News @ M-Media

Blog

  • အမျိုးသမီးများအပေါ် အကြမ်းဖက်တိုက်ခိုက်မှု မြင့်တက်လာသည့်အတွက် မက္ကဆီကိုတွင် ဆန္ဒပြ

    အမျိုးသမီးများအပေါ် အကြမ်းဖက်တိုက်ခိုက်မှု မြင့်တက်လာသည့်အတွက် မက္ကဆီကိုတွင် ဆန္ဒပြ

    ဇူလိုင် ၂၁၊ ၂၀၁၅
    M-Media

    mx

    – နိုင်ငံအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ မြင့်တက်လာခြင်းကို ဆန့်ကျင်သည့်အနေဖြင့် မက္ကဆီကိုရှိ အမျိုးသမီးများက ယမန်နေ့တွင် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    မြို့တော် မက္ကဆီကိုစီးတီးရှိ ပြည်ထဲရေးဝန်ကြီးရုံးရှေ့တွင် ဒါဇင်နှင့်ချီသော အမျိုးသမီးများက ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး လွှတ်တော်မှ အမျိုးသမီးအမတ်များ၊ တက်ကြွလှုပ်ရှားသူများ ပါဝင်ခဲ့ကြသည်။ ၎င်းတို့မှာ ရုံးရှေ့တွင် လဲလျောင်းက ၎င်းတို့ ခန္ဓာကိုယ်တစ်ဝိုက် ရာဇ၀တ်မှုဖြစ်ပွားရာ နေရာများကဲ့သို့ မြေဖြူဖြင့်ဖန်တီး၍ ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး “မက္ကဆီကိုပြည်နယ်တွင် ကျား၊ မဆိုင်ရာ
    သတိပေးခြင်း” ဟု ဟစ်အော်ခဲ့ကြသည်။

    အမျိုသမီးများအား အကြမ်းဖက်တိုက်ခိုက်မှု မြင့်တက်လာသည်ဟု အစီရင်ခံစာများ ထွက်ပေါ်လာပြီးနောက် အဆိုပါလှုပ်ရှားမှုကို စီအူဒက် ဂျွာရက်ဇ်မြို့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ခံစားရသူ အမျိုးသမီးများအတွက် ရန်ပုံငွေများ၊ ကာကွယ်မှုများ၊ အကူအညီများ ပိုမိုရရှိရန်
    ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။

    ဆန္ဒပြသူများမှာ နိုင်ငံ၏ ၃၁ ခုသော ပြည်နယ်များထဲမှ မက္ကဆီကိုစီးတီးပြည်နယ်ရှိ မြူနီစီပယ်ဒေသအားလုံးတွင် ကျားမဆိုင်ရာ သတိပေးခြင်း လုပ်ငန်းစဉ်ကို ဆောင်ရွက်ရန် တိုက်တွန်းဆော်သြခဲ့ကြသည်။

    မက္ကဆီကိုနိုင်ငံမှာ ကမ္ဘာပေါ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆိုးဝါးဆုံး နိုင်ငံ ၂၀ ထဲမှ တစ်နိုင်ငံဖြစ်သည်ဟု ကုလ၏ မှတ်တမ်းများက ဆိုသည်။

    မက္ကဆီကို သတင်းစာများတွင် လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုများ၊ ရေနှုတ်မြောင်းများတွင် မျောပါနေသော အမျိုးသမီးများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများအကြောင်း သတင်းများမှာ အမြဲလိုလို ပါဝင်နေသည်။

    မက္ကဆီကိုပြည်နယ် အတွင်းမှာပင် လွန်ခဲ့သည့် ၉ နှစ်တာကလတွင်း အမျိုးသမီး ၂၃၀၀ ကျော် အသတ်ခံခဲ့ရသည်ဟု အမျိုးသမီးများရာဇ၀တ်မှုဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်သော National Citizen Femicide Observatory က ပြောကြားခဲ့သည်။

    “မက္ကဆီကိုပြည်နယ်ဟာ (နိုင်ငံအတွင်းမှာ) အမျိုးသမီးတွေကို အကြမ်းဖက်မှုအများဆုံး ပြည်နယ်ဖြစ်ပါတယ်” ဟု ဆန္ဒပြမှုအတွင်း ပါဝင်ခဲ့သည့် လွှတ်တော်အမတ် အမျိုးသမီး ဇိုချီတီ အာဇိုလာ ဗားဂက်စ်က ပြောကြားခဲ့သည်။

    အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ အချက်အလက်များ စုဆောင်းနေသည့် အဖွဲ့ပေါင်း ၄၃ ဖွဲ့ ပူးပေါင်းထားသော National Citizen Femicide Observatory ၏ အဆိုအရ မက္ကဆီကိုနိုင်ငံတွင် တစ်နေ့လျှင် အမျိုးသမီး ၆ ဦးမှာ အသတ်ခံနေရသည်ဟု သိရသည်။

    ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်များတွင် ထိုအဖွဲ့မှ ဖော်ထုတ်ခဲ့သော အမှုပေါင်း ၃၈၉၂ မှုတွင် ၂၄ ရာခိုင်နှုန်းကိုသာ အာဏာပိုင်များက စုံစမ်းစစ်ဆေးခဲ့ပြီး ၁.၆ ရာခိုင်နှုန်းကိုသာ စီရင်ချက် ချနိုင်ခဲ့သည်။

    Ref: Aljazeera

  • ကျူးဘား-အမေရိကန် သံတမန်ဆက်ဆံရေး ပြန်စ

    ကျူးဘား-အမေရိကန် သံတမန်ဆက်ဆံရေး ပြန်စ

    ဇူလိုင် ၂၁၊ ၂၀၁၅
    M-Media

    cuba

    – ရာစုနှစ်တစ်ဝက်ကြာ သံတမန်အဆက်အသွယ် ဖြတ်တောက်ထားခဲ့သည့် ကျူးဘားနှင့် အမေရိကန်နိုင်ငံတို့မှာ ယမန်နေ့က တရားဝင်သံတမန်ဆက်ဆံရေးကို ပြန်လည်စတင်ခဲ့သည်ဟု သိရသည်။

    အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်တွင် ကျူးဘားသံရုံးဖွင့်ပွဲကို ယမန်နေ့က ကျင်းပခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများကလည်း ချီးကျူးသြဘာ ပေးခဲ့ကြသည်။ နာရီအနည်းငယ် ကြာပြီးနောက် အမေရိကန်အစိုးရရုံးတွင် ကျူးဘားအလံကို လွှင့်တင်ခဲ့သည်။

    ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရော်ဒရီ ဂက်ဇ်ကမူ သံရုံး အလံတင်ပွဲအခမ်းအနားကို ကြီးကြပ်ခဲ့ပြီး ယမန်နေ့ည သန်းခေါင်ယံအချိန်တွင် အမေရိကန်နှင့် ကျူးဘားတို့၏ သံတမန်ဆက်သွယ်ရေးကို သဘောတူညီချက်အတိုင်း ပြန်လည် စတင်ခဲ့သည်။

    အမေရိကန်နှင့် ကျူးဘားတို့ သံတမန်ဆက်သွယ်ရေး ပြန်လည်စတင်သည့် အခမ်းအနားသို့ ကာရစ်ဘီယံနိုင်ငံများက သံတမန်ကိုယ်စားလှယ်များ၊ ယဉ်ကျေးမှုဆိုင်ရာနှင့် အခြားသောခေါင်းဆောင် ၃၀ ခန့်အပါဝင် စုစုပေါင်း ဧည့်သည် ၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကမူ အမေရိကန်အနေဖြင့် ကျူးဘားနှင့် အိမ်နီးချင်းကောင်းအဖြစ် နေထိုင်သွားရန် ရည်ရွယ်ထားသည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ပြည့်ဝသည့် သံတမန်ဆက်ဆံရေးအတွက် လမ်းကြောင်းမှာ ရှည်ကြာပြီး ရှုပ်ထွေးမည်ဟု သတိပေးခဲ့သည်။

    ကယ်ရီမှာ ကျူးဘားနိုင်ငံ ဟာဗားနားမြို့ရှိ အမေရိကန်သံရုံး အလံတင်အခမ်းအနားသို့ တက်ရောက်ရန် သြဂုတ်လ ၁၄ ရက်နေ့တွင် ကျူးဘားသို့ သွားရောက်မည်ဖြစ်သည်။

    Ref: Aljazeera

  • အငြင်းပွားဖွယ်ရေပိုင်နက်ရှိ တရုတ်၏ဆောက်လုပ်ရေးများ ရပ်တန့်ရန် ဂျပန်တောင်းဆို

    အငြင်းပွားဖွယ်ရေပိုင်နက်ရှိ တရုတ်၏ဆောက်လုပ်ရေးများ ရပ်တန့်ရန် ဂျပန်တောင်းဆို

    ဇူလိုင် ၂၁၊ ၂၀၁၅
    M-Media

    – နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်သည်ဟု ကြေညာထေားသော အရှေ့တရုတ်ပင်လယ်ရှိ ပိုင်နက်အချို့အနီး ရေနံနှင့် ဓာတ်ငွေ့ရှာဖွေရေးအတွက် စင်မြင့်များ ဆောက်လုပ်နေမှုကို ရပ်တန့်ရန် တရုတ်နိုင်ငံအား ဂျပန်က ယနေ့တွင် တောင်းဆိုလိုက်သည်။

    နိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာ ပြန်လှန်ဆန်းစစ်မှုအတွင်း ဂျပန်ကာကွယ်ရေးဝန်ကြီးက ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်ပြီး သဘောထားတင်းမာသည့် အစိုးရအဖွဲ့ဝင်များကမူ တရုတ်နှင့်ပတ်သက်၍ ဂျပန်၏ပေါ်လစီမှာ ပျော့လွန်းသည်ဟု ဝေဖန်ခဲ့ကြကြောင်း ကာကွယ်ရေး တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    အရှေ့တရုတ်ပင်လယ်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းများကို တရုတ်နိုင်ငံက လွန်ခဲ့သည့် ၂ နှစ်မှစ၍ ပြန်လည်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ဂျပန်နိုင်ငံမှာ တရုတ်နိုင်ငံအား ဒေါသထွက်ခဲ့ကာ ပင်လယ်အတွင်းရှိ အငြင်းပွားနေသော ကျွန်းတစ်စုကို ၀ယ်ယူခဲ့သည်။

    ထိုအချိန်မတိုင်ခင်က တရုတ်နိုင်ငံမှာ ရေအောက်သယံဇာတရင်းမြစ် ထုတ်ယူသုံးစွဲရေး ဂျပန်နှင့် နှစ်နိုင်ငံ သဘောတူညီချက်အရ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နေရာများတွင် လုပ်ငန်းများကို လျော့ချခဲ့သည်။

    “တရုတ်နိုင်ငံဟာ ရှာဖွေရေး စင်မြင့်အသစ်တွေ စတင်ဆောက်လုပ်နေတယ်လို့ ကျွန်တော်တို့ အတည်ပြုနိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ဒီလိုတစ်ဖက်သတ်ဆောင်ရွက်မှုတွေကို ကျွန်တော်တို့က ထပ်ပြီး ကန့်ကွက်သလို၊ ရပ်တန့်ဖို့လည်း တောင်းဆိုပါတယ်” ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    အဆိုပါ စင်မြင့်များမှာ နှစ်နိုင်ငံစီးပွားရေးဇုန်များအဖြစ် ပိုင်းခြားထားသော စည်း၏ တရုတ်ဘက်ခြမ်းတွင် တည်ဆောက်နေခြင်းဖြစ်သည်။

    ဂျပန်ကမူ ထိုစင်မြင့်များက စည်းပေါ်တွင်တည်ရှိနေသော ဓာတ်ငွေ့သိုက်များပေါ်သို့ ရောက်ရှိမည်ကို စိုးရိမ်နေပြီး ရေဒါစခန်း သို့မဟုတ် ဒရုန်းအခြေစိုက်စခန်း သို့မဟုတ် ပိုင်နက်အငြင်းပွားနေသော ကျွန်းများအနီး လေကြောင်းနှင့် ရေကြောင်း လှုပ်ရှားမှုများကို စောင့်ကြည့်ရန် အခြားလေတပ်စခန်းအဖြစ် အသုံးပြုသွားနိုင်သည်ဟု ဆိုသည်။

    တရုတ် ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနများကမူ ထိုကိစ္စအတွက် မည်သည့်မှတ်ချက်မှ မပေးသေးပေ။

    Ref: Channelnewsasia

  • ယခုနှစ်စီးရီးအေမှာ အကြိတ်အနယ်ပိုရှိမည်ဟု ဂျူဗီနည်းပြပြော

    ယခုနှစ်စီးရီးအေမှာ အကြိတ်အနယ်ပိုရှိမည်ဟု ဂျူဗီနည်းပြပြော

    ဇူလိုင် ၂၁၊ ၂၀၁၅
    M-Media

    juve

    – လာမည့်နှစ် စီးရီးအေချန်ပီယံဘွဲ့အတွက် မိမိတို့အသင်းသာ ရေပန်းစားနေသည်ဟု ဂျူဗင်တပ်စ်နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီက ပြောကြားခဲ့ပြီး ပိုမို၍ ခက်ခဲမည်ဟု ၀န်ခံခဲ့သည်။

    ဂျူဗင်တပ်စ်အသင်းမှာ ပြီးခဲ့သည့်ရာသီတွင် ဒုတိယနေရာမှ ရိုးမားအသင်းကို ၁၇ မှတ်ဖြတ်ကာ စီးရီးအေချန်ပီယံဘွဲ့ကို ၄ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့သည်။

    အယ်လီဂရီကမူ ယခုနှစ်တွင် စိန်ခေါ်မှုများ ပိုမိုပြင်းထန်လာမည်ဟု မျှော်လင့်နေပြီး အထူးသဖြင့် အေစီမီလန်နှင့် အင်တာမီလန်အသင်းတို့၏ ငွေကြေးသုံးစွဲ ပြင်ဆင်မှုများကြောင့် ဖြစ်သည်။

    ဂျူဗင်တပ်စ်မှ အားထားရသည့် ကွင်းလယ်လူ အန်ဒရီယာ ပီယာလိုနှင့် တိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်တို့မှာ ယခုနှစ်နွေရာသီတွင် ထွက်ခွာသွားသော်လည်း အယ်လီဂရီကမူ မိမိတို့အသင်းမှာ စီးရီးအေတွင် ထိပ်တန်းအသင်းဖြစ် ဆက်ရှိနေဦးမည်ဟု ယုံကြည်နေသည်။

    “ဂျူဗီက ဗိုလ်စွဲဖို့ ဆက်လက် ရေပန်းစားနေတုန်းပါပဲ။ ဒါပေမယ့် ဒီနှစ်မှာ မီလန်နှစ်သင်းကို သတိထားရပါမယ်။ သူတို့ဟာ အမြဲတမ်း အန္တရာယ်ရှိတဲ့ အသင်းတွေပါပဲ။ အင်တာနဲ့ မီလန်တို့ နှစ်သင်းစလုံးဟာ တောင့်တင်းကြပြီး ဖလားအတွက် စိန်ခေါ်နိုင်စွမ်းရှိပါတယ်။ ရိုးမားနဲ့ နာပိုလီတို့လည်း ဒီအတိုင်းပါပဲ။ လာမယ့်နှစ် စီးရီးအေ ဖလားပြေးလမ်းဟာ ပိုပြီး အကြိတ်အနယ် ရှိလာပါလိမ့်မယ်” ဟု အယ်လီဂရီက ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    လက်ရှိအချိန်တွင် ဂျူဗီမှာ ဆာမိ ခီဒီရာ၊ စီမွန်နီ ဇာဇာ၊ ပေါ်လို ဒိုင်ဘာလာနှင့် မာရီယို မန်ဇူကစ်တို့ကို ခေါ်ယူထားနိုင်သည်။ အယ်လီဂရီကမူ ကစားသမားအသစ်များ၏ စွမ်းဆောင်ရည်အတွက် ကျေနပ်နေပြီး အသင်းမှာ ပြည်တွင်းလွှမ်းမိုးမှုကို ဆက်လက်ထိန်းသိမ်းနိုင်သော လူစာရင်းကို တိုးမြှင့်နိုင်ခဲ့သည်ဟု ယုံကြည်နေသည်။

    “အခုအချိန်အထိ ကျွန်တော်တို့ ရရှိခဲ့တဲ့ အရာတိုင်းဟာ သမိုင်းစာမျက်နှာမှာ ရောက်သွားပါပြီ။ ကျွန်တော်တို့ အခု အစက ပြန်စရမှာပါ။ အပြောင်းအရွှေ့ဈေးကွက် ပိတ်တဲ့အချိန်မှာ ၁၉၉၁ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အကြားမှာ မွေးဖွားတဲ့ ကစားသမား ၁၀ ယောက်လောက် ရှိမှာပါ။ ဒါဟာ အနာဂတ်အတွက် ပညာသားပါတဲ့ ဆောင်ရွက်ချက်ပါပဲ”

    Ref: Goal

  • ဘိုင်ယန်နည်းပြ ဂွါဒီယိုလာ မွေးရပ်မြေလွတ်လပ်ရေးအတွက် အားပေးသွားမည်

    ဘိုင်ယန်နည်းပြ ဂွါဒီယိုလာ မွေးရပ်မြေလွတ်လပ်ရေးအတွက် အားပေးသွားမည်

    ဇူလိုင် ၂၁၊ ၂၀၁၅
    M-Media

    gua

    – ဘိုင်ယန်မြူးနစ်အသင်း၏ စပိန်နည်းပြဖြစ်သူ ဂွါဒီယိုလာမှာ နိုင်ငံရေး လောကထဲသို့ ၀င်ရောက်ကာ စပိန်နိုင်ငံရှိ ကာတာလိုနီယာဒေသ ခွဲထွက်ရေးအတွက် အားပေးထောက်ခံသွားမည်ဟု သိရသည်။

    ဘာစီလိုနာအသင်း၏ နည်းပြဟောင်းဖြစ်သူ ဂွာဒီယိုလာမှာ ၎င်း၏ မွေးရပ်ဇာတိဖြစ်သော ကတာလိုနီယာဒေသ လွတ်လပ်ရေးအတွက် အမာခံ ထောက်ခံသူဖြစ်သည်။ ထို့ပြင် ခွဲထွက်ရေးလိုလားသော Convergencia i Esquerra ပါတီသို့ ၎င်း၏အမည် တင်သွင်းကာ
    လာမည့်စက်တင်ဘာတွင်ပြုလုပ်မည့် ကာတာလိုနီယာဒေသ ပါလီမန် ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

    ဂွါဒီယိုလာကမူ အဆိုပါ ပါတီသို့ ၎င်း၏ အားပေးမှုက ကာတာလိုနီယာဒေသ စပိန်မှ ခွဲထွက်မှုအတွက် မျှော်လင့်ချက်ကို တိုးမြှင့်လာမည်ဟု ယုံကြည်နေသည်။ ဂွါဒီယိုလာမှာ ပါလီမန်အမတ် ဖြစ်လာရန် ဆန္ဒမရှိသော်လည်း လာမည့်ရွေးကောက်ပွဲများတွင် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရန် ပံ့ပိုးခြင်းဖြစ်သည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။

    အသက် ၄၄ နှစ်အရွယ်ရှိ ဂွါဒီယိုလာ ပါလီမန်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဆိုခြင်းကို ယမန်နေ့က Twitter စာမျက်နှာတွင် ကြေညာခဲ့ပြီး ညပိုင်းတွင် ဘာစီလိုနာ၌ အမတ်လောင်း အမည်စာရင်းကို တရာဝင်ကြေညာခဲ့သည်။

    ဂွါဒီယိုလာမှာ ကာတာလိုနီယာဒေသ အမျိုးသားနေ့တွင် ပြီးခဲ့သည့် ၃ နှစ်ဆက်တိုက် ပါဝင်ခဲ့ပြီး ပြီးခဲ့သည့်နှစ်နိုဝင်ဘာ ခွဲထွက်ရေးအတွက် ပြည်သူဆန္ဒခံယူပွဲတွင်လည်း ပြန်လာ၍ မဲပေးခဲ့သည်။

    Ref : Goal