News @ M-Media

Blog

  • တိုက်စစ်မှူးတစ်ဦးအား အံ့သြဖွယ်ခေါ်ယူနိုင်သည်ဟု ဗန်ဂါးလ်ပြော

    တိုက်စစ်မှူးတစ်ဦးအား အံ့သြဖွယ်ခေါ်ယူနိုင်သည်ဟု ဗန်ဂါးလ်ပြော

    ဇူလိုင် ၁၈၊ ၂၀၁၅
    M-Media

    man u

    – တိုက်စစ်မှူးများဖြစ်သော ၀ိန်းရူနီ၊ ဂျာဗီယာ ဟာနန်ဒက်ဇ်၊ ဂျိမ်းစ်ဝီလ်ဆင်တို့နှင့်ပတ်သက်၍ ကျေနပ်သော်လည်း တိုက်စစ်မှူးတစ်ဦးကို အံ့သြဖွယ် ခေါ်ယူနိုင်ရှိသည်ဟု မန်ယူနည်းပြ လူးဝစ် ဗန်ဂါးလ်က အရိပ်အမြွက် ပြောကြားလိုက်သည်။

    ရာသီအကြို ခြေစမ်းပွဲဖြစ်ပြီး အမေရိကန်နိုင်ငံ စီယက်တဲလ်တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတကာ ချန်ပီယံဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ဗန်ဂါလ်းမှာ ရူနီနှင့် လူငယ်တိုက်စစ်မှူး ဂျိမ်းစ်ဝီလ်ဆင်တို့ကို ပွဲထုတ်ခဲ့သည်။

    မန်ယူမှာ တိုက်စစ်မှူးဗန်ပါစီအား တူရကီကလပ် ဖီနာဘာချီသို့ ရောင်းချခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး အက်ဒီဆင် ကာဗာနီ၊ ဘိုင်ယန်ရှေ့တန်းလူ လီဝန်ဒေါ့စကီးတို့ကဲ့သို့ တိုက်စစ်မှူးများကို ခေါ်ယူရန် ဆက်သွယ်မှုများ ပြုလုပ်ခဲ့သည်။

    ဗန်ဂါးလ်ကမူ မိမိအနေဖြင့် အသင်း၏ တိုက်စစ်အခြေအနေအတွက် စိုးရိမ်မှုမရှိဟု အခိုင်အမာ ပြောကြားခဲ့သော်လည်း စက်တင်ဘာ ၁ ရက်နေ့ အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင်တွင် တိုက်စစ်မှူးတစ်ဦးအား ခေါ်ယူသွားနိုင်သည်ဟု ဆိုသည်။

    “ကျွန်တ်ာတို့မှာ ရူနီရှိတယ်။ သူက တိုက်စစ်မှူးနေရာမှာ ကစားနိုင်ပါတယ်။ ဟာနန်ဒက်ဇ်လည်း ဖြစ်နိုင်တယ်၊ ၀ီလ်ဆင်လည်း ဖြစ်နိုင်တယ်။ ပြီးတော့ သြအံ့စရာတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ ဒါဟာ လုပ်ငန်းစဉ်တစ်ခုပါ။ ကျွန်တော်ဟာ ဒီနေရာနဲ့ပတ်သက်လို့ မစိုးရိမ်ပါဘူး” ဟု ဗန်ဂါလ်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်ရာသီတွင် ရီးယဲလ်မက်ဒရစ်သို့ အငှားချထားခြင်း ခံခဲ့ရသည့် မက္ကဆီကိုတိုက်စစ်မှူး ဟာနန်ဒက်ဇ်မှာ အိုးထရက်ဖို့ဒ်၌ ဆက်ရှိနေမည်ဖြစ်ပြီး ဗန်ပါစီနှင့် ဖယ်လ်ကာအိုတို့ ထွက်ခွာသွားပြီးနောက်ပိုင်း အသင်းတွင် ပြန်လည်ပါဝင်ခွင့်ရဖွယ် ရှိနေသည်။

    Ref: Goal

  • ငါတို့ ဗိုလ်ချုပ်သာ ရှိခဲ့ရင်  (ကဗျာ)

    ငါတို့ ဗိုလ်ချုပ်သာ ရှိခဲ့ရင် (ကဗျာ)

    ဇူလိုင် ၁၈ ၊ ၂၀၁၅
    M-Media
    မာန်ထက်လျှံ ရေးသည်။
    .

    67_3
    ဖေဖော်ဝါရီ ၁၃မှာ ဖွားမြင်တဲ့ ငါတို့ဗိုလ်ချုပ်
    ဇူလိုင် ၁၉ မှာ ကျဆုံးခဲ့တဲ့ ငါတို့ဗိုလ်ချုပ်
    ငယ်မည်ထိန်လင်း အောင်ဆန်းမည်လို့ ပြည်ကာကွယ်
    ဗမာ့လွတ်လပ်ရေးအတွက် သက်စွန့်ပေးလှူရှာတယ်။
    .
    ငါတို့ဗိုလ်ချုပ်သာ ရှိခဲ့ရင်……….
    ဗမာပြည်ကြီး သူ့ကျွန်ဘဝက အမြန်လွတ်မြောက်တယ်
    .
    ငါတို့ဗိုလ်ချုပ်သာ ရှိခဲ့ရင်……….
    မြန်မာ့သမိုင်းဟာ တစ်မျိုးပြောင်းချင်ပြောင်းလိမ့်မယ်
    .
    ငါတို့ဗိုလ်ချုပ်သာ ရှိခဲ့ရင်……….
    နေဝင်းရယ် ငါတော့မတတ်နိုင် မင်းပဲအုပ်ချုပ်ဆိုပြီး သမိုင်းအကွဲအပြဲ ဖြစ်မှာမဟုတ်ဘူး
    .
    ငါတို့ဗိုလ်ချုပ်သာ ရှိခဲ့ရင်……….
    အာဏာရှင် အဆက်ဆက်ရဲ့ မိုက်ရူးရဲဆန်မှုများ အဓွန့်မရှည်တော့ဘူး
    .
    ငါတို့ဗိုလ်ချုပ်သာ ရှိခဲ့ရင်……….
    မြန်မာပြည်ကြီး ဆင်းရဲတွင်း အဲ့သလောက် မနက်စေရဘူး
    .
    ငါတို့ဗိုလ်ချုပ်သာ ရှိခဲ့ရင်……….
    ပြည်တွင်းစစ်မီးဟုန်းဟုန်း မတောက်ခဲ့ပါဘူး။

    ငါတို့ချစ်တဲ့ ငါတို့ဗိုလ်ချုပ်
    သမိုင်းကမ္ပည်းခရာပြုဖို့
    နှောင်းလူတို့အတုယူဖွယ်
    ဗမာ့ရာဇဝင်သစ်ကို သူရေးထိုးနိုင်ခဲ့တယ်။

    သမိုင်းတကွေ့ မှတ်တိုင်ဖျောက်လည်း
    သမိုင်းတကျော့ ပြန်လည်လို့သာ
    အာဇာနည်သမိုင်း မရိုင်းစေ၍
    တို့ချစ်ရတဲ့ ဗိုလ်ချုပ်သမိုင်း
    မြန်မာပြည်ဖွား တို့တတွေများ
    ဖော်ထုတ်လိုက်သည် ….. အာဇာနည်။

    မာန်ထက်သျှံ

    ၆၈ နှစ်မြောက် အာဇာနည်နေ့အား ရိုးသားစွာ ဂုဏ်ပြုပါသည်။

    Photo ကို အင်တာနက်မှ ကူးယူပါသည်။

  • အာဇာနည်တို့ရဲ့ နှလုံးသား (Editorial)

    အာဇာနည်တို့ရဲ့ နှလုံးသား (Editorial)

    ဇူလိုင် ၁၈ ၊ ၂၀၁၅
    M-Media

    126
    သရုပ်ဖော်ပုံ- (လဂွန်းအိန်)

    .
    အာဇာနည်ဆိုတာ နှလုံးသားလှသူတွေပါ။ မိသားစုအတွက်၊ ရပ်ရွာဒေသအတွက်၊ တိုင်းပြည် အတွက်၊ ဘာသာသာသနာအတွက်၊ မိမိလူမျိုးလွတ်မြောက်ရေး၊ တိုးတက်ကောင်းစားရေးအတွက် စသဖြင့် အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ကြသူတွေဖြစ်ပါတယ်။ ကိုယ်ကျိုးစွန့်တယ်ဆိုတဲ့ နေရာမှာ ဘ၀တစ်ခုလုံးရင်းနှီးမြှုပ်နှံ စတေးပေးဆပ်တတ်ကြသလို မိမိအသက်ကိုပါ မထောက်ထား မငဲ့ညှာဘဲ ရဲရဲဝံ့ဝံ့ပေးဆပ်ကြသူတွေဖြစ်ပါတယ်။
    .
    အာဇာနည်ဆိုတဲ့ ဝေါဟာရဟာ ပါဠိစကား “အာဇာနိယ၊ အာဇာနေယျ”က ဆင်းသက်လာတာ ဖြစ်ပြီး မြန်မာအဘိဓာန်မှာ ”အကြောင်းဟုတ်သည်၊ မဟုတ်သည်ကို ကောင်းစွာသိသူ” လို့ အဓိပ္ပာယ် ဖွင့်ပါတယ်။ အကြောင်းကို သိတတ်ခြင်းဆိုတာ ပုဂံခေတ်သိင်္ဃသူ့သမီးကျောက်စာအရ ပညာရှိ လက္ခဏာလို့လည်း ဆိုနိုင်ပါတယ်။ ရှင်မဟာသီလ၀ံသရဲ့ ပါရာယန၀တ္ထုအရတော့ ပညာဆိုတာ အကျိုးအပြစ်ကို ခွဲခြမ်းနိုင်သောအတတ်ပါပဲ။ ဒါလုပ်ရင်အပြစ်ဖြစ်မယ်။ ဒါလုပ်ရင် အကျိုးရှိတယ်ဆိုတာ သိမြင်ပြီး အကျိုးရှိတဲ့အလုပ်၊ မှန်ကန်သင့်မြတ်တဲ့အလုပ်ကို အများအတွက် သက်စွန့်ကြိုးပမ်း လုပ်ကိုင် ဆောင်ရွက်ရပ်တည်တာ အာဇာနည်တို့ရဲ့ လက္ခဏာပါ။
    .
    ဒါကြောင့် အာဇာနည်ဆိုတာ အမှန်တရားအတွက် ရပ်တည်မှ အာဇာနည်လို့ ဆိုနိုင်ပါတယ်။ အမှားကို အမှန်ထင်၊ အမှန်ကို အမှားမြင်ပြီး မိုက်ရူးရဲလုပ်ကိုင်ဆောင်ရွက်သူတွေရဲ့ သေခြင်းဟာ အာဇာနည်တို့ရဲ့ အသေမြတ်ခြင်းမျိုးမဟုတ်ဘဲ အသေဆိုးနဲ့ သေခြင်း သက်သက်သာ ဖြစ်ပါတယ်။
    .
    အာဇာနည်ရဲ့ နောက်အဓိပ္ပာယ်တစ်မျိုးကတော့ ”သာမန်ထက် လက်ရုံးရည်၊ နှလုံးရည်ထူးကဲ သာလွန်၍ အများအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်သူ”လို့လည်း တွေ့ရပါတယ်။ အာဇာနည်တွေ မှာ ထက်မြက်တဲ့စွမ်းရည်ရှိကြပါတယ်။ ရဲစွမ်းသတ္တိနဲ့ စွန့်လွှတ်စွန့်စားတတ်တဲ့ နှလုံးသားရှိကြပါတယ်။ သူမတူတဲ့ ပေးဆပ်နိုင်စွမ်းလည်း ရှိကြပါတယ်။ လူတကာပြုနိုင်ခဲသော အမှန်တရားအတွက် သက်စွန့် စံဖျား တိုက်ပွဲဝင် ရပ်တည်ပေးတတ်သော ပုဂ္ဂိုလ်များဖြစ်တဲ့အတွက် လူပင်သေသော်လည်း နာမည် မသေကြသူများ ဖြစ်ပါတယ်။
    .
    ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ အာဇာနည် ၉ ဦးတို့ တိုင်းပြည်အတွက် အသက်သွေး စတေးပေးဆပ်သွားတဲ့နေ့ပါ။ ဒီနေ့ကို မြန်မာတို့ရဲ့ နှလုံးသားထဲမှာ  ကမ္ပည်းကျောက်စာ ခိုင်ခိုင်မာမာ ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။ အာဇာနည်ကြီးတွေဟာ ကိုယ်ကျိုးရှာ အတ္တသမား အာဏာရူး မသမာသူတို့လက်ချက်နဲ့ လူသေသွားပေမဲ့ နာမည်မသေခဲ့ကြသူတွေ ဖြစ်ပါတယ်။ မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်တွေဟာ ခေတ်အဆက်ဆက် ပြည်သူတို့ရဲ့ နှလုံးသားထဲမှာ ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါတယ်။
    .
    အာဇာနည်အောင်ဆန်းသေသွားပေမဲ့ အောင်ဆန်းရဲ့ နာမည်ကို တမြတ်တနိုးအမည်ပေး မှည့်ခေါ်ထားတဲ့ အောင်ဆန်းပေါင်း များစွာ ပေါ်ပေါက်လာခဲ့ပါတယ်။ ဂဠုန်ဦးစောဆိုတဲ့ အမည်မျိုးကို ဘယ်မိဘကမှ ကိုယ့်ရင်သွေးကို မမှည့်ခေါ်လိုကြပါ။ လူ့သဘာဝက အများအကျိုးအတွက် စွန့်လွှတ်စွန့်စား အနစ်နာခံသူတွေကို ဂုဏ်ယူမြတ်နိုးတတ်ကြပါတယ်။ အတ္တအကျိုးရှေ့တန်းတင်ပြီး ယုတ်မာပက်စက်သူတွေကိုတော့ ရွံရှာစက်ဆုပ်တတ်ကြပါတယ်။
    .
    ဗိုလ်ချုပ်အောင်ဆန်းတို့ အာဇာနည်အပေါင်းဟာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း လွတ်လပ်ရေး အသီးအပွင့်ကို စံစားမသွားခဲ့ရသူများ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် အာဇာနည်တွေဟာ မစားဘဲစွန့်ခဲ့ကြတဲ့ မြင့်မြတ်ကြီးကျယ်တဲ့ နှလုံးသား ပိုင်ရှင်တွေဖြစ်တာ ထင်ရှားပါတယ်။ ဂုဏ်ကိုလည်း စွန့်နိုင်ကြပါတယ်။ လာဘ်ကိုလည်း စွန့်နိုင်ကြပါတယ်။ ပကာသန ထင်ပေါ်ကျော်ကြားမှုကိုလည်း စွန့်နိုင်ကြပါတယ်။ အသိပညာနဲ့ အမှားအမှန် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ပြီး အများအကျိုးကို အမှန်တရားနှင့်ယှဉ်လို့ ရဲဝံ့ပြတ်သားစွာ ရပ်တည်ဆောင်ရွက်ရင်း အသက်ကိုပါ စွန့်နိုင်ကြသူတွေပါ။ အာဇာနည်တို့ရဲ့နှလုံးသားဟာ ရှာမှရှားတဲ့  ဦးညွတ်ဂုဏ်ပြု စံတင်စရာနှလုံးသားမျိုးပါ။
    .
    အာဇာနည်နေ့ကိုရောက်တိုင်း အာဇာနည်တို့ရဲ့ ကျေးဇူးကို အောက်မေ့သတိရသူတွေအတွက် ပန်းခွေချခြင်း၊ အလေးပြုခြင်း၊ အထိမ်းအမှတ်အခမ်းအနားများပြုလုပ်ခြင်း၊ ဥသြဆွဲကာ ငြိမ်သက် ဂုဏ်ပြုခြင်းစတဲ့ ကျေးဇူးသိအပြုအမူတွေနဲ့ တုံ့ပြန်ခြင်းဟာ အာဇာနည်တွေရဲ့ ပေးဆပ်မှုနဲ့စာရင် ဘာမှ မပြောပလောက်တဲ့ တုံ့ပြန်ကျေးဇူးဆပ်မှုပါ။ ဒါပေမဲ့ ဒီလောက်လေးကိုတောင် တုံ့ပြန်ဖို့ တွန့်တိုနေတဲ့ ကျေးဇူးကန်းတွေရှိပါတယ်။ အာဇာနည်တွေဟာ မစားဘဲစွန့်ခဲ့ကြသူတွေသာဖြစ်ပြီး ငါတို့ဟာ သူတို့ကြောင့် မစွန့်ဘဲစားခွင့်ရနေသူတွေပါလားဆိုတဲ့ လူသားဆန်တဲ့ အသိမျိုးလေး နိုင်ငံသားတိုင်းမှာ ရှိသင့်ပါတယ်။
    .
    တကယ်ဆိုရင် အာဇာနည်တို့ရဲ့ နှလုံးသားမျိုးကို ကိုယ်တိုင်မွေးမြူခြင်း၊ မျိုးဆက်သစ်တွေရဲ့ နှလုံးသားမှာ ကိန်းဝပ်နိုင်အောင် ပျိုးထောင်ပေးခြင်းတို့နဲ့ ကျေးဇူးဆပ်သင့်တယ်မဟုတ်ပါလား။
    .
    M-Media ပရိသတ်များ ပညာအလင်းနဲ့ ထင်းရှင်းနိုင်ကြပါစေ။

  • နျူသဘောတူညီချက် ရသော်လည်း အမေရိကန်အပေါ် အီရန်၏သဘောထား ပြောင်းမည်မဟုတ်

    နျူသဘောတူညီချက် ရသော်လည်း အမေရိကန်အပေါ် အီရန်၏သဘောထား ပြောင်းမည်မဟုတ်

    ဇူလိုင် ၁၈၊ ၂၀၁၅
    M-Media

    iran

    – နိုင်ငံ၏ အငြင်းပွားဖွယ် နျူကလီးယားအစီစဉ်နှင့်ပတ်သက်၍ အင်အားကြီးနိုင်ငံများနှင့် ယခုတစ်ပတ်အစောပိုင်းက သဘောတူညီချက် ရရှိခဲ့သော်လည်း အမေရိကန်၏ အရှေ့အလယ်ပိုင်း ပေါ်လစီများအား မိမိတို့နိုင်ငံက ထင်ထင်ရှားရှားဆန့်ကျင်မှုကို ပြောင်းလဲသွားမည်မဟုတ်ဟု အီရန်အဓိပတိ အယာတိုလာ အလီခါမေနီက ပြောကြားလိုက်သည်။

    အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လ ကုန်လွန်ခြင်းအထိမ်းအမှတ်အဖြစ် ယနေ့တွင်ပြုလုပ်သော မိန့်ခွန်း၌ ခါမေနီက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အမျိုးသား အကျိုးစီးပွားအား ကာကွယ်စောင့်ရှောက်မှုကို သေချာစေရေးနှင့် နိုင်ငံရေး စည်းမျဉ်းစည်းကမ်းများ
    သို့မဟုတ် စစ်ဘက်ဆိုင်ရာ ပေါ်လစီများအား နှောက်ယှက်မှုကို တားဆီးရေးတို့ သေချာစေရန်အတွက် အင်္ဂါနေ့က ရရှိခဲ့သော သမိုင်းဝင်သဘောတူညီချက်အား အီရန်အာဏာပိုင်များက စေ့စေ့စပ်စပ်ဖတ်ရှုစေချင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ဒေသတွင်းက ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေကို အားပေးထောက်ခံမှု၊ ပါလက်စတိုင်း၊ ယီမင်၊ ဆီးရီးယား၊ အီရတ်၊ ဘာရိန်းနဲ့ လက်ဘနွန်နိုင်ငံက ပြည်သူတွေအတွက် အားပေးထောက်ခံမှုတွေကို ကျွန်တောတို့ ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ဒီသဘောတူညီချက် ရရှိခဲ့ပေမယ့်လည်း စိတ်ကြီးဝင်နေတဲ့အမေရိကန်အပေါ် ကျွန်တော်တို့ရဲ့ ပေါ်လစီက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး” ဟု ခါမေနီက ဆိုသည်။

    အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့၏ သဘောတူညီချက်အရ နျူးကလီယားဗုံး ထုတ်လုပ်ရန် ရည်ရွယ်သည်ဟု အနောက်နိုင်ငံများက သံသယရှိနေသော အီရန်၏ နျူးကလီးယားအစီအစဉ်အား ရပ်တန့်ရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အီရန်အပေါ် ပိတ်ဆို့ထားမှုကိုလည်း တစ်ဖြည်းဖြည်းခြင်း ဖယ်ရှားပေးရမည်ဖြစ်သည်။ အီရန်ကမူ မိမိတို့အနေဖြင့် နျူကလီးယားဗုံးထုတ်လုပ်ရန်
    ဆောင်ရွက်နေမှု မရှိဟု ငြင်းဆိုခဲ့သည်။

    “အမေရိကန်တွေက သူတို့ဟာ အီရန် နျူးကလီးယားလက်နက် ရရှိခြင်းကို ရပ်တန့်လိုက်တယ်လို့ ပြောကြပါတယ်။ အဲဒါ (အီရန်က နျူကလီးယားလက်နက် ထုတ်လုပ်မယ်ဆိုတာ) ဟာ တကယ်မဟုတ်ဘူးဆိုတာကို သူတို့ သိပါတယ်။ နျူကလီးယားလက်နက်တွေကို
    အစ္စလာမ့်ဥပဒေအောက်မှာ ဘာသာရေးအရ ပိတ်ပင်တားမြစ်ထားတယ်လို့ ကြေညာထားတဲ့ ဖသ်ဝါဓမ္မသတ် ကျွန်တော်တို့မှာ ရှိပါတယ်”

    နျူအရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် အီရန်ပြည်သူများမှာ နိုင်ငံတစ်ဝှမ်း အောင်ပွဲခံခဲ့ကြသည်။ သို့သော်လည်း သောကြာနေ့ ၀တ်ပြုဆုတောင်းမှုပြီးနောက် သဘောထားတင်းမာသူများမှာ တီဟီရန်တက္ကသိုလ်တွင် ဆန္ဒပြခဲ့ကြပြီး အမေရိကန်ဆန့်ကျင်ရေး ကျွေးကျော်သံများကိုလည်း ကျွေးကြော်ခဲ့ကြသည်။

    ခါမေနီကမူ ထိုဆန္ဒပြမှုတွင် အီရန်ပြည်သူများက “အမေရိကန် ကျဆုံးပါစေ” “အစ္စရေးကျဆုံးပါစေ” ဟု ကျွေးကြော်မှုများမှာ ပြည်သူများ၏ သဘောထားကို ထင်ဟပ်ခြင်းဖြစ်ပြီး နျူအရေးသဘောတူညီချက်မှာမူ ချွင်းချက်ဖြစ်သည်ဟု ဆိုသည်။

    “ဒေသတွင်း ဒါမှတ်မဟုတ် နိုင်ငံတကာအရေးကိစ္စတွေမှာ အမေရိကန်နဲ့ ဆွေးနွေးညှိနှိုင်းမှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ ထပ်ပြောပါတယ်။ နှစ်နိုင်ငံ ပြဿနာတွေကိုတောင်မှ ဆွေးနွေးမှာမဟုတ်ပါဘူး။ နျူကလီးယားအစီအစဉ်လိုမျိုးမှာတော့ ချွင်းချက်အချို့ ရှိပါတယ်။ ဒါကို အမေရိကန်နဲ့ ဆွေးနွေးတာဟာ ကျွန်တော်တို့ရဲ့အကျိုးစီးပွားကို ဆောင်ကျဉ်းဖို့ပါ။ ဒေသတွင်းက အမေရိကန်ရဲ့ ပေါ်လစီတွေဟာ အီရန်ရဲ့ ပေါ်လစီတွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်” ဟု ခါမေနီက ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါမိန့်ခွန်း၌ ခါမေနီက အမေရိကန်မှာ အီရန်အား အခြေပျက်စေရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲပြောကြားခဲ့သည်။

    “အီရန်က စစ်ပွဲကို မကြိုဆိုပါဘူး။ ဒါပေမယ့် ဖြစ်လာရင်တော့ အမေရိကန်ဟာ အရှက်တကွဲဖြစ်ပါလိမ့်မယ်”

    Ref: Aljazeera

  • ကိုဇော်ဇော်လတ် ဖမ်းဆီးခံရမှု  အာရှအလင်းရောင် ဆရာတော်နှင့် လုပ်ဖော်ကိုင်ဖက်များ ပြောကြားချက်

    ကိုဇော်ဇော်လတ် ဖမ်းဆီးခံရမှု အာရှအလင်းရောင် ဆရာတော်နှင့် လုပ်ဖော်ကိုင်ဖက်များ ပြောကြားချက်

    ဇူလိုင် ၁၈ ၊ ၂၀၁၅
    M-Media
    သီဟ
    .1625522_1606599136231533_5391688013049705420_n
    မန္တလေးမြို့အခြေစိုက် လူမျိုးဘာသာပေါင်းစုံဖွဲ့စည်းထားတဲ့ သင့်မြတ်လိုသူများ အဖွဲ့မှ ဦးဆောင်လှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကိုဇော်ဇော်လတ် အား မတရားအသင်းနဲ့ ဆက်သွယ်မှုဖြင့် ဇူလိုင်လ ၁၄ ရက် အင်္ဂါနေ့မှာ ဖမ်းဆီးပြီး  မတရားအသင်းနဲ့ ဆက်သွယ်မှု  ပုဒ်မ ၁၇/၁ တပ်ထားပါတယ်။
    .
    မတရားတဲ့ အာဏာပိုင်တွေ၊ ရန်လိုတဲ့ မဘသဘုန်းကြီးအတုတွေဟာ ညီညွတ်ငြိမ်းချမ်းမှုကို မလိုချင်ကြပါဘူး။ သင့်မြတ်မှုကို ဖော်ဆောင်သူတွေကို သူတို့ရဲ့ရန်သူတွေအဖြစ်သတ်မှတ်ပြီး မတရားဖမ်းဆီးတာတွေလုပ်ဆောင်ပါတယ်။ ကိုဇော်ဇော်လတ်ဟာ ဘာသာပေါင်းစုံချစ်ကြည်ရေးရည်ရွယ်ချက်နဲ့ မန္တလေး၊ပြင်ဦးလွင်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ် စတဲ့နေရာတွေက ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေ၊ ခရိယာန်ဘုရားကျောင်းတွေ၊ ဟိန္ဒူဘုရားကျောင်း ၊ အစ္စလာမ် ဗလီများနဲ့ အခြားလူနည်းစုကိုးကွယ်တဲ့ ဘာသာဘုရားကျောင်းတွေကို ချစ်ကြည်ရင်းနှီးစွာ လည်ပတ်ခဲ့ပါတယ်။ဒါတင်မက မိဘမဲ့ကလေးကျောင်းတွေ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းက ကလေးငယ်တွေအတွက် သင့်မြတ်လိုသူများအဖွဲ့အနေနဲ့ လှုဒါန်း အကူအညီအထောက်အပံ့တွေ ပေးအပ်တာတွေလုပ်ဆောင်နေသူတစ်ဦးဖြစ်ပါတယ်။ သင့်မြတ်လိုသူများအဖွဲ့ထဲမှာ ဗုဒ္ဓဘာသာဝင်၊ ဟိန္ဒူဘာသာဝင်၊ အစ္စလာမ်ဘာသာဝင်၊ ခရိယာန်ဘာသာာဝင်တွေသာမက ဘဟာအီဘာသာဝင်တွေပါ ပါရှိပါတယ်။
    .
    အဖမ်းခံထားရတဲ့ ကိုဇော်ဇော်လတ်နဲ့ ပတ်သက် သင့်မြတ်လိုသူများ အဖွဲမှ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ မပွင့်ဖြုလတ်ရဲ့ ပြောကြားချက်ပါ။
    .
    အဖမ်းခံထားရတဲ့ ကိုဇော်ဇော်လတ်နဲ့ ပတ်သက်လို့ သင့်မြတ်လိုသူများအဖွဲ့ကို ဦးဆောင်နေတဲ့ အာရှအလင်းရောင် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဦးစိန္တိတ က ကိုဇော်ဇော်လတ်ဟာ ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့လူငယ်တစ်ဦးဖြစ်တယ်လို့ VOA သတင်းဌာနကို မိန့်ကြားခဲ့ပါတယ်။
    .
    “ဘုန်းကြီးသိတာ အတော်များများရှိပါတယ်။ ဒီလူငယ်လေးတွေဖွဲ့ပြီးတော့ ပရဟိတလုပ်ငန်းလေးတွေကို လုပ်ကြတယ်။ လုပ်တဲ့နေရာမှာ မန္တလေးမြို့ပေါ်မှာလည်း လုပ်တယ်။ နောက် ပြင်ဦးလွင်မြို့မှာလည်း အဖိုးအဖွားစောင့်ရှောင့်ရေးအဖွဲ့နဲ့လည်း သူတို့ပူးပေါင်းပြီးလုပ်ကြတာတွေရှိပါတယ်။” (အာရှအလင်းရောင်ကျောင်းတိုက်ဆရာတော်)
    .
    လူမှုအဖွဲ့အစည်းအတွင်းမှာ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ ကိုဇော်ဇော်လတ်ကို အာဏာပိုင်တွေဘက်က ယုံမှားသံသယနဲ့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံဘာသာပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကပြောပါတယ်။ ဒါ့အပြင် အမှုမှန်ပေါ်ပေါက်ရေးနဲ့ သူ့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း အဖွဲ့ရဲ့ ဥက္ကဌ ကိုရှိုင်းက VOA ကို ပြောကြားခဲ့ပါတယ်။
    .
    ” ကိုဇော်ဇော်လတ် ဖမ်းခံရတာနဲ့ ပတ်သတ်လို့ ကျွန်တော်တို့အနေနဲ့ကတော့ လွဲမှားပြီး ယုံမှားသံသယနဲ့ ဖမ်းထားလို့ပဲ မြင်မိတယ်။ အဲ့ဒီအပေါ်မှာ အစိုးရအနေနဲ့ကော သက်ဆိုင်ရာ ထောက်လှမ်းရေးတွေအနေနဲ့ပါ အမှန်တရားကို အမှန်ဆုံး တွေ့ရှိပြီးတော့ မဟုတ်တဲ့သူတစ်ယောက်ကို ဒီလိုမျိုး ယုံမှန်းသံသယနဲ့ ဖမ်းဆီးတာမျိုးမဖြစ်ဘဲ အမြန်ဆုံးပြန်လည်လွှတ်မြောက်ဖို့ မြင်မိပါတယ်။”

    REF : VOA

    ဓါတ်ပုံအညွှန်း- သင့်မြတ်လိုများ အဖွဲ့ရဲ့ ပရဟိတ လုပ်ရှားမှု အချို့ဓါတ်ပုံများကို ကိုဇော်ဇော်လတ်ရဲ့ FB စာမျက်နှာတဆင့်ကူးယူဖော်ပြလိုက်ပါတယ်။

    ကိုဇော်ဇော်လတ် FB စာမျက်နှာ
    https://www.facebook.com/Asteroid.zl

    11737983_1606599139564866_415648653879642957_n 11701169_1606599339564846_7187694647650960539_n 11753669_1606599166231530_4002417600287350716_n 11738051_1606599169564863_2153919793930490774_n 11745554_1606599162898197_426655654805977623_n 11745741_1606599146231532_6290992913188002331_n 11760195_1606599122898201_6969132526946277898_n 11750727_1606599142898199_977124941710487598_n