News @ M-Media
Blog
  • ပရီးမီးယားလိဂ်၏ ကြွယ်ဝမှုအား ယှဉ်ပြိုင်မည်ဟု ဘာတိုမြူပြော
    ပရီးမီးယားလိဂ်၏ ကြွယ်ဝမှုအား ယှဉ်ပြိုင်မည်ဟု ဘာတိုမြူပြော
    ဇူလိုင် ၂၅၊ ၂၀၁၅
    M-Media
    baca
    – ရုပ်သံထုတ်လွှင့်ခွင့် အသစ်အတွက် ပေါင် ၅.၁ ဘီလီယံ ရရှိခဲ့သည့် ပရီးမီးယားလိဂ်၏ ချမ်းသာကြွယ်ဝမှုကို မိမိတို့အနေဖြင့် ယှဉ်ပြိုင်သွားမည်ဟု ဘာစီလိုနာဥက္ကဌ ဂျိုးဆက်ပ်ဘာတိုမြူက ပြောကြားလိုက်သည်။
    လာမည့် ၂၀၁၆-၁၇ ဘောလုံးရာသီအတွက် ရရှိခဲ့သည့် အဆိုပါ ရုပ်သံလွှင့်ခွင့် ငွေကြေးကြောင့် ပရီးမီးယားလိဂ်ကလပ်အသင်းများမှာ ဘဏ္ဍာရေးအကျိုးအမြတ်များကို ပိုရမည်ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားများမှာလည်း အင်္ဂလန်သို့ ဦးတည်လာနိုင်သည်။
    ပြီးခဲ့သည့် ဘောလုံးရာသီများတွင် နေးမာ၊ ဂါရက်ဘေးလ်နှင့် လူးဝစ်ဆွာရက်ဇ်တို့မှာ မြင့်မားသော ပြောင်းရွှေ့ကြေးများဖြင့် စပိန်သို့ ရောက်ရှိလာခြင်းနှင့်အတူ ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့မှာ နာမည်ကျော်ကစားသမားများကို ဆွဲဆောင်နိုင်သည့် အသင်းများ ဖြစ်လာခဲ့သည်။
    မကြာသေးမီက ဘာစီလိုနာဥက္ကဌအဖြစ် ထပ်မံအရွေးခံခဲ့ရသည့် ဘာတိုမြူကမူ အဆိုပါ ထိပ်တန်းကစားသမားများမှာ စပိန်တွင် ဆက်ရှိနေမည်ဟု ယုံကြည်မှု ရှိနေသော်လည်း ပရီးမီးယားလိဂ်၏ ချမ်းသာကြွဝယ်မှုကိုမူ ၀န်ခံခဲ့သည်။
    “ကျွန်တော်တို့ ပရီးမီးယားလိဂ်ကို ယှဉ်ပြိုင်သွားမှာပါ။ ကျွန်တော်တို့ရဲ့လိဂ်မှာ အကောင်းဆုံးကစားသမားတွေ ရှိစေချင်ပါတယ်။ ပရီးမီးယားလိဂ်ဟာ လက်ရှိအချိန်မှာ အကောင်းဆုံးလိဂ်ပြိုင်ပွဲဆိုတာ မှန်ပါတယ်။ အားကစားအရရော၊ ၀င်ငွေအရရောပေါ့။
    ပရီးမီးယားလိဂ်ရဲ့ ရုပ်သံလွှင့်ခွင့်စာချုပ်သစ်ဟာ ကျန်တဲ့လိဂ်ပြိုင်ပွဲတွေ လိုက်လုပ်ရမယ့် ကိစ္စတစ်ခုပါ” ဟု ဘာတိုမြူက BBC သို့ ပြောကြားခဲ့သည်။
    ထို့ပြင် ဘာစီလိုနာအသင်းကဲ့သို့ အခြားမည်သည့်အသင်းမှ ၀င်ငွေမများဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။ ဘာစီလိုနာအသင်းမှာ နည်းပြ လူးဝစ်အန်းရစ်၏ ပထမဆုံးရာသီဖြစ်သော ယမန်နှစ်က ဖလား ၃ လုံး ရရှိခဲ့သည်။
    Ref: Goal
  • ဆီးရီးယားရှိ ဒေသအချို့တွင် အန္တရာယ်ကင်းဇုန်အဖြစ် တူရကီကြေညာ
    ဆီးရီးယားရှိ ဒေသအချို့တွင် အန္တရာယ်ကင်းဇုန်အဖြစ် တူရကီကြေညာ
    ဇူလိုင် ၂၅၊ ၂၀၁၅
    M-Media
    try
    – ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ဒေသများတွင် IS အဖွဲ့နှင့်ပတ်သက်သည့် တိုက်ခိုက်ရေးသမားများ မရှိတော့ဘဲ လုံခြုံသည့်နေရာများ ဖြစ်သွားပြီဟု တူရကီက ကြေညာလိုက်သည်။
    ယနေ့တွင် တူရကီနိုင်ငံခြားရေးဝန်ကြီးဖြစ်သော မဗ်လက်တ် ကာဗူဆိုဂလူက ပြောကြားခဲ့ခြင်းဖြစ်ပြီး ဆီးရီးယားရှိ IS ၏ နေရာများနှင့် အီရတ်မြောက်ပိုင်းရှိ ကာ့ဒ်တိုက်ခိုက်ရေးသမားများကို တူရီက ဗုံးကြဲပြီး နာရီအနည်းငယ်အကြာတွင် အဆိုပါသတင်း ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။
    “ဆီးရီးယားနိုင်ငံမြောက်ပိုင်း ဒေသတွေဟာ IS ရဲ့ ခြိမ်းခြောက်မှုကနေ ကင်းလွတ်သွားတဲ့အခါ အန္တရာယ်ကင်းတဲ့ဇုန်တွေ အလိုလိုဖြစ်လာမှာပါ။ ကျွန်တော်တို့ဟာ ဆီးရီးယားမှာ အန္တရာယ်ကင်းတဲ့ဇုန်တွေနဲ့ လေယာဉ်မပျံသန်းရတဲ့ဇုန်တွေကို အမြဲတမ်း ကာကွယ်ခဲ့ပါတယ်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့သူတွေဟာ အဲဒီ အန္တရာယ်ကင်းဇုန်တွေမှာ သွားနေနိုင်ပါတယ်” ဟု
    သတင်းစာရှင်းလင်းပွဲတွင် ကာဗူဆိုဂလူက ပြောကြားခဲ့သည်။
    တူရကီမှာ ဆီးရီးယားနိုင်ငံအတွင်း ကာ့ဒ်တပ်ဖွဲ့များ ထိန်းချုပ်ထားသော ကိုဘိန်းမြို့ ဆင်ခြေဖုံးဒေသများမှ အနောက်လိုလားသည့် သူပုန်များ ထိန်းချုပ်ထားသော ဒေသများအထိ ၃၃ ကီလိုမီတာကျယ်ဝန်းသော အန္တရာယ်ကင်းဇုန်ကို သတ်မှတ်ရန် စဉ်းစားနေသည်ဟု
    တူရကီမီဒီယာများက စောစောပိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့သည်။
    ထိုကဲ့သို့ဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်မှာ IS အား ဆန့်ကျင်တိုက်ခိုက်နေသော သူပုန်များနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်၊ နယ်စပ်ဒေသများအား ကာ့ဒ်တိုက်ခိုက်ရေးသမားများ သိမ်းပိုက်ခြင်းမှ တားဆီးရန်လည်းဖြစ်သည်။
    Ref: Aljazeera
  • အသင်း၌ ထိပ်တန်းတိုက်စစ်မှူးဖြစ်ရန် ရူနီ အဆင်သင့်ဖြစ်နေ
    အသင်း၌ ထိပ်တန်းတိုက်စစ်မှူးဖြစ်ရန် ရူနီ အဆင်သင့်ဖြစ်နေ
    ဇူလိုင် ၂၅၊ ၂၀၁၅
    M-Media
    rony
    – လာမည့်ရာသီတွင် မိမိအနေဖြင့် အသင်း၏ ဂိုးသွင်းအများဆုံး တိုက်စစ်မှူး ဖြစ်လာရန် အဆင်သင့်ဖြစ်နေသည်ဟု မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။
    အသက် ၂၉ နှစ် ရှိပြီဖြစ်သည့် ရူနီမှာ ပြီးခဲ့သည့်နှစ် ပရီးမီးယားလိဂ်တွင် အသင်းအတွက် ၁၂ ဂိုးသာ သွင်းယူနိုင်ခဲ့သော်လည်း ဗန်ဂါးလ်မှာ တစ်ခါတစ်ရံတွင် ၎င်းအား အရေးပါသည့်နေရာ၌ ထားရှိ အသုံးပြုခဲ့သည်။
    ယခုနှစ်တွင် ရော်ဘင်ဗန်ပါစီ ဖီနာဘာချီသို့ ထွက်ခွာခဲ့ပြီး၊ ဖယ်လ်ကာအိုကလည်း ထွက်ခွာသွားသောကြောင့် ရူနီမှာ ယခုလက်ရှိတွင် ဗန်ဂါးလ်၏ ပထမဦးစားပေး တိုက်စစ်မှူး ဖြစ်လာခဲ့သည်။ အင်္ဂလန်အသင်းခေါင်းဆောင် ရူနီကလည်း ထိုအခြေအနေကို နှစ်သက်နေသည်။
    “အဓိကတိုက်စစ်မှူး နေရာဟာ ကျွန်တော် ဂိုးတွေသွင်းနိုင်တဲ့ နေရာဖြစ်တယ်လို့ ထင်ပါတယ်။ ဒီတာဝန်ကိုယူဖို့နဲ့ အသင်းအတွက် ဂိုးတွေသွင်းတဲ့သူ တစ်ယောက်ဖြစ်ဖို့ ကျွန်တော်ဟာ အဆင်သင့်ဖြစ်နေပါပြီ” ဟု ရူနီက ပြောကြားခဲ့သည်။
    ထို့ပြင် မိမိအနေဖြင့် တစ်ကိုရေ ရည်မှန်းချက်များ မရှိကြောင်း၊ လက်ရှိအချိန်တွင် ကြံ့ခိုင်ရေး ကောင်းမွန်ရန်နှင့် ရာသီသစ်အတွက် အဆင်သင့်ဖြစ်ရန် ဆောင်ရွက်နေကြောင်း၊ တစ်ကိုယ်ရေ ရည်မှန်းချက်များထက် အသင်းကိုသာ ကူညီချင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal
  • အမေရိကန်ရဲတပ်ဖွဲ့က လူမည်းတစ်ဦးအား တမင်သေနတ်ဖြင့်ပစ်ခတ်သည့် ဗီဒီယို ထွက်ပေါ်လာ
    အမေရိကန်ရဲတပ်ဖွဲ့က လူမည်းတစ်ဦးအား တမင်သေနတ်ဖြင့်ပစ်ခတ်သည့် ဗီဒီယို ထွက်ပေါ်လာ
    ဇူလိုင် ၂၅၊ ၂၀၁၅
    M-Media
    us
    – ပြီးခဲ့သည့် ဧပြီလအတွင်းက အိုင်အိုဝါပြည်နယ်တွင် လူမည်းအမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့က ပစ်ခတ်မှုနှင့်ပတ်သက်၍ ဗီဒီယိုတစ်ခုထွက်ပေါ်လာခဲ့ပြီး ထိုဗီဒီယိုက ထိုအဖြစ်အပျက်အတွက် ရဲတပ်ဖွဲ့၏ လိမ်ညာမှုကိုလည်း ပေါ်လွင်သွားစေခဲ့သည်။
    ရဲတပ်ဖွဲ့ကမူ ၀ဘ်မှာ တပ်ဖွဲ့ဝင်တစ်ဦးအား ကားဖြင့်တိုက်ခဲ့ခြင်းကြောင့် ပစ်ခတ်ခဲ့ရခြင်းဖြစ်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ယခုထွက်ပေါ်လာသော ဗီဒီယိုအရ ရဲတပ်ဖွဲ့ဝင်များ ရောက်လာသည့်အချိန်တွင် ရန်ပွဲမှာ ပြီးဆုံးသွားခဲ့ပြီး၊ ၀ဘ်မှာ ရန်ပွဲနှင့် သက်ဆိုင်ခြင်းမရှိဘဲ ကားပါကင်မှ ၎င်း၏ကားကို မောင်းထွက်ရန် ကြိုးစားမှုကိုသာ တွေ့ခဲ့ရသည်။
    “သူကားထဲဝင်ပြီး သိပ်မကြာခင်မှာ အရပ်ဝတ်နဲ့လူတစ်ယောက် ဒရိုက်ဘာဘက်က ပြတင်းပေါက်မှန်ကို လာခေါက်ပါတယ်။ ဒီလူဟာ ၀ါတာလူး ရဲတပ်ဖွဲ့ဝင်လို့ ထင်ရပြီး၊ ၀ဘ်ရဲ့အသားအရောင်ကြောင့် ကားပြင်ထွက်ဖို့ အဲဒီလူက အချက်ပြပါတယ်။ မစ္စတာဝဘ်က
    သူမသိတဲ့ လူတစ်ယောက်ရဲ့အဝေးကိုရောက်ဖို့ ကားကို မောင်းထွက်သွားခဲ့ပါတယ်” ဟု ၀ဘ်၏ ရှေ့နေဖြစ်သူ မာ့က် လိုဗီ-ရီယက်စ်က ပြောကြာခဲ့သည်။
    ထို့နောက် ရဲတပ်ဖွဲ့မှာ ၀ဘ်၏ကားနှင့် ဘေးချင်းယှဉ်လိုက်ကာ ၀ဘ်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
    ယခုဗီဒီယို ထွက်ပေါ်လာပြီးနောက် ရဲတပ်ဖွဲ့ဝင်းတစ်ဦးအား ကားဖြင့်တိုက်၍ ပစ်ခတ်ရခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ ထွက်ဆိုချက်မှာ အဖြစ်မှန်နှင့် ကွဲလွဲနေပြီး ၀ဘ်၏ရှေ့နေကမူ ၀ါတာလူးရဲတပ်ဖွဲ့မှာ တရားမဲ့သည့် ပစ်ခတ်မှုကို ဖုံးကွယ်ရန် လိမ်ညာခဲ့ကာ ၎င်း၏ အမှုသည်ဝဘ်မှာ မည်သူတစ်ဦးတစ်ယောက်ကိုမှ ခြိမ်းခြောက်သည့် အနေအထားတွင်မရှိဟု ပြောကြားခဲ့သည်။
    Ref: RT
  • နိုင်ငံတကာသတင်းတို (ဇူလိုင် ၂၄၊ ၂၀၁၅)
    ဇူလိုင် ၂၄၊ ၂၀၁၅
    M-Media
    IS ကို တူရကီ လေကြောင်းမှ စတင်တိုက်ခိုက်
    ……………………………
    ဆီးရီးယားနှင့် ထိစပ်လျက်ရှိသည့် တူရကီနယ်စပ်မြို့ ဆူရုသ်တွင် IS က အသေခံ ဗုံးခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် ယနေ့တွင် တူရကီက F16 တိုက်လေယာဉ်များဖြင့် ဆီးရီးယားနိုင်ငံအတွင်းရှိ IS ၏ ဌာနချုပ် ၂ ခုနှင့် လူစုသည့်နေရာတစ်ခုကို တိုက်ခိုက်ခဲ့သည်ဟု တူရကီဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် တူရကီနိုင်ငံအတွင်းတွင်လည်း ISအဖွဲ့၊ ကာ့ဒ်နှင့်
    လက်ဝဲယိမ်းလက်နက်ကိုင်များဟု သံသယရှိသူ ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။
    ဖခင်မွေးရပ် ကင်ညာသို့ အိုဘားမား ထွက်ခွာ
    …………………….
    ဖခင်မွေးဖွားရာ နိုင်ငံဖြစ်သော ကင်ညာနှင့် အာဖရိကသမဂ္ဂ ရုံးချုပ်ရှိရှာ အီသီယိုးပီးယား နိုင်ငံများသို့ သွားရောက်လည်ပတ်ရန်အတွက် အမေရိကန်သမ္မတ ဘာရက်အိုဘားမားမှာ ၀ါရှင်တန်မှ ယနေ့တွင် ထွက်ခွာသွားခဲ့သည်။ အမေရိကန်၏ ပထမဆုံး အာဖရိကန်-အမေရိကန် သမ္မဖြစ်သော အိုဘားမားမှာ ဖခင်မွေးဖွားရာ ကင်ညာနိုင်ငံသို့ သမ္မတဖြစ်ပြီးနောက် ပထမဆုံးအကြိမ်
    သွားရောက်ခြင်းဖြစ်ပြီး၊ အာဖရိက သမဂ္ဂရုံးချုပ်သို့လည်း ၎င်း၏ ပထမဆုံး ခရီးဖြစ်သည်။ ထိုခရီးစဉ်တွင် အာဖရိကဒေသအတွင်း လုံခြုံရေး ပြဿနာများ၊ ကုန်သွယ်ရေးတို့နှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားသွားမည်ဖြစ်ပြီး ဆင်းရဲမွဲတွေမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအကြောင်းတို့လည်း ပါဝင်မည်ဖြစ်သည်။
    အာဖဂန်အစိုးရနှင့် တာလီဘန်တို့ ဒုတိယအကျော့ ဆွေးနွေးမည်
    ……………………………..
    အာဖဂန်အစိုးရနှင့် တာလီဘန်ကိုယ်စားလှယ်များအကြား ဒုတိယအကျော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာမည့်သီတင်းပတ်တွင် တရုတ်နိုင်ငံ အနောက်ပိုင်းရှိ ဇင်ဂျန်းပြည်နယ်တွင် ကျင်းပပြုလုပ်သွားမည်ဟု အာဖဂန်အစိုးရ တာဝန်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။ အာဖဂန်အစိုးရနှင့် တာလီဘန်တို့၏ အဆိုပါဆွေးနွေးပွဲ လုပ်ငန်းစဉ်တွင် ပါကစ္စတန်နိုင်ငံမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး နှစ်ပေါင်းများစွာ သွေးထွက်သံယိုဖြစ်မှုများကို အဆုံးသတ်ရန်အတွက် နိုင်ငံရေးတည်ငြိမ်မှုရရန် မျှော်လင့်ချက်များလည်း မြင့်တက်လာခဲ့သည်။
    Ref: News Agencies