုပ်နေတယ်လို့ ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။

    ခရစ်ယာန်သာသနာပြုအဖွဲ့တွေက ဟိန္ဒူတွေကို အဓမ္မဘာသာပြောင်းခိုင်းတယ်လို့ စွပ်စွဲပြီး ခရစ်ယာန်တွေအပေါ် ကန့်သတ်နှိပ်ကွပ်မှုတွေကို ပြီးခဲ့တဲ့နှစ်တွေအတွင်း အိန္ဒိယက ပြည်နယ်တစ်ချို့မှာ လုပ်ဆောင်လာပြီး ဝန်ကြီးချုပ် နရန်ဒရာမိုဒီရဲ့ ဇာတိပြည်နယ် ဂူဂျာရတ်လည်း ဒီထဲမှာ ပါဝင်ပါတယ်။

    Missionaries of Charity အဖွဲ့ရဲ့ လုပ်ရပ်တွေကို ကလေးသူငယ်ရေးရာအဖွဲ့တွေ၊ အခြားမြို့မှာရှိတဲ့ အာဏာပိုင်တွေက ​သတင်းပို့လာတာကြောင့် ရဲတပ်ဖွဲ့ကို တိုင်ကြားတာဖြစ်တယ်လို့ ဗာဒိုဒါရာမြို့ရဲ့ လူမှုဖူလှုံရေးဆိုင်ရာ အကြီးအကဲ မာယန့် ထရီဗီဒီက​ ပြောပါတယ်။

    စာကြည့်တိုက်ထဲမှာ သမ္မာကျမ်းစာ ၁၃ အုပ်တွေ့သလို၊ ရိပ်သာက မိန်းကလေးငယ်တွေကို သမ္မကျမ်းစာ အဓမ္မဖတ်ခိုင်းတာကို သိရတယ်လို့ တိုင်ကြားချက်မှာ ဖော်ပြထားပါတယ်။

    Missionaries of Charity ပရဟိတအဖွဲ့ကို နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်တဲ့ ခရစ်ယာန်ကက်သလစ် သီလရှင် မာသာထရီဇာက ၁၉၅၀ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။

    အလ်ဘေးနီးယန်းလူမျိုးဖြစ်တဲ့ မာသာထရီဇာဟာ ဘ၀သက်တမ်းတစ်လျှောက်လုံးကို အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြိုမှာ အခြေချကာ လူသားအကျိုးပြုလုပ်ငန်းတွေလုပ်ရင်း ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။ HIV/AIDS၊ ကျောက်ရောဂါ၊ တီဘီရောဂါ ပပျောက်ရေး၊ စာတတ်မြောက်ရေးကနေ အိန္ဒိယပြည်သူတွေအတွက် နယ်ပယ်စုံမှာ မာသာထရီဇာက ကူညီပေးခဲ့ပြီး နိုင်ငံတကာက ဂုဏ်ပြုဆုတံဆိပ်ပေါင်းများစွာ ရရှိခဲ့သလို ၁၉၇၉ ခုနှစ်မှာ နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့ပါတယ်။

    ခရစ်ယာန်ကက်သလစ်အသင်းတော်ရဲ့ အကြီးအကဲ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ၂၀၁၆ ခုနှစ်မှာ မာသာထရီဇာကို ‘သူတော်စင်’ အဖြစ် သတ်မှတ်ကြေငြာခဲ့ပါတယ်။

    ဟိန္ဒူအမျိုးသားရေးပါတီ BJP ၂၀၁၄ ခုနှစ်မှာ အာဏာရပြီးကတည်းက အိန္ဒိယမှာရှိနေတဲ့ လူနည်းစု ခရစ်ယာန်တွေဟာ ဟိန္ဒူလက်ယာစွန်းရောက်တွေရဲ့ တိုက်ခိုက်မှု၊ အစိုးရရဲ့ ကန့်သတ်နှိပ်ကွပ်မှုတွေကို ပိုမိုခံစားလာရတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

    အခုနှစ်အတွင်းမှာပဲ နိုင်ငံတစ်ဝှမ်း ခရစ်ယာန်ဆန့်ကျင်ရေး တိုက်ခိုက်မှုပေါင်း ၃၀၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။ နောက်ဆုံးအဖြစ်အပျက်က မဒ်ယာပရာဒက်ရှ်ပြည်နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်က ဖြစ်ပွားခဲ့တာပါ။ ခရစ်ယာန်စာသင်ကျောင်းတစ်ခုမှာ ကျောင်းသားတွေ စာမေးပွဲဖြေနေတဲ့အချိန် လူ ၃၀၀ လောက်က ၀ိုင်းပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Reuters