News @ M-Media
Blog
  • မက္ကဆီကို မူးယစ်ရာဇာတစ်ဦး လုံခြုံရေး အဆင့်မြင့်ထောင်မှ ထွက်ပြေးလွတ်မြောက်
    မက္ကဆီကို မူးယစ်ရာဇာတစ်ဦး လုံခြုံရေး အဆင့်မြင့်ထောင်မှ ထွက်ပြေးလွတ်မြောက်
    ဇူလိုင် ၁၃၊ ၂၀၁၅
    M-Media
    mx 2
    – မက္ကဆီကိုတွင် နာမည်ဆိုးဖြင့် အကျော်ကြားဆုံး မူးယစ်ရာဇာ ဂျိုအာကွင်း အလ် ချာပို ဂူဇ်မန်မှာ စနေနေ့ညက မက္ကစီကိုစီးတီး အပြင်ဘက်ရှိ လုံခြုံရေးမြင့်မားသောထောင်မှ ဒုတိယအကြိမ်မြောက် ဖောက်ပြေးသွားကာ ၎င်း၏ အချုပ်ခန်းအောက်မှ တူးထားသော လှိုင်ခေါင်းမှ တစ်ဆင့် လွတ်မြောက်သွားသည်ဟု သိရသည်။
    အလ်တီပါလ်နို အကျဉ်းထောင်တွင် ထောင်ဒဏ်ကျခဲ့နေသည့် ဂူဇ်မန်မှာ ၁.၅ ကီလိုမီတာရှည်သည့် မြေအောက်လှိုင်ခေါင်းမှတစ်ဆင့် လွတ်မြောက်သွားခြင်းဖြစ်ကာ အဆိုပါလှိုင်ခေါင်းမှာ အနီးအနားရှိ စွန့်ပစ်ထားသော အိမ်တစ်ခုတွင် အဆုံးသတ်သွားခဲ့သည်ဟု အမျိုးသား လုံခြုံရေး ကော်မရှင်နာမင်းကြီး မွန်တီ အလက်ဂျန်ဒရို ရူဘီဒိုက ယမန်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    ၂၀၀၁ ခုနှစ်ကလည်း ထိုကဲ့သို့ အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သွားခဲ့သည့် ဂူဇ်မန်ကို စနေနေ့ည ၈ နာရီ ၅၂ မိနစ်ခန့်က ရေချိုးသည့်နေရာတွင် တွေ့ခဲ့ရပြီး နောက်ပိုင်းတွင် ပျောက်သွားခဲ့ခြင်းဖြစ်သည်။ ဂူဇ်မန်မှာ အမေရိကန်ရှိ တရားသူကြီးများကလည်း အလိုရှိနေသူဖြစ်ပြီး တစ်ချိန်က Forbes ၏ ဘီလီယံနာစာရင်းတွင် ပါဝင်ခဲ့သူဖြစ်သည်။ ၎င်းအား ၂၀၀၇ ခုနှစ်တွင် ပြန်လည် ဖမ်းမိခဲ့သည်။
    ၎င်း၏ အချုပ်ခန်း ရေချိုးသည့်နေရာတွင် ဖောက်ထားသည့် အပေါက်မှာ အလျား၊ အနံ လက်မ ၂၀ စီ ရှိပြီး ၃၂ ပေရှည်သော လှေကားတစ်ခု တပ်ဆင်ထားကာ အဆိုပါ လှေကားမှာ ၅.၆ ပေအမြင့်ရှိကာ ၂၈လက်မမှ ၃၁ လက်မ အကျယ်ရှိသော မြေအောက်လှိုင်ခေါင်းတွင် အဆုံးသတ်ခဲ့သည်။
    ပထမအကြိမ်က ထောင်ဝန်ထမ်းများဖြင့်ပေါင်းကာ ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ပြီး ယခု ထောင်ဖောက်ပြေးမှု ထပ်မံဖြစ်ပေါ်လာပြီးနောက် ထောင်တာဝန်ရှိသူ ၁၈ ဦးကို တရားရုံးချုပ် ရုံးမှ ရာဇ၀တ်မှုအထူးစစ်ဆေးရေးအဖွဲ့က စစ်ကြောမေးမြန်းမှုများ ပြုလုပ်နေသည်ဟု ရူဘီဒိုက ထည့်သွင်းပြောကြားခဲ့သည်။
    ထို့ပြင် ဂူဇ်မန်အား မြို့အတွင်း ပိုက်စိတ်တိုက် ရှာဖွေမှုများ ပြုလုပ်နေပြီး သမ္မတ ပန်နာ နီယက်တိုက ထောင်ဖောက်ပြေးမှုတွင် အစိုးရ၀န်ထမ်းများ ပါဝင်ကူညီခြင်း ရှိ၊ မရှိ စုံစမ်းရန် အမိန့်ပေးထားသည်။
    ဂူဇ်မန်မှာ ကမ္ဘာ့ထိပ်တန်း ရာဇ၀တ်ကောင်များထဲမှ တစ်ဦဖြစ်ပြီး အင်အားတောင့်တင်းသည့် စီနာလိုအာ မူးယစ်ဂိုဏ်းကို ခေါင်းဆောင် စီမံနေသူတစ်ဦးလည်း ဖြစ်သည်။ အဆိုပါမူးယစ်ဂိုဏ်းမှာ ဘီလီယံနှင့်ချီ တန်ဖိုးရှိသော ကိုကိန်း၊ ဆေးခြောက်နှင့် စိတ်ကြွဆေးပြားများကို အမေရိကန်သို့ မှောင်ခိုသွင်းနေသည့်အဖွဲ့ဖြစ်ပြီး အခြားသော မက္ကဆီကိုဂိုဏ်းများနှင့် ပြင်းထန်သောတိုက်ခိုက်မှုများလည်း ပြုလုပ်လေ့ရှိသည်။
    Ref: Reuters
  • ၀င်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲ နိုဗက်ဂျိုကိုဗစ် ဗိုလ်စွဲ
    ဇူလိုင် ၁၃၊ ၂၀၁၅
    M-Media
    tennis
    – ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သော ၀င်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံ နိုဗက်ဂျိုကိုဗစ်က ရော်ဂျာဖက်ဒါရာအား အနိုင်ရရှိကာ ဗိုလ်စွဲခဲ့သည်ဟု သိရသည်။
    နိုင်ခြေအဆင့် ၁ သတ်မှတ်ခံရသည့် ဂျိုကိုဗစ်မှာ ၀င်ဘယ်လ်ဒန် ၇ ကြိမ် ရထားသည့် ဖက်ဒါရာအား ပထမပွဲငယ်နှင့် ဒုတိယ ပွဲငယ်တို့တွင် တိုင်းဘရိတ်အထိ ရိုက်ခဲ့ရကာ ၇-၆၊ ၆-၇ ဖြင့် တစ်ပွဲနိုင်၍ တစ်ပွဲရှုံးခဲ့သည်။
    သို့သော်လည်း တတိယနှင့် စတုတ္ထပွဲငယ်များတွင် ဂျိုကိုဗစ်က အသာရခဲ့ကာ ၆-၄၊ ၆-၃ ဖြင့် ပြတ်ပြတ်ပြတ်သားသား အနိုင်ရခဲ့ကာ ဂရင်းစလင်းဆုဖလားကို ၉ ကြိမ်မြောက် ရရှိခဲ့ခြင်း ဖြစ်သည်။
    ယမန်နှစ် ဗိုလ်လုပွဲတွင်လည်း ဖက်ဒါရာအား အနိုင်ရရှိကာ ဂျိုကိုဗစ်မှာ ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၇ နှစ်နောက်ပိုင်း ၀င်ဘယ်လ်ဒန် အမျိုးသားတင်းနစ်ပြိုင်ပွဲတွင် ချန်ပီယံဘွဲ့ကို ပထမဆုံး ကာကွယ်နိုင်သူလည်း ဖြစ်လာခဲ့သည်။
    “သူ (ဖက်ဒါရာဟာ) ခင်ဗျားရဲ့ ကန့်သတ်မှုတွေကို ကျော်လွှားပြီး၊ ကြိုးစားလာအောင်၊ အမှတ်တစ်မှတ်တိုင်းကို ရရှိအောင် လုပ်နိုင်တဲ့သူပါ။ ရော်ဂျာနဲ့ ကစားရတာဟာ စိန်ခေါ်မှုကြီးတစ်ခုလို့ ကျွန်တော် ပြောရပါမယ်။ ကျွန်တော်တို့မျိုးဆက်က ကစားသမား တော်တော်များများဟာ သူ့ကို ကြည်ပြီး သူ့ရဲ့ဦးဆောင်မှုနောက်ကို လိုက်ကြရတာပါ” ဟု အသက် ၂၈ နှစ်အရွယ် ဂျိုကိုဗစ်က အနိုင်ရရှိအပြီးတွင် ပြောကြားခဲ့သည်။
    Ref: Aljazeera
  • မလေးဝန်ကြီးချုပ် ငွေကြေးအရှုပ်အထွေး သတင်းပေါက်ကြားသူကို စုံစမ်းဖော်ထုတ်မည်
    မလေးဝန်ကြီးချုပ် ငွေကြေးအရှုပ်အထွေး သတင်းပေါက်ကြားသူကို စုံစမ်းဖော်ထုတ်မည်
    ဇူလိုင် ၁၃၊ ၂၀၁၅
    M-Media
    malay
    – နိုင်ငံပိုင် ဖွံ့ဖြိုးရေးကုမ္ပဏီ 1MDB နှင့် သက်ဆိုင်နေသည့် လျှို့ဝှက်စာရွက်စာတမ်းများ နိုင်ငံခြားသားများထံ ပေါက်ကြားမှုအား ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးမှု အစိတ်အပိုင်းအဖြစ် နိုင်ငံတော်ဗဟိုဘဏ် တာဝန်ရှိသူများအပါအ၀င် အစိုးရ၏ အထူးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များအားလုံးကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု မလေးရှားရဲတပ်ဖွဲ့က ယနေ့တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။
    ထိုသို့ စုံစမ်းစစ်ဆးမှု ပြုလုပ်ရန် တရားသူကြီးချုပ်က အမိန့်ပေးခဲ့ပြီး ထိုကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ အစီရင်ခံစာများလည်း ရရှိခဲ့သည်ဟု ရဲမင်ကြီး ခါလစ် အဘူဘေကာရ်က အဆိုပါ ကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။
    1MDB မှာ ၎င်းတို့နှင့် ဆက်နွယ်နေသော ကုမ္ပဏီများမှ တစ်ဆင့် ကန်ဒေါ်လာ သန်းရာနှင့်ချီသော ငွေများကို ၀န်ကြီးချုပ် နာဂျစ်ရာဇတ်၏ ကိုယ်ပိုင် ဘဏ်အကောင့်ထဲသို့ လွှဲပေးခဲ့သည်ဟု ပြီးခဲ့သည့် သီတင်းပတ်က Wall Street ဂျာနယ်တွက် ဖော်ပြခဲ့ပြီး မလေးရှားအစိုးရ အရာရှိများထံမှ ပေါက်ကြားသော စာရွက်စာတမ်းများကို ကိုးကားသည်ဟု ဖော်ပြခဲ့သည်။
    အဆိုပါ အထူးလုပ်ငန်းအဖွဲ့တွင် တရားသူကြီးချုပ် အဘ်ဒူလ် ဂနီ ပါတေးလ်၊ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ဒေါက်တ ဇေတီ အခ်တာရ် အဇစ်၊ မလေးရှား ချစားမှုတိုက်ဖျက်ရေးကော်မရှင် အကြီးအကဲ အဘူကာဆင်မ် မိုဟာမက်နှင့် ရဲမင်းကြီး ခါလစ်အဘူဘေကာရ်တို့ ပါဝင်သည်။
    ရဲမင်းကြီး ခါလစ်ကမူ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုမှာ အဆိုပါ စာရွက်စာတမ်းများ မည်သူ့ထံမှ ပေါက်ကြားသည်ဆိုသည်နှင့် စာရွက်စာတမ်းအစစ်အမှန် သို့မဟုတ် လုပ်ကြံထားသည့် စာရွက်စာတမ်းလားဆိုသည်ကို ဆုံးဖြတ်ရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ထို့ပြင် ထိုကဲ့သို့ ပေါက်ကြားမှုမှာ အမျိုးသားလုံခြုံရေး ဆိုးရွားစွာ ဂယက်ရိုက်မှုဖြစ်ကာ မလေးရှား၏ ဒီမိုကရေစီလုပ်ငန်းစဉ်ကို ဖြိုဖျက်ရန်နှင့် ၀န်ကြီးချုပ်အား ဖြုတ်ချရန် ကြံစည်မှုလည်း ဖြစ်နိုင်သည်ဟူသော ယူဆချက်ကို ရဲတပ်ဖွဲ့က ငြင်းဆိုခြင်းမပြုဟု ထည့်သွင်းပြောကြားခဲ့သည်။
    စနေနေ့က ဘလော့ဂါတစ်ဦးဖြစ်သူ ရာဂျာ ပီထရာ ကမာရူဒင်က ဗဟိုဘဏ်၏ ထိပ်တန်း တာဝန်ရှိသူ ၃ ဦးမှာ လျှို့ဝှက် စာရွက်စာတမ်းများ မီဒီယာသို့ ပေါက်ကြားမှုဖြင့် စုံစမ်းစစ်ဆေးခံနေရသည်ဟု ဖော်ပြခဲ့သော်လည်း ရဲမင်းကြီးက ယမန်နေ့တွင် ငြင်းဆိုခဲ့ကာ ဗဟိုဘဏ်ကလည်း ကြေညာချက်ထုတ်၍ အဆိုပါ စွပ်စွဲမှုကို ရှုတ်ချခဲ့သည်။
    Ref: Channelnewsasia
  • မူဆိုးလ်တွင် အီးဒ်ပွဲတော် ကျင်းပခြင်းမပြုရန် IS က ၀ါဒဖြန့် အမိန့်ထုတ်
    မူဆိုးလ်တွင် အီးဒ်ပွဲတော် ကျင်းပခြင်းမပြုရန် IS က ၀ါဒဖြန့် အမိန့်ထုတ်
    ဇူလိုင် ၁၃၊ ၂၀၁၅
    M-Media
    is
    – ကမ္ဘာ့တစ်ဝှမ်းမှ အစ္စလာမ်ဘာသာဝင်များမှာ ရမ်ဇာန်ဥပုသ်လပြီးနောက် အီဒွလ်ဖီသီရ်ပွဲတော်ကို ဆင်နွှဲရန် ပြင်ဆင်နေစဉ် IS အဖွဲ့က အီရတ်ရှိ ၎င်းတို့ထိန်းချုပ်ထားရာ မူဆိုးလ်မြို့တွင် အီးဒ်နေ့ ၀တ်ပြုဆုတောင်းမှုကို ပိတ်ပင်ခဲ့ပြီး ထိုသို့ ၀တ်ပြုဆုတောင်းခြင်းမှာ အစ္စလာမ်သာသနာ၏ အစိတ်အပိုင်းမဟုတ်ဟု ဆိုသည်။
    ထိုသို့ အမိန့်ထုတ်ခဲ့ခြင်းကို အီရတ် ကာ့ဒ်ဒီမိုကရက်တစ်ပါတီ KDP မှ မူဆိုးလ်မြို့ တာဝန်ရှိသူတစ်ဦးဖြစ်သော အစ္စမတ် ရာဂျဘ်က ပြောကြားခဲ့ခြင်းဖြစ်ပြီး မူဆိုးလ်မြို့ခံများအနေဖြင့် အီးဒ်နေ့ ၀တ်ပြုဆုတောင်းမှုတွင် ပါဝင်ခြင်းမပြုရန် IS က သတိပေးထားသည်ဟုလည်း ဆိုသည်။ ရာဂျဘ်မှာ လက်ရှိအချိန်တွင် ကာ့ဒ်ဒေသ၌ နေထိုင်နေသည်။
    အီးဒ်နေ့ ၀တ်ပြုဆုတောင်းမှုမှာ အစ္စလာမ်၏ သွတ်သင်ချက်မဟုတ်ဘဲ စောစောပိုင်း အစ္စလာမ်သာသနာကို စတင်ဟောကြားသည့်အချိန်တွင် ပြုလုပ်ခဲ့ခြင်းမရှိဟု ၀ါဒဖြန့်ထားကြောင်း ရာဂျဘ်က ထည့်သွင်းပြောကြားခဲ့သည်။
    တမန်တော်မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) သက်တော်ထင်ရှား ရှိနေစဉ်ကပင် ကိုယ်တော်တိုင် အီးဒ်နေ့ ၀တ်ပြုဆုတောင်းမှုကို ဦးဆောင်လေ့ရှိပြီး၊ ၀တ်ပြုရန် လာရောက်ကြသည့် အမျိုးသား၊ အမျိုးသမီး ကလေးသူငယ်များအားလုံးကို တရားဒေသနာ ဟောကြားမှုများ ပြုလုပ်ခဲ့သော သမိုင်းအထောက်အထား အတိအကျ ရှိနေသည်။ ထို့ပြင် အီးဒ်နေ့၏ ထူးမြတ်မှု၊
    ပျော်ရွှင်ဖွယ်ရာကောင်းမှုတို့ကို ဖော်ပြသော မုဟမ္မဒ်သခင်၏ သြ၀ါဒတော်များလည်း အများအပြား ရှိခဲ့သည်။
    ရမ်ဇာန်ဥပုသ်လကုန် အစ္စလာမ့်ပြက္ခဒိန်၏ ဒဿမမြောက်လဖြစ်သော ရှောင်ဝလ်လ ၁ ရက်နေ့မှာ အီဒွလ်ဖိသိရ်နေ့ဖြစ်ပြီး ထိုနေ့တွင် အစ္စလာမ်ဘာသာဝင်များမှာ စုပေါင်း၍ ၀တ်ပြုဆုတောင်းခြင်း၊ တရားဒေသနာများ နာယူခြင်း၊ ဆင်းရဲသူ ဆင်းရဲသားများအား လှူဒါန်းပေးကမ်းခြင်းများ ပြုလုပ်ကြသည်။
    ထို့ပြင် ဆွေမျိုးမိသင်္ဂဟများ၏ အိမ်များသို့ သွားရောက်လည်ပတ်ကာ နီးစပ်အောင်ပြုလုပ်ခြင်း၊ မုန့်များလုပ်၍ အိမ်နီးနားချင်းများအား ဝေငှခြင်း စသည်တို့ကိုလည်း ဆောင်ရွက်ကြသည်။ တမန်တော်မုဟမ္မဒ်သခင်၏ လက်ထက်တွင် အီးဒ်နေ့၌ အားကစားပြိုင်ပွဲများကိုလည်း ပြုလုပ်လေ့ ရှိခဲ့သည်။
    IS မှာ ၎င်းတို့ ထိန်းချုပ်ရာဒေသများတွင် ဘာသာရေးခေါင်းစဉ်တပ်ကာ ပြည်သူများအား ပြင်းပြင်းထန်ထန် နှိပ်ကွပ်လေ့ရှိပြီး၊ သမိုင်းဆိုင်ရာ အမွေအနှစ်များ၊ မွတ်စလင်တို့၏ သမိုင်းဝင်နေရာများ၊ ဗလီဝတ်ကျောင်းတော်များအပါအ၀င် အထွဋ်အမြတ်ထားရာ ဘာသာရေး အဆောက်အအုံများအား ဗုံးခွဲပျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။
    ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ဆော်ဒီ၊ အီဂျစ်၊ တူရကီ၊ အင်ဒိုနီးရှားနှင့် ကမ္ဘာ့တစ်ဝှမ်းရှိ နိုင်ငံများမှ ထိပ်တန်း မွဖ်သီကြီးများ၊ အစ္စလာမ့် အသင်းအဖွဲ့များက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ကာ ၎င်းတို့၏ လုပ်ရပ်များမှာ အစ္စလာမ်၏ သွင်သင်ချက်များနှင့် လုံးဝ ဆန့်ကျင်နေသည်ဟု ဓမ္မသတ်များ ထုတ်ပြန်ခဲ့ကြသည်။
    ဆော်ဒီရှိ မွဖ်သီကြီး ရှိခ် အဘ်ဒူလ် အဇစ် အလ် ရှိခ်က IS အဖွဲ့မှာ အစ္စလာမ်သာသနာ၏ နံပါတ် ၁ ရန်သူဖြစ်ပြီး မွတ်စလင်များအနေဖြင့် တွန်းလှန်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
    Ref: Tribune, Onislam
  • လူမျိုးဘာသာမရွေးမှ လူနာများအတွက် အောက်စီဂျင်အိုးများ လှူဒါန်းလျှက်ရှိ
    လူမျိုးဘာသာမရွေးမှ လူနာများအတွက် အောက်စီဂျင်အိုးများ လှူဒါန်းလျှက်ရှိ
    ဇူလိုင် ၁၃၊ ၂၀၁၅
    M-Media
    မိုးစက်
    2
    ရန်ကုန်။    ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် (၁၂၆) လမ်း မှာရှိတဲ့ မွတ်စလင် ကူညီစောင့်ရှောက်ရေးအသင်းမှေ အောက်စီဂျင်ဘူးဖြင့် အသက်ရှူနေရတဲ့   အကူညီ လိုအပ်နေသူ လူမျိုးဘာသာမရွေးမှ လူနာများ အတွက် အောက်စီဂျင်အိုးများကို အခမဲ့ ဌားရမ်း လှူဒါန်းလျှက်ရှိကြောင်း သိရပါတယ်။
    “ကျွန်တော်တို့ အဖွဲ့အနေနဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ကြမယ်လို့ တိုင်ပင်ခဲ့ကြပြီး ၂၀၁၅ ဖေဖော်ဝါရီလလောက်မှာ ဒီအောက်စီဂျင် လှူဒါန်းမှုကို အကောင်အထည်ဖော်ခဲ့ကြတာပါ။ အဓိကတော့ လူ့အသက်ကို ကယ်တင်မယ်ဆိုပြီး ဒီလုပ်ငန်းလေးကို စပြီးတော့ လုပ်ကြတာပါ” မွတ်စလင်မ် ကူညီစောင့်ရှောက်ရေး အသင်းမှ ဥက္ကဌ ဦးမျိုးမြင့်က အောက်စီဂျင် လှူဒါန်းဖြစ်ပုံနှင့်  ပတ်သက်ပြီး ရှင်းလင်းပြပါတယ်။
    4
    ထိုအဖွဲ့မှကြီးမှူးပြီး အောက်စီဂျင် အလှူအဖြစ် လူမျိုးဘာသာမရွေးမှ လူနာများ အတွက် အောက်စီဂျင်အိုးပေါင်း (၂၄၆) အိုးကို အခမဲ့ လှူဒါန်းခဲ့ပါတယ်။ လက်ရှိ အဖွဲ့တွင်လည်း အိုးပေါင်း (၆၀)ကျော်ရှိနေပြီး အရေးပေါ် လိုအပ်နေသော လူနာများကို အခမဲ့ဌားရမ်းလျှက်ရှိပါတယ်။
    ရပ်ကွက်အတွင်းရှိ သာရေး၊ နာရေး အစရှိသည့် ကိစ္စရပ်များတွင်လည်း လူမျိုးဘာသာ မြို့နယ် မရွေး လိုက်လံဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ကျောင်းနေရွယ် ကလေးငယ်များကိုလည်း စာရေးထောက်ကူ ပစ္စည်းများကို အလျဉ်းသင့်သလို ထောက်ပံ့ပေး ခဲ့ကြောင်းကို ဥက္ကဌမှ ထပ်လောင်းပြောကြား ခဲ့ပါတယ်။
    6
    ယခုဇူလိုင်လတွင် အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်လအတွင်းလည်း ရပ်ကွက်အတွင်းရှိ လူမျိုး/ဘာသာမရွေး ဟလင်မ်များ ဝေဌခြင်း၊ အသားဟင်းများဝေဌခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
    အဆိုပါ အဖွဲ့အစည်းတွင် အဖွဲ့ဝင်ပေါင်း ၆၀ ကျော်ရှိပြီး အဖွဲ့အနေနှင့် လှူဒါန်းသည့် ကိစ္စရပ်များတွင် ထိုအဖွဲ့ဝင်များ၏ အလှူငွေဖြင့်သာ ရပ်တည်နေကြောင်း၊ ထိုအဖွဲ့အနေနှင့် ရှေ့ဆက်ပြီး လူမှုအကျိုးပြုလုပ်ငန်းများကို ဆက်လက် လုပ်ကိုင်နိုင်ရန် ကြိုးပမ်းလျှက်ရှိကြောင်း သိရှိရပါတယ်။
    မွတ်စလင်ကူညီ စောင့်ရှောက်ရေးအသင်းကို ၁၉၆၀ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး အသင်းဝင် မှတ်ပုံတင်ဖြင့် တရားဝင် ရပ်တည်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရှိရပါတယ်။
    3