News @ M-Media

Blog

  • အင်ဒိုနီးရှားနှင့် မိတ်ဖက်ဆက်ဆံရေး ခိုင်မာအားကောင်းရန် အမေရိကန် စိတ်ဆန္ဒရှိ

    အင်ဒိုနီးရှားနှင့် မိတ်ဖက်ဆက်ဆံရေး ခိုင်မာအားကောင်းရန် အမေရိကန် စိတ်ဆန္ဒရှိ

    ဒီဇင်ဘာ ၁၄၊ ၂၀၂၁
    M-Media

    -အင်ဒိုနီးရှားနဲ့ မိတ်ဖက်ဆက်ဆံရေး ခိုင်ခိုင်မာမာထားရှိလိုတဲ့ စိတ်ဆန္ဒကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြသခဲ့တယ်လို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောပါတယ်။

    ဘလင်ကန်ဟာ အရှေ့တောင်အာရှ ၄ ရက်ကြာခရီးစဉ်ကို မနေ့က စတင်ခဲ့တာပါ။ ဒီခရီးစဉ်အတွင်း အင်ဒိုနီးရှား မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကို သွားရောက်မှာဖြစ်ပါတယ်။

    မနေ့က အင်ဒိုသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ တွေ့ဆုံရာမှာ ဘလင်ကန်က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ အထူးသဖြင့် အခြေခံအဆောက်အဦးကဏ္ဍတွေမှာ ပူးပေါင်းဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့တယ်လို့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက ပြောပါယတ်။

    “အမေရိကန်ရဲ့ ဒီစိတ်ဆန္ဒဟာ တော်တော်လေး ခိုင်မာအားကောင်းပါတယ်”

    တရုတ်နဲ့ အမေရိကန်တို့ အားပြိုင်မှုမှာ အရှေ့တောင်အာရှက အဓိကျတဲ့နေရာမှာ ပါဝင်နေပြီး သမ္မတ ထရမ့်လက်ထက်မှာ အရှေ့တောင်အာရှနဲ့ ဆက်ဆံရေး အေးစက်ခဲ့ပေမယ့် သမ္မတ ဘိုင်ဒန်လက်ထက်မှာတော့ အားကောင်းအောင် ဆောင်ရွက်လာပါတယ်။

    G20 ဥက္ကဌနေရာကို ထမ်းဆောင်မယ့် အင်ဒိုနီးရှားအတွက် ဂုဏ်ယူပြီး အင်ဒို-ပစိဖိတ်ဒေသမှာ အင်ဒိုနီးရှားရဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍကို ပံ့ပိုးကူညီပေးသွားမယ်လို့လည်း ဘလင်ကန်က သမ္မတ ဝီဒိုဒိုကို ပြောကြားခဲ့ပါတယ်။

    အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ စီးပွားရေးအကြီးဆုံးနဲ့ လူဦးရေအများဆုံး နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်ပါတယ်။

    Ref: Reuters

  • မြန်မာဒုက္ခသည်များကို ဆက်လက်ကူညီမည်ဟု မီဇိုရမ်ဝန်ကြီးချုပ်ပြော

    မြန်မာဒုက္ခသည်များကို ဆက်လက်ကူညီမည်ဟု မီဇိုရမ်ဝန်ကြီးချုပ်ပြော

    ဒီဇင်ဘာ ၁၄၊ ၂၀၂၁
    M-Media

    မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ဇိုရမ်သန်ဂါ

    -စစ်ကောင်စီရန်ကြောင့် ထွက်ပြေးလာရတဲ့ မြန်မာပြည်သူတွေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဆက်လက်ပေးအပ်သွားမယ်လို့ အိန္ဒိယ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ဇိုရမ်သန်ဂါက ပြောကြားလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကြောင့် ချင်းပြည်နယ်က ပြည်သူတွေ ထောင်သောင်းချီ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဖက်ကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။

    ဇိုရမ်သန်ဂါဟာ မနေ့က မြန်မာဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံက ခိုလှုံလာသူတွေကို အရင်ကတည်းက ကူညီပေးခဲ့ပြီး ရှေ့ဆက်လည်း ကူညီပေးဖို့ အကောင်းဆုံး ကြိုးစားသွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မီဇိုရမ်အစိုးရဟာ ဒုက္ခသည်ကလေးငယ်တွေ ကျောင်းတက်နိုင်ဖို့ပါ စီစဉ်ပေထားပါတယ်။ မြန်မာဒုက္ခသည်တွေကို နိုင်ငံရေး ခိုလှုံသူတွေအဖြစ် တရားဝင်မှတ်ပုံတင်ပေးဖို့ ဗဟိုအစိုးရကို တောင်းဆိုထားသလို၊ ဝန်ကြီးချုပ် မိုဒီ၊ ပြည်ထဲရေးဝန်ကြီး အေမစ်ရှားတို့နဲ့တွေ့ဆုံကာ အကူအညီတွေပေးအပ်ဖို့ တောင်းဆိုခဲ့တယ်လို့ ဇိုရိမ်သန်ဂါက ဆိုပါတယ်။

    အိန္ဒိယဟာ ကုလရဲ့ ဒုက္ခသည်ဆိုင်ရာသဘောတူညီချက်တွေမှာ လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့အတွက် တရားဝင်ကူညီနိုင်ဖို့ အခက်အခဲတွေ ရှိနိုင်တယ်လို့ မီဇိုရမ်အစိုးရက အစောပိုင်းမှာ ထုတ်ပြန်ပြောကြားဖူးပါတယ်။

    မြန်မာနိုင်ငံက ထွက်ပြေးလာရတဲ့သူတွေကို မီဇိုရမ်ပြည်သူတွေကလည်း အကူအညီတွေ ပေးနေကြပါတယ်။

    Ref: News18

  • အစ္စရေးဝန်ကြီးချုပ် ယူအေအီးသို့ သမိုင်းဝင်အလည်အပတ်ခရီးရောက်ရှိ

    အစ္စရေးဝန်ကြီးချုပ် ယူအေအီးသို့ သမိုင်းဝင်အလည်အပတ်ခရီးရောက်ရှိ

    ဒီဇင်ဘာ ၁၃၊ ၂၀၂၁
    M-Media

    -အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက် မနေ့က အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) နိုင်ငံကို အလည်အပတ်ရောက်လာခဲ့ပြီး ဒါဟာ သမိုင်းဝင် အလည်အပတ်ခရီးလည်း ဖြစ်ပါတယ်။

    အစ္စရေးနိုင်ငံ့ခေါင်းဆောင်တစ်ဦး ယူအေအီးကို ပထမဆုံး လာရောက်မှုပါ။

    ဘန်းနက်ဟာ ဒီကနေ့မှာ ယူအေအီးအိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇယဒ် အလ် နဟ်ယန်နဲ့ တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေး နက်ရှိုုင်းဖို့ အထူးသဖြင့် စီးပွားရေးနဲ့ ဒေသတွင်းကိစ္စကို ဆွေးနွေးသွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အစ္စရေးနဲ့ ယူအေအီးတို့ဟာ အမေရိကန်ရဲ့ ကြားဝင်​ညှိနှိုင်းပေးမှုကြောင့် ပြီးခဲ့တဲ့နှစ်မှာ တရားဝင်ဆက်ဆံရေး ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ခရီးသွားကဏ္ဍ၊ နည်းပညာတို့အပါအဝင် စီးပွားရေးမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမို မြင့်တက်လာခဲ့ပါတယ်။

    မနေ့က ဘန်းနက်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ယူအေအီးဖက်က ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

    ၂၀၂၀ ခုနှစ်မှာ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တဲ့ အာရပ်၊ မွတ်စလင်နိုင်ငံ ၅ နိုင်ငံ ရှိပြီး ယူအေအီး၊ ဘာရိန်း၊ မော်ရိုကို၊ ဆူဒန်နဲ့ အိုမန်တို့ဖြစ်ပါတယ်။ ပါလက်စတိုင်းတွေကတော့ သူတို့နယ်မြေကို ကျူးကျော်သိမ်းပိုက်ထားတဲ့ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တာဟာ နောက်ကျောကို ဓားနဲ့ထိုးတာလို့ ရှုတ်ချခဲ့ပါတယ်။

    Ref: Aljazeera

  • အသက်ရှင်ရပ်တည်ရေး အကူအညီများကို စစ်ကောင်စီက ပိတ်ပင်ဟန့်တားနေ

    အသက်ရှင်ရပ်တည်ရေး အကူအညီများကို စစ်ကောင်စီက ပိတ်ပင်ဟန့်တားနေ

    ဒီဇင်ဘာ ၁၃၊ ၂၀၂၁
    M-Media

    -နိုင်ငံတစ်ဝှမ်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ၊ အတိဒုက္ခရောက်နေသူတွေအပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကူညီပေးနေတာတွေကို အာဏာသိမ်းစစ်ကောင်စီက ဟန့်တား နှောက်ယှက်နေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုပါတယ်။

    အကူအညီပေးရေးအဖွဲ့တွေကို သွားလာမှု ကန့်သတ်ချက်အသစ်တွေ ထုတ်တာ၊ လမ်းတွေ ပိတ်ထားတာ၊ အကူအညီပစ္စည်းတွေကို ဖျက်ဆီးပစ်တာ၊ အကူအညီပေးရေးဝန်ထမ်းတွေကို တိုက်ခိုက်သတ်ဖြတ်တာ၊ ဖုန်းလိုင်းတွေ ဖြတ်တောက်ပစ်တာ စတဲ့ နည်းလမ်းပေါင်းစုံနဲ့ စစ်ကောင်စီက အကူအညီတွေကို ပိတ်ပင်နေတာပါ။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံအဆောက်အဦးတွေ ပြိုလဲသွားတာ၊ ကျပ်ငွေတန်ဖိုးကျဆင်းတာ၊ ဘဏ်စနစ် အလုပ်မလုပ်တော့တာ၊ ရိက္ခာ၊ ဆေးဝါးနဲ့ အခြားအရေးပါတဲ့ အသုံးအဆောင်တွေရှားပါးတာတွေကလည်း အကူအညီပေးရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေတယ်လို့ HRW က ပြောပါတယ်။

    “လူသိန်းချီ ထွက်ပြေးရအောင်လုပ်တာ၊ အသက်ရှင်ဖို့အရေးကြီးတဲ့ အထောက်အပံ့တွေကို တားဆီးတာမျိုးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာဖြစ်အောင် စစ်ကောင်စီက လုပ်နေတာပါ။ ပဋိပက္ခဒဏ်ခံနေရတဲ့လူတွေ အသက်ရှင်ရပ်တည်ဖို့ လိုအပ်တဲ့အထောက်အပံ့တွေကို အာဏာသိမ်းပြီးကတည်းက ဗိုလ်ချုပ်ကြီးတွေက တားဆီးပိတ်ပင်လာတာဖြစ်ပြီး၊ ပြည်သူတွေကို အပြစ်ပေးတဲ့ပုံစံမျိုးနဲ့ ဒါတွေကို လုပ်ဆောင်တာ ဖြစ်ပါတယ်” လို့ HRW ရဲ့ အာရှဆိုင်ရာ သုတေသနပညာရှင် ရှေနာ ဘောင်ချနာက ပြောပါတယ်။

    ချို့တဲ့ပြည်သူတွေထံ နိုင်ငံတကာအသိုင်းအ၀ိုင်းက ထောက်ပံ့ကူညီတာကို မြန်မာစစ်တပ်ဟာ အရင်ကတည်းက နည်းမျိုးစုံနဲ့ ပိတ်ပင်ဟန့်တားတဲ့အကျင့် ရှိပါတယ်။

    ​မြန်မာနိုင်ငံမှာ အသက်ရှင်ရပ်တည်ဖို့ အရေးကြီးတဲ့ အထောက်အပံ့တွေ လိုအပ်သူအရေအတွက်ဟာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုမတိုင်ခင်က ၁ သန်းလောက် ရှိရာကနေ ၂၀၂၂ ခုနှစ်မှာ ၁၄.၄ သန်း ရှိလာမှာဖြစ်ပြီး အဲဒီအထဲက ၅ သန်းကျော်ဟာ ကလေးငယ်တွေဖြစ်မယ်လို့ ကုလသမဂ္ဂက ခန့်မှန်းတွက်ချက်ထားပါတယ်။ ၂၀၂၂ ခုနှစ်မှာ နိုင်ငံလူဦးရေရဲ့ ၂၅ သန်းကနေ ထက်ဝက်နီးပါးလောက် ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်မှာ နေထိုင်ရလိမ့်မယ်လို့လည်း ကုလ ဆိုပါတယ်။

    အကူအညီပေးရေး အဖွဲ့တွေကို စစ်ကောင်စီက နှောက်ယှက်ဟန့်တားမှုနဲ့ပတ်သက်ပြီး ကုလ၊ လူ့အခွင့်အရေးကောင်စီ၊ လုံခြုံရေးကောင်စီ၊ အလှုရှင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း ပြီးခဲ့တဲ့လတွေမှာ ကြေငြာချက်တွေထုတ်ပြီး ဝေဖန်ရှုတ်ချထားပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝှမ်း လူ ၁၃၀၀ ကျော် သေဆုံးခဲ့ပြီး၊ ထောင်သောင်းချီ ဖမ်းဆီးနှိပ်စက်ခံခဲ့ရပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဒေသတွေမှာ စစ်တပ်က ရွာလုံးကျွတ် မီးရှို့တာတွေ၊ ခိုးဆိုးလုယက်မှုတွေ လုပ်ဆောင်တာကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူအရေအတွက် မြင့်တက်လာပါတယ်။

    ကုလသမဂ္ဂက မြန်မာပြည်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးသူအရေအတွက်ဟာ ၆၃၈၀၀၀ လောက်ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။

    Ref: HRW.org

  • ယူကရိန်းကိုကျူးကျော်လျှင် အကြီးအကျယ် ပြန်ပေးဆပ်ရမည်ဟု ရုရှားကို ကန်သတိပေး

    ယူကရိန်းကိုကျူးကျော်လျှင် အကြီးအကျယ် ပြန်ပေးဆပ်ရမည်ဟု ရုရှားကို ကန်သတိပေး

    ဒီဇင်ဘာ ၁၂၊ ၂၀၂၁
    M-Media

    -ယူကရိန်းကို ကျူးကျော်သိမ်းပိုက်မယ်ဆိုရင် အကြီအကျယ် ပြန်ပေးဆပ်ရမှာဖြစ်ပြီး ပြင်းထန်တဲ့ စီးပွားရေးဆိုးကျိုးတွေကို ခံစားရမှာဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်ကို သတိပေးခဲ့တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

    ပူတင်နဲ့ ဘိုင်ဒန်တို့ဟာ ပြီးခဲ့တဲ့တစ်ပတ်က ၂ နာရီကြာ ဖုန်းနဲ့ ပြောဆိုဆွေးနွေးခဲ့တာပါ။

    ရုရှားက ကျူးကျော်လာရင် အမေရိကန်မြေပြင်တပ်ဖွဲ့တွေ ယူကရိန်းကိုစေလွှတ်ဖို့ မိမိတို့မှာ အစီအစဉ်လုံး၀မရှိဘူးလို့ သမ္မတ ဘိုင်ဒန်က သတင်းထောက်တွေကို မနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် နေ့တိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ အရှေ့ခြမ်းမှာ ကာကွယ်ရေး​တိုးမြှင့်ဖို့ လိုအပ်လာရင် စစ်သည်တွေ ပို့သွားမယ်လို့ ဆိုပါတယ်။

    “ယူကရိန်းမှာ အကွက်ရွှေ့လာရင် သူတို့တိုင်းပြည်ရဲ့ စီးပွားရေး ဆိုးဆိုးရွားရွားကို ထိခိုက်လိမ့်မယ်လို့ ကျွန်တော် ပူတင်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့ပါတယ်”

    ယူကရိန်းကိုကျူးကျော်ရင် လက်ရှိ ကမ္ဘာကြီးမှာ ရုရှားရဲ့ ရပ်တည်မှု သိသိသာသာ ပြောင်းလဲသွားလိ့မ်မယ်လို့လည်း ဘိုင်ဒန်က ပူတင်ကို သတိပေးခဲ့ပါတယ်။

    G7 အဖွဲ့က နိုင်ငံခြားရေးဝန်ကြီးတွေ မနေ့က လီဗာပူးလ်မြို့ တွေ့ဆုံပွဲအပြီးမှာ ရုရှားအနေနဲ့ ယူကရိန်းကို မကျူးကျော်ဖို့နဲ့ ကျူးကျော်ရင် နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရမယ်လို့ သတိပေးခဲ့ပါတယ်။

    ရုရှားဟာ ယူကရိန်းနိုင်ငံရေးအကြပ်အတည်းကို အမြတ်ထုတ်ပြီး ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်မှာ သိမ်းပိုက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း ယူကရိန်းနဲ့ကပ်နေတဲ့ နယ်စပ်ကို စစ်သားသောင်းချီနဲ့ စက်လက်နက်ပစ္စည်းအများအပြား ပို့ဆောင်ထားပါတယ်။

    ယူကရိန်းက ရုရှားဟာ မိမိတို့ကို ကျူးကျော်သိမ်းပိုက်ဖို့ လုပ်ဆောင်နေတယ်လို့ စွပ်စွဲထားပြီး ရုရှားကတော့ ဒီပြောဆိုချက်ကို ငြင်းပါတယ်။

    Ref: Reuters