News @ M-Media
Blog
  • အီရန်နှင့် နျူသဘောတူညီချက်ကို ဆန့်ကျင်ဆန္ဒပြမှု အမေရိကန်တွင်ပြုလုပ်
    အီရန်နှင့် နျူသဘောတူညီချက်ကို ဆန့်ကျင်ဆန္ဒပြမှု အမေရိကန်တွင်ပြုလုပ်
    ဇူလိုင် ၂၃၊ ၂၀၁၅
    M-Media
    iran
    – အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့ ရရှိခဲ့သော နျူကလီးယား သဘောတူညီချက်အား ဆန့်ကျင်သည့် အနေဖြင့် အစ္စရေးလိုလားသူများနှင့် ရီပက်ဘလစ်ကန်ပါတီကို ထောက်ခံသူများမှာ ယမန်နေ့တွင် နယူးယောက် တိုင်းမ်စကွဲ၌ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
    ဆန္ဒပြမှုတွင် ပါဝင်ခဲ့သူများမှာ အဆိုပါသဘောတူညီချက်ကို အစ္စရေးနှင့် ကမ္ဘာ့လုံခြုံရေးအား ခြိမ်းခြောက်မှုအဖြစ် သမုတ်ခဲ့ကြပြီး အမေရိကန် အထက်လွှတ်တော်အနေဖြင့် ထို သဘောတူညီချက်ကို ပယ်ချရန် တောင်းဆိုခဲ့သည်။
    ပြီးခဲ့သည့် တစ်ပတ်က အီရန်နှင့် အင်အားကြီးနိုင်ငံ ၆ နိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့သည့် ထို သဘောတူညီချက်အရ အီရန်မှာ ၎င်းတို့၏ နျူကလီးယားအစီအစဉ်ကို ရပ်တန့်ရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အမေရိကန်၊ ကုလနှင့် အနောက်နိုင်ငံများက အီရန်အပေါ်
    ပိတ်ဆို့ထားမှုများအား ဖယ်ရှားပေးရမည် ဖြစ်သည်။
    အမေရိကန်တွင် ယခုကဲ့သို့ ဆန္ဒပြမှုမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် အခြားသော အကြီးတန်း တာဝန်ရှိသူများက အထက်လွှတ်တော်အမတ်များကို သဘောတူညီချက်နှင့် စပ်လျဉ်း၍ ယမန်နေ့က တံခါးပိတ် ရှင်းလင်းတင်ပြနေစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အထက်လွှတ်တော် အမတ်တစ်ချို့ကမူ ၎င်းတို့အနေဖြင့် ထိုသဘောတူညီချက်အား မယုံရဲသေးဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
    အဆိုပါဆန္ဒပြပွဲတွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအား ထောက်ခံကြောင်းလည်း ပြသခဲ့သည်။ နေတန်ယာဟုမှာ အီရန်နျူအရေး သဘောတူညီချက်အကို ဝေဖန်ဆန့်ကျင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။
    အမေရိကန်ရှိ အစ္စရေးလိုလားသူနှင့် ရီပက်ဘလစ်ကန်ပါတီအား ထောက်ခံသူများမှာ အီရန်၏ နျူသဘောတူညီချက်ကို ရီပက်ဘလစ်ကန် အမတ်များကြီးစိုးသည့် အထက်လွှတ်တော်မှ လက်ခံခြင်းမပြုရန်အတွက် လှုပ်ရှားမှုများကို ဆက်လက်တိုးမြှင့် ပြုလုပ်သွားရန် ရှိနေသည်။
    သို့သော်လည်း သမ္မတအိုဘားမားအနေဖြင့် အဆိုပါသဘောတူညီချက်အား အထက်လွှတ်တော်မှ ကန့်ကွက်မှုအတွက် ဗီတိုသုံး၍ ပယ်ချရန် အခွင့်အာဏာလည်း ရှိနေသည်။
    Ref: Aljazeera
  • ယခု အာဆင်နယ်မှာ ချန်ပီယံဘွဲ့ကို စိန်ခေါ်နိုင်ပြီဟု ၀င်းဂါးပြော
    ယခု အာဆင်နယ်မှာ ချန်ပီယံဘွဲ့ကို စိန်ခေါ်နိုင်ပြီဟု ၀င်းဂါးပြော
    ဇူလိုင် ၁၃၊ ၂၀၁၅
    M-Media
    winger
    – အတိတ်က အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ်ဖလားအား ရရှိရန် မဖြစ်နိုင်သော်လည်း လက်ရှိအာဆင်နယ်မှာ ချန်ပီယံမျှော်လင့်ချက်အတွက် ယုံကြည်ချက်ရှိနေပြီဟု နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    ပြီးခဲ့သည့်နှစ်က ၀င်းဂါးသက်တမ်းတစ်လျှောက် ရာသီအစ အဆိုးဝါးဆုံးရလဒ်များကို ကြုံတွေ့ခဲ့ရသည့် အာဆင်နယ်အသင်းမှာ ၂၀၀၄ ခုနှစ်မှစ၍ ပရီးမီးယားလိဂ်ဖလားကို မရရှိခဲ့ဘဲ ချယ်ဆီး၊ မန်ယူနှင့် မန်စီးတီးအသင်းတို့၏ ချန်ပီယံဖလား ကိုင်မြှောက်မှုများကိုသာ ကြည့်ရှုခဲ့ရသည်။
    “ဟုတ်ပါတယ်။ အကောင်းဆုံးကစားသမားတွေကို ဆုံးရှုံးရတဲ့အချိန် ပြိုင်ဘက်တွေဟာ သူတို့ရဲ့ လူစာရင်းတွေကို တောင့်တင်းအောင်ကြိုးစားတာကို တွေ့ရတယ်။ ပြီးတော့ သူတို့ဟာ ကိုယ်တွေထက် တောင့်တင်းလာခဲ့ပြီး (ချန်ပီယံဖြစ်ဖို့) မဖြစ်နိုင်ပါဘူး” ဟု ၀င်းဂါးက The Telegraph သို့ ပြောကြားခဲ့သည်။
    သို့သော်လည်း နောက်ပိုင်းတွင် အာဆင်နယ်၏ပေါ်လစီမှာ ပြောင်းလဲလာခဲ့ပြီး ၂၀၁၃ ခုနှစ်က ဂျာမန်ကွင်းလယ်လူ အိုဇေးလ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်း ၄၂ သန်းဖြင့်လည်းကောင်း၊ ပြီးခဲ့သည့်နှစ်က တိုက်စစ်မှူးဆန်းချက်ဇ်ကို လည်းကောင်း၊ ခုနှစ်တွင် ဂိုးသမား ပီတာချက်ကိုလည်းကောင်း ခေါ်ယူခဲ့သည်။
    အာဆင်ဝင်းဂါးကမူ ယခုလက်ရှိတွင် အသင်း၏ အနေအထားမှာ ပြောင်းလဲသွားပြီဟု ဆိုသည်။
    “ကျွန်တော်တို့ ကွာဟချက်တွေကို လျှော့ချခဲ့ပြီး ရှေ့ဆက်လျှောက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်ပါတယ်။ အခု ကျွန်တော်တို့ တည်ငြိမ်နေပြီး ဒါက ကျွန်တော်တို့ကို တောင့်တင်းစေပါတယ်”
    ထို့ပြင် အပြောင်းအရွှေ့ဈေးကွက် မကုန်ဆုံးသေးသောကြောင့် မိမိတို့အသင်းမှာ ကစားသမားများကို ဆက်လက်ဝယ်နိုင်မည်ဖြစ်ကြောင်း၊ အသင်းမှ ကစားသမားများကို မရောင်းတော့ဘဲ မိမိတို့၏ ဈေးကွက်အပေါ် ရှုမြင်မှုမှာ ပြောင်းလဲသွားပြီဟု ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal
  • ဂျာမနီတွင် အစ္စလာမ့်နည်းကျဘဏ်လုပ်ငန်း စတင်
    ဂျာမနီတွင် အစ္စလာမ့်နည်းကျဘဏ်လုပ်ငန်း စတင်
    ဇူလိုင် ၂၃၊ ၂၀၁၅
    M-Media
    german
    – ဂျာမနီနိုင်ငံ၏ ပထမဆုံး အစ္စလာမ့်နည်းကျဘဏ်တစ်ခုကို ဖရန့်ဖတ်မြို့၌ ဖွင့်လှစ်လိုက်ပြီး နိုင်ငံအတွင်း မွတ်စလင်လူ့အဖွဲ့အစည်းအား ဟာလာလ် ရင်းနှီးမြှုပ်နှံမှု ပိုမိုဆောင်ရွက်ခွင့်ရရန် လမ်းဖွင့်ပေးလိုက်ခြင်းလည်း ဖြစ်သည်။
    “ဒီလိုင်စင်ရတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ ရှရီအာဥပဒေနဲ့ ကိုက်ညီတဲ့ ဘဏ်လုပ်ငန်းကို အကောင်အထည်ဖော်ဖို့က ဂျာမနီရဲ့ ဘဏ္ဍာရေးအခြေအနေကို မြင့်တက်လာအောင် ဆောင်ရွက်လိုတဲ့ ဂျာမန်တွေအတွက်သာမကဘဲ ဂျာမနီရဲ့ မြို့ကြီး ၃ မြို့မှာရှိတဲ့ ဘဏ်တွေက ၀န်ဆောင်မှုတွေကို အသုံးပြုဖို့ ဆန္ဒရှိကြတဲ့ သန်းပေါင်းများစွာသော ဖောက်သည်တွေအတွက်လည်း
    တော်တော်လေး အရေးပါပါတယ်” ဟု ကူဝိတ်ဘဏ္ဍာရေးရိပ်မြုံ KFH မှ ဘုတ်အဖွဲ့ဥက္ကဌ ဟာမဒ် အလ် မာဇူက်က ကူဝိတ်သတင်းဌာနဖြစ်သော KUNA သို့ ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
    Kuveyt Turk (KT) ဟု အမည်ပေးထားသည့် အဆိုပါဘဏ် ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၁ ရက်နေ့က ဖရန့်ဖတ်မြို့ရှိ ရုံးချုပ်တွင် တရားဝင်ပြုလုပ်ခဲ့ပြီး မာဇူက်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။
    ဘဏ်၏ အထွေထွေမန်နေဂျာဖြစ်သူ အူဂွါလူ ဆွိုင်လူက ယခုဖွင့်လှစ်လိုက်သည့် ဘဏ်အသစ်မှာ စစ်မှန်သည့် စီးပွားရေးကို တိုးမြှင့်ပေးရန် မျှော်လင့်ရသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းက အန္တရာယ်အလွန်နည်းပြီး ဘဏ်စနစ်တစ်ခုလုံး ပြိုလဲမှုမှာ မဖြစ်နိုင်သလောက်ဖြစ်သည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။
    ဖရန့်ဖတ်မြို့အား အခြေစိုက်အဖြစ် အသုံးပြုသော အဆိုပါဘဏ်သစ်မှာ ဥရောပ၏ ဒုတိယအကြီးဆုံးဖြစ်သော ဂျာမနီမွတ်စလင်လူ့အဖွဲ့အစည်းကို လှုပ်နှိုးရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။
    Kuveyt Turk ဘဏ်မှာ တူရကီနိုင်ငံတွင် အကြီးဆုံး အစ္စလာမ့်နည်းကျဘဏ်ဖြစ်ပြီး ရှယ်ယာ ၆၂ ရာခိုင်နှုန်းကို ကူဝိတ်ဘဏ္ဍာရေးရိပ်မြုံ KFH က ပိုင်ဆိုင်သည်။ ဂျာမနီနိုင်ငံတွင် စတင်ခဲ့သည့် အဆိုပါ ဘဏ်အတွက် ကနဦးအရင်းအနှီး ယူရို ၄၅ သန်း သုံးစွဲသွားရန် စီစဉ်ထားသည်။
    အစ္စလာမ်သာသနာမှာ ငွေတိုးပေးခြင်း၊ ချေးငွေများအတွက် အတိုးယူခြင်း၊ အတိုးပေးခြင်းတို့ကို မပြုလုပ်ရန် တားမြစ်ပိတ်ပင်ထားသည်။
    အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းများနှင့် ဘဏ္ဍာရေးလုပ်ငန်းများမှာ အရက်၊ လောင်းကစား၊ အပြာလုပ်ငန်း၊ ဆေးရွက်ကြီး၊ လက်နက်၊ ၀က်သားနှင့် ပတ်သက်သည့် လုပ်ငန်းများအတွက် ရန်ပုံငွေ ထောက်ပံ့ခြင်း၊ ရယူခြင်းမျိုး ဆောင်ရွက်၍မရပေ။
    ရှရီအာနှင့် ကိုက်ညီသည့် ဘဏ္ဍာရေးလုပ်ငန်းများမှာ အရစ်ကျဝယ်ခြင်း၊ အချိန်ကာလတစ်ခုအထိ ငွေသွင်း၍ တန်ဖိုးပြည့်သည့်အချိန်မှ ပစ္စည်းယူခြင်း၊ အကျိုးတူးရင်းနှီးမြှုပ်နှံခြင်း စသည်တို့နှင့် ဆင်တူသည်။
    ရင်းနှီးမြှုပ်နှံ့သူများအနေဖြင့် ၎င်းတို့၏ ငွေကြေးများကို မည်သည့်နေရာတွင် အသုံးပြုသည်ကို သိရှိပိုင်ခွင့်လည်း ရှိသည်။
    လွန်ခဲ့သည့် နှစ်များအတွင်း အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းများမှာ ဥရောပတွင် ဖြည်းဖြည်းချင်း ခြေချနိုင်ခဲ့ပြီး ဗြိတိန်မှာ ဥရောပတွင် အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်း အထွန်းကားဆုံး ဒေသဖြစ်သည်။
    Ref: Onislam
  • မန္တလေးမှာ ဘာသာပေါင်းစုံအဖွဲ့က နောက်ထပ် လူငယ်တစ်ဦး ဖမ်းဆီးခံရ
    မန္တလေးမှာ ဘာသာပေါင်းစုံအဖွဲ့က နောက်ထပ် လူငယ်တစ်ဦး ဖမ်းဆီးခံရ
    Pwint Phyu Latt
    ဓါတ်ပုံအညွှန်း- ၂၀၁၄ ခုနှစ် ဇွန်လတွင် ဟိုပုန်းမြို့ နောင်တောင်းပရဟိတကျောင်းရှိ ခလေးများနှင့် အတူတွေ့ရသော မပွင့်ဖြူလတ် Photo- မပွင့်ဖြူလတ် FB
    မန္တလေးတိုင်းဒေသကြီးမှာ ဘာသာပေါင်းစုံက လူငယ်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ သင့်မြတ်လိုသူများ အရပ်ဘက်အဖွဲ့က အဖွဲ့ဝင် မပွင့်ဖြူလတ်ကို လဝက ဥပဒေပုဒ်မ ၁၃ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုနဲ့ ချမ်းအေးသာစံမြို့နယ် အမှတ် (၈) ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
    .
    ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ရက်နေ့က ဖမ်းဆီးခံထားရတဲ့ သင့်မြတ်လိုသူများအဖွဲ့ဝင် ကိုဇော်ဇော်လတ် အမှုအတွက် စစ်ဆေးဖို့ဆိုပြီး ဆင့်ခေါ်လိုက်ရာကနေ မပွင့်ဖြူလတ်ကို ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ မပွင့်ဖြူလတ်ရဲ့ အကိုက ပြောပါတယ်။.
    .
    “၁၈ ရက်နေ့က သက်သေအနေနဲ့ပေါ့နော် လာရောက်အစစ်ခံဖို့ပါဆိုပြီးတော့ ခေါ်လို့သွားလိုက်တယ်၊ CID ရုံးမှာ စစ်တာပေါ့နော်၊ ပြန်ပြီးတော့လွှတ်ပေးလိုက်တယ်၊ ၁၉ ရက် တစ်ခါထပ်ချိန်းလိုက်တယ်၊ မြို့မအမှတ် ၈ ရဲစခန်းမှာစစ်တယ်၊ အဲဒီ့မှာ မလွှတ်ပေးတာပါခင်ဗျ၊ ပုဒ်မနှစ်ခုတပ်ပြီး အရေးယူထားပါတယ်၊ လဝကပုဒ်မလို့ပြောတယ်”
    .
    သင့်မြတ်လိုသူများ အဖွဲ့ဟာ မန္တလေးမြို့က ဂဠုန်နီဆရာတော်နဲ့ အာရှအလင်းရောင် ဆရာတော်တို့ပါဝင်ပြီး အဲဒီဆရာတော်တွေအတူ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ ထိန်းချုပ် နယ်မြေအတွင်းက စစ်ဘေးဒုက္ခသည် စခန်းတွေထံပစ္စည်းတွေ သွားရောက် လှူဒါန်းခဲ့ကြရာ ဓာတ်ပုံတွေကို အင်တာနက်လူမှုကွန်ရက် ဖေ့ဘွတ်စ် စာမျက်နှာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
    .
    အဲဒီဓာတ်ပုံတွေထဲမှာ ကိုဇော်ဇော်လတ်က သေနတ်ကိုင်ပြီးရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ မပွင့်ဖြူလတ်တို့ ဓာတ်ပုံတွေလည်း ပါဝင်ပါတယ်။ အဲဒီအတွက် ကိုဇော်ဇော်လတ်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ချမ်းအေးသာစံမြို့နယ် မှုခင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
    .
    အဲဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး ချမ်းအေးသာစံမြို့နယ် အမှတ် ၈ ရဲစခန်းနဲ့ သတင်းနဲ့ပြန်ကြားရေးအဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တာဝန်ယူဖြေကြားပေးမယ့်သူ မရှိဘူးလို့သာ ပြောပါတယ်။
    .
    RFA (မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။
    .
    http://www.rfa.org/burmese/news/pwintphyulatt-arrested-07212015120619.html
    ဆက်စပ်သတင်းများဖတ်ရန်
    ——————————
    “သင့်မြတ်လိုသူ ဘာသာပေါင်းစုံ လူငယ်များ” အဖွဲ့မှ ကိုဇော်ဇော်လတ် ဖမ်းဆီးခံရ
    http://www.m-mediagroup.com/news/43422
    .
    ကိုဇော်ဇော်လတ် အား မတရားအသင်းနဲ့ ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံရမှု VOA သတင်းဌာန၏ အသံလွှင့်ဖော်ပြချက်
    http://www.m-mediagroup.com/news/43461
    .
    ကိုဇော်ဇော်လတ် ဖမ်းဆီးခံရမှု အာရှအလင်းရောင် ဆရာတော်နှင့် လုပ်ဖော်ကိုင်ဖက်များ ပြောကြားချက်
    http://www.m-mediagroup.com/news/43501
  • နိုင်ငံတကာသတင်းတို (ဇူလိုင် ၂၂၊ ၂၀၁၅)
    ဇူလိုင် ၂၂၊ ၂၀၁၅
    M-Media
    ပိုမိုအားကောင်းသည့် ဒုံးကျည်ပစ်လွှတ်ရန် မြောက်ကိုရီးယား ကြိုးပမ်း
    ……………………………
    မြောက်ကိုရီးယားနိုင်ငံမှာ ၎င်းတို့၏ ဒုံးကျည်အခြေစိုက်စခန်းတွင် ၆၇ မီတာမြင့်သော ဒုံးကျည်လွှတ်တင်သည့် မျှော်စင်ကြီးတစ်ခုကို တည်ဆောက်နေပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက စမ်းသပ်ပစ်လွှတ်ခဲ့သော တာဝေးပစ်ဒုံးကျည်ထက် ပို၍ ဝေးဝေးရောက်နိုင်သည့် ဒုံးကျည်တစ်ခု ပစ်လွှတ်ရန် ပြင်ဆင်ဆောင်ရွက်နေခြင်းဟု ယူဆရကြောင်း တောင်ကိုရီးယား Yonhap သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ ၂၀၁၂ ခုနှစ်က ပစ်လွှတ်ခဲ့သည့် အဆိုပါ တာဝေးပစ်ဒုံးကျည်မှာ အာကာသပတ်လမ်းထဲသို့ အရာဝတ္ထုများ လွှတ်တင်နိုင်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခဲ့ကြသည်။
    ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကို ဖိလစ်ပိုင်က တိုးမြှင့်နှိမ်နှင်း
    ………………………………………
    နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုနှင့် အက်ဖ်ဘီအိုင်တို့က သတိပေးမှုများ ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံအတွင်းရှိ ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ဖြစ်ရပ်များအား ဖိလစ်ပိုင်အစိုးရက တိုးမြှင့်နှိမ်နှင်းမှုများ ပြုလုပ်လာခဲ့သည်။ ဖိလစ်ပိုင်မှာ ဆိုက်ဘာရာဇ၀တ်မှုများကို နှိမ်နှင်းရာတွင် နိုင်ငံတကာ၏ လေးစားမှုများ ခံခဲ့ရပြီး ယခုအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၂ ဆ
    တိုးကာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကို နှိမ်နှင်းနေခြင်းဖြစ်သည်။
    နိုင်ငံအရှေ့ပိုင်းဒေသများမှာ မိမိတို့ပိုင်နက်သာဖြစ်သည်ဟု ယူကရိန်းပြော
    ……………………………….
    ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားသော နိုင်ငံအရှေ့ပိုင်းမှ ဒွန်ဘတ်စ်ဒေသမှာ လက်ရှိတွင် ယူကရိန်း၏ အစိတ်အပိုင်းဖြစ်နေပြီး နောက်တွင်လည်း ဆက်ဖြစ်နေဦးမည်ဟု ယူကရိန်းသမ္မတ ပီထရို ပိုရိုရှန်ကိုက ယနေ့တွင် ပြောကြားခဲ့သည်။ ရုရှားလိုလားသည့် ခွဲထွက်ရေးသမားများနှင့် ယူကရိန်းစစ်တပ်တို့အကြား တစ်နှစ်ကျော်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအတွင်း အနည်းဆုံး
    လူပေါင်း ၆၅၀၀ ခန့် သေဆုံးခဲ့သည်။
    Ref: News Agencies