News @ M-Media

Blog

  • နေစွမ်းအင်သုံး နားကြားကိရိယာတစ်ခု ဘရာဇီးလ် တီထွင်

    နေစွမ်းအင်သုံး နားကြားကိရိယာတစ်ခု ဘရာဇီးလ် တီထွင်

    ဇူလိုင် ၂၃၊ ၂၀၁၅
    M-Media

    brazil

    – အကြားအာရုံ ချို့တဲ့သူများအတွက် နေစွမ်းအင်သုံး နားကြားကိရိယာကို ဘရာဇီးလ်နိုင်ငံမှ ကုမ္ပဏီတစ်ခုက တီထွင်ထုတ်လုပ်နိုင်ခဲ့ပြီး ကမ္ဘာ့ပထမဆုံး နေစွမ်းအင်သုံး နားကြားကိရိယာလည်း ဖြစ်လာခဲ့သည်။

    Solar Ear ဟု အမည်ပေးထားသည့် ကုမ္ပဏီက တီထွင်ထုတ်လုပ်လိုက်ခြင်းဖြစ်ပြီး အဆိုပါ နားကြားကိရိယာမှာ နေစွမ်းအင်ဖြင့် ဘတ္ထရီအား ပြန်လည်အားဖြည့်နိုင်မည် ဖြစ်သည်။

    ထို့ပြင် နားကြားကိရိယာ လိုအပ်ချက်ရှိ၊ မရှိကို ဆေးရုံသွားရန်မလိုဘဲ မိမိ၏ အကြားအာရုံချို့တဲ့မှုအား တစ်ကိုယ်ရည် စမ်းသပ်နိုင်မည့် မိုဘိုင်း အက်ပလီကေးရှင်းတစ်ခုကိုလည်း ထိုကုမ္ပဏီက တီထွင်ထုတ်လုပ်ခဲ့သည်။

    ကမ္ဘာတစ်ဝှမ်းတွင် အကြားအာရုံ ချို့တဲ့သူများမှာ သန်းပေါင်း ၃၆၀ ကျော် ရှိနေပြီး အများစုမှာ ၀င်ငွေ အလယ်အလတ်တန်းနှင့် ၀င်ငွေနိမ့်သော နိုင်ငံများမှ ဖြစ်သည်။ နားကြားကိရိယာမှာ ထိုကဲ့သို့သော သူများအတွက် အရေးပါသော ကိရိယာဖြစ်သော်လည်း အကြားအာရုံ ချို့တဲ့သူ စုစုပေါင်း ပမာဏ၏ ၁၀ ရာခိုင်နှုန်းသာ ထိုကိရိယာကို အသုံးပြုနိုင်ကြသည်။

    ထို့ကြောင့် ယခုကဲ့သို့ နေစွမ်းအင်သုံး နားကြားကိရိယာကို တီထွင်နိုင်ခြင်းမှာ ၎င်းတို့အတွက် လက်တွေ့ကြပြီး ငွေရေးကြေးရေးအရ ပိုမိုအဆင်ပြေမည့် အဖြေတစ်ခုလည်း ဖြစ်လာမည်ဖြစ်သည်။

    မသန်စွမ်းသူများမှာ လူ့အဖွဲ့အစည်းအတွင်း ဘေးဖယ်အခံရဆုံး အုပ်စုများဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်ဖြစ်သည်။ ၎င်းတို့မှာ အလုပ်ခန့်ထားမှုတွင် မကြာခဏ လစ်လျူရှုခံရပြီး၊ လူကောင်းများနှင့် တန်းတူပညာသင်ခွင့်ကိုလည်း ငြင်းပယ်ခြင်း ခံနေရသည်။ အကြားအာရုံ ချို့တဲ့သူ အများစုမှာ ၎င်းတို့ တတ်နိုင်လောက်သည့် နားကြားကိရိယာ အကူအညီကို ရရှိပါက ထိုအခြေအနေများကို အလွယ်တစ်ကူပင် ကျော်လွှားနိုင်ကြသည်။

    Ref: Aljazeera

  • ဘာသာရေးနှင့် လူမျိုးရေး ခွဲခြားစော်ကားမှုများ ထိရောက်စွာ အရေးယူမည့် ဥပဒေ ယူအေအီး ပြဌာန်း

    ဘာသာရေးနှင့် လူမျိုးရေး ခွဲခြားစော်ကားမှုများ ထိရောက်စွာ အရေးယူမည့် ဥပဒေ ယူအေအီး ပြဌာန်း

    ဇူလိုင် ၂၃ ၊ ၂၀၁၅
    M-Media

    2159272628

    – ဘာသာရေး၊ ဇာတ်၊ ယုံကြည်မှု၊ အယူဝါဒ၊ အသားအရောင် သို့မဟုတ် တိုင်းရင်းဇာတိတို့ကို အခြေခံ၍ မည်သည့်ခွဲခြားမှု ပုံစံမျိုးကိုမဆို အပြစ်ပေး အရေးယူနိုင်မည့် ဥပဒေတစ်ခုကို သမ္မတ ခါလီဖာ ဘင် ဇယဒ် အလ် နဟ်ယန်၏ အမိန့်ဖြင့် ယူအေအီးနိုင်ငံက ပြဌာန်း လိုက်သည်။

    ၀၂/၂၀၁၅ ဖြင့် ထုတ်ပြန်လိုက်သော အဆိုပါ ဥပဒေသစ်တွင် ဘာသာရေး အမုန်းတရားများ ဖြစ်လာအောင် မီးထိုးပေးခြင်း၊ စကား၊ ရေးသားထားသည့်စာ၊ စာအုပ်များ၊ လက်ကမ်းစာစောင်များ သို့မဟုတ် အွန်လိုင်းမီဒီယာ စသဖြင့် မည်သည့်ပုံစံမျိုးဖြင့်မဆို ဘာသာတရားအား စော်ကားခြင်းတို့ကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားသည်။

    အဘူဒါဘီ၏ တရားသူကြီးချုပ်ဖြစ်သူ အလီ မိုဟာမက် အလ် ဘာလူရှီက အဆိုပါဥပဒေမှာ နိုင်ငံ၏ စည်းလုံးပြီး၊ မတူညီကွဲပြားစွာ ညီညွတ်နေသော လူ့အဖွဲ့အစည်းအတွင်း သွေးကွဲမှုမျိုးစေ့များအား စိုက်ပျိုးရန် မည်သည့်ကြိုးပမ်းမှုကိုမဆို တားမြစ်ဟန့်တားနိုင်မည်ဟု ယမန်နေ့က အခိုင်အမာ ပြောကြားခဲ့သည်။

    ၎င်း၏ ကြေညာချက်တွင် အလ် ဘာလူရှီက အဆိုပါ ခွဲခြားမှုဆန့်ကျင်ရေးဥပဒေမှာ လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းတိုင်းကို ကာကွယ်ရန်၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် ကိုက်ညီသော လေးစားမှု မူဘောင်အတွင်း ထို့ပြင် ပို၍ အရေးကြီးသည့် အာရပ်လူ့အဖွဲ့အစည်း၊ အစ္စလာမ့်လူ့အဖွဲ့တို့အတွင်း ၎င်းတို့၏ တစ်ကိုယ်ရည်လုံခြုံမှုကို အာမခံပေးရန်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထိုဥပဒေတွင် ပြဌာန်ထားသော အပြစ်ပေးမှုများမှာလည်း နိုင်ငံရှိ လူ့အဖွဲ့အစည်းက လက်ခံထားပြီး အမုန်းတရားနှင့် ခွဲခြားမှုတို့ကို ငြင်းပယ်သော အစ္စလာမ့်ယဉ်ကျေးမှု အနှစ်သာရနှင့် ကိုက်ညီသည်ဟုလည်း အလ် ဘာလူရှီက ဆိုသည်။

    ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး အဆိုပါဥပဒေသစ်က ခန္တီတရားပြည့်ဝသော၊ သဘောထားကြီးသော၊ နားလည်လက်ခံတတ်သော ယူအေအီး၏ လူ့ပတ်ဝန်းကျင်အတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်ကို ချပေးရန်အတွက်ဖြစ်ပြီး၊ ဘာသာရေးအမုန်းတရားနှင့် သည်းမခံနိုင်မှုတို့ကို လှုံ့ဆော်သော လုပ်ရပ်များမှ မွေးဖွားရာဇာတိ၊ ယုံကြည်မှု၊ လူမျိုးတို့ကို ထည့်မတွက်ဘဲ ပြည်သူများအား လုံခြုံဘေးကင်းစေရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။

    ထို့ပြင် နိုင်ငံ၏ လုံခြုံရေးကို ပျက်ဆီးစေသော ကြိုးပမ်းမှုပေါင်းစုံမှ လူ့အဖွဲ့အစည်းအား ကာကွယ်ရန် မည်သည့်ပုံစံဖြင့်မဆို အမုန်းတရားဖြန့်ဖြူးမှု၊ သို့မဟုတ် အမုန်းတရားအခြေခံသော ရာဇ၀တ်မှုများဖြစ်စေရန် လှုံ့ဆော်မှု၊ အပြောအဆိုနှင့် မီဒီယာများမှတစ်ဆင့် ပြန့်နှံ့စေမှုတို့အပေါ် တင်းကျပ်သော အရေးယူမှုများကို ပြုလုပ်သွားမည်ဟု အလ် ဘာလူရှီက ထည့်သွင်းပြောကြားခဲ့သည်။

    ဥပဒေ
    ——–
    ယူအေအီးမှ ပြဌာန်းလိုက်သော ထိုဥပဒေသစ်တွင် အခြားသော ဘာသာရေးအုပ်စု သို့မဟုတ် တစ်ဦးတစ်ယောက်ချင်းစီကို ဒိဌိများ သို့မဟုတ် သွေဖည်သူများအဖြစ် သမုတ်သည့် မည်သူ့ကိုမဆို အပြစ်ပေးရန် ပြဌာန်းမှုများလည်း ပါဝင်သည်။

    ဥပဒေတွင် ပါဝင်သည့် ပြဌာန်းချက်များကို ချိုးဖောက်မှုအတွက် အပြစ်ပေးအရေးယူမှုများတွင် ထောင်ဒဏ် ၆ လမှ ၁၀ နှစ်အထိနှင့် ငွေဒဏ် ဒီနာ ၅၀၀၀၀ မှ ၂ သန်းအထိ ပေးဆောင်ရန်တို့ ပါဝင်သည်။

    အဆိုပါ ခွဲခြားမှုဆန့်ကျင်ရေး ဥပဒေတွင် ဘုရားသခင်၊ တမန်တော်များ၊ သူတော်စင်များ၊ ကျမ်းစာများ၊ ၀တ်ပြုရာနေရာများနှင့် သုဿာန်များအား စော်ကားခြင်းဟု မှတ်ယူ၍ရနိုင်သော မည်သည့် ဆောင်ရွက်မှုမျိုးကိုမဆို တားမြစ်ပိတ်ပင်ထားသည်။

    ထို့ပြင် တစ်ဦးတစ်ယောက်ချင်း သို့မဟုတ် လူအစုအဖွဲ့များအပေါ် ဘာသာရေး၊ ဇာတ်၊ အယူဝါဒ၊ လူမျိုး၊ တိုင်းရင်းဇာတိ စသည်တို့ကို အခြေခံ၍ ခွဲခြားဆက်ဆံခြင်းကို တွန်းလှန်ရန် ပြဌာန်းချက်များလည်း ပါဝင်သည်။

    အမုန်းစကားကို ဖြစ်စေသော လုပ်ရပ်များ၊ အွန်လိုင်း၊ ပုံနှိပ်၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့အပါအ၀င် မည်သည့် မီဒီယာပုံစံမျိုးကိုမဆို အသုံးပြု၍ အခြားသူများအပေါ် ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှု ဖြစ်ပေါ်လာအောင် မြှင့်တင်ဆောင်ရွက်ပေးခြင်းတို့ကိုလည်း ထိုဥပဒေက ရှုတ်ချထားသည်။

    အထူးသဖြင့် ဘာသာရေးအမုန်းတရားကို လှုံ့ဆော်ရန် တည်ဆောက်ထားသော မည်သည့် အသင်း၊ အဖွဲ့ကိုမဆို ထိုဥပဒေက တားမြစ်ထားပြီး၊ အမုန်းအခြေခံ ရာဇ၀တ်မှုများနှင့် ဆက်နွယ်သည့် တစ်ဦးတစ်ယောက်ချင်း သို့မဟုတ် အုပ်စု၊ အသင်းအဖွဲ့များနှင့် ၎င်းတို့အား ထောက်ခံသူများကို ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူရန်လည်း အကြံပြုထားသည်။

    ထို့ပြင် ခွဲခြားမှုမျိုးစေ့များ၊ ဘာသာရေး၊ ဇာတိနှင့် လူမျိုးရေးကို အခြေခံကာ တစ်ဦးတစ်ယောက် သို့မဟုတ် တစ်စုတစ်ဖွဲ့အပေါ် အမုန်းမျိုးစေ့များ စိုက်ပျိုးရန်ဟူသော ရည်ရွယ်ချက်ဖြင့် ယူအေအီးနိုင်ငံအတွင်း ပြုလုပ်ကျင်းပသည့် ညီလာခံများ၊ အစည်းအဝေးများကဲ့သို့ မည်သည့်အခမ်းအနားမျိုးကိုမဆို ထိုဥပဒေက တားမြစ်ထားသည်။

    ထိုလုပ်ရပ်များအတွက် ဘဏ္ဍာရေးထောက်ပံ့မှု ရယူခြင်းကိုလည်း အဆိုပါ ဥပဒေသစ်အရ အပြစ်ပေးနိုင်သည်။

    ထိုဥပဒေအား ချိုးဖောက်သော လုပ်ရပ်တွင် ပါဝင်သည့် မည်သူမဆို အာဏာပိုင်များ၏ ရှေ့မှောက်တွင် ကိုယ်တိုင်ကိုယ်ကျ ၀န်ခံရန် ထိုဥပဒေက တိုက်တွန်းထားပြီး၊ ထိုသို့ ဖြောင့်ချက်ပေးပါက ထိုအမှုများအတွက် ပြစ်ဒဏ်ကင်းလွှတ်ခွင့်ပေးနိုင်ရန် တရားရုံးများကို ခွင့်ပြုထားသည့် ပြဌာန်းချက်များလည်း ပါဝင်သည်။

    အမျိုးသမီးများ၊ ကလေးငယ်များ၊ မသန်စွမ်းသူများနှင့် အခြားသူများကဲ့သို့ ယူအေအီးလူ့အဖွဲ့အစည်းရှိ အထူးအခွင့်အရေးပေးထားသော အုပ်စုများကို ကာကွယ်ရန် ရည်ရွယ်ရေးဆွဲထားသည့် ရှိပြီးသား အခြားဥပဒေများနှင့် ထိုဥပဒေသစ်က ဆန့်ကျင်ဘက်ဖြစ်မည် မဟုတ်ချေ။

    ဥပဒေအား အကောင်အထည်ဖော်ခြင်း
    —————————————–
    ခွဲခြားမှုနှင့် အမုန်းတရားဆန့်ကျင်ရေး ယခုဥပဒေသစ်ကို အကောင်အထည်ဖော်ရန် ယူအေအီး၏ ဆောင်ရွက်မှုမှာ နိုင်ငံသားများနှင့် နိုင်ငံ နယ်နမိတ်အတွင်း နေထိုင်ကြသူများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ကာကွယ်ရန် သိမ်မွေ့သည့်ခြေလှမ်းဖြစ်သည်ဟု အီမရိတ် လူ့အခွင့်အရေးအသင်း EHRA မှ ဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဌဖြစ်သူ မိုဟာမက် ဆလီမ်း အလ် ကာဘီက ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါဥပဒေက အမုန်းတရားကို လှုံ့ဆော်ပြီး၊ လူ့အဖွဲ့အစည်းအတွင်း အဖျက်သဘောဆောင်သော၊ သည်းမခံနိုင်သည့် သဘောထားများကို ဖြန့်ချီသူများကို အဆိုပါ ဥပဒေက အပြစ်ပေးသွားမည်ဟု အချို့သောနိုင်ငံများတွင် အဖျက်သဘောဆောင်သည့် အယူအဆများကြောင့် ၀ရုန်းသုန်းကားဖြစ်နေမှုများကို ထောက်ပြ၍ အလ် ကာဘီက ထည့်သွင်းပြောကြားခဲ့သည်။

    “ဒီလိုဥပဒေမျိုးတည်ရှိခြင်းဟာ နိုင်ငံအားလုံးအတွက် အရေးတကြီး လိုအပ်ချက်ပါ။ အထူးသဖြင့် ဆိုရှက်နက်ဝက်တွေမှာ လူမျိုးရေးအမုန်းတရားကို လှုံ့ဆော်နေတဲ့ စိုးရိမ်ဖွယ်ရာ အခုလို အချိန်မျိုးမှာပါ”

    ထို့ပြင် အလ်ကာဘီက ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၂၀၀ ကျော်မှ နိုင်ငံခြားသားများ နေထိုင်ကြသည့် ယူအေအီးတွင် နိုင်ငံသားများနှင့် လာရောက်နေထိုင်သူများ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုကို မီးမောင်းထိုးပြခဲ့ကာ ကုလ၏ ငြိမ်းချမ်းရေး ပြုစုစောင့်ရှောက်ရေးနှင့် ကယ်ဆယ်ရေး နိုင်ငံတကာအဖွဲ့အစည်းမှ ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်သော နှစ်ပတ်လည် အစီရင်ခံစာနှင့်အညီ မတူညီသော နိုင်ငံပေါင်းစုံမှ နိုင်ငံသားများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သော ကမ္ဘာ့တစ်ဝှမ်းရှိနိုင်ငံများတွင် ယူအေအီးမှာ ထိပ်တန်းအဆင့် ရှိနေသည်ဟု ထောက်ပြခဲ့သည်။

    ထောက်ခံကြိုဆို
    —————–
    လူ့အခွင့်ရေးတိုးတက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ဂျီနီဗာစင်တာမှ ဒေါက်တာ ဟာနစ်ဖ် အလ် ကာစင်မ်ကမူ ခွဲခြားမှု၊ အမုန်းတရားနှင့် ဘာသာရေးမထိလေးစားပြုမှု လုပ်ရပ်အားလုံးကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားသည့် အဆိုပါဥပဒေကို ထောက်ခံချီးကျူးခဲ့သည်။

    “ဒီတန်ဖိုးတွေဟာ ကျွန်တော်တို့ရဲ့ အမျိုးသားအမှတ်သညာရဲ့ မဏ္ဍိုင်တွေပါပဲ။ ဒါတွေကို မျိုးဆက်တစ်ခုကနေ နောက်မျိုးဆက်တစ်ခုကို လက်ဆင့်ကမ်းသွားဖို့ နိုင်ငံတော်က ထိန်းသိမ်းထားပါတယ်”

    ဖက်ဒရယ်အမျိုးသားကောင်စီ FNC မှာ ပထမလက်ထောက် ပြောခွင့်ရပုဂ္ဂိုလ်၊ အဘူဒါဘီအစိုးရ အမှုဆောင်အာဏာပိုင်အဖွဲ့ဝင်ဖြစ်ပြီး အဘူဒါဘီ ပညာရေးကောင်စီ၏ အထွေထွေဒါရိုက်တာဖြစ်သူ  ဒေါက်တာ အမာလ် အလ် ကွာဘိုင်စီကလည်း ထိုဥပဒေသစ်ကို ချီးကျူးခဲ့သည်။

    သူမက ဘာသာရေးသည်းခံမှုမှာ ယူအေအီးနိုင်ငံ စတင်တည်ထောင်ကတည်းက ထိန်းသိမ်းလာခဲ့သည့် အဓိကတန်ဖိုးဖြစ်ပြီး အပြန်အလှန်နားလည်မှုရှိသော လူ့အဖွဲ့အစည်းတွင် ကမ္ဘာတစ်ဝှမ်းမှ လူမျိုးပေါင်းစုံ ငြိမ်းချမ်း၊ တည်ငြိမ်စွာ နေထိုင်နေမှုအား ထောက်ပြခဲ့သည်။

    ထို့ပြင် ခွဲခြားမှုနှင့် အမုန်းစကားများကို တိုက်ထုန်ရန် ခေါင်းဆောင်မှုပိုင်းမှ ညွှန်ကြားချက်များကို ယူအေအီးက အမြဲတမ်း အလေးထားသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အီမရိတ် စာရေးဆရာများသမဂ္ဂကလည်း ယခုဥပဒေသစ်ကို ချီးကျူးခဲ့ပြီး အဆိုပါဥပဒေမှာ ယူအေအီးနိုင်ငံအား စတင်တည်ဆောက်ခဲ့သည့် အချိန်ကတည်းက ဖြစ်တည်ခဲ့သော လွတ်လပ်မှု၊ သည်းခံမှု၊ အခြားသူများအား လက်ခံမှု၊ အမြင်၊ အယူအဆ၊ ယုံကြည်ချက်နှင့် အခြားသူများ၏ တန်ဖိုးများကို လေးစားမှု စသည့် စည်းမျဉ်းစည်းကမ်းများကို စုစည်းခိုင်မာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    ယူအေအီးနိုင်ငံမှာ အဆိုပါ စည်းမျဉ်းစည်းကမ်းများကို ဥပဒေစိုးမိုးမှုဖြင့် အာမခံ၊ ကာကွယ်ပေးထားသည်။

    ref: Emirates 24/7 News

  • ခြေစမ်းပွဲအရှုံးက စမ်းသပ်မှုဖြစ်သည်ဟု မော်ရင်ဟိုပြော

    ခြေစမ်းပွဲအရှုံးက စမ်းသပ်မှုဖြစ်သည်ဟု မော်ရင်ဟိုပြော

    ဇူလိုင် ၂၃၊ ၂၀၁၅
    M-Media

    morih

    – ရာသီကြိုခြေစမ်းပွဲတွင် နယူးယောက် ရဒ်ဘူးလ်အသင်းအား ၄ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်မှုမှာ တစ်ဖက်သတ် အနိုင်ရရှိခြင်းထက်ပို၍ အသင်းအတွက် အကျိုးရှိသည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    နိုင်ငံတကာ ချန်ပီယံဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ယမန်နေ့က ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲတွင် ချယ်ဆီးအသင်းမှာ အခွင့်အရေးများကို အသုံးမချနိုင်ခဲ့ဘဲ ထိုကဲ့သို့ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

    မိုရင်ဟိုကမူ ထိုအရှုံးက အသင်းအတွက် စမ်းသပ်မှုဖြစ်သည်ဟု ဆိုသည်။

    “တကယ်လို့ ကျွန်တော်တို့ ၁၀ ဂိုးပြတ်နဲ့ နိုင်ရင်လည်း ဘာမှ ကောင်းသွားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ စမ်းသပ်မှုတစ်ခု လိုချင်ပြီး အဲဒီစမ်းသပ်မှုကို ရခဲ့ပါတယ်။ သူတို့ဟာ သွက်လက်တယ်၊ လျင်မြန်တယ်၊ လှုံ့ဆော်မှုကောင်းတယ်၊ ကျွန်တော်တို့နဲ့ ကစားရတာကို တော်တော်ပျော်ကြပါတယ်။ ကျွန်တော်တို့ထင်ထားတာထက်ပိုပြီး သူတို့က ပိုကောင်းခဲ့ပါတယ်” ဟု မော်ရင်ဟိုက ပွဲအပြီးတွင်
    သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထိုပွဲတွင် ချယ်ဆီးမှာ ဒုတိယပိုင်း၌ ပိုမိုဆိုးရွားခဲ့ပြီး မော်ရင်ဟိုကမူ မိမိမှာ အင်္ဂလန်မှ အကောင်းဆုံးအသင်း၏ နည်းပြဖြစ်သည်ဟု ဆိုသည်။

    “ကျွန်တော်ဟာ အင်္ဂလန်ရဲ့အကောင်းဆုံးအသင်းက နည်းပြတစ်ဦးပါ။ ကျွန်တော်တို့မှာ ထိပ်တန်းကစားသမားတွေရှိတယ်။ အကွဲအပြဲလည်းမရှိပါဘူး။ ခြောက်ရက်မှာ လေ့ကျင့်ခန်း ၁၁ ကြိမ်လောက် ကျွန်တော်တို့ လုပ်ခဲ့ပါတယ်။ ကစားသမားတွေကို ကျွန်တော်ယုံပါတယ်။ ဒီအသင်းနဲ့ ၁၀ ပွဲကစားရင် ကျွန်တော်တို့ ၉ ပွဲ နိုင်ပါတယ်”

    ချယ်ဆီးမှာ ဒုတိယပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းနှင့် စနေနေ့တွင် ကစားရမည်ဖြစ်သည်။

    Ref: Goal

  • နှစ် ၂၀ အတွင်း ဘန်ကောက်မြို့ ရေအောက်ရောက်မည့် အန္တရာယ်ရှိနေ

    နှစ် ၂၀ အတွင်း ဘန်ကောက်မြို့ ရေအောက်ရောက်မည့် အန္တရာယ်ရှိနေ

    ဇူလိုင် ၂၃၊ ၂၀၁၅
    M-Media

    thai

    – ဖွံ့ဖြိုးတိုးတက်လာမှုနှင့် ပင်လယ်ရေမျက်နှာပြင် ဆက်လက်မြင့်တက်လာခြင်းတို့ကြောင့် ထိုင်းနိုင်ငံရှိ ဘန်ကောက်မြို့မှာ လာမည့် နှစ် ၂၀ အတွင်း ရေအောက်သို့ ရောက်ရှိသွားနိုင်သည်ဟု ထိုင်းအမျိုးသား ပြုပြင်ပြောင်းလဲရေးကော်မတီ NRC က ပြောကြားလိုက်သည်။

    ယနေ့တွင်ထုတ်ပြန်သော အစီရင်ခံစာတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုင်းအစိုးရအနေဖြင့် ဘန်ကောက်မြို့ နစ်မြုပ်ခြင်းပြဿနာအား စီမံနိုင်ရန်အတွက် အမျိုးသား ကော်မတီတစ်ခုကို ဖွဲ့စည်းထားရှိသင့်သည်ဟု အကြံပြုခဲ့သည်။

    အထပ် ၂၀ မြင့်သော မိုးမျှော်တိုက်များ ဆောက်လုပ်လာခြင်းနှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ခြင်းတို့က ဘန်ကောက်မြို့ နစ်ဝင်ခြင်းကို ဖြစ်စေပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၀.၅ မီတာနှင့် ၂ မီတာအကြားတွင်တည်ရှိနေသော မြို့တော်မှာ တစ်နှစ်လျှင် ၁၀ မီလီမီတာ
    ရေအောက်သို့ နစ်မြုပ်နေသည်ဟု ရေအရင်းအမြစ် ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

    မြို့ရွာများ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် ကြီးမားသည့် အခြေခံအဆောက်အဦး စီမံကိန်းများက မြေကြီးများအား ပိုမိုနစ်ဝင်စေသည်ဟု ယုံကြည်ရပြီး မြေအောက်ရေများကို စည်းကမ်းမဲ့စွာ အသုံးပြုမှုကလည်း မြို့ကြီး ရေအောက်မြုပ်ဝင်မှုကို ဖြစ်စေသည်ဟု စိုးရိမ်မှုများ
    ရှိနေသည်။

    ထို့ပြင် ဆယ်စုနှများအတွင်း အဆိုးဝါးဆုံး မိုးခေါင်ရေရှားမှုကို ကြုံတွေ့နေရခြင်းကြောင့် အရေးပါ် သောက်သုံးရေ ဖြန့်ဝေပေးရန်အတွက် အရန်ရေများကို သုံးစွဲနေရခြင်းကလည်း ဘန်ကောက်မြို့၏ အခြေအနေကို ပိုမိုဆိုးဝါးစေသည်။

    NRC ကမူ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများအား ပြုပြင်ပြောင်းလဲခြင်း၊ ပိုမိုကောင်းမွန်သည့် ရေအရင်းအမြစ် စီမံခန့်ခွဲမှုများ စီမံဆောင်ရွက်ခြင်းတို့ အပါအ၀င် ထိုပြသနာကို ဖြေရှင်းရန် လုပ်ဆောင်ရမည့် ကိစ္စရပ်အများအပြားကို တင်ပြခဲ့သည်။

    ထို့ပြင် မြို့တော်အား ပြန်လည်နေရာချထားခြင်း သို့မဟုတ် ထိုင်းပင်လယ်ကွေ့တွင် ရေထိန်းနံရံများ တည်ဆောက်ခြင်းတို့ကဲ့သို့ ကန်ဒေါ်လာ ၁၄.၃ ဘီလီယံခန့် ကုန်ကျနိုင်သည့် ချက်ခြင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်း တိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

    ထိုင်းအစိုးရကမူ ထိုတွေ့ရှိချက်များအား ပြန်လည်ဆန်းစစ်ကာ အသေးစိတ်အချက်အလက်များပါသည့် အစီရင်ခံစာကို ၇ ရက်အတွင်း ကက်ဘိနတ်သို့တင်သွင်းရန် တောင်းဆိုခဲ့သည်။

    Ref: Channelnewsasia

  • ဆီးဂိမ်းဘောလုံးပြိုင်ပွဲ၌ လုပ်ပွဲကစားရန် ကြံစည်မှုဖြင့် အင်ဒိုတစ်ဦး ထောင် ၂ နှစ်ခွဲကျ

    ဆီးဂိမ်းဘောလုံးပြိုင်ပွဲ၌ လုပ်ပွဲကစားရန် ကြံစည်မှုဖြင့် အင်ဒိုတစ်ဦး ထောင် ၂ နှစ်ခွဲကျ

    ဇူလိုင် ၂၃၊ ၂၀၁၅
    M-Media

    singa

    – မကြာသေးမီကမှ ကျင်းပပြီးစီးခဲ့သည့် ၂၈ ကြိမ်မြောက် စင်ကာပူဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲတွင် လုပ်ပွဲကစားရန် ပူးပေါင်းကြံစည်မှုဖြင့် အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးကို စင်ကာပူက ဇူလိုင် ၂၁ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်လိုက်သည်ဟု သိရသည်။

    အသက် ၅၂ နှစ်အရွယ် နစီရ်ရွဒ်ဒင်းဆိုသူဖြစ်ပြီး စင်ကာပူနိုင်ငံသားတစ်ဦး အပါအ၀င် အခြား ၂ ဦးနှင့်အတူ အရှေ့တီမော နည်းပြ အော်လန်ဒို မားကွက်စ် ဟင်းနရစ်က်အား မလေးရှားနှင့် ပွဲတွင် အရှုံးပေးရန်အတွက် စင်ကာပူဒေါ်လာ ၁၅၀၀၀ လာဘ်ငွေပေးရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

    ၎င်းတို့ ၃ ဦးနှင့် အော်လန်ဒိုတို့မှာ မေလ ၂၈ ရက်နေ့က စင်ကာပူရှိ Orchid Country Clubတွင် တွေ့ဆုံဆွေးနွေးနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ မေလ ၃၀ ရက်နေ့က ကစားခဲ့သည့် အဆိုပါပွဲတွင် မလေးရှားအသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

    နစီရ်ရွဒ်ဒင်းမှာ ထိုပွဲအား အရှုံးပေးရန်အတွက် တီမောကစားသမား အနည်းဆုံး ၇ ဦးကို လာဘ်ငွေပေးရန် ဆောင်ရွက်မှုဖြင့်လည်း တရားစွဲဆိုခြင်း ခံခဲ့ရသည်။ ၎င်းမှာ အင်ဒိုနီးရှားတွင် ဒိုင်လူကြီးတစ်ဦးအဖြစ် မှတ်ပုံတင်ထားသူဖြစ်ပြီး ဘောလုံးအသင်းများစွာမှ လာဘ်ငွေများ ယူဆောင်မှုဖြင့် အင်ဒိုနီးရှား အာဏာပိုင်များ၏ ၁၀ နှစ်ပိတ်ပင်ခြင်း ခံရသူဖြစ်သည်။

    အင်္ဂါနေ့က ထုတ်ပြန်သော ကြေညာချက်တွင် စင်ကာပူမှ ချစားမှု စုံစမ်းစစ်ဆေးရးကော်မရှင် CPIB က မိမိတို့စင်ကာပူမှာ ချစားမှုကို ချဉ်းကပ်ရာတွင် လုံးဝ သည်းခံမည်မဟုတ်ဘဲ လုပ်ပွဲကစားမှု မည်သည့်ပုံစံမျိုးကိုမဆို လစ်လျူရှုသွားမည်မဟုတ်ဟု ဖော်ပြခဲ့သည်။

    Ref: Straitstimes