News @ M-Media

Blog

  • လန်ဒန်ရဲတပ်ဖွဲ့၏ လူမျိုးရေး ခွဲခြားစော်ကားမှုသတင်းများ ထွက်ပေါ်လာပြန်

    လန်ဒန်ရဲတပ်ဖွဲ့၏ လူမျိုးရေး ခွဲခြားစော်ကားမှုသတင်းများ ထွက်ပေါ်လာပြန်

    ဇူလိုင် ၂၀၊ ၂၀၁၅
    M-Media

    uk

    – ဗြိတိန်ရဲများ၏ Facebook group အတွင်း လူမျိုးရေးအရ စော်ကားပြောဆိုမှုများကို နာမည်ကြီး သတင်းစာ The Independent သတင်းစာက ဖွင့်ချခဲ့ပြီးနောက် ပြည်သူများမှာ ထိုအဖြစ်အပျက်အတွက် ဒေါသထွက်နေကြသည်ဟု သိရသည်။

    I’ve Met the Met ဟု အမည်ရသည့် လျှို့ဝှက် Group တစ်ခုအတွင်း ရေးသားထားသော မှတ်ချက်များကို သတင်းစာက ဖော်ထုတ်လိုက်ခြင်းဖြစ်ပြီး အဆိုပါ Group မှာ လန်ဒန်မြို့ပြ ရဲတပ်ဖွဲ့မှ လက်ရှိ ရဲတပ်ဖွဲ့ဝင်များနှင့် ယခင်ရဲတပ်ဖွဲ့ဝင်ဟောင်းများ သုံးစွဲသော Group လည်းဖြစ်သည်။

    ထို Group မှ အဖွဲ့ဝင်များမှ ယူကေ၏ ဂျစ်ပစီနှင့် ထရာဗဲလာလူ့အဖွဲ့အစည်းကို ပစ်မှတ်ထား၍ နောက်ပြောင်မှုများ၊ စော်ကားမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုလူ့အဖွဲ့အစည်းများ၏ အိမ်ယာ အတည်တကျမရှိသော နေထိုင်မှုဘ၀ကြောင့် ၎င်းတို့အား ထိုကဲ့သို့ အမည်နာမများ
    ပေးထားခြင်းဖြစ်သည်။

    အဆိုပါ Group မှ ပို့စ်တစ်ခုတွင် ဂျစ်ပစီများ၏ နှုတ်မှ ထွက်လာသော စကားများမှာ လိမ်ညာစကားများဟုသာ ဆုံးဖြတ်ရမည်ဖြစ်ပြီး အခြားပို့စ်များတွင်လည်း ထိုလူ့အဖွဲ့အစည်းများနှင့် ဆက်နွယ်နေသည့် အသေးအဖွဲ့ ပြစ်မှုများနှင့်ပတ်သက်၍ ရည်ညွှန်းပြောဆိုထားကြသည်။

    လူမျိုးရေးအရ ခွဲခြားစော်ကားသည့် လုပ်ရပ်ကြောင့် လန်ဒန်ရဲတပ်ဖွဲ့တရားစွဲဆိုခြင်း ခံရမှုမှာ ယခုအဖြစ်အပျက်သည် ပထမဆုံးအကြိမ် မဟုတ်ဘဲ၊ ၁၉၉၃ ခုနှစ်က လူမည်းဆယ်ကျော်သက် စတီဖင် လောရန့်စ်ကို လူမျိုးရေးမုန်းတီးမှုဖြင့် သတ်ဖြတ်ခြင်းအား ကိုင်တွယ်ရာတွင်လည်း လန်ဒန်ရဲတပ်ဖွဲ့မှာ မီဒီယာများနှင့် နိုင်ငံရေးသမားများ၏ ဝေဖန်မှုများကို ခံခဲ့ရသည်။

    ယခုကဲ့သို့ လူမျိုးရေးခွဲခြားစော်ကားမှုကိစ္စများ ထပ်မံ ပေါက်ကြားလာပြီးနောက် ဆိုရှယ်မီဒီယာ အသုံးပြုသူများမှာ လန်ဒန်ရဲတပ်ဖွဲ့ကို ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြပြီး၊ လော့ရန့်စ် အသတ်ခံရမှုကိစ္စမှ ရဲတပ်ဖွဲ့က သင်ခန်းစာမယူခဲ့ဟုဆိုကာ ဒေါသထွက်ခဲ့ကြသည်။

    လန်ဒန်ရဲတပ်ဖွဲ့ကမူ ထိုကဲ့သို့ ပေါက်ကြားမှုအတွက် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များမှာ မလျော်ကန်သည့်အပြုအမူများ ပြုကျင့်ခြင်း၊ ရာဇ၀တ်မှု ကျူးလွန်ခြင်း ရှိမရှိကို ဖော်ထုတ်သွားမည်ဟု Independent သို့ ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အဲလိဇဘတ်ဘုရင်မ ငယ်စဉ်က နာဇီပုံစံ အလေးပြုခဲ့သည့် ဗီဒီယို ထွက်ပေါ်လာ

    အဲလိဇဘတ်ဘုရင်မ ငယ်စဉ်က နာဇီပုံစံ အလေးပြုခဲ့သည့် ဗီဒီယို ထွက်ပေါ်လာ

    ဇူလိုင် ၁၉၊ ၂၀၁၅
    M-Media

    uk

    – ဗြိတိန် ဘုရင်မကြီး အဲလိဇဘက် ငယ်စဉ်က နာဇီအလေးပြုနည်းအတိုင်း အလေးပြုနေသည့် ဗီဒီယို ထွက်ပေါ်လာပြီးနောက် ဘက်ကင်ဟမ်နန်းတော်က ထိုဗီဒီယိုအတွက် ကာကွယ်ပြောကြားခဲ့ပြီး အသုံးပြုမှုအတွက်လည်း စိတ်ပျက်မိသည်ဟု ဖွင့်ဟခဲ့သည်။

    ၁၉၃၃ ခုနှစ်ခန့်က ရိုက်ထားသည့် အဆိုပါဗီဒီယိုကို ဗြိတိန်၏ အရောင်းရဆုံး The Sun သတင်းစာက ယမန်နေ့တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

    ဂျာမနီတွင် အဒေါ့ဖ်ဟစ်တလာ အာဏာရစအချိန်တွင် ရိုက်ကူးထားသည့် အဆိုပါဗီဒီယို၌ နောက်ပိုင်းတွင် ဘုရင်ဖြစ်ခဲ့သည့် အက်ဒ၀ပ် ၈ က ၎င်း၏ တူမများဖြစ်ကြသော အသက် ၇ နှစ်အရွယ် အဲလိဇဘတ် (လက်ရှိဘုရင်မ)၊ သူမ၏ သုံးနှစ်အရွယ် ညီမ မင်းသမီး မာဂရက်တို့အား ဟစ်တလာအလေးပြုနည်း သင်ပေးနေသည်ကို တွေ့ရှိခဲ့ရသည်။

    အလေးပြုမှု၏ အရေးပါပုံကို အနည်းငယ်သာ နားလည်ပုံရပြီး ကခုန်မြူးထူးနေကြသည့် အဆိုပါ ကလေးနှစ်ယောက်အား စကော့တလန်ရှိ တော်ဝင်ခြံတစ်ခြံတွင် အက်ဒ၀ပ်က အလေးပြုပုံပြုနည်းကို အကျဉ်းချုပ် သင်ပေးခဲ့ခြင်းဖြစ်သည်။

    The Sun ကမူ ၁၇ စက္ကန့်သာ ကြာမြင့်သော ထိုဗီဒီယိုကို ၎င်းတို့၏၀ဘ်ဆိုက်တွင် Their Royal Heilnesses ခေါင်းစဉ်ဖြင့် လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး ထိုဗီဒီယိုတွင် အပ်ဒ၀ပ်နှင့် ၎င်း၏ ခယ်မဖြစ်သော အဲလိဇဘတ်ဘုရင်မကြီး၏ မိခင်မှာလည်း နာဇီအလေးပြုနည်းအတိုင်း အလေးပြုခဲ့ကြသည်။

    “လွန်ခဲ့တဲ့ နှစ် ၈၀ လောက်က ရိုက်ထားတဲ့ ဒီဗီဒီယိုအတွက် စိတ်ပျက်ရပါတယ်။ ဘုရင်မကြီးရဲ့ မိသားစုမော်ကွန်းတိုက်ကဖြစ်တဲ့ ဒီဗီဒီယိုဟာ ရယူခံလိုက်ရပြီး ဒီလိုပုံစံနဲ့ အမြတ်ထုတ်ခံလိုက်ရပါတယ်။ လူအများစုကတော့ ဒီဗီဒီယိုတွေကို သူတို့ရဲ့ အခြေအနေ၊ အချိန်အခါနဲ့ ကိုက်ညီမှုအတွင်းမှာ ရှုမြင်ပါလိမ့်မယ်။ ဒါဟာ မိသားစုဗီဒီယိုဖြစ်ပြီး ခေတ်ပြိုင် သတင်းဗီဒီယိုတွေမှာ
    အများစု တွေ့မြင်ဖူးခဲ့ကြတဲ့ ဟန်ပန်တစ်ခုကို တစ်ခဏတာ ရည်ညွှန်းတာပဲ ဖြစ်ပါတယ်” ဟု ဘက်ကင်ဟမ် နန်းတော်က ပြောကြားခဲ့သည်။

    ထို့ပြင် ထိုအချိန်က လှုံဆော်မှုသဘောထား မပါဝင်ခဲ့ကြောင်း၊ ထိုဗီဒီယိုအား တစ်စုံတစ်ခု သဘောသက်ရောက်စေခြင်းမှာ မှားယွင်းပြီး မရိုးသားမှုသာ ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ နန်းရပြီး ၁၁ လအကြာတွင် အချစ်ရေးအတွက် နန်းစွန့်ခဲ့သည့် အက်ဒ၀ပ်ဘုရင်မှာ ဟစ်တာလအစိုးရအား စာနာသူအဖြစ် လူသိများသည်။

    The Sun သတင်းစာ၏ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ စတဂ် အဘဲလ်ကမူ ထိုတင်ပြမှုမှာ ပြည်သူများ၏ စိတ်ဝင်စားမှုအတွက်ဖြစ်ပြီး သတင်းစာတွင် ထိုသတင်းပတ်သက်၍ ၈ မျက်နှာ ဖော်ပြမှုတွင်လည်း သင့်လျော်သည့် သမိုင်းဆိုင်ရာ အကြောင်းအရာများ ပါဝင်သည်ဟု
    ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါ ဗီဒီယိုအား မည်ကဲ့သို့ ရရှိခဲ့သည်ကို ဖော်ပြခဲ့ခြင်းမရှိချေ။

    Ref: Aljazeera

  • ကမ္ဘာ့ပထမဆုံး 3D printing ဦးခေါင်းခွံ အစားထိုးမှု တရုတ်တွင်ပြုလုပ်

    ကမ္ဘာ့ပထမဆုံး 3D printing ဦးခေါင်းခွံ အစားထိုးမှု တရုတ်တွင်ပြုလုပ်

    ဇူလိုင် ၁၉၊ ၂၀၁၅
    M-Media

    china

    – တရုတ်နိုင်ငံ ဟူနန်ပြည်နယ်မှ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအား ကမ္ဘာ့ပထမဆုံးအဖြစ် 3D printing နည်းပညာကို အသုံးပြု၍ ဦးခေါင်းခွံ အစားထိုးခွဲစိတ်မှုကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြုလုပ်နိုင်ခဲ့သည်ဟု သိရသည်။

    ဟန်ဟန်ဟု အမည်ရသည့် အဆိုပါကလေးငယ်မှာ မွေးရာပါ ဟိုက်ဒရိုဆပ်ဟာလက်စ်ရောဂါ ဖြစ်ပွားနေသူဖြစ်ပြီး ထိုရောဂါကြောင့် ဦးနှောက်အတွင်း အရည်တစ်မျိုးကို လုံလောက်စွာ မစုဆောင်းနိုင်ချေ။

    ထို့ပြင် ၎င်း၏ ဦးခေါင်းမှာလည်း သာမန်အရွယ်အစားထက် ၄ ဆခန့် ကြီးထွားနေကာ လည်ပင်းက ထောက်ပံ့မှု မပြုလုပ်နိုင်သောကြောင့် ဟန်ဟန်မှာ အိပ်ရာထဲတွင်ပင် လှဲနေရကာ အကျိုးဆက်အဖြစ် မျက်လုံးလည်း ကွယ်သွားခဲ့သည်။

    ချန်ရှာပြည်နယ် Second People ဆေးရုံမှ ခွဲစိတ်ဆရာဝန်များမှာ 3D printing နည်းပညာကို အသုံးပြု၍ ဦးခေါင်းခွံပုံစံတစ်ခုကို ဖန်တီးခဲ့ပြီး၊ ဦးခေါင်းခွံအစားထိုးရာတွင် ဦးနှောက်အား အောက်ခံအဖြစ် ကာကွယ်ပေးမည့် တိုက်တယ်နီယံ ဇကာတစ်ခုကိုလည်း ပြုလုပ်ခဲ့သည်။

    ထို့နောက် ၁၇ နာရီကြာသည့် ခွဲစိတ်ကုသမှုတွင် ဦးခေါင်းခွံအား ဖယ်ရှားခဲ့ကာ 3D printing ဦးခေါင်းခွံကို အောင်မြင်စွာ အစားထိုးနိုင်ခဲ့သည်။

    “ဦးခေါင်းခွံကို ဖယ်ရှားပြီးတဲ့နောက်ပိုင်းမှာ ဦးနှောက်က အခွံခွာထားတဲ့ ဥလေးလိုပါပဲ။ ဦးနှောက်အမှေးပါး ကြပ်ကြပ်တည်းတည်းရှိဖို့နဲ့ ဦးနှောက် အရမ်းလှုပ်နေတာကို ရပ်တန့်စေဖို့အတွက် လိုအပ်နေတဲ့အရည်တွေကို အစက်ချ ထည့်သွင်းခဲ့ရပါတယ်။ ပြီးတော့ ဦးခေါင်းခွံရဲ့ဖိအားကိုလည်း မှန်ကန်အောင် လုပ်ခဲ့ရပါတယ်” ဟု ခွဲစိတ်မှုတွင် ပါဝင်ခဲ့သည့် ဒေါက်တာ ကူအန် ဝေပင်းက
    ပြောကြားခဲ့သည်။

    ခွဲစိတ်ဆရာဝန်များမှာ ဦးနှောက်အတွင်းသို့ အရည် ၇.၅ လီတာကို ၄ နာရီကြာ ထည့်သွင်းခဲ့ရပြီး ဟန်ဟန်၏ မျက်နှာမှာ အကောင်းပကတိအတိုင်းရှိကာ ဦးခေါင်းခွံအသစ်နှင့် အံဝင်ခွင်ကျ ဖြစ်ခဲ့သည်ဟု ဒေါက်တာကူအန်က ထည့်သွင်းပြောကြားခဲ့သည်။

    ဟန်ဟန်မှာ ဆက်လက်ကြီးထွားနေသောကြောင့် ဦးခေါင်းခွံအား အရွယ်ရောက်ပြီးသည့် ဦးခေါင်းခွံအရွယ်အစားကို အသုံးပြုခဲ့ရသည်ဟု ခွဲစိတ်ဆရာဝန်များက ဆိုသည်။ ထို့ပြင် သူမ၏ဦးခေါင်းမှာ သေးငယ်လာပါက ဦးခေါင်းခွံတစ်ရှူးများကို အသုံးပြု၍
    ထပ်မံကုသနိုင်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    ဟန်ဟန်မှာ လက်ရှိအချိန်တွင် အထူးကြပ်မတ်ကုသမှုအောက်တွင် ရှိနေသည်။

    Ref: Straitstimes

  • ဘာစီလိုနာဥက္ကဌရွေးကောက်ပွဲ ဘာတိုမြူအနိုင်ရ

    ဘာစီလိုနာဥက္ကဌရွေးကောက်ပွဲ ဘာတိုမြူအနိုင်ရ

    ဇူလိုင် ၁၉၊ ၂၀၁၅
    M-Media

    baca

    – ယမန်နေ့က ပြုလုပ်ခဲ့သည့် ဘာစီလိုနာအသင်း၏ ဥက္ကဌရွေးကောက်ပွဲတွင် လက်ရှိဥက္ကဌ ဂျိုးဆပ် မာရီယာ ဘာတိုမြူက ပြန်လည်ရွေးချယ်ခြင်း ခံခဲ့ရသည်ဟု သိရသည်။

    ဘာတိုမြူမှာ မဲအရေအတွက် ၅၄.၆၃ ရာခိုင်နှုန်းဖြင့် အဓိကပြိုင်ဘက်ဖြစ်သော ဥက္ကဌဟောင်း လာပေါ်တာကို အနိုင်ရခဲ့ခြင်းဖြစ်ကာ နောက်ထပ် ၆ နှစ်သက်တမ်းကို ထပ်မံ ထမ်းဆောင်ရတော့မည်ဖြစ်သည်။ လာပေါ်တာမှာ မဲအရေအတွက် ၃၃.၀၃ ရာခိုင်နှုန်း သာ ရခဲ့သည်။

    ၂၀၁၄ ခုနှစ်က ဥက္ကဌ အန်ဒရို ရိုဆဲလ် ရာထူးမှ နှုတ်ထွက်သွားပြီးနောက်ပိုင်း ဘာတိုမြူမှာ ဥက္ကဌဖြစ်လာခဲ့ပြီး ဘာကာအသင်းမှာလည်း ၎င်း၏ ကြီးကြပ်မှုအောက်တွင် ဖလား ၃ လုံး ရရှိခဲ့ကာ အအောင်မြင်ဆုံးရာသီများမှ တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။

    ရွေးကောက်ပွဲတွင် ပြန်လည်အနိုင်ရရှိပါက ကာတာလေကြောင်းလိုင်းနှင့် စပွန်ဆာ သဘောတူညီချက်ကို ဆက်လက် ထိန်းသိမ်းသွားမည်ဟု ကတိပြုထားခဲ့သူဖြစ်သည်။ ထိုသို့ ကတိပြုမှုအတွက်လည်း ၎င်းမှာ ဝေဖန်ခံခဲ့ရသည်။

    နောက်ဆုံး ဥက္ကဌလောင်းလေးဦးတွင် ထိုကဲ့သို့သော ကတိပေးမှုမှာ ဘာတိုမြူတစ်ဦးတည်းသာရှိပြီး၊ ထိုစပွန်ဆာမှ တစ်နှစ်လျှင် အသင်းအတွက် ယူရို သန်း ၅၀ ခန့် ရသော်လည်း အခြား ၃ ဦးကမူ စပွန်ဆာအား ရပ်တန့်ရန် ဆန္ဒရှိနေကြသည်။

    နည်းပြ လူးဝစ်အန်းရစ်နှင့် နီးကပ်ပြီး ပူးပေါင်းဆောင်ရွက်နေခြင်းက ဘာကာပရိတ်သတ်များထံမှ မဲများစွာကို ဘာတိုမြူရရှိခဲ့ခြင်း၏ အဓိကအကြောင်းအရင်းလည်းဖြစ်ခဲ့သည်။ ဘာစီလိုနာ၏ ဥက္ကဌရွေးကောက်ပွဲတွင် မဲပေးသူစုစုပေါင်း ၄၇၂၇၀ ဦးပါဝင်ခဲ့သည်။

    Ref: Goal