ဇူလိုင် ၂၀၊ ၂၀၁၅
M-Media
မင်းမင်း
.
– iPACE အဖွဲ့က Interfaith Advocacy ခေါင်းစဉ်ဖြင့် ဖိုရမ်တစ်ခုနှင့် အစ်ဖ်သာရ်ဝါဖြေပွဲကို ဇူလိုင်လ ၁၆ ရက်နေ့က အမေရိကန်စင်တာတွင် ကျင်းပခဲ့သည်ဟု သိရသည်။
.
အဆိုပါဖိုရမ်နှင့် ၀ါဖြေပွဲသို့ အဖွဲ့ပေါင်း ၄၀ ကျော်မှ လူဦးရေ ၁၀၆ ဦး တက်ရောက်ခဲ့ပြီး ဘာသာပေါင်းစုံမှ ပုဂ္ဂိုလ် ၄ ဦးက ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
.
အဆိုပါ ပုဂ္ဂိုလ်လေးဦးမှာ မန္တလေးမြို့ မလိခ၀ါဆိုကျောင်းတိုက်မှ ဆရာတော် အရှင်ဇယဓိသ (အရှင်သုည)၊ အစ္စလာမ့်ဓမ္မဗိမာန်မှ ဦးဆောင်ဆော်သြရေးမှူး အလ်ဟာဂ်ျဦးအေးလွင်၊ စိန့်အန်သိုနီ ဘုရားကျောင်းမှ ဖာသာ ဂျိုးဆက်ပ်မောင်ဝင်းနှင့် ဟိန္ဒိုလူ့အဖွဲ့အစည်းမှ အလွတ်သင်ဆရာမဖြစ်ပြီး ဘာသာပေါင်းစုံအရေး လှုပ်ရှားဆောင်ရွက်နေသူ ကသ်လီန်းသိန်းတို့ ဖြစ်ကြသည်။
.
ထိုဖိုရမ်အား အလွတ်တန်းဂျာနယ်လစ်နှင့် စာရေးဆရာဖြစ်သော ထူးကျော်ဝင်းက ကူညီအားဖြည့်ပေးခဲ့သည်။
.
အဆိုပါ အသိညာပေးဖိုရမ်ကို ဘာသာပေါင်းစုံ အသိပညာပေးလုပ်ငန်းနှင့်ပတ်သက်၍ ပိုမိုအာရုံစိုက်လာစေရန်နှင့် ယခင် လှုပ်ရှားခဲ့သူများ၏ အတွေ့အကြုံများ၊ သင်ခန်းစာများ၊ မြန်မာနိုင်ငံတွင် ပိုမိုခိုင်မာသော ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးရေးအတွက် အကြံပြုချက်များကို မျှဝေနိုင်ရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု iPACE ၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
.
ဖိုရမ်ဆွေးနွေးပွဲပြီးနောက် အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လကို ဂုဏ်ပြုသောအားဖြင့် အစ်ဖ်သာရ် ၀ါဖြေညစာစားပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ ၀ါဖြေပွဲတွင် iPACE ၏ ကျောင်းသူဟောင်းဖြစ်သူ ဆွေမာဦးက ရမ်ဇာန်ဥပုသ်လ၏ အဓိပ္ပါယ်နှင့် အရေးပါပုံကို အကျဉ်းချုံး ရှင်းပြခဲ့သည်။ ထို့နောက် စားသောက်ဖွယ်ရာများဖြင့် တည့်ခင်းဧည်ခံခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
.
Photo and Ref: Facebook page of iPACE
Blog
-

iPACE အဖွဲ့က ဦးဆောင်၍ ဘာသာပေါင်းစုံ ဖိုရမ်နှင့် အစ်ဖ်သာရ် ၀ါဖြေပွဲ တစ်ခုကို အမေရိကန်စင်တာတွင် ပြုလုပ်ခဲ့
-

အာဇာနည်နေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ ဆုတောင်းပွဲ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ပြုလုပ်
ဇူလိုင် ၂၀ ၊ ၂၀၁၅
M-Media၆၈ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ကျဆုံးသွားကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ အား ရည်စူးပြီး ရန်ကုန်မြို ရှိ ဘာသာပေါင်းစုံ အကြီးအကဲများမှ ဆုတောင်းပွဲကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၉ ညနေ ၃ နာရီခွဲတွင် ကျင်းပခဲ့ကြောင်း သိရှိပါသည်။
Photo – နေလင်းအောင်
-

မိုးခေါင်သည့်ဒေသများ အတွက် သောက်ရေ လှူဒါန်းရန် ထိုင်းအစိုးရက ပြည်သူများအား တိုက်တွန်း
ဇူလိုင် ၂၀၊ ၂၀၁၅
M-Media
ထိုင်းနိုင်ငံ ဆူပန်ဘူရီပြည်နယ်မှ တောင်သူတစ်ဦး – နိုင်ငံအတွင်းဖြစ်ပွားနေသော မိုးခေါင်မှုကို ခံစားနေရသည့် ဒေသများအတွက် သောက်ရေများလှူဒါန်းရန် ထိုင်းအစိုးရက ပြည်သူများအား မေတ္တာရပ်ခံခဲ့သည်ဟု သိရသည်။
မိုးခေါင်ရေရှားဒေသများသို့ သောက်ရေများ လှူဒါန်းရေးနှင့်ပတ်သက်၍ ကတ်ဘိနတ်အစည်းဝေးကို မနက်ဖြန်တွင် ပြုလုပ်ရန်ရှိနေသည်။ အာဏာပိုင်များ၏အဆိုအရ အဆိုပါ သောက်ရေများကို ထိုင်းဘုရင့်ဖောင်ဒေးရှင်းက ရန်ပုံငွေ ထောက်ပံ့ပေးထားသည့် ဒေသတွင်း
စာသင်ကျောင်းများမှတစ်ဆင့် ဖြန့်ဝေသွားမည်ဟုဆိုသည်။အဆိုပါကျောင်းများတွင် မြေအောက်ရေများ ရှိနေပြီး ပြည်သူများ ရေချိုးရန်နှင့် အ၀တ်အစားများ လျော်ဖွတ်ရန်အတွက် ဖြန့်ဝေသွားမည်ဖြစ်သည်။
ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကမူ မိုးခေါင်ရေရှားမှုအခြေအနေမှာ တိုးတက်လာခြင်းမရှိသေးဟု ပြောကြားခဲ့ပြီး ပြည်သူများအနေဖြင့် ရေကိုချွေတာသုံးစွဲကာ ကားဆေးခြင်းကဲ့သို့ ကိစ္စများကို ရှောင်ကျဉ်ရန် တိုက်တွန်းခဲ့သည်။
ထို့ပြင် ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် ၎င်းတို့သိုလှောင်ထားသော အရန်ရေများကို အသုံးပြုရန် တိုက်တွန်းထားသည်။
မိုးခေါင်ရေရှားနေသည့် နေရာများဖြစ်ကြသော နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ဒေသများအပါအ၀င် နိုင်ငံ၏ ဒေသအများအပြားတွင် ယမန်နေ့ညပိုင်းက မိုးသည်ထန်စွာ ရွာသွန်းခဲ့ပြီး အချို့သောဒေသများတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။
အာဏာပိုင်များကမူ အဓိကဆည်တစ်ခုဖြစ်ပြီး အန္တရာယ်ရှိလောက်သည့်အနေအထားထိ ရေနည်းနေသာ ချာအို ဖရာယာဆည်တွင် ရေမှာ ၂၅ စင်တီမီတာ မြင့်တက်လာခဲ့ကာ ထိုသိုမြင့်တက်လာခြင်းကြောင့် ဒေသခံများသို့ ပေးပို့နိုင်မည်ဟု ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ မိုးလေ၀သဌာနကမူ မြို့တော်ဘန်ကောက်အပါအ၀င် နိုင်ငံတစ်ဝှမ်း၌ လာမည့် ရက်ပိုင်းအတွင်း မိုးများ ရွာသွန်းမည်ဟု ခန့်မှန်းထားသည်။
Ref: Channelnewsasia
-

ဗြိတိန်နိုင်ငံတော်သီချင်းကို မထိလေးစားပြုသည့် ၀က်စ်ဘရွန်းအလယ်တန်းလူ ဝေဖန်ခံနေရ
ဇူလိုင် ၂၀၊ ၂၀၁၅
M-Media– ရာသီအကြို ခြေစမ်းပွဲ၌ ဗြိတိန်နိုင်ငံတော်သီချင်း ဆိုရာတွင် မထိလေးစားပြုခဲ့သည့် အိုင်ယာလန် ကွင်းလယ်လူ ဂျိမ်းစ် မက်လီန်းမှာ ဝေဖန်မှုများကို ခံနေရသည်ဟု သိရသည်။
ယခုနှစ်နွေရာသီတွင် ၀ီဂန်အသင်းမှ ၀က်စ်ဘရွန်းအသင်းသို့ ပြောင်းရွှေ့ခဲ့သည့် မက်လီန်းမှာ ရာသီအကြိုခြေစမ်းပွဲအဖြစ် အမေရိကန်ကလပ် ချာလ်စတန် ဘတ္ထရီနှင့် သောကြာနေ့က ကစားခဲ့သည့်ပွဲတွင် ဗြိတိန်နိုင်ငံတော်သီချင်းဖြစ်သော God Save The Queen ဆိုရာ၌ ၎င်း၏ မျက်နှာကို တစ်ဖက်သို့ လှည့်ခဲ့ခြင်းဖြစ်သည်။
၎င်း၏ ထိုလုပ်ရပ်ကြောင့် ဆိုရှယ်မီဒီယာများတွင် ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီး ပရိတ်သတ်များက ၎င်းအား ချေးညော်အဖြစ် သမုတ်ခဲ့ကြသည်။ သို့သော်လည်း မက်လီန်းက ၎င်း၏ လုပ်ရပ်အတွက် ပြန်လည်တုံ့ပြန်ခဲ့သည်။
“ကျွန်တော် ဘာမှပြောဖို့မလိုသလို၊ ပြောမှာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် “မက်လီန်းကို ကာကွယ်မှု” လို့ ခေါင်းစဉ်ပေးထားတဲ့ အွန်လိုင်း ဆောင်းပါတစ်ပုဒ်ကို ဖတ်ကြည့်ပါလို့ ကျွန်တော် ပရိတ်သတ်တွေကို တိုက်တွန်းချင်ပါတယ်” ဟု ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။
ဝက်စ်ဘရွန်းနည်းပြ တိုနီပူးလစ်ကမူ ပွဲအပြီး၌ မက်လီန်းအား ခေါ်တွေ့ကာ ၎င်း၏ လုပ်ရပ်အတွက် သတိထားရန် ပြောကြားခဲ့သည်။
၎င်း၏ ခံယူချက်အတွက် မက်လီန်းက အငြင်းပွားဖွယ်ကိစ္စကို ပြုလုပ်ခဲ့သည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ဘဲ ကမ္ဘာစစ်များနှင့် နောက်ပိုင်းပဋိပက္ခများတွင် ပါဝင်တိုက်ခိုက်ခဲ့ရသည့် ဗြိတိန်နှင့် ဓနသဟာယနိုင်ငံများမှ စစ်တပ်များ၊ အရပ်သားများကို ဂုဏ်ပြုသည့် Remembrance Sunday အထိမ်းအမှတ်အဖြစ် ဘောလုံးဂျာစီတွင် ဘိန်းပန်းထိုးရန် ညွှန်ကြားမှုကို ဆန်းဒါးလန်း၌ကစားစဉ် ၂၀၁၂ ခုနှစ်က ကလီန်းမှာ ငြင်းဆန်ခဲ့ဖူးသည်။
၎င်း၏ ထိုလုပ်ရပ်ကြောင့် မက်လီန်းမှာ ဝေဖန်ခံခဲ့ရပြီး Twitter တွင် အသက်အန္တရာယ်ခြိမ်းခြောက်မှုပါ ခံခဲ့ရသည်။ မက်လီန်းကမူ ပြဿနာများတွင် သေဆုံးခဲ့သူများအား မလေးမစားပြုလုပ်သည့်သဘော သက်ရောက်မည်စိုးသောကြောင့် ထိုကဲ့သို့ ပန်းမထိုးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
Ref: Dailymail
-

တရုတ်ရှိ ၀ီဂါမွတ်စလင်များ အီးဒ်ပွဲတော် ဆင်နွှဲ
ဇူလိုင် ၂၀၊ ၂၀၁၅
M-Media– တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဇင်ဂျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ၀ီဂါလူမျိုး အစ္စလာမ်ဘာသာဝင်များမှာ ရမ်ဇာန်ဥပုသ်လအကုန်တွင် ကျရောက်သည့် အီဒွလ်ဖိသီရ် ၀ါကျွတ်အီးဒ်ပွဲတော်ကို စုပေါင်း ဆင်နွှဲခဲ့ကြသည်ဟု သိရသည်။
“ကျွန်တော်ပျော်ပါတယ်။ ဒီရက်တွေမှာ ဒါက ကျွန်တော်တို့ရဲ့ပွဲတော် ဖြစ်ပါတယ်။ ဒီဝတ်ပြုဆုတောင်းမှုမှာ လာရတာကို ကျွန်တော် ပျော်ပါတယ်။ ဒီပွဲတော်အတွက် ကျွန်တော် ပြင်ဆင်ခဲ့တာပါ။ အိမ်ကိုသန့်ရှင်းတယ်။ ပြီးတော့ အစားကောင်းအသောက်ကောင်းတွေနဲ့ အ၀တ်အစားအသစ်တွေကိုလည်း ၀ယ်ခဲ့ပါတယ်” ဟု ၀ီဂါမွတ်စလင်တစ်ဦးက CCTV.CN သို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။
အီဒွလ်ဖိသီရ်မှာ အစ္စလာမ်ဘာသာဝင်တို့၏ အဓိက ဘာသာရေးပွဲတော် ၂ ခုအနက်မှ တစ်ခုဖြစ်ပြီး ၀တ်ပြုဆုတောင်းခြင်း၊ အလှူဒါနပြုခြင်း၊ မုန့်များလုပ်၍ ပတ်ဝန်းကျင်၊ ဆွေမျိုး မိတ်သင်္ဂဟများသို့ ဝေငှခြင်း၊ လူကြီးသူမများအား သွားရောက်တွေ့ဆုံ ဂါရ၀ပြုခြင်းတို့ကို ဆောင်ရွက်ရသည်။
ဇင်ဂျန်းပြည်နယ်မြို့တော် အူရွမ်ကီတွင် ၀ီဂါမွတ်စလင် ထောင်ပေါင်းများစွာမှာ အီးဒ်နေ့မနက်တွင် ၀တ်ပြုဆုတောင်းရန်အတွက် ဗလီဝတ်ကျောင်းတော်များသို့ သွားရောက် စုရုံးခဲ့ကြသည်။
အူရွမ်ကီရှိ သက်တမ်း နှစ် ၁၂၀ ရှိပြီဖြစ်သော ယန်ဟန် ဗလီဝတ်ကျောင်းတော်တွင် ၀တ်ပြုသူ ၁၁၀၀၀ ကျော် လာရောက်ခဲ့ကြပြီး ‘အီးဒ်မုဘာရက်’ ဟု ကျွေးကြော်ခဲ့ကြသည်။ အီးဒ်နေ့ ၀တ်ပြုဆုတောင်းမှုမှာ မိနစ် ၃၀ ခန့် ကြာမြင့်ပြီး အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ်များပါ တက်ရောက်ခဲ့ကြသည်။
နွေခေါင်ခေါင်တွင် ကျရောက်ခဲ့သည့် ရမ်ဇာန်ဥပုသ်လအား အဆုံးသတ်သော အဆိုပါအီးဒ်နေ့တွင် ဟန်ယန်ဗလီဝတ်ကျောင်းတော်က ၀တ်ပြုရန် လာရောက်ကြသူများအား သစ်သီးနှင့် ဖျော်ရည်များကို ဝေငှခဲ့သည်။
“ရမ်ဇာန်ဟာ ကျွန်တော့်အတွက် မလွယ်ပါဘူး။ ရာသီဥတုက သိပ်ပူပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့ အဆုံးသတ်သွားတာပါပဲ” ဟု ၀တ်ပြုရန်လာရောက်သူတစ်ဦးက ပြောကြားခဲ့သည်။
တရုတ်အာဏာပိုင်များမှာ ဇင်ဂျန်းပြည်နယ်ရှိ ၀ီဂါလူမျိုး အစ္စလာမ်ဘာသာဝင်များအား နှစ်စဉ် ရမ်ဇာန်ဥပုသ်လရောက်တိုင်း ဘာသာရေးဆိုင်ရာ ကန့်သတ်ချုပ်ချယ်မှုများကို ပြုလုပ်လေ့ရှိသည်။
ထို့ကြောင့် ကမ္ဘာတစ်ဝှမ်းမှ လူ့အခွင့်အရေးအဖွဲ့များနှင့် မွတ်စလင်အသင်းအဖွဲ့များက တရုတ်အစိုးရ၏ ထိုလုပ်ရပ်အား ဆန့်ကျင်ရှုတ်ချခဲ့ကြသည်။
Ref: Onislam

















