News @ M-Media

Blog

  • ပြည်သူများအတွက် ယီမင်တွင် အပစ်ရပ်မည်ဟု ဆော်ဒီကြေညာ

    ပြည်သူများအတွက် ယီမင်တွင် အပစ်ရပ်မည်ဟု ဆော်ဒီကြေညာ

    ဇူလိုင် ၂၆၊ ၂၀၁၅
    M-Media

    yemen

    – စစ်ဒဏ်ခံစားနေရသော ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရန်အတွက် အာရပ်မဟာမိတ်အဖွဲ့များက ဟူသီသူပုန်များအား တိုက်ခိုက်နေမှုကို ၅ ရက်ကြာ ရပ်ဆိုင်းမည်ဟု ဆော်ဒီနိုင်ငံပိုင်သတင်းဌာန SPA က ယမန်နေ့တွင် ကြောညာခဲ့သည်။

    အဆိုပါ ရပ်ဆိုင်းမှုမှာ ဇူလိုင် ၂၆ ရက်၊ ဒေသစံတော်ချိန် ည ၁၁ နာရီ ၅၉ မိနစ်တွင် စတင်သက်ရောက်မည်ဟု ဆိုပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့မှုကို ခွင့်ပြုပေးသွားမည် ဖြစ်သည်။

    သို့သော်လည်း အဆိုပါ ရပ်တန့်မှုအား ဟူသီများဘက်မှ မည်သည့်ချိုးဖောက်မှုမျိုးကိုမဆို အာရပ်မဟာမိတ်တပ်ဖွဲ့များမှ တုံ့ပြန်သွားမည်ဟုလည်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။

    ထိုကဲ့သို့ အပစ်ရပ်ရေး ဆုံးဖြတ်ချက်မှာ ဆော်ဒီရောက် ယီမင်သမ္မတ အဘ်ဒ်-ရဘ်ဘူ မန်ဆူးရ်ဟာဒီနှင့် ၎င်း၏ အစိုးရတာဝန်ရှိသူ အများစု၏ မေတ္တာရပ်ခံမှုကြောင့် ဖြစ်သည်ဟု SPA က ထည့်သွင်းကြေညာခဲ့သည်။

    “လေးလကြာ တိုက်ခိုက်ပြီးတဲ့နောက် နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့အေဒင်ရဲ့ ဒေသအများစုကို ဟူသီတိုက်ခိုက်ရေးသမားတွေ လက်ထဲက သူ့ကိုထောက်ခံသူတွေက သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ ဆေးဘက်ဆိုင်ရာ အကူအညီ အမြင့်ဆုံးပမာဏကို ပေးပို့ဖြန့်ဖြူးဖို့အရေး စစ်ရပ်စဲဖို့ ဟာဒီက အလိုရှိနေပါတယ်”

    ယခင်က ကုလမှ ကြားဝင်ညှိနှိုင်းကာ ဆောင်ရွက်ပေးခဲ့သည့် အပစ်ရပ်ရေးနှစ်ခုမှာ ကြာရှည်မခံဘဲ ပျက်ပြယ်ခဲ့သည်။

    Ref: Aljazeera

  • ရိုးမားကစားသမား ၅ ဦး အင်ဒိုနီးရှားသို့ ပြည်ဝင်ခွင့်မရ

    ရိုးမားကစားသမား ၅ ဦး အင်ဒိုနီးရှားသို့ ပြည်ဝင်ခွင့်မရ

    ဇူလိုင် ၂၆၊ ၂၀၁၅
    M-Media

    roma

    – ဗီဇာနှင့်ပတ်သက်၍ စာရွက်စာတမ်းအထောက်အထား ပြဿနာများကြောင့် နာမည်ကြီးကစားသမား ဂါဗင်ဟို အပါအ၀င် ရိုးမားကစားသမား ၅ ဦးကို အင်ဒိုနီးရှားက ပြည်ဝင်ခွင့်မပေးခဲ့ဟု သိရသည်။

    သြစတေးလျတွင် ပြုလုပ်ခဲ့သည့် International Champions Cup ပြီးနောက် အင်ဒိုနီးရှားသို့ ရာသီကြို ခြေစမ်းပွဲများကစားရန် သောကြာနေ့မနက်က ရိုးမားအသင်း ရောက်ရှိလာစဉ် ကစားသမား ငါးဦးမှာ ထိုကဲ့သို့ ပြည်ဝင်ခွင့် ပိတ်ပင်ခံခဲ့ရကာ ရောမသို့ ပြန်ခဲ့ရသည်။

    ထိုကစားသမားများမှာ အသင်း၏ အားထားရသည့် တောင်ပံကစားသမား ဂါဗင်ဟို၊ ဆေဒူ ဒမ်ဘီယာ၊ ဗစ်တာအီဘာဒို၊ အဒင်းမ် အလ်ဂျာဂျစ်နှင့် အန်တိုနီယို ဆာနာဘရီယာတို့ဖြစ်ကြပြီး နိုင်ငံအတွင်းသို့ ၀င်ရောက်ရန် လုံလောက်သည့် ဗီဇာလိုအပ်ချက် မပြည့်မီသည့်အတွက် ဖြစ်သည်။

    “အင်ဒိုနီးရှားကို ရောက်ရှိခဲ့တဲ့အတွက် ဂုဏ်ယူစရာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ နှောင့်နှေးကြန့်ကြာမှုအတွက် တောင်းပါတယ်။ ကျွန်တော်တို့ ကံမကောင်းစရာအခြေအနေကို လေဆိပ်မှာ ကြုံတွေ့ခဲ့ရပြီး ကစားသမား ၅ ဦးကို နိုင်ငံအတွင်း ၀င်ခွင့်မပေးတာကြောင့်
    တော်တော်လေး စိတ်ပျက်ရပါတယ်” ဟု ရိုးမားအသင်း၏ စီအီးအိုဖြစ်သူ အီတာလို ဇန်ဖီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    သို့သော်လည်း မိမိတို့အနေဖြင့် AS Roma Indonesia Day 2015 ကို စီစဉ်သွားမည်ဖြစ်ကြောင်း၊ တစ်သင်းလုံး ရောက်ရှိနေကာ အရေးအကြီးဆုံးမှာ အင်ဒိုနီးရှားရှိ ရိုးမားပရိတ်သတ်များအတွက် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ရိုးမားအသင်းမှာ အသင်းရှိ လူစာရင်းမှ ၂ သင်းခွဲကာ အင်ဒိုရှိ ပရိတ်သတ်များအတွက် ယမန်နေ့တွင် သရုပ်ပြပွဲ ကစားခဲ့သည်။

    Ref: Goal

  • ရမ်ဇာန်ဥပုလ်လအတွင်း ကာတာ၌ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်သူ ၆၀၀ ကျော်ရှိ

    ရမ်ဇာန်ဥပုလ်လအတွင်း ကာတာ၌ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်သူ ၆၀၀ ကျော်ရှိ

    ဇူလိုင် ၂၆၊ ၂၀၁၅
    M-Media

    qatar

    – ပြီးခဲ့သည့် ရမ်ဇာန်ဥပုသ်လအတွင်း ကာတာနိုင်ငံ၌ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်သူ နိုင်ငံခြားသား အရေအတွက်မှာ ၆၀၀ ကျော်ရှိခဲ့ပြီး ယခုနှစ်တွင် သစ်လွင်မွတ်စလင်ဖြစ်လာသူများမှာ ထောင်ကျော်ခဲ့ပြီဖြစ်သည်။

    Sheikh Eid Charity Association အဖွဲ့က ယခုနှစ် ရမ်ဇာန်ဥပုသ်လ၌ နိုင်ငံအတွင်း နေထိုင်သူ နိုင်ငံခြားသား ၆၁၅ ဦးမှာ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်လာခြင်းဖြစ်ပြီး အများစုမှာ ဖိလစ်ပိုင်နိုင်ငံမှဖြစ်ကာ အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၅၁၇ ဦးရှိသည်ဟု Qatar News Agency သို့ ပြောကြားခဲ့သည်။

    ထို့ပြင် အိန္ဒိယမှ ၂၆ ဦး၊ သီရိလင်္ကာမှ ၃၂ ဦး၊ နီပေါမှ ၁၅ ဦးနှင့် ယူကေမှ ၂၅ ဦးတို့ ဖြစ်ကြပြီး စုစုပေါင်းအရေအတွက်တွင် အမျိုးသမီး ၁၄၄ ဦးနှင့် အမျိုးသား ၄၇၁ ဦးတို့ ဖြစ်ကြသည်။

    ထိုကဲ့သို့ ပြောင်းလဲသက်ဝင်ကြသူ အများစုမှာ နိုင်ငံအတွင်း အစ္စလာမ်နှင့်ပတ်သက်၍ သတင်းအချက်အလက်များကို အလွယ်တကူ ရရှိခြင်းကြောင့်ဖြစ်သည်ဟု Qatar Guest Center က ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ စင်တာကို ၁၉၉၈ ခုနှစ်က စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အသိဥာဏ်ပညာဖြင့်လည်းကောင်း အစ္စလာမ်သာသနာမှာ လူသားအားလုံးအတွက် ဖြစ်သည်ဆိုသည့် အချက်ကို ကာတာတွင် နေထိုင်သည့် နိုင်ငံခြားသားများအား ရှင်းလင်းပြခြင်းဖြင့် လည်းကောင်း ဒါဝဟ် (အစ္စလာမ်သို့ ဖိတ်ခေါ်ခြင်း) လုပ်ငန်းကို ရှေ့ဆောင်ရှေ့ရွက် ပြုခဲ့ကြသည်။

    ရမ်ဇာန်ဥပုသ်လအတွင်း အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်လာသူ အရေအတွက်မှာ ယခုနှစ်တွင် ပိုမိုမြင့်တက်လာခဲ့သည်။

    ဆော်ဒီအာရေဗျတွင် ယခုနှစ် ရမ်ဇာန်ဥပုသ်လအတွင်း နိုင်ငံခြားသား ၆၄၄ ဦးမှာ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ကြသည်။ ပြီးခဲ့သည့် ဧပြီလကလည်း မက္ကာမြို့ရှိ အစ္စလာမ့်ဓမ္မပညာရှင်များ၏ ကြိုးပမ်းမှုကြောင့် တရုတ်နိုင်ငံသား ၆၀၀ မှာ အစ္စလာမ်ကို လက်ခံလာခဲ့ကြသည်။

    ဇန်န၀ါရီလကမူ ဘုရင်ကြီး အဘ်ဒူလာ ဘင် အဘ်ဒူလ် အဇစ်၏ ရိုးရှင်းသည့် ဈာပနအခမ်းအနားကို ကြည့်ရှုခဲ့ပြီးနောက် တရုတ်နိုင်ငံသား ၅၀၀ခန့်မှာ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ကြသည်။

    Ref: Onislam

  • ဘာသာပေါင်းစုံ ညီညွတ်ရေး အထောက်အကူဖြစ်ရန် ရည်ရွယ်ပြုလုပ်တဲ့ ရန်ကုန်က အီးဒ် မိတ်ဆုံစားပွဲ

    ဘာသာပေါင်းစုံ ညီညွတ်ရေး အထောက်အကူဖြစ်ရန် ရည်ရွယ်ပြုလုပ်တဲ့ ရန်ကုန်က အီးဒ် မိတ်ဆုံစားပွဲ

    ဇူလိုင် ၂၆၊ ၂၀၁၅
    M-Media
    သတင်း/ဓါတ်ပုံ- မိုးစက်

    7
    အီးဒ်မိတ်ဆုံစားပွဲသို့ တက်ရောက်လာသည့် ပရိတ်သတ်များ

    ရန်ကုန်။    ။ မြန်မာမွတ်စလင်စီးပွားရေး လုပ်ငန်းရှင်များအဖွဲ့မှ ဦးဆောင်ပြုလုပ်တဲ့ ၂၀၁၅ ခုနှစ် အီးဒ်မိတ်ဆုံစားပွဲ အခမ်းအနားတရပ်ကို ဇူလိုင်လ ၂၅ ရက်နေ့က ရန်ကုန်မြို့ Strand Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

    အခုလို နယ်ပယ်အသီးသီးကလူတွေနဲ့ မိတ်ဆုံစားပွဲကျင်းပတာဟာ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အတွက် အထောက်အကူပြုချင်လို့ပါ အားဖြည့်ပေးချင်တဲ့အတွက်ကြောင့် ကျင်းပရခြင်းဖြစ်ပါတယ်လို အငြိမ်းစား သံအမတ်ကြီး ဒေါက်တာဦးလှမောင်က အမှာစကားပြောကြားစဉ်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

     

    3
    အလ်ဟာဂ်ျဦးအေးလွင် ဦးဆောင်ရေးမှူး (အစ္စလာမ့်ဓမ္မဗိမာန်) မှ အမှာစကားပြောကြားစဉ်

    အစ္စလာမ် ဘာသာရေးခေါင်းဆောင် အလ်ဟာဂ်ျဦးအေးလွင် ဦးဆောင်ရေးမှူး (အစ္စလာမ့်ဓမ္မဗိမာန်)မှလည်း “ကျွန်တော်တို့တွေ မတူခြင်းဟာ အပြစ်မဟုတ်ပါဘူး။ မတူခြင်းဆိုတာ ရှိပေမယ့်လည်း ကျွန်တော်တို့မှာ တူတာတွေရှိ ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်းထောင်နဲ့ ချီပြီး ဘာသာပေါင်းစုံ ချစ်ကြည်စွာနေလာနိုင်ခြင်းသည် မြန်မာတိုင်း ဂုဏ်ယူရမဲ့ ကိစ္စပါ။ လူမျိုးခြား ဘာသာခြားဆိုပြီး စိမ်းစိမ်းကားကားမနေကြဘဲ မတူမှုဆိုတာ ညီနောင်များဖြစ်တယ်ဆိုတာကို သဘောပေါက်ရင် မြန်မာ့ အလှလေးကပိုပြီး ထွန်းတောက်လာမှာပါ”။ ဟု ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် ပတ်သတ်ပြီး ပြောခဲ့ပါတယ်။

    U Tin U

    ” အဖွင့်မှာ ရွတ်ဖတ်သွားတဲ့ ကျမ်းမြတ်ကုရ်အာန်ရဲ့ အဓိပ္ပါယ်ကို နားမလည်သော်လည်း နားထောင်ရသည်မှာ ရင်ထဲ နှလုံးသားအထိ ခံစားမိပါတယ်။” လို့ ပြောကြားခဲ့တာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နာယက သူရ ဦးတင်ဦးဖြစ်ပါတယ်။

    8
    ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေမှ အမှာစကားပြောကြားနေစဉ်

    “ယုံကြည်ရာဘာသာများကို သူ့အလိုက်ကျင်းပနေကြခြင်း ရိုးရာဘာသာရေးပွဲတော်တွေကို ကျင်းပလျှက်ရှိကြပါတယ်။ အစ္စလာမ်သာသာဝင်တွေရဲ့ ဥပုသ်လဟာဆိုရင် တခြားလတွေထက်ပိုပြီး ထူးထူးခြားခြားပြုမှု ရကြောင်း သိရပါတယ်။ မကောင်းမှု ဒုစရိုက်တွေကိုလည်း တခြားလတွေထက် ပိုပြီး ရှောင်ရှားကြရပါတယ်။ အစ္စလာမ်သာသာဝင်တွေရဲ့ ဥပုသ်စောင့်ထိန်းရတဲ့ ရည်ရွယ်ချက်တွေကို လေ့လာကြည့်ရင်လဲ အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်တွေကို နာခံခြင်းဖြစ်ပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေကလည်း အီးဒ်အထိမ်းအမှတ် စကားများ ပြောကြားခဲ့ပါတယ်။

    အဆိုပါ ဘာသာပေါင်းစုံ အီးဒ်မိတ်ဆုံစားပွဲသို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နာယက သူရ ဦးတင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သံရုံးအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ၊ ဘာသာအသီးသီးမှ ဘာသာရေးခေါင်းဆောင်များ၊ နယ်ပယ်အသီးသီးမှ လူ့အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါတယ်။

    ထို မြန်မာမွတ်စလင် စီးပွားရေး လုပ်ငန်းရှင်များအဖွဲ့မှ ကြီးမှူး ကျင်းပသော  ဘာသာပေါင်းစုံ အီးဒ်မိတ်ဆုံစားပွဲကို ယခုအကြိမ်တွင် လေးကြိမ်မြောက်ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။

    1

    2
    သံအမတ်ကြီး (အငြိမ်းစား) ဦးလှမောင်မှ အမှာစကားပြောကြားနေစဉ်
    4
    အီးဒ်မိတ်ဆုံစားပွဲတွင် တွေ့ရသည့် ဘောလိဝုဒ် မင်းသမီး လိုင်လာခန်း
    5
    ၈၈ ပွင်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေးနှင့် ဦးကိုကိုကြီး
    6
    အီးဒ်မိတ်ဆူံစားပွဲသို့ တက်ရောက်လာသည့် သံတမန်များ
    9
    အီးဒ်မိတ်ဆုံစားပွဲသို့တက်ရောက်လာသည့် ဘာသာပေါင်းစုံအဖွဲ့များ

     

  • နိုင်ငံတကာသတင်းတို (ဇူလိုင် ၂၅၊ ၂၀၁၅)

    ဇူလိုင် ၂၅၊ ၂၀၁၅
    M-Media

    ကလိုရင်းဓာတ်ငွေ့ ရှူမိသောကြောင့် နိုက်ဂျီးရီးယားတွင် လူ ၈ ဦးသေဆုံး
    —————————
    နိုက်ဂျီးရီးယားနိုင်ငံအလယ်ပိုင်း ဂျို့စ်မြို့ရှိ ရေသန့်စင်စက်ရုံတစ်ခု ပေါက်ကွဲမှုဖြစ်ပြီးနောက် ထွက်ပေါ်လာသော ကလိုရင်းဓာတ်ငွေ့များကို ရှူမိသောကြောင့် လူ ၈ ဦးသေဆုံးခဲ့ပြီး ၁၀၀ ကျော်ကို ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရသည်ဟု နိုက်ဂျီးရီးယားအစိုးရက ယနေ့တွင် ပြောကြားလိုက်သည်။ ပေါက်ကွဲမှုမှာ စနေနေ့မနက် ၄ နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကလိုရင်းဓာတ်ငွေ့မှာ ပြည်သူများအား
    ပေးဝေနေသော ရေကို ထိခိုက်ခြင်းမရှိဟု ဆိုသည်။

    ယီမင်ပြည်သူများ မကြုံစဖူးဒုက္ခများကို ရင်ဆိုင်ခံစားနေရ
    ………………………………..
    ယီမင်ပြည်တွင်းစစ်အတွင်း ပြည်သူများ ထိခိုက်ခံစားနေရမှုမှာ မကြုံစဖူးအခြေအနေသို့ ရောက်ရှိနေပြီဟု နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC က ပြောကြားလိုက်သည်။ ၎င်းတို့အနေဖြင့် ထိခိုက်ခံစားရသည့် ဒေသများသို့ အကူအညီရောက်ရှိရေး သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ကယ်ထုတ်ရေးနှင့် အသက်ကယ်အကူအညီများအား ပေးအပ်ရာတွင်လည်း အခက်အခဲများ မြင့်တက်လာခဲ့သည်ဟု ICRC က ဆိုပြီး စစ်ဖြစ်ပွားနေသည့် နှစ်ဖက်စလုံးအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ လုပ်ခွင့်ပြုရန်လည်း တိုက်တွန်းခဲ့သည်။

    အာဖရိကပြည်သူများအား အိုဘားမား ချီးကျူး
    …………………………….
    အာဖရိကမှာ ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်နေသည့် ဒေသများမှ တစ်ခုဖြစ်ပြီး ထို့အတွက်ကြောင့်ပင် မိမိလာရောက်ရခြင်းဖြစ်သည်ဟု ဖခင်၏မွေးရပ် ကင်ညာသို့ ရောက်ရှိနေသော အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။ ထို့ပြင် ပြည်သူများမှာ ဆင်းရဲတွင်းမှ လွတ်မြောက်နေကြပြီး ၀င်ငွေမှာလည်း မြင့်တက်နေကြောင်း၊
    အလယ်လတ် လူတန်းစားများမှာလည်း မြင့်တက်လာကာ လူငယ်များကလည်း အာဖရိက၏ စီးပွားရေးဆောင်ရွက်နေမှုကို နည်းပညာဖြင့် ကြိုးကိုင်ခြယ်လှယ်နေကြကြောင်း အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: News Agencies