News @ M-Media

Blog

  • ဘလတ္တာကို သရော်သည့် ဗြိတိန်လူရွှင်တော် တရားစွဲခံရ

    ဘလတ္တာကို သရော်သည့် ဗြိတိန်လူရွှင်တော် တရားစွဲခံရ

    ဇူလိုင် ၂၂၊ ၂၀၁၅
    M-Media

     

    fifa

    – သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဖီဖာဥက္ကဌဆပ်ဘလတ္တာအပေါ် ပိုက်ဆံအတုများ ကြဲချခဲ့သည့် ဗြိတိန်လူရွှင်တော် ဆိုင်မွန် ဘရော့ဒ်ကင်ကို ဆွစ်ဇာလန်တရားရုံးက ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    ဖီဖာ၏ရုံးချုပ်တွင် သောကြာနေ့က ကျင်းပပြုလုပ်ခဲ့သော အဆိုပါသတင်းစာရှင်းလင်းပွဲတွင် အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်သည့် ဘရော့ဒ်ကင်မှာ စင်ပေါ်သို့တက်၍ ဆပ်ဘလတ္တာ၏ ခေါင်းပေါ်သို့ ပိုက်ဆံအတုများ ကြဲချခဲ့ခြင်းဖြစ်ပြီး ဖီဖာက လတ်တလောရင်ဆိုင်နေရသည့် လာဘ်စားမှုပြဿနာကို သရော်ခြင်းလည်း ဖြစ်သည်။

    ရဲတပ်ဖွဲ့က ထုတ်ပြန်သောကြေညာချက်တွင် ဘရော့ဒ်ကင်မှာ အဆောက်အဦးအတွင်းသို့ ၀င်ရောက်ခွင့်မရှိသောကြောင့် ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    “ရုံးချိန်းခေါ်မလားဆိုတာကတော့ တရားသူကြီးက ဆုံးဖြတ်မှာပါ။ ဆွစ်ဇာလန်မှာ ပိုင်နက်ကျူးလွန်မှုကို အခြားသော အမှုအငယ်စားတွေလိုပဲ တရားစီရင်ပါတယ်” ဟု ထိုကြေညာချက်တွင် ထည့်သွင်းဖြော်ပထားသည်။

    ဘရော့ဒ်ကင်မှာ စင်ပေါ်တွင် လီနဲလ်ဆင်အမည်ဖြင့် ကျော်ကြားပြီး စတန့်များစွာကို ပြုလုပ်ခဲ့ဖူးသူ ဖြစ်သည်။

    ပြီးခဲ့သည့်မေလက ချစားမှု၊ လာဘ်ပေးလာဘ်ယူမှုတို့ဖြင့် ဖီဖာတာဝန်ရှိသူ ၁၄ ဦး ဖမ်းဆီး တရားစွဲဆိုခြင်း ခံရပြီးနောက်ပိုင်း မည်သည့်စွဲဆိုမှုမှ မခံခဲ့ရသော ဘလတ္တာမှာ ထိုပြဿနာ၏ အဓိက အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။

    ထို့နောက် ဥက္ကဌအဖြစ် ၅ ကြိမ်ဆက် အရွေးခံရသော်လည်း ၎င်းအနေဖြင့် နှုတ်ထွက်သွားမည်ဟု ကြေညာခဲ့သည်။ ဖီဖာ၏ ဥက္ကဌရွေးပွဲကို လာမည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ကျင်းပမည်ဟု တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။

    Ref: Goal

  • သြစတေးလျ အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှု တန်ပြန်ဆန္ဒပြခံရ

    သြစတေးလျ အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှု တန်ပြန်ဆန္ဒပြခံရ

    ဇူလိုင် ၂၂၊ ၂၀၁၅
    M-Media

    aus

    – သြစတေးလျနိုင်ငံတွင် အမုန်းအခြေပြု  အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြမှုကို လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး လှုပ်ရှားသူများက တန်ပြန်ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    “ဆစ်ဒနီမှာ Reclaim Australia (အစ္စလာမ်ဆန့်ကျင်ရေး) လှုပ်ရှားသူ ၁၀၀ ၀န်းကျင်လောက် ရှိပါတယ်။ သူတို့ကို ဆန့်ကျင်တဲ့သူကတော့ ၆၀၀ လောက်ရှိပါတယ်” ဟု No Room for Racism (လူမျိုးရေးခွဲခြားမှုအတွက် နေရာမရှိ) လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ဘန်ကူးပါးက Anadolu Agency သို့ ဇူလိုင် ၂၀ ရက်နေ့တွင် ပြောကြားခဲ့သည်။

    “ကျွန်တော်ဟာ Reclaim Australia ရဲ့ အယူသည်းတဲ့၊ အစွန်းရောက်တဲ့ အမြင်တွေနဲ့ သြစတေးလျအစစ်ဆိုတာ လူဖြူဖြစ်တယ်၊ ကွန်ဆာဗေးတစ်ဖြစ်တယ်၊ ခရစ်ယာန်ဖြစ်တယ်၊ ဖြောင့်မတ်တယ်ဆိုတဲ့ သူတို့ရဲ့ ခံယူချက်ကိုလည်း စိုးရိမ်မိပါတယ်”

    အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို စနေ၊ တနင်္ဂနွေနေ့များတွင် သြစတေးလျရှိ မြို့ကြီးများတွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး ဆန္ဒပြသူ ရာပေါင်းများစွာကလည်း ကန်ဘာရာ၊ ဆစ်ဒနီ၊ ပါ့သ်၊ ဘရစ္စဘိန်းနှင့် အခြားသော နေရာများတွင် တန်ပြန်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

    ၎င်းတို့မှာ “လူမျိုးရေးခွဲခြားသူတွေ အိမ်ပြန်တော့” “နာဇီတွေ လမ်းထဲကထွက်သွား” “အသိဥာဏ်မရှိသူတွေအတွက် နေရာမရှိ” စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

    “လူမျိုးရေးခွဲခြားမှု၊ အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာမှုနဲ့အတူ တစ်နိုင်ငံလုံးကို သူတို့ (အစ္စလာမ်ဆန့်ကျင်သူတွေ) ပေးချင်တဲ့ သတင်းစကားက မွတ်စလင်တွေအတွက်သာ အန္တရာယ်ရှိတာမဟုတ်ဘဲ အခြားလူနည်းစုတွေအတွက်လည်း အန္တရာယ်ရှိပါတယ်” ဟု No Room for Racism လှုပ်ရှားမှုကို စီစဉ်သူ မဲလ် ဂရဂ်ဆန်က ပြောကြားခဲ့သည်။

    ထိပ်တိုက်တွေ့

    အစ္စလာမ်ဆန့်ကျင်ရေးအုပ်စုနှင့် ၎င်းတို့အား တန်ပြန်ဆန္ဒပြသူ အုပ်စုတို့အကြား ထိပ်တိုက်တွေ့ဆုံကာ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သောကြောင့် ရဲတပ်ဖွဲ့က ကြားဝင်ကာ အင်အားသုံး၍ ၎င်းတို့အုပ်စုနှစ်ခုကို သီးခြားစီဖြစ်အောင် ပြုလုပ်ပေးခဲ့ရသည်။

    ထို့ပြင် ငရုပ်ကောင်းစပေရေးကိုလည်း အသုံးပြုခဲ့ရပြီး ဆန္ဒပြသူ ၁၀၀ ကျော်မှာ အသက်ရှုကြပ်သည့် ဝေဒနာကို ခံစားခဲ့ရကာ ဆေးကုသမှုများ ခံယူခဲ့ရသည်။ စနေနှင့် တနင်္ဂနွေနေ့များတွင် ပြုလုပ်ခဲ့သည့် အဆိုပါ ဆန္ဒပြမှုများမှ အနည်းဆုံး လူ ၉ ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့သည်။

    မွတ်စလင်အမည်ခံ အကြမ်းဖက်သမားများကြောင့် ကမ္ဘာ့တစ်ဝှမ်းတွင် အခြားသော အစ္စလာမ်ဘာသာဝင်များအပေါ် အမြင်စောင်းမှုများ မြင့်တက်လာပြီး၊ နိုင်ငံရေးသမားများကလည်း ထိုအချက်ကို အခွင့်ကောင်းယူကာ ၎င်းတို့ သြဇာလွှမ်းမိုးရေးကို လုပ်ဆောင်နေကြသည်။

    ထိုအကြမ်းဖက်သမားများ၏ လုပ်ရပ်ကို ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်အသင်းအဖွဲ့များ၊ အစ္စလာမ့်ဓမ္မပညာရှင်များနှင့် ရှေ့ဆောင်အီမာမ်ကြီးများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ကြသည်။ ထို့ပြင် ၎င်းတို့အား မွတ်စလင်များကပင် အဓိက တွန်းလှန် တိုက်ထုတ်နေကြသည်။

    Ref: Onislam

  • နိုင်ငံတကာသတင်းတို (ဇူလိုင် ၂၁၊ ၂၀၁၅)

    ဇူလိုင် ၂၁၊ ၂၀၁၅
    M-Media

    နျူအရေး အီရန်၏လမ်းကို မြောက်ကိုရီးယား လိုက်မည်မဟုတ်
    ……………………………………….
    နျူအရေးအတွက် အီရန်က ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် သဘောတူညီချက် ရယူသကဲ့သို့ မိမိတို့အနေဖြင့် လုပ်ဆောင်သွားမည်မဟုတ်ဟု မြောက်ကိုရီးယားက ယနေ့တွင် ပြောကြားလိုက်သည်။ ထို့ပြင် မိမိတို့၏ နျူးကလီယားအစီအစဉ်မှာ အမေရိကန်၏ မြောက်ကိုရီးယားအပေါ် ထားရှိသော ရန်လိုသည့် နိုင်ငံခြားရေးပေါ်လစီအတွက် အရေးပါသည့် အဟန့်အတားဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံခြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားပြီး နျူကလီးယားအစီအစဉ်ကို ရပ်တန့်သွားမည်မဟုတ်ဟု ဆိုသည်။

    သဘာဝကပ်ဘေးကြောင့် အိုးအိမ်စွန့်ရသူ ၂၀၁၄ တွင် သန်း ၂၀ ခန့်ရှိ
    ……………………………..
    ရေကြီးမှု၊ မုန်တိုင်းတိုက်ခတ်မှုနှင့် မြေငလျင်လှုပ်ခတ်မှုများကြောင့် ပြီးခဲ့သည့်နှစ်အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများမှာ သန်း ၂၀ နီးပါးရှိသည်ဟု နော်ဝေဒုက္ခသည်ကောင်စီမှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုကဲ့သို့ အိုးအိမ်စွန့်ခွာရသူများတွင် အာရှမှ ၁၉.၃ သန်းရှိကာ တရုတ်နှင့် ဖိလစ်ပိုင်တို့တွင် ဖြစ်ပွားသော တိုင်ဖုန်းမုန်တိုင်းများနှင့် အိန္ဒိယ၌ ရေကြီးမှုများကြောင့် အိုးအိမ်စွန့်ခွာရသူများမှာ ထိပ်ဆုံး၌ ရှိနေသည်။ သဘာဝ ဘေးအန္တရာယ်များကြောင့် အိုးအိမ်စွန့်ခွာရသူများမှာ ၂၀၀၈ မှစ၍ တစ်နှစ်လျှင် ပျမ်းမျှ ၂၆.၅ သန်းခန့်ရှိနေသည်ဟု အဆိုပါ အစီရင်ခံစာက ဆိုသည်။

    မက်ဆီအားဝေဖန်မှုကို ဆွာရက်ဇ်က မယုံကြည်နိုင်အောင်ဖြစ်ရ
    ……………………………………….
    ကိုပါအမေရိကဖလား ခြေစွမ်းအတွက် အာဂျင်တိုင်းတိုက်စစ်မှူး မက်ဆီအား ဝေဖန်မှုကို မိမိအနေဖြင့် နားမလည်နိုင်အောင် ဖြစ်ရသည်ဟု ဘာစီလိုနာအသင်းဖော် ဆွာရက်ဇ်က ပြောကြားလိုက်သည်။ ချီလီအားရှုံး၍ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည့် အာဂျင်တီးနားအသင်းတွင် မက်ဆီမှာ ဝေဖန်မှုများကို အများဆုံး ခံခဲ့ရပြီး ဆွာရက်ဇ်ကမူ ထိုကဲ့သို့ ဝေဖန်နေခြင်းကို မယုံကြည်နိုင်အောင်ဖြစ်ရသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: News Agencies

  • သံတော်ဆင့်ဂျာနယ်၏ အယ်ဒီတာ ၂ ဦးကို သတင်းမီဒီယာဥပဒေချိုးဖောက်မှုဖြင့် ဒဏ်ငွေချမှတ်

    သံတော်ဆင့်ဂျာနယ်၏ အယ်ဒီတာ ၂ ဦးကို သတင်းမီဒီယာဥပဒေချိုးဖောက်မှုဖြင့် ဒဏ်ငွေချမှတ်

    ဇူလိုင် ၂၁၊ ၂၀၁၅
    M-Media

    my

    – နိုင်ငံတော်သမ္မတကို စော်ကားခြင်းဖြင့် မီဒီယာဥပဒေကို ချိုးဖောက်ကြောင်း တွေ့ရှိရ၍ သံတော်ဆင့်ဂျာနယ်၏ အယ်ဒီတာ ၂ ဦးကို ဒဏ်ငွေ ၁၀ သိန်းစီပေးဆောင်ရန် ယနေ့တွင် နေပြည်တော်ရှိ တရားရုံးက အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။

    သမ္မတဦးသိန်းစိန်အား စိတ်မနှံ့သူဟု ပြောကြားခဲ့သည့် နိုင်ငံရေးသမားတစ်ဦးနှင့် အင်တာဗျူးကို ထည့်သွင်းခဲ့သောကြောင့် သံတော်ဆင့်ဂျာနယ်မှ ၀န်ထန်း ၁၁ ဦးကို ပြန်ကြားရေးဝန်ကြီးဌာနမှ ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် တရားစွဲဆိုခဲ့သည်။

    ထိုကဲ့သို့ တရားစွဲဆိုမှုမှာ နိုဝင်ဘာတွင် ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်ခင် မီဒီယာအား ခြိမ်းခြောက်သည့်လုပ်ရပ်များမှ တစ်ခုဖြစ်သည်ဟု မီဒီယာလွတ်လပ်ခွင့် လှုပ်ရှားသူများက ရှုမြင်ကြသည်။

    ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသူများမျာ အယ်ဒီတာချုပ် ကျော်စွာဝင်းနှင့် လက်ထောက်အယ်ဒီတာချုပ် အံ့မင်းခေါင်တို့ ဖြစ်ကြပြီး တစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော ဆောင်းပါးများ ပုံနှိပ်ခြင်းဖြင့် မီဒီယာဥပဒေကို ချိုးဖောက်မှုအတွက် ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ အခြား ၉ ဦးကိုမူ တရားသေလွှတ်ပေးခဲ့သည်။

    “ကျွန်တော်တို့ဟာ သမ္မတရဲ့ပုံရိပ်ကို ညှိုးနွမ်းစေမှုနဲ့ အပြစ်ရှိပြီး၊ ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ တရားစွဲခံရတယ်လို့ တရားသူကြီးက ပြောပါတယ်။ မီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်မှု တိုးလာတဲ့အတွက်ကြောင့် ကျွန်တော်တို့တတွေ သတိရှိပါမယ်။ ဒါပေမယ့် ဒီလိုဖိနှိပ်မှုမျိုးကို ကျွန်တော်တို့ မကြောက်ပါဘူး” ဟု အံ့မင်းခေါင်မှ တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။

    လန်ဒန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ဖြစ်သော Amnesty International ကမူ မြန်မာနိုင်ငံတွင် မီဒီယာလွတ်လပ်ခွင့်အပေါ် အစိုးရ၏ ကန့်သတ်မှုမှာ ပြီးခဲ့သည့်နှစ်မှစ၍ မြင့်တက်လာသည်ဟု ဇွန်လတွင် ပြောကြားခဲ့သည်။

    Ref: Abcnews

  • ဂျာမန် ရုပ်မြင်သံကြားမှ မွတ်စ်လင်မ်တို့၏ ၀တ်ပြုမှုကို ပထမဆုံး သမိုင်းဝင်ထုတ်လွှင့်

    ဂျာမန် ရုပ်မြင်သံကြားမှ မွတ်စ်လင်မ်တို့၏ ၀တ်ပြုမှုကို ပထမဆုံး သမိုင်းဝင်ထုတ်လွှင့်

    ဇူလိုင် ၂၁ ၊ ၂၀၁၅
    M-Media
    German TV airs Muslim prayers in historic broadcast
    German TV သည် မြူးနစ်မြို့အနီး ဗလီဝတ်ကျောင်းတော်တစ်လုံးမှ မွတ်စ်လင်မ်တို့၏ ၀ါကျွတ်အထိမ်းအမှတ်ဝတ်ပြုခြင်း တိုက်ရိုက်လွှင့်ထုတ်မှုအစီအစဉ် ပြုလုပ်ခဲ့သည်။ ထိုအစီအစဉ်တွင် ကက်သလစ်နှင့် ပရိုတက်စတင့်ခေါင်းဆောင်များ၏ မိန့်ခွန်းများလည်း ပါဝင်သည်။၎င်းမှာ ဂျာမဏီနိုင်ငံသမိုင်းတစ်လျှောက် ပထမဆုံးသမိုင်းဝင်ခြေလှမ်းတစ်ရပ် ဖြစ်လာခဲ့သည်။

    လွန်ခဲ့သည့်သောကြာနေ့ ဒေသစံတော်ချိန် နံနက် ၄း၄၅ နာရီတွင် Penzberg ဗလီမှစပြီး ပြည်သူ့ရုပ်မြင်သံကြားပေါ်မှလည်းကောင်း၊ Bayerischen Rundfunk ရေဒီယိုကြေငြာမှုမှလည်းကောင်း Penzberg ဗလီမှ ထုတ်လွှင့်သည်။ ၎င်း၌ ဥပုသ်လကုန်ဆုံးခြင်းနှင့် ၀ါကျွတ်အားလပ်ရက်စတင်ခြင်းဆိုင်ရာ ဓမ္မမိန့်ခွန်းများ ပါဝင်သည်။

    ယင်းဓမ္မမိန့်ခွန်းအား မွတ်စ်လင်မ်များ၊ မွတ်စ်လင်မ် မဟုတ်သူများကို နှစ်ဖက် လူ့အဖွဲ့အစည်းရှိ တူညီသောတန်ဖိုးတို့ပေါ် အခြေပြုရည်ညွှန်း၍ “မွတ်စ်လင်မ်တို့နှင့် ပတ်သက်ပြီး ဂျာမန် လူ့အဖွဲ့အစည်းမှ သဘောထားကြီးရန်၊ ထို့နည်းတူ ဂျာမန် လူ့အဖွဲ့အစည်းနှင့် ပတ်သက်ပြီး မွတ်စ်လင်မ်တို့မှ သဘောထားကြီးရန်” တိုက်တွန်းပြောဆိုသွားသည်။

    IS, ISIL ကဲ့သို့သော အကြမ်းဖက် အုပ်စုများ ထွက်ပေါ်လာခြင်းသည် ဂျာမဏီရှိ မွတ်စလင်မ်များအပေါ် စိတ်ဖိစီးမှုပိုမိုကြီးမား လာစေခဲ့ကြောင်း၊ အီးဒ်နေ့မြတ် အစီအစဉ် ထုတ်လွှင့်ခြင်းက မွတ်စ်လင်မ်တို့၏ စိတ်ခံစားမှုလျော့ပါးစေနိုင်ကြောင်း၊ ဂျာမဏီနှင့် တစ်သားတည်းဖြစ်စေကြောင်း အသက် ၄၃ နှစ်အရွယ် အဆိုပါဓမ္မဆရာမှ ပြောကြားခဲ့သည်။

     

    7bb54a2f1b9a4389adafe76e7652a135_19
    ဂျာမဏီရှိမွတ်စ်လင်မ်များအတွက် သမိုင်းဝင်ခြေလှမ်းသစ် ၀ါကျွတ်အီးဒ် ဆွလာသ်ဝတ်ပြုမှု တိုက်ရိုက်လွှင့် အစီအစဉ်၌ ၀တ်ပြုဦးဆောင်သူနှင့် ဓမ္မမိန့်ခွန်းခြွေသူ ဘင်ဂျမင် အီဒရစ္စ (ဓာတ်ပုံ – Penzberg ဗလီ)

    အီးဒ်နေ့မတိုင်မီ နှစ်ပတ် အလိုက ဂျာမဏီဝန်ကြီးချုပ် အင်ဂျလာ မာကေးလ်သည် ရမဿွာန်လ၏ ၀ါဖြေပွဲတစ်ခုသို့တက်ရောက်ခဲ့ပြီး ဂျာမဏီ အစိုးရ အကြီးအကဲများ အနက် ပထမဦးဆုံး ယင်းသို့ဆောင်ရွက်သူဖြစ်ခဲ့သည်။ ၎င်း၌ သူမက “အစ္စလာမ်ဟာ ဂျာမဏီရဲ့ တစ်သားတည်း အစိတ်အပိုင်း တစ်ရပ် ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

    Bavarian မြို့ငယ်လေးရှိ Penzberg ဗလီ၌ ၀တ်ပြုသူဦးရေ အနည်းဆုံး တစ်ထောင်ကျော်ရှိမည်ဟု ခန့်မှန်းရပြီး နိုင်ငံအနှံ့မှ လူများစွာတို့က လာရောက် စုရုံးဝတ်ပြုခဲ့ကြသည်။ ထိုဗလီ၏ အတွင်းဝတ်ပြု ခန်းမဆောင်သည် ဂျာမဏီရှိ အစ္စလာမ့်ဝတ်ပြုနေရာများ အနက် အကျော်ကြားဆုံးတစ်ခု ဖြစ်ကာ ၀တ်ပြုသူဦးရေ ၃၀၀ မှ ၄၀၀ အထိ ၀င်ဆန့်သည်။ အဆိုပါလူဦးရေအတွက် အခြားသော ဗလီဝတ်ကျောင်းခန်းမများကိုပါ အသုံးပြုခဲ့ရသည်ဟုဆိုသည်။

    2123_l

    ၂၀၀၅ ခုနှစ်က တည်ဆောက်ခဲ့သော ကုဗပုံဗလီဝတ်ကျောင်းတော်။ ၎င်း၌ အရဗီ လက်ရေးပုံဟန်ရှိ သံမဏိ အမိုးအကာအုပ် မျှော်စင်နှင့် တကွ ခေတ်ပြိုင် အနုသုခုမ လက်ရာဆန်း တစ်ရပ်အဖြစ်တွေ့ရသည်။

    ဂျာမဏီတွင် မွတ်စ်လင်မ်ပေါင်း လေးသန်းခန့်နေထိုင်လျက်ရှိသည်။ ၎င်းတို့အနက် ၂၀၁၄ ခုနှစ်မှတ်တမ်းအရ လူဦးရေ နှစ်သိန်းကျော်မှာ အာဖရိကနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှ ခိုလှုံဝင်ရောက်လာသူအများစု ဖြစ်သည်။

    ဂျာမဏီတွင် ဒုက္ခသည်ဦးရေ လျှောက်ထား/လက်ခံခြင်း မြင့်မားလာမှုနှင့်အတူ ဥရောပသား မဟုတ်သော ရွှေ့ပြောင်းဝင်ရောက် သူတို့အပေါ် ပစ်မှတ်ထားသည့် လူမျိုးခြားကြောက်ရောဂါလည်း ကြီးမားလာခဲ့ရာ ဒုက္ခသည်အိမ်ရာများကို လက်ျာစွန်းရောက် အုပ်စုများ၏တိုက်ခိုက်မှုပေါင်း ၁၅၀ ကြိမ် ဖြစ်ပွားခဲ့သည်။

    ယခုနှစ်အစောပိုင်းတွင်  “အနောက်တိုင်း၌အစ္စလာမ့်လွှမ်းမိုးမှုဆန့်ကျင်ရေး မျိုးချစ်ဥရောပသားများ” Patriotic Europeans Against the Islamisation of the West (PEGIDA)အမည်ရှိ အောက်ခြေဆင့် လှုပ်ရှားမှုအဖွဲ့မှု ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ရာ ၀န်ကြီးချုပ် မာကေးလ်က လူမျိုးစွဲအရူး(racist) ဟု သမုတ်ခဲ့သည်။

    မိမိ၏သောကြာနေ့ဓမ္မသဘင်မိန့်ခွန်း၌ ဒုက္ခသည်များကို ကရုစိုက်ပေးဖို့၊ လူ့အဖွဲ့အစည်းအတွင်း ၀င်ဆန့်ခွင့်ပေးဖို့ ဂျာမန်တို့အား နှိုးဆော် သွားမည်ဟု အိဒ်ရစ္စက အလ်ဂျဇီးရားသို့ ပြောကြားခဲ့သည်။

    Ref : Al Jazeera