News @ M-Media

Blog

  • လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲအတွက် မေ၀ယ်သာ လေ့ကျင့်

    လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲအတွက် မေ၀ယ်သာ လေ့ကျင့်

    ဇူလိုင် ၁၇၊ ၂၀၁၅
    M-Media

    may 1

    – လာမယ့်စက်တင်ဘာလမှာ လက်ဝှေ့သက်တမ်းရဲ့ နောက်ဆုံးပွဲ ထိုးသတ်မယ်လို့ ကြေညာထားတဲ့ အမေရိကန်လက်ဝှေ့ကျော် မေ၀ယ်သာတစ်ယောက် လေ့ကျင့်မှုတွေကို မနေ့ကစပြီး လက်စ်ဗီးဂက်စ်မှာ ပြန်လည်ပြုလုပ်နေပါတယ်။

    အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မေ၀ယ်သာဟာ မေလဆန်းက ပက်ကွီအိုနဲ့ပွဲမှာ အနိုင်ရခဲ့ပြီးတဲ့ နောက်ပိုင်းက ဒီလိုကြေညာခဲ့တာပါ။ အဲဒီပွဲဟာ သူ့ရဲ့ လက်ဝှေ့သက်တမ်းတစ်လျှောက် ၄၈ ပွဲ မြောက်ဖြစ်ပြီး ရှုံးပွဲမရှိ စံချိန်ကိုလည်း တင်ထားနိုင်ပါတယ်။

    သူလေ့ကျင့်နေတဲ့ပုံတွေကို သူရဲ့ ဆိုရှယ်အကောင့်ကနေလွှင့်တင်ခဲ့တာဖြစ်ပေမယ့် စက်တင်ဘာ ၁၂ ရက်နေ့လို့သတ်မှတ်ထားတဲ့ သူ့ရဲ့ နောက်ဆုံးပွဲကို ဘယ်သူနဲ့ ထိုးသတ်မယ်ဆိုတာကိုတော့ ကြညာခြင်း မရှိသေးပါဘူး။

    ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းက မေ၀ယ်သာနဲ့ ထိုးသတ်ဖို့ စိတ်အားထက်သန်နေပေမယ့် မေ၀ယ်သာကတော့ အန်ဒရေ ဘာတို၊ တီမောသီ ဘရက်ဒလေတို့ထဲက တစ်ဦးဦးနဲ့ ထိုးသတ်မယ်လို့ မကြာသေးမီက ကြေညာထားပါတယ်။

    ဘာတိုကတော့ “ဒီပွဲအတွက် လျာထားခံရတာကို ကျွန်တော်ပျော်ပါတယ်။ ဒီစိန်ခေါ်မှုအတွက်လည်း လုံးဝ ရင်ဆိုင်သွားမှာပါ။ တကယ်လို့ ဒီပွဲဖြစ်ခဲ့ရင် ပွဲကောင်းတစ်ပွဲဖြစ်လာမယ်ဆိုတာ ကျွန်တော်သိပါတယ်” လို့ ပြောကြားခဲ့ပါတယ်

    မေ၀ယ်သာရဲ့ နောက်ဆုံးပြိုင်ဘက်ဟာ အမီးရ်ခန်း၊ ကာနီလို အလ်ဗာရက်ဇ်၊ တီမောသီ ဘရက်ဒလေ၊ ကိသ် သူမန်နဲ့ ကဲလ် ဘရော့တိုတွေထဲက တစ်ဦးဦးလည်း ဖြစ်နိုင်ပေမယ့် ရေပန်းအစားဆုံးကတော့ လက်ရှိ WBA ၀ယ်ဝိတ် ချန်ပီယံဖြစ်ပြီး ၃၃ ပွဲမှာ ၃ ပွဲသာရှုံးထားတဲ့ အန်ဒရေဘာတို ဖြစ်နေပါတယ်။

    Ref: Dailymail

  • အစ္စရေးအား စစ်ရေးအကူအညီ အမေရိကန်တိုးမြှင့်မည်

    အစ္စရေးအား စစ်ရေးအကူအညီ အမေရိကန်တိုးမြှင့်မည်

    ဇွန် ၁၇၊ ၂၀၁၅
    M-Media

    us

    – အီရန်နျူအရေး သဘောတူညီချက်ရရှိမှုနှင့် ပတ်သက်၍ တင်းမာမှုများကို ပြေလျော့စေရန်အတွက် အမေရိကန်မှာ အစ္စရေးအား စစ်ဘက်ဆိုင်ရာ အကူအညီ တစ်နှစ်လျှင် ကန်ဒေါ်လာ ၁.၅ ဘီလီယံ တိုးမြှင့်ပေးအပ်သွားမည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။

    ထိုကိစ္စအတွက် ဆွေးနွေးရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာရ်မှာ လာမည့်သီတင်းပတ်တွင် တဲလ်အဗီးသို့ သွားရောက်လည်ပတ်ရန် ရှိနေသည်။

    အဆိုပါ တိုးမြှင့်မည့် အစီအစဉ်တွင် အစ္စရေးမှာ F35 တိုက်လေယာဉ်များ ရရှိမည်ဖြစ်ပြီး၊ ဒုံးကျည်ကာကွယ်ရေးစနစ်များ သုတေသနပြုခြင်းနှင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းတို့အတွက် ရန်ပုံငွေလည်း ရမည်ဖြစ်သည်။ ထို့ပြင် ပြီးခဲ့သည့်နှစ်က ဂါဇာအား ဗုံးကြဲတိုက်ခိုက်မှုတွင် အသုံးပြုခဲ့သော လက်နက်ခဲယမ်းများအတွက် ထပ်ဖြည့်ခြင်းလည်း ပါဝင်မည်ဟု အစ္စရေးသတင်းရင်းမြစ်များက Jerusalem Post သို့ ပြောကြားခဲ့သည်။

    အမေရိကန်နှင့် အစ္စရေးတို့၏ လက်ရှိသဘောတူညီချက်အတွက် အစ္စရေးမှာ တစ်နှစ်လျှင် ကန်ဒေါ်လာ ၃ ဘီလီယံ ထောက်ပံ့ကြေးရရှိနေပြီး ထိုငွေကြေးများမှ အများစုကို တိုက်လေယာဉ်များ၊ ဒုံးကျည်ကာကွယ်ရေးစနစ်ကဲ့သို့ အမေရိကန်ထုတ် လက်နက်များကို ၀ယ်ယူရာတွင် အသုံးပြုရသည်။

    အစ္စရေးနှင့် အမေရိကန်အာဏာပိုင်များမှာ စစ်ဘက်ဆိုင်ရာအကူညီပေးရေး ပမာဏကို ကန်ဒေါ်လာ ၄.၂ မှာ ၄.၅ ဘီလီယံကြားအထိ တိုးမြှင့်သွားရန် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု အစိုးရနှင့် နီးစပ်သူများက နယူးယောက်တိုင်းမ်စ် သတင်းစာသို့ ပြောကြားခဲ့သည်။

    အဆိုပါ သဘောတူညီချက်အသစ်မှာ ၂၀၁၈ ခုနှစ်တွင် သက်ရောက်မည်ဖြစ်ပြီး ဆယ်စုနှစ်တစ်ခုအထိ ကြာမြင့်မည်ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီ ကာတာရ်မှာ အစ္စရေး၏ ကာကွယ်ရေးဝန်ကြီး မိုရှေး ယာလွန်နှင့် တွေ့ဆုံရန်ရှိနေသည်ဟု အစ္စရေးသတင်းရင်းမြစ်များက ဆိုသည်။

    Ref: RT

  • မန်ယူမှာ ရာသီသစ်တွင် အထနှေး၍မရဟု ရွိုင်ယန်ဂစ်ပြော

    မန်ယူမှာ ရာသီသစ်တွင် အထနှေး၍မရဟု ရွိုင်ယန်ဂစ်ပြော

    ဇူလိုင် ၁၇၊ ၂၀၁၅
    M-Media

    mu

    – လာမည့် ပရီးမီးယားလိဂ်ရာသီတွင် မိမိတို့အသင်းမှာ ပိုမိုကောင်းမွန်စွာဖြင့် စတင်ရန်လိုအပ်သည်ဟု မန်ယူလက်ထောက်နည်းပြ ရွိုင်ယန်ဂစ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ် နွေရာသီတွင် မန်ယူအသင်းမှာ ပြောင်းရွှေ့ကြေး အမြောက်အများ သုံးစွဲခဲ့သော်လည်း ရာသီအစ ၁၀ ပွဲတွင် ရမှတ် ၁၃ မှတ်သာ ရရှိခဲ့ပြီး ရာသီကုန်တွင် အဆင့် ၄ နေရာဖြင့် ရာသီသိမ်းခဲ့သည်။

    ယခုနှစ်အပြောင်းအရွှေ့တွင်လည်း ဗန်ဂါးလ်မှာ ပြောင်းရွှေ့ကြေးအများအပြားဖြင့် ရှဝိုင်းစတိုင်ဂါ၊ မမ်ဖစ်ဒီပေးနှင့် မော်ဂန်ရှနိုက်ဒါလင်တို့အား ခေါ်ယူခဲ့သည်။ ရွိုင်ယန်ဂစ်ကမူ အသင်းအား ရာသီအသစ်၌ အောင်မြင်စေချင်နေသည်။

    “လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ချယ်ဆီးအသင်းဟာ တော်တော်ဝေးဝေးသွားနိုင်တာကို ခင်ဗျား တွေ့ခဲ့မှာပါ။ ပြီးတော့ ကျွန်တ်ေတို့ရဲ့ စဉ်းစားပုံကို ပြောင်းလဲရမှာဖြစ်ပြီး အဲဒီနောက်မှာ ကျွန်တော်တို့ ရာသီအစ အထမနှေးရအောင် လုပ်ရပါမယ်။ စိန်ခေါ်သူတွေနဲ့ ပြိုင်ဘက်တွေအားလုံးက ထက်ထက်မြက်မြက်နဲ့ ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေပါတယ်” ဟု ရွိုင်ယန်ဂစ်က Manchester Evenig News သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ဗန်းဂါးလ်က ရမှတ် ၃၀ တွင် ၁၂ မှတ်သာရခြင်းမှာ မလုံလောက်ကြောင်း ထိုကဲ့သို့ အထနှေးမှုမှာ ခက်ခဲပြီး ပိုမိုကောင်းမွန်သည့်ပုံစံဖြင့် ရာသီသစ်အား စတင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု ဂစ်က ဆိုသည်။

    “ဒီရက်တွေမှာတော့မဟုတ်ပါဘူး။ ဖာဂူဆန်အရင်က ပြောခဲ့ဖူးတာက “နောက်ပိုင်းမှ ကစားတာပေါ့လို့ မျှော်လင့်လို့ မရဘူး။ ထိပ်ဆုံးရောက်နေရမယ်၊ ရာသီအစ ပထမဆုံးပွဲကတည်းက အဆင်သင့်ဖြစ်နေရမယ်” တဲ့။ ဒါမျိုး ကျွန်တော်တို့ လုပ်ရမှာပါ”

    Ref: Goal

  • ကိုဇော်ဇော်လတ် အား မတရားအသင်းနဲ့ ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံရမှု VOA သတင်းဌာန၏ အသံလွှင့်ဖော်ပြချက်

    ကိုဇော်ဇော်လတ် အား မတရားအသင်းနဲ့ ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံရမှု VOA သတင်းဌာန၏ အသံလွှင့်ဖော်ပြချက်

    11742726_653310814771001_3696088171492555601_n

    မန္တလေးမြို့အခြေစိုက် လူမျိုးဘာသာပေါင်းစုံ ဖွဲ့စည်းထားတဲ့ သင့်မြတ်လိုသူများ အဖွဲ့မှ ဦးဆောင်လှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကိုဇော်ဇော်လတ် အား မတရားအသင်းနဲ့ ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံရမှု VOA သတင်းဌာန၏ အသံလွှင့်ဖော်ပြချက်

  • ယခုနှစ်ရမ်ဇာန်တွင် ဆော်ဒီ၌ အစ္စလာမ်ကိုလက်ခံသည့် နိုင်ငံခြားသားအရေအတွက် ၆၀၀ ကျော်ရှိ

    ယခုနှစ်ရမ်ဇာန်တွင် ဆော်ဒီ၌ အစ္စလာမ်ကိုလက်ခံသည့် နိုင်ငံခြားသားအရေအတွက် ၆၀၀ ကျော်ရှိ

    ဇူလိုင် ၁၇၊ ၂၀၁၅
    M-Media

    saudi

    – နာမ်ပိုင်းဆိုင်ရာအနေအထား အမြင့်ဆုံးကို ရောက်ရှိသည့် ရမ်ဇာန်ဥပုသ်လတွင် ဆော်ဒီအာရေဗျ၌ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်လာသူ နိုင်ငံခြားသား အရေအတွက်မှာ ၆၄၄ ဦး ရှိသည်ဟု သိရသည်။

    “ရမ်ဇာန်လမှာ ကျွန်တော်တို့ရဲ့ ဧည့်သည်တွေဟာ ရက်ရောက်မှုစိတ်ဓာတ်၊ ညီရင်းအစ်ကိုဖြစ်မှုနဲ့ ဥပုသ်သီလဆောက်တည်သူတွေကို နေ့စဉ်အစားသောက်ပေးလှူခြင်းကနေ ရရှိတဲ့ စည်းလုံးညီညွတ်မှုကို မျက်မြင်ကိုယ်တွေ့ ဖြစ်ခဲ့ပါတယ်။ လမ်းသွားလမ်းလာတွေနဲ့ သူစိမ်းတွေကတောင်မှ သူတို့ရဲ့ အစ်ဖ်သာရ်ဝါဖြေပွဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်ကြပါတယ်” ဟု ဘတ်သာရှိ အစ္စလာမ့် ဒါဝါဟ်စင်တာ အကြီးအကဲဖြစ်သူ ရှိခ်နူဟ် အလ်-ကွာရိန်းက ပြောကြားခဲ့သည်။

    “အစ်ဖ်သာရ်မှာ ပါဝင်ဖို့ မွတ်စလင်မဟုတ်တဲ့သူတွေကိုလည်း ကျွန်တော်တို့ ဖိတ်ပါတယ်။ အလုပ်သမားတွေကို လေးစားသမှုနဲ့ဆက်ဆံပြီး တန်ဖိုးထားခြင်းကနေ အစ္စလာမ့်ရဲ့ လှပတဲ့ သွန်သင်မှုကို မိတ်ဆက်ပေးဖို့ ပြည်သူတွေ၊ ကုမ္ပဏီတွေကို ကျွန်တော် တိုက်တွန်းထားပါတယ်”

    ရှိခ်နူဟ်က ၎င်းတို့၏စင်တာတွင် ပြီးခဲ့သည့်နှစ် ရမ်ဇာန်ဥပုသ်လမှစ၍ အစ္စလာမ်သို့ သက်ဝင်လာသော နိုင်ငံခြားသားအရေအတွက်မှာ ၄၀၀၀ နီးပါးရှိပြီး နိုင်ငံစုံမှဖြစ်သည်ဟု ပြောကြားခဲ့သည်။

    နောက်ဆုံး အစ္စလာမ်ကို သက်ဝင်လာခဲ့ကြသူ အုပ်စုမှာ နိုင်ငံခြားသား ၂၁ ယောက်ဖြစ်ပြီး ဒူဘသ်ခရိုင်ရှိ ဗလီဝတ်ကျောင်းတော်တွင် သက်ဝင်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ် ရမ်ဇာန်အစမှနေ၍ အဆိုပါ ဗလီဝတ်ကျောင်းတော်၌ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်သူများမှာ ၇၄ ဦးအထိ ရှိလာပြီဖြစ်သည်။

    မွတ်စလင်အမည်ခံ အကြမ်းဖက်သမားများကြောင့် မွတ်စလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုများ ရှိနေသော်လည်း အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်သူအရေအတွက်မှာ တိုး၍သာ လာနေသည်ဟု သတင်းများက ဖော်ပြကြသည်။

    သာသနာနှင့်ပတ်သက်၍ ထင်မြင်ယူဆချက်အမှားများကို ပြင်ဆင်ရာတွင် မွတ်စလင်တို့၏ ကောင်းမွန်သော စိတ်ဓာတ်နှင့် လုပ်ရပ်များက အဓိကကျခဲ့သည်ဟု ဒူဘသ်ခရိုင်ရှိ ဗလီဝတ်ကျောင်းတော်ကြီးမှ ရှေ့ဆောင်အီမာမ်ဖြစ်သူ ရှိခ် တာကီ ကွီလိုင်ဝီကဆိုသည်။

    “အစ္စလာမ့်ရဲ့သွန်သင်မှုအတိုင်း သူတို့ကို ထိတွေ့ဆက်ဆံမယ်ဆိုရင် သူတို့ဟာ အစ္စလာမ်ကို လူသားထုအတွက် မှန်ကန်တဲ့လမ်းစဉ်၊ လက်ခံရမယ့် အယူဝါဒအဖြစ် မုချတွေ့မှာပါ” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ယခုနှစ်ရမ်ဇာန်ဥပုသ်လအတွင်း အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်သူ အရေအတွက်မှာ မြင့်တက်လာခဲ့ပြီး စုစုပေါင်း ၆၄၄ ဦး ရှိလာခဲ့သည်။ ရမ်ဇာန်လအစပိုင်းတွင် ဆော်ဒီအာရေဗျ၌ အလုပ်လုပ်နေသော ဖိလစ်ပိုင်နိုင်ငံသား ၂၂၀ မှာ မက္ကာဟ်မြို့၌ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်လာခဲ့သည်။

    နောက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံသား ၂၀ ခန့်မှာ ရီယာ့ဒ်ရှိ ဗလီဝတ်ကျောင်းတော်တွင် အစ္စလာမ်ကို ထပ်မံ လက်ခံခဲ့ကြသည်။

    ပြီးခဲ့သည့်နှစ် ဧပြီလကလည်း တရုတ်နိုင်ငံသား ၆၀၀ ခန့်မှာ မက္ကာမြို့၌ အစ္စလာမ်အကြောင်း မိတ်ဆက်လေ့လာပြီးနောက်ပိုင်းတွင် သာသနာအတွင်းသို့ ကူးပြောင်းခဲ့ကြသည်။ ဇန်န၀ါရီလကမူ ဆော်ဒီဘုရင်ကြီး အဘ်ဒူလာ ဘင် အဘ်ဒူလ် အဇစ်၏ ရိုးရှင်းသော နာရေးကို ကြည့်ရှုခဲ့ရပြီးနောက် တရုတ်နိုင်ငံသား ၅၀၀ မှာ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်လာခဲ့ဖူးသည်။

    Ref: Onislam