News @ M-Media

Blog

  • ပြိုင်ဘက်အသင်းများ၏ ငွေကြေးသုံးစွဲမှုကို မော်ရင်ဟို ဂရုမစိုက်

    ပြိုင်ဘက်အသင်းများ၏ ငွေကြေးသုံးစွဲမှုကို မော်ရင်ဟို ဂရုမစိုက်

    ဇူလိုင် ၁၉၊ ၂၀၁၅
    M-Media

    mrh

    – ပြိုင်ဘက်အသင်းများက အပြောင်းအရွှေ့ဈေးကွက်တွင် ငွေကြေးအမြောက်အများ သုံးစွဲနေသည်ကို ဂရုမစိုက်ဘဲ မိမိတို့အနေဖြင့် ထိုကဲ့သို့သုံးစွဲရန် မလိုအပ်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ပရီးမီးယားလိဂ်၌ မန်ယူနှင့် မန်စီးတီးအသင်းတို့မှာ အင်တိုက်အားတိုက်ဖြင့် အပြောင်းအရွှေ့ဈေးကွက်ကို လွှမ်းမိုးထားပြီး၊ ချယ်ဆီးမှာ တိုက်စစ်မှူး ဖယ်လ်ကာအိုနှင့် ဂိုးသမား အက်စ်မီ ဘီဂိုဗစ်တို့ ၂ ဦးကိုသာ ၀ယ်ယူထားသည်။ ယခုလက်ရှိတွင် မော်ရင်ဟိုမှာ အဲဗာတန်နောက်ခံလူ ဂျွန်စတုန်းအား ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ဖြင့် ကမ်းလှမ်းထားသည်။

    မောရင်ဟိုကမူ အသင်းမှာ ငွေကြေးအမြောက်အများ သုံးစွဲရန် မလိုအပ်ဟု ယုံကြည်နေသည်။ မန်ယူ၊ မန်စီးတီးတို့နှင့်ပတ်သက်၍ မော်ရင်ဟိုက “ကျွန်တော် မဝေဖန်ပါဘူး။ ကျွန်တော်နားလည်တယ်၊ လက်ခံပါတယ်။ ကြောက်မှာတော့ မဟုတ်ပါဘူး။ တစ်ကယ်လို့ တစ်ယောက်ယောက်က ‘ဂျိုဆေး ခင်ဗျား ဒါကို ရပ်တန့်နိုင်ပါတယ်’ လို့ပြောရင် ကျွန်ကလည်း ‘အင်း’ လို့ ပြောမှာပါ။ ၀ယ်တာကြီးပဲကို ကျွန်တော် တိုက်ရိုက် မဆန့်ကျင်ပါဘူး။ သူတို့ လူမ၀ယ်တာကို ကျွန်တော် ပိုကြိုက်ပါတယ်။ ဒါပေမယ့် သူတို့ကို ကျွန်တာ် တားလို့ မရဘူးလေ။ ကျွန်တော် ဂရုမစိုက်ပါဘူး” ဟုမော်ရင်ဟိုက ပြောကြားခဲ့သည်။

    သို့သော်လည်း လာမည့်နှစ်တွင် ချန်ပီယံဘွဲ့ကို ကာကွယ်ရန်အတွက် အသင်းမှာ ပိုမိုကောင်းမွန်ရမည်ဟု ၎င်းက ၀န်ခံခဲ့သည်။ ထို့ပြင် အသင်းနှင့် ၄ နှစ်ကြာ စာချုပ်တစ်ခုကို ချက်ခြင်း လက်မှတ်ရေးထိုးသွားရန် ရှိနေပြီး လာမည့် ၅ နှစ် သို့မဟုတ် ၁၀ နှစ်အထိ အသင်း၌ ဆက်ရှိနေရန် အစီအစဉ်ရှိသည်ဟု ဆိုသည်။

    Ref: Goal

  • IS အဖွဲ့ဝင် ၄၀၀ ကျော်ကို ဆော်ဒီဖမ်းဆီး

    IS အဖွဲ့ဝင် ၄၀၀ ကျော်ကို ဆော်ဒီဖမ်းဆီး

    ဇူလိုင် ၁၉၊ ၂၀၁၅
    M-Media

    sau

    – နိုင်ငံအတွင်းရှိ IS အဖွဲ့ဝင် ၄၃၁ ဦးကို ဖမ်းဆီးလိုက်ပြီး ဗလီဝတ်ကျောင်းတော်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သံတမန်များကို အသေခံတိုက်ခိုက်ရန် စီစဉ်ထားမှုများအား တားဆီး ဟန့်တားနိုင်ခဲ့သည်ဟု ဆော်ဒီအာရေဗျ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှာ နိုင်ငံအရှေ့ပိုင်း အလ်- ကူဒီရွာတွင် လူ ၂၁ ဦး သေဆုံးခဲ့သော အသေခံဗုံးခွဲတိုက်ခိုက်မှုကို စီစဉ်ခဲ့ကာ အခြားတိုက်ခိုက်မှု အများအပြားကိုလည်း ပြုလုပ်ရန် စီစဉ်ထားသည်ဟု နိုင်ငံပိုင် သတင်းအေဂျင်စီမှ ယမန်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ထည့်သွင်းဖော်ပြထားသည်။

    ဖမ်းဆီးလိုက်သော ၄၃၁ ဦးတွင် အများစုမှာ ဆော်ဒီနိုင်ငံသားများ ဖြစ်ကြပြီး အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံများမှ နိုင်ငံသားများလည်း ပါဝင်သည်ဟု ဆိုသည်။ ထို့ပြင် နိုင်ငံအရှေ့ပိုင်း ရှာရူရာ ပြည်နယ်ရှိ ဗလီဝတ်ကျောင်းတော်များကို ပစ်မှတ်ထားကာ ဆက်တိုက်ပြုလုပ်ရန် စီစဉ်ထားသော အသေခံဗုံးခွဲမှု ၆ ခုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လုပ်ကြံရန် ချိန်ကိုက်ထားမှုများကိုလည်း
    အာဏာပိုင်များက တားဆီးခဲ့သည်ဟု အဆိုပါကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    ပြည်ထဲရေးဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးဖြစ်သူ ဘက်ဆမ် အက်တီယာက ဖမ်းဆီးရမိသောသူများမှာ သီးခြားစီ တိုက်ခိုက်ရန် စီစဉ်ထားကြသော အဖွဲ့ငယ်များမှ အဖွဲ့ဝင်များဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဆော်ဒီအာရေဗျနိုင်ငံအတွင်းမှာ အကြမ်းဖက်ဝါဒပြန်နှံ့ဖို့ သူတို့ ရည်ရွယ်နေကြတာပါ။ ပြီးတော့ နိုင်ငံအတွင်း ၀ရုန်းသုန်းကားနဲ့ အကွဲအပြဲဖြစ်စေဖို့ သူတို့ ဆန္ဒရှိနေပါတယ်” ဟု အက်တီယာက ပြောကြားခဲ့ကာ ၎င်းတို့မှာ အစီအစဉ်အစဉ်များကို ဆောင်ရွက်ရန်နှင့် လူသစ်စုဆောင်းရန် ဆိုရှယ်မီဒီယာကို အသုံးပြုကြသည်ဟု ဆိုသည်။

    Ref: Aljazeera

  • နိုင်ငံတကာသတင်းတို (ဇူလိုင် ၁၈၊ ၂၀၁၅)

    ဇူလိုင် ၁၈၊ ၂၀၁၅
    M-Media

    တောမီးလောင်စေသူ ၂ ဦးကို ဂရိဖမ်းဆီး
    ………………………….
    သောကြာနေ့က အေသင်ရှိ တောမီးလောင်မှုအား စတင်ခဲ့သူဟု သံသယရှိသူ အသက် ၆၇ နှစ်အရွယ် ဂရိနိုင်ငံသားတစ်ဦးနှင့် အသက် ၅၈ နှစ်အရွယ် ဘူလဂေးရီးယားနိုင်ငံသားတစ်ဦးတို့အား ဂရိရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။ ၎င်းတို့နှစ်ဦးကို မတော်တဆ မီးလောင်စေမှုဖြင့် တရားစွဲဆိုမည်ဖြစ်သည်။ အဆိုပါတောမီးမှာ အေသင်အရှေ့မြောက်ပိုင်း ကာရီယက်စ်ခရိုင်သို့ ကီလိုမီတာအများအပြား ပြန့်နှံ့လောင်ကျွမ်းခဲ့ပြီး နောက်ပိုင်းတွင် ထိန်းချုပ်နိုင်ခဲ့သည်။

    မူးယစ်ရာဇာ ထောင်ဖောက်ပြေးမှုအတွက် အစိုးရတာဝန်ရှိသူ ၇ ဦးကို မက္ကဆီကိုဖမ်းဆီး
    ……………………………
    ပြီးခဲ့သည့် စနေနေ့က မူးယစ်ရာဇာ ဂျိုအာကွင်း အလ် ချာပိုဂူဇ်မန် အကျဉ်းထောင်ဖောက်၍ ထွက်ပြေးလွတ်မြောက်သွားမှုတွင် ပါဝင်ခဲ့သည်ဟူသော သံသယဖြင့် အစိုးရတာဝန်ရှိသူ ၇ ဦးကို ဖမ်းဆီးလိုက်ပြီဟု မက္ကဆီကို တရားသူကြီးချုပ်က ပြောကြားခဲ့သည်။ အချုပ်ခန်း၏ ရေချိုးရာနေရာမှ လှိုင်ခေါင်းဖောက်၍ ဂူဇ်မန်လွတ်မြောက်သွားခဲ့ခြင်းမှာ မက္ကဆီကိုအာဏာပိုင်များအတွက်
    အရှက်ရစရာ ဖြစ်ခဲ့ပြီး အကျဉ်းထောင် အကြီးအကဲကိုလည်း မကြာသေးမီက ထုတ်ပယ်ခဲ့ကာ တာဝန်ရှိသူ ၃၀ ကျော်ကိုလည်း စစ်ဆေးမေးမြန်းနေသည်။ ယခုဖမ်းဆီးခဲ့သည့် တာဝန်ရှိသူ ၇ ဦး၏ အမည်များကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

    လီဗာပူးလ်မှ ထွက်ခွာသည့်ပုံစံကို စတာလင်နောင်တရ
    ………………………………….
    လီဗာပူးလ်အသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ခဲ့သည့် မိမိ၏ပုံစံကို နောင်တရမိသည်ဟု အင်္ဂလန်ကွင်းလယ်လူစတာလင်က ပြောကြားလိုက်သည်။ မန်စီးတီးအသင်းသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၄၉ သန်းဖြင့် ရောက်ရှိလာသည့် စတာလင်မှာ ပြီးခဲ့သည့် ရာသီမကုန်ခင်ကတည်းက အသင်းပြောင်းမည်ဟု လေသံထွက်ခဲ့သူဖြစ်ပြီး၊ ယခုနွေရာသီ၌ အသင်းပြောင်းရန်အတင်းအဓမ္မ ကြိုးစားခဲ့ရကာ ၂ ကြိမ်တိုင်တိုင် လေ့ကျင့်ခန်းမှ နှုတ်ထွက်ခဲ့သည်။ ထို့ပြင် ၎င်း၏ အေးဂျင့်ဖြစ်သူကလည်း စတာလင်နှင့် လီဗာပူးလ်နည်းပြတို့အကြား ယုံကြည်မှုပျက်ပြယ်ခဲ့ပြီဟု ပြောကြားခဲ့သည်။

    Ref: News Agencies

  • တီဗီသရုပ်ဆောင်ကို လက်ရောက်ကျူးလွန်သူ ကမ္ဘောဒီးယားသူဌေးကြီးတစ်ဦး တရားစွဲခံရ

    တီဗီသရုပ်ဆောင်ကို လက်ရောက်ကျူးလွန်သူ ကမ္ဘောဒီးယားသူဌေးကြီးတစ်ဦး တရားစွဲခံရ

    ဇူလိုင် ၁၈၊ ၂၀၁၅
    M-Media

    cam

    – နာမည်ကြီး တီဗီမင်းသမီးတစ်ဦးကို လက်ရောက်ကျူးလွန်ခဲ့သည့် ကမ္ဘောဒီးယား သူဌေးကြီးတစ်ဦးကို ရဲတပ်ဖွဲ့က ယနေ့မနက်ပိုင်းတွင် ဖမ်းဆီးကာ တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    နာမည်အရင်း အီက်ဆိုချီတာ ဟုခေါ်ပြီး အနုပညာအမည် ဆာဆာဖြင့် လူသိများသည့် အဆိုပါရုပ်ရှင်သရုပ်ဆောင်ကို ဆွတ်ဘန်ဟု အမည်ရသည့် သူဌေးကြီးက ဖနွမ်ပင်ရှိ ဂျပန်စားသောက်ဆိုင်တစ်ခုတွင် ဇူလိုင်လ ၂ ရက်နေ့က ထိုးကြိတ်ကန်ကျောက်ခဲ့ခြင်း ဖြစ်သည်။
    ထိုကဲ့သို့ လက်ရောက်ကျူးလွန်နေစဉ်အတွင်း ဆွတ်ဘန်၏ သက်တော်စောင့်က ပစ္စတိုကိုကိုင်ကာ တစ်ချိန်ချိန် လုပ်နေခဲ့သည်။

    လုံခြုံရေးကင်မရာတွင် မှတ်တမ်းတင်ထားသည့် အဆိုပါအဖြစ်အပျက်ကို ဆာဆာက ရယူခဲ့ပြီးနောက် ၎င်း၏ Facebook စာမျက်နှာတွင် လွှင့်တင်ခဲ့ကာ ကမ္ဘောဒီးယား ပြည်သူများအကြား အလျင်အမြန် ပြန့်နှံ့သွားခဲ့ပြီး တရားခံအား အရေးယူမှု မရှိခြင်းအတွက် အစိုးရမှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခြင်း ခံခဲ့ရသည်။ ကမ္ဘောဒီးယားတွင် ငွေကြေးကြွဝယ်သူများမှာ နိုင်ငံတရားစီရင်ရေးစနစ်၏ အထက်တွင် မကြာခဏ ရှိနေကြသည်။

    ဆွတ်ဘန်မှာ အာဏာပိုင်များ၏ ဖမ်းဆီးမှုကို ရှောင်ရှားရန် စင်ကာပူနိုင်ငံသို့ ရှောင်တိမ်းခဲ့ပြီးနောက် ကမ္ဘောဒီယားသို့ပြန်အလာ ယနေ့တွင် ဖနွမ်ပင်လေဆိပ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဖနွမ်ပင်မြူနီစီပယ်တရားရုံးတွင် “တမင်ရည်ရွယ်ကျူးလွန်သော တိုက်ခိုက်မှု” ဖြင့် တရားစွဲဆိုခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ရဲတပ်ဖွဲ့ဌာနခွဲ အကြီးအကဲ ဆွတ် ခီမာရင်က ပြောကြားခဲ့သည်။

    အသက် ၃၇ နှစ်အရွယ်ရှိပြီး လူကုံထံအသိုင်းအ၀ိုင်းတွင် နာမည်ကြီးသည့် ဆွတ်ဘန်မှာ အပြစ်ရှိကြောင်း ၀န်ခံခဲ့ပြီး၊ ၎င်းအား ဖနွမ်ပင်ဆင်ခြေဖုံးရှိ အကျဉ်းထောင်တွင် ထိန်းသိမ်းထားကာ ကြားနာမှုပြုလုပ်ရန် စောင့်ဆိုင်းနေသည်ဟု ခီမာရင်က ထပ်လောင်းပြောကြားခဲ့သည်။ ပြစ်မှုထင်ရှားပါက ဆွတ်ဘန်မှာ ထောင်ဒဏ် ၅ နှစ်အထိ ကျခံရမည်ဖြစ်သည်။

    ကမ္ဘောဒီးယားတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများမှာ ပုံမှန်လိုလို ဖြစ်နေသော်လည်း ပြည်သူများ သိရှိခဲ့သည့် ယခုအဖြစ်အပျက်ကသာ တစ်နိုင်ငံလုံးတွင် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။

    AFP သတင်းဌာနနှင့် အင်တာဗျူးတွင် ဆာဆာ သူမ၏ ဂျပန်သူငယ်ချင်းတစ်ဦးကို အရက်မူးနေသော ဆွတ်ဘန်က မလိုလားအပ်သည့် အသားယူမှုများပြုလုပ်ရာမှ အချေအတင်ဖြစ်ကာ ထိုကဲ့သို့ ထိုးကြိတ်ကန်ကြောက်ခံခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • လေလွင့်ကြောင် ၂ သန်းကို ၅ နှစ်အတွင်း သြစတေးလျ သုတ်သင်မည်

    လေလွင့်ကြောင် ၂ သန်းကို ၅ နှစ်အတွင်း သြစတေးလျ သုတ်သင်မည်

    ဇူလိုင် ၁၈၊ ၂၀၁၅
    M-Media

    cat

    – နိုင်ငံ၏ ဌာနေ တောရိုင်းတိရစ္ဆာန် မျိုးစိတ်များကို ခြိမ်းခြောက်နေသော လေလွင့်ကြောင်ရိုင်း ၂ သန်းကို ၅ နှစ်အတွင်း သုတ်သင်ရန် စီစဉ်နေသည်ဟု သြစတေးလျအစိုးရက ကြေညာလိုက်သည်။

    “လေလွင့်ကြောင်ရိုင်းတွေကို အန္တရာယ်ရှိတဲ့ အိမ်မွေးတိရစ္ဆာန်တွေအဖြစ် သတ်မှတ်သွားမှာဖြစ်ပြီး နည်းလမ်းပေါင်းစုံ၌ ရှာဖွေသွားမှာ ဖြစ်ပါတယ်။ သုတ်သင်တဲ့နည်းလမ်းတွေထဲမှာ အစာနဲ့ထောင်ခြင်း၊ ပစ်သတ်ခြင်း၊ ဒါမှမဟုတ် အဆိပ်ခတ်ခြင်းတို့ ပါဝင်ပါလိမ့်မယ်” ဟု သြစေတေးလျ သဘာပတ်ဝန်းကျင်ဆိုင်ရာ ဖက်ဒရယ်ဝန်ကြီး ဂရေ့ဂ်ျ ဟန့်က International Business Times သို့ ပြောကြားခဲ့သည်။ ဟန့်မှာ အဆိုပါအစီစဉ်ကို မဲလ်ဘုန်းရှိ တိရိစ္ဆာန်ရုံတွင် ပြည်သူများအား ချပြခဲ့သည်။

    ခြိမ်းခြောက်ခံ တိရစ္ဆာန်မျိုးစိတ်များဆိုင်ရာ သြစတေးလျ၏ ပထမဆုံး ကော်မရှင်နာမင်းကြီး ဂရီဂေါ်ရီ အန်ဒရူးကမူ အစိုးရ၏ အနေအထားအား နိုင်ငံပိုင်ရေဒီယိုမှတစ်ဆင့် ရှင်းပြခဲ့သည်။

    “ကျွန်တော်တို့ဟာ ကြောင်တွေကိုမမုန်းဘူးဆိုတာ အလေးအနက်ထားပြောဖို့ တော်တော်လေး အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ တောရိုင်းတိရစ္ဆာန်တွေအပေါ် သူတို့ ဖျက်ဆီးနေတာတွေကို ကျွန်တော်တို့ သည်းမခံနိုင်တော့ပါဘူး။ သြစတေးလျက တိရစ္ဆာန်မျိုးစိတ် ၁၂၀ လောက်ဟာ ဒီလေလွင့်ကြောင်ရိုင်းတွေကြောင့် မျိုးတုန်းမယ့်အန္တရာယ် ရှိနေပါတယ်။ ဒါ့ကြောင့် သူတို့ဟာ အကြီးဆုံး ခြိမ်းခြောက်မှုဖြစ်တယ်ဆိုတာ သိပ္ပံနည်းကျ အထောက်အထားတွေက ထင်ထင်ရှားရှားကို ပြသနေပါတယ်” ဟု အန်ဒရူးက ပြောကြားခဲ့သည်။

    သြစတေးလျအစိုးရအနေဖြင့် ခြံစည်းရိုးခတ်ထားသည့် လေလွင့်ကြောင်ရိုင်း ကင်းလွတ်နယ်မြေ ၁၀ ခုကို တည်ဆောက်သွားမည်ဖြစ်ပြီး၊ ၎င်းတို့မှာ နိုင်ငံမြောက်ပိုင်း တိရိစ္ဆာန်များနှင့် အပင်များ သဘာဝအတိုင်းတည်ရှိကာ အကြီးဆုံး ခြံစည်းရိုးခတ် ဒေသများတွင် ပါဝင်မည်ဖြစ်သည်။ ကြောင်များကိုမူ အဆိုပါ ဧရိယာအနီးရှိ ဟက်တာ ၁၀ သန်း ကျယ်ဝန်းသောနေရာတွင် သုတ်သင်သွားမည်ဖြစ်သည်။

    လေလွင့်ကြောင်ရိုင်းများကို သုတ်သင်ခြင်းနှင့်အတူ အဆိုပါဗျူဟာတွင် အဓိက အကြောင်းအရင်း ၃ ခု ထပ်မံပါဝင်မည်ဖြစ်ပြီး မျိုးစိတ်များအတွက် အာမခံချက်ရှိသည့် နေရာများ ဖန်တီးပေးခြင်းနှင့် မျိုးတုန်းပျောက်ကွယ်မှုမှ ကာကွယ်ရန် အရေးပေါ် ကြားဝင်ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။

    ထိုမဟာဗျူဟာကို အကောင်အထည်ဖော်ရန်အတွက် သြစတေးလျက ကန်ဒေါ်လာ ၆.၆ သန်းကို ခွဲဝေပေးထားပြီး ပုဂ္ဂလိက အလှူရှင်များမှလည်း အလှူငွေများရရှိရန် မျှော်လင့်ထားသည်။

    ဥရောပသားများ ရောက်ရှိလာပြီးနောက်ပိုင်း သြစတေးလျတိုက်အတွင်း တောင်ရိုင်းတိရိစ္ဆာန်မျိုးစိတ် ၁၃၀ ခန့် ပျောက်ဆုံးခဲ့ရပြီး၊ ယခုအချိန်တွင်လည်း အခြားသော ဌာနေမျိုးစိတ် အများအပြားမှာအန္တရာယ်ရှိနေသည်။ နို့တိုက်သတ္တ၀ါ ၂၀ခန့်၊ ငှက်မျိုးစိတ် ၂၀ ခန့်နှင့်
    အပင်မျိုးစိတ်များမှာလည်း လက်ရှိအချိန်တွင် နိုင်ငံတော်၏ ကာကွယ်မှုအောက်တွင် ရှိနေသည်။

    Ref: RT